← Chapters

ရန်သူ့သားရဲတွင်း

Vol. 18 Ch. 265

ရန်သူ့သားရဲတွင်း

Vol. 18 Ch. 265

ခေါင်းဆောင်ကို ရွှီချင်း လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင်က သူ့ဇာတ်ရုပ်ကို ပီပြင်လွန်းစွာ သရုပ်ဆောင်နေသည်ဟု သူ ခံစားနေရသည်။ သူ ပြောချင်ပါက ပီပြင်စွာ ပြောရပေမည်။ သို့သော် ထိုညည်းသံကဲ့သို့ ခပ်တိုးတိုးချောင်းဟန့်သံကြောင့် စိတ်မသက်မသာဖြစ်ရသည်။

ရွှီချင်းက တစ်ခွန်းမှ ပြန်မပြောပေ။ အဘယ်ကြောင့်ဆိုသော် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ဤရက်များအတွင်း ငြိမ်သက်နေခဲ့ပြီး ထွက်ပေါ်မလာခဲ့သောကြောင့်ပင်။ သူ့အကျင့်စရိုက်အရ တချို့မြင်ကွင်းများကို လျှို့ဝှက်စွာ မှတ်တမ်းတင်နေခြင်း ဖြစ်ပေမည်။

ယင်းအဖိုးတန်မှတ်တမ်းများသည် နောင်တချိန်တွင် အသုံးဝင်ကောင်း အသုံးဝင်လာနိုင်သည်။

သို့ဖြစ်၍ ခေါင်းဆောင်ကို သူ လေးနက်စွာ ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်၍ လျစ်လျူရှုထားလိုက်သည်။

ခေါင်းဆောင်သည် မျက်ခုံးမွေးနှစ်ဖက်ကိုပင့်၍ ဆက်ပြောမည်ပြုစဉ် အဝေးမှ စွမ်းအင်အငွေ့အသက်များ လာနေသည်။ မန္တန်အစီအရင်စစ်ဆေးခြင်းစွမ်းအားများ ထပ်မံ ဆင်းသက်လာပြီး သင်္ဘောပျံကြီးပေါ် ကျဆင်းသွားသည်။

ရေဘဝဲမှာ တုန်ရီသွားပြီး မန္တန်အစီအရင် စစ်ဆေးနိုင်စေရန် မြေကြီးထဲမှ တွားသွားထွက်လာသည်။ တစ္ဆေအိပ်မက်လိပ်ပြာများမှာမူ အဝေးသို့ ချက်ချင်း လွင့်ပျံသွားကြသည်။ ရွှီချင်းသည်လည်း လေးနက်တည်ကြည်သွားပြီး အဝေးရှိ ဧရာမအဆောက်အအုံတစ်လုံးကို မြင်လိုက်ရသည်။

ထိုအဆောက်အအုံပုံစံမှာ ရှိးရှင်းပြီး ဧရာမကျောက်တိုင်ကြီးနှစ်တိုင်က အမိုးမဲ့တံခါးများအဖြစ် ဆောင်ရွက်နေဟန်တူသည်။ အထဲတွင် အနီရောင်အလင်းများ ဖြာထွက်နေကာ တဝုန်းဝုန်းမြည်ဟည်း၍ လည်ပတ်နေသော အနက်ရောင်လေပွေကြီးတစ်ခု ရှိသည်။

တံခါးအပြင်ဘက်ရှိ မှိုပွင့်နီပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များစွာ ရှိသည်။ ထိုသူများထဲတွင် ယောက်ျား၊ မိန်းမအစုံပါဝင်ပြီး တချို့က လူသားပုံစံဖြင့်ရှိကာ တချို့က လူသားမဟုတ်သော ခန္ဓာကိုယ်များ ရှိကြသည်။

အကြမ်းဖျင်းကြည့်ရုံဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် တစ်ထောင်အောက်မနိမ့်သလို ထိုနေရာအား အလွန်တင်းကြပ်စွာ စောင့်ကြပ်နေသည်ကို မြင်ရပေမည်။ ထိုနေရာကို ဖြတ်၍ လေပွေကြီးထဲသို့ ဝင်ရောက်ချင်သည့် မည်သည့်သတ္တဝါမဆို သူတို့ကို ဖြတ်ကျော်ရမည် ဖြစ်ပေသည်။

ထို့အပြင် သူတို့ထဲတွင် ထိပ်သီးကျင့်ကြံသူများ ရှိနေမည်မှာ ပြောစရာလိုမည် မဟုတ်ပေ။ အကြည့်အနည်းငယ်ကို ရွှီချင်း လှမ်းမြင်လိုက်သည်နှင့် အန္တရာယ်ကို ခံစားလိုက်ရသည်။

မန္တန်အစီအရင်စွမ်းအား လွင့်ပျံသွားသည်နှင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့ရှိနေသော သင်္ဘောပျံကြီးပေါ်မှ သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူ ခတ်နှိပ်ပေးလိုက်သော တံဆိပ်မှာ ဝင်းလက်တောက်ပသွားသည်။ ယင်းတံဆိပ်က မန္တန်အစီအရင်ကို ရောင်ပြန်ဟပ်သွားရာ အစီအရင်အငွေ့အသက်များ လွင့်ပါးပျောက်ကွယ်သွားသည်။

ထိုအခါမှသာ ရေဘဝဲသည် ပြန်ထလာပြီး ဂရုတစိုက်ဖြင့် ရှေ့ဆက်သွားသည်။ မှိုပွင့်များစွာကို ၎င်း ဖြတ်ကျော်သွားသည့်အခါ ထိုမှိုပွင့်များပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များက ခေါင်းဆောင်ကို နှုတ်ဆက်လိုက်ကြသည်။

“ တတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”

“ တတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် အပြင်ပန်း၌ တည်ငြိမ်နေဟန်ရှိပါသော်လည်း စိတ်ထဲတွင် သတိထားနေသည်။ ယခုကဲ့သို့ လူများစွာ စူးစိုက်ကြည့်နေသည်ဖြစ်ရာ သူသာ သတိလက်လွတ်ဖြစ်သွားပြီး အမှားတစ်စုံတရာ ပေါ်သွားခဲ့ပါက ယခင်က ကြိုးစားထားခဲ့သမျှ အချည်းနှီးဖြစ်သွားမည် ဖြစ်ပေသည်။

တချိန်တည်းမှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များစွာ စုရုံးရောက်ရှိနေသည်ဖြစ်၍ ဤနေရာတွင် ပြင်းထန်သော ဖိအားတစ်ရပ် သက်ရောက်နေသည်။ ရွှီချင်းမှာ သူ့အိတ်ထဲရှိ ပုလင်းလေးထဲမှ ပစ္စည်းမှာ ပို၍ပင်မြန်ဆန်စွာ အငွေ့ပျံနေသည်ကို ကောင်းစွာ ခံစားမိနေသည်။ ယခုလိုသာ ဆက်ဖြစ်နေပါက မကြာခင် အစွမ်းပျယ်သွားပေလိမ့်မည်။

ခေါင်းဆောင်သည်ပင် မည်မျှကောင်းမွန်စွာ ရုပ်ဖျက်ထားစေကာမူ စိုးရိမ်ပူပန်လာသည်။ သူသည် စိတ်မရှည်သည့်အမူအရာဖြင့် ပုလဲနက်များစွာကို ထုတ်၍ လက်ထဲတွင် ကစားလိုက်သည်။

ဧရာမကျောက်တံခါးကြီးအနားသို့ ရောက်တော့မည့်အချိန်တွင် ဘေးပတ်လည်မှ အကြည့်များ ခေါင်းဆောင်အပေါ် ကျရောက်သည်ထက် ကျရောက်လာစဉ် ခေါင်းဆောင်သည် ပုလဲနက်ကို ဘေးသို့ ဆတ်ခနဲ ပစ်လိုက်သည်။

ဘုန်း …

ဘေးပတ်လည်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ အရှိန်အဝါများ မငြိမ်မသက်ဖြစ်သွားသည်။

“ နင်တို့ ကြည့်လို့ ဝပြီလား ”

ခေါင်းဆောင်သည် စိတ်မရှည်ဖြစ်နေရာမှ ချိုသာစွာ ပြုံးလိုက်သည်။ ဖြူဖျော့သော သူ့မျက်နှာက အားအင်ဖျော့တော့သည်ကို လှစ်ဟပြနေပါသော်လည်း ယင်းအားနည်းနေခြင်းသည်ပင် သူ့အပြုံးကို ပို၍ ဆွဲဆောင်မှုရှိသွားစေဟန်တူသည်။

ဘေးရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ငြိမ်ကျသွားပြီး ချက်ချင်းပင် ခေါင်းများငုံ့သွားကြသည်။

“ ငါ့ကို အထဲဝင်ဖို့ လုပ်ပေးဦး ”

ခေါင်းဆောင်က ပြုံး၍ သင်္ဘောထိပ်ဦးသို့ လျှောက်သွားပြီး ရွှီချင်းကို လက်ကမ်းပေးလိုက်သည်။

ခေါင်းဆောင်၏ သရုပ်ဆောင်စွမ်းရည်ကို ရွှီချင်း အမှန်တကယ် လေးစားမိနေသည်။ သူသည် ခေါင်းငုံ့၍ ခပ်သွက်သွက်လျှောက်သွားပြီး ခေါင်းဆောင်၏ လက်သေးသေးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်းလှမ်းကာ သင်္ဘောပျံကြီးနှင့် အောက်ဘက်ရှိ ရေဘဝဲကို ချန်ထားခဲ့ပြီး ဧရာမလေပွေနက်ကြီးအနီးသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။

ထိုလေပွေကြီးနှင့် ယှဉ်ပါက ခေါင်းဆောင်နှင့် ရွှီချင်းတို့မှာ ပုရွက်ဆိတ်လေးများပမာပင်။

ထိုလေပွေမျ ထုတ်လွှတ်နေသည့် ကြောက်ခမန်းလိလိစွမ်းအားများကြောင့် ခေါင်းဆောင်နှင့် ရွှီချင်းတို့၏စိတ်များ တုန်ရီနေသည်။

သို့သော်လည်း သူတို့နှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးဖြစ်သည်။ ပုံမှန်အတိုင်း သူတို့ လျှောက်သွားကြပြီး လေပွေကြီးရှေ့သို့ ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တွေဝေတွန့်ဆုတ်မနေဘဲ လေပွေကြီးထဲသို့ တစ်ပြိုင်နက်တည်း ခုန်ဝင်လိုက်ကြသည်။

သူတို့ အထဲ ရောက်သည်နှင့် သူတို့စိတ်များ တုန်ရီသွားသည်။ နောက်ထပ်အာကာသတစ်ခုထဲ ဝင်ရောက်သွားသည့်အလား အနီရောင်လောကကြီးထဲ သူတို့ ပေါ်လာသည်။

ထိုလောကကြီးမှာ မကြီးမားပေ။ မြေပြင်ကို သွေးအိုင်အလား နီစွေးသောအရည်များဖြင့် ဖုံးလွှမ်းထားသည်။ ဘေးပတ်လည်တွင် ကျောက်တိုင်များ စက်ပိုင်းပုံစံ ဝန်းရံနေပြီး စုစုပေါင်း ကျောက်တိုင်ခုနစ်ဆယ်ကျော်ရှိသည်။

ကျောက်တိုင်တစ်တိုင်စီပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်စီ ထိုင်နေသည်။

ယင်းအပြင် ထိုလောကကြီးထဲတွင် မျက်စိကို ဖမ်းစားနိုင်ဆုံးအရာမှာ ဧရာမရုပ်ထုကြီး ဖြစ်သည်။ ထိုရုပ်ထုကြီးသည် ရေကန်ကြီးအထက်တွင် ရပ်နေပြီး ၎င်း၏ခြေထောက်များက ရေထဲ နစ်မြုပ်နေသည်။ ယင်းသည် ပေသုံးသောင်းကျော်ရှည်လျားပြီး မိုးကောင်းကင်ကို ထိတော့မည့်အလား ထင်ရသည်။

၎င်း၏တစ်ကိုယ်လုံး နီမြန်းနေပြီး အစက်အပျောက်များဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းကိုကြည့်ရသည်မှာ ကောင်းကင်ကြီးကို ဖီဆန်နေသည့် လူသားရုပ်အလောင်းတစ်လောင်းနှင့် ဆင်တူသည်။ ၎င်း၏လက်နှစ်ဖက်ကို ထားသည့်ပုံစံမှာလည်း အလွန်ထူးဆန်းသည်။

တစ်ဖက်က ကောင်းကင်ကြီးကို ဖမ်းဆုပ်ချင်နေသည့်အလား မြှောက်ထားပြီး တခြားတစ်ဖက်က ဝမ်းဗိုက်ပေါ်တွင် တင်ထားသည်။

ထိုရုပ်ထုကြီး၏ ခန္ဓာကိုယ်မှ လက်အမြောက်အမြား တိုးထွက်လာသည်။ ထိုလက်များအားလုံး စမ်းချောင်းသဖွယ် အရပ်မျက်နှာအနှံ့ ပြန့်ကားနေပြီး ထိုလက်များပေါ်တွင် ဖွင့်နေသော မျက်လုံးများ ပေါ်လာသည်။ ထိုမျက်လုံးများကို အနီးကပ်ကြည့်ပါက လောကပုံရိပ်များ ထင်ဟပ်နေသည်ကို မြင်ရပေမည်။

ထိုမျက်လုံးများထဲ ထင်ဟပ်နေသော လောကပုံရိပ်အမျိုးမျိုးကြောင့် ထိုရုပ်ထုကြီး၏ အရှိန်အဝါက ကြောက်ခမန်းလိလိဖြစ်နေပြီး ဘေးပတ်ဝန်းကျင်ကို ဖိအားများ သက်ရောက်နေကာ ဤနေရာရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံးကို လှုံ့ဆော်နေဟန်တူသည်။

ဤအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ဤရုပ်ထုကြီး၏ အရှိန်အဝါမှ ပြောင်းလဲလာသည့်အလားပင်။ ဤရုပ်ထုကြီးက သူတို့အားလုံး၏ ရင်းမြစ်ဖြစ်နေသည်။

တချိန်တည်းမှာပင် ဤနေရာရှိဖိအားသည် အပြင်ဘက်မှ ဖိအားထက် အနိမ့်ဆုံး အဆထောင်ချီထက် သာလွန်နေပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ပုလင်းလေးမှာ ဆက်လက်အငွေ့ပျံနေသည်။

ခေါင်းဆောင်၏ရုပ်ဖျက်ထားခြင်းများ ပျက်စီးသွားတော့မည့်အလား သူ့မျက်နှာပေါ်တွင် အက်ကွဲကြောင်း ပေါ်လာသည်။ မည်သို့ သူ လုပ်လိုက်သည်မသိပါသော်လည်း အက်ကွဲကြောင်းမှာ အလျင်အမြန် ပျောက်သွားသည်။ သို့သော် ရွှီချင်းသည် ခေါင်းဆောင်၏ ကိုယ်ထဲမှ အငွေ့အသက်များ မူမမှန်တော့သည်ကို အာရုံခံမိလိုက်သည်။

ဤနေရာတွင် ခေါင်းဆောင် ကြာကြာ တောင့်ခံနိုင်မည် မဟုတ်သည်မှာ သိသာသည်။

သူတို့နှစ်ယောက်လုံး တုန်လှုပ်နေကြ၏။

ယင်းရုပ်ထုသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ သတ္တမမြောက်ဘိုးဘေးရုပ်အလောင်းရုပ်ထု ဖြစ်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရှိ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခု၏ အသွင်အပြင်နှင့် အရွယ်အစားမှာ မတူညီကြပေ။ သို့သော်လည်း ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုအနက် တစ်ခုဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲရှိ ၎င်း၏အဆင့်အတန်းမှာ အလွန် မြင့်မားပေသည်။

အဏ္ဏဝါရုပ်အလောင်းဘုရင်သည်ပင် ရောက်လာသည့်အခါတိုင်း တလေးတစားဖြင့် အရိုအသေပေးရသည်။

ယင်းမှာ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခု၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ပေါက်ဖွားလာရခြင်း လျှို့ဝှက်ချက်ရှိနေသောကြောင့် ဖြစ်သည်။ ရုပ်ထုအောက်ရှိ သွေးနီကန်သည် ရုပ်ထုမှ ထုတ်လွှတ်ထားသော အရည်များမှဖြစ်ပေါ်လာသည့်ကန်ဖြစ်သည်။ ကန်ထဲရှိအရည်သည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အသစ်များကို ပြောင်းလဲရန် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး ဒဏ်ရာကုသရန်အတွက်လည်း သန့်ရှင်းသောရေဖြစ်သည်။

ထိုအချိန်၌ သွေးနီကန်ထဲတွင် တင်ပျဉ်ခွေထိုင်၍ အားဖြည့်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဒါဇင်ခန့်ရှိသည်။

ထိုလူများအနက် အားအနည်းဆုံးမှာ သက်စောင့်မီးလုံးနှစ်လုံးရှိသူများ ဖြစ်သည်။ ဒဏ်ရာရထားသော သက်စောင့်မီးလုံးသုံးလုံးနှင့် တစ်ယောက်လည်း ရှိသည်။ သူက ရှေ့တန်းစစ်မြေပြင်မှ ပြန်ရောက်လာခြင်း ဖြစ်ဟန်တူသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို အပြင်းအထန် တုန်ရီသွားစေသည်မှာ ရုပ်ထု၏ ဘယ်လက်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည့်် ဝတ်ရုံနီဝတ်လူငယ်လေးတစ်ယောက်ပင်။

ယခင်က ထိုကလေးကို ပုလဲကျွန်းပေါ်တွင် ရွှီချင်း မြင်ခဲ့ဖူးသည်။

ထိုကလေးသည် ယခင်က ပုလဲကျွန်းများပေါ်သို့ ရောက်လာခဲ့သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူမှလွဲ၍ တခြားမဟုတ်ပေ။

ခေါင်းဆောင်ကို ရွှီချင်း ကြည့်လိုက်သည်။

ခေါင်းဆောင်သည်လည်း တုန်လှုပ်နေပြီး ရွှီချင်းကို ခါးသီးစွာ ပြုံးပြလိုက်သည်။

သူ ရရှိထားသည့်အချက်အလက် မှားနေသည်မှာ သိသာသည်။ ယခင်အစောင့်ဟောင်း တာဝန်လွှဲပြောင်းခံလိုက်ရပြီး အစောင့်သစ် ရောက်ရှိနေခြင်းလည်း ဖြစ်တန်ရာသည်။

ရွှီချင်းသည် ငြိမ်သက်နေပြီး ခေါင်းဆောင်ကို ယုံမှတ်၍ လိုက်ခဲ့မိသည်မှာ ရူးလွန်းလှသည်ဟု ခံစားနေရသည်။

ဤနေရာတွင် သက်စောင့်မီးလုံးနှစ်လုံးကျင့်ကြံသူ ဆယ်ချီ၍ ရှိသည်သာမက အပြင်ဘက်၌လည်း ထောင်ဂဏန်းခန့်ရှိသည်။ ထို့အပြင် ထိုကဲ့သို့ အနီးကပ်အနေအထားတွင် သူတို့ကို သေအောင် ရိုက်နှက်နိုင်သော ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်လည်း ရှိသေးသည်။

ထိုကျင့်ကြံသူမှာ တရားထိုင်နေပါသော်လည်း မျက်လုံးများ ဖွင့်၍ အနီးကပ်ကြည့်လိုက်ပါက တစ်ခုခုကို ဖောက်ထွင်းမြင်သွားမည်ဖြစ်ကြောင်း ရွှီချင်း တွေးမိသည်။ ဤနေရာရှိ ဖိအားများသည်လည်း သူတို့၏ ရုပ်ဖျက်အစွမ်းများကို ပယ်ဖျက်နေသည် မဟုတ်ပါလား။

ဤနေရာသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ဖြစ်နေ၍ အနှောင့်အယှက်အသေးအဖွဲ့တစ်ခု ပေါ်လာခဲ့လျှင်ပင် နောက်ထပ်ထိပ်သီးကျင့်ကြံသူများစွာ ရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ထဲမှ စိုးရိမ်စိတ်ကို ဖိနှိပ်ကာ ခိုင်မာပြတ်သားသော စိတ်အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် အံတင်းတင်းကြိတ်၍ ဤနေရာသို့ ရောက်လာပြီးနောက် မည်သည့်နည်းဖြင့်ဖြစ်စေ အကျိုးအမြတ်အနည်းငယ် ရအောင်ယူမှဖြစ်မည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချလိုက်သည်။

တချိန်တည်းမှာပင် ခေါင်းဆောင်၏ မျက်လုံးများထဲမှ ရူးသွပ်သည့်အရိပ်အယောင်များကိုလည်း သူ သတိထားမိလိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ပြိုင်တူ ရှေ့လျှောက်သွားကြသည်။

ကန်သည် သူတို့ရောက်နေသောနေရာနှင့် ပေတစ်ထောင်ခန့် လှမ်းသည်။ သူတို့လျှောက်နေစဉ် ပုပ်ပွနေသော လက်များ မြေပြင်မှပေါ်လာသည်။

ထိုလက်များသည် သူတို့ကို မရစ်ပတ်ဘဲ ချနင်းရမည့် လှေကားထစ်များပမာပင်။ ရွှီချင်းနှင့်ခေါင်းဆောင်တို့မှာ ရေကန်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကြသည်။ ကန်ထဲသို့ ရောက်သောအခါ ဘေးပတ်လည်ရှိ ကျောက်တိုင်များပေါ်မှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အနည်းငယ်က မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့အပေါ် သူတို့ အကြည့်ရောက်သွားပြီး တတိယမင်းသမီးမှန်း သတိထားမိသောအခါ တစ်ယောက်ပြီးတစ်ယောက် အကြည့်လွှဲသွားကြသည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူသည်လည်း မျက်လုံးများကို မဖွင့်ပေ။

ယင်းကြောင့် ရွှီချင်းမှာ စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် ရေကန်ထဲသို့ အလျင်အမြန် သွားကာ ရုပ်ထုနှင့်နီးသောနေရာတွင် ထိုင်နေသော ခေါင်းဆောင်ကို မြင်လိုက်သည်။ ခေါင်းဆောင်သည် တင်ပျဉ်ခွေထိုင်ပြီးနောက် ရုပ်ထုကို ထိချင်နေသည့်အလား မကြာခဏ ကိုယ်ဟန်ပြောင်းနေသည်။

ရွှီချင်းသည်လည်း ရေကန်ထဲသို့ ဝင်လိုက်သည်။ သူ ကန်ထဲရောက်သွားသည်နှင့် ကန်ထဲမှ ထူးဆန်းသော စွမ်းအားတစ်မျိုးကို အာရုံခံမိလိုက်သည်။ ယင်းစွမ်းအားသည် ဝိညာဉ်စွမ်းအား မဟုတ်သလို ဓာတ်နှောများလည်း မဟုတ်ပေ။

ယင်းသည် သက်စောင့်ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည့် သန့်စင်သော အားဖြည့်ပေးခြင်းမျိုးနှင့် ဆင်တူပြီး ဖြတ်လျှောက်ရုံဖြင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးများကို တုန်ခါသွားစေသည်။ ထိုဖြစ်ရပ်ကြောင့် ဤရေကန်သည် ဓမ္မတံခါးများကို ဖွင့်ရာတွင် ကြီးစွာသော အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း ရွှီချင်း သေချာသွားသည်။

သူသည် အလျင်အမြန် ထိုင်ချလိုက်ပြီး အားဖြည့်နေသော ဘေးပတ်လည်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် ထိုစွမ်းအားကို ကြိုးစားစုပ်ယူလိုက်သည်။

ဤနေရာ၌ ဓမ္မတံခါးများအား ဖွင့်၍ မရသည်ကို ရွှီချင်း သိသည်။ ထိုသို့မဟုတ်ပါက သူ့ကိုယ်မှ အငွေ့အသက်များ သိသိသာသာ ထွက်ပေါ်လာမည်ဖြစ်ပြီး တခဏလေးအတွင်း အလိမ်ပေါ်သွားပေမည်။ သို့ဖြစ်၍ အကောင်းဆုံးနည်းလမ်းမှာ ထိုစွမ်းအားကို သိုလှောင်ခြင်း ဖြစ်သည်။

ထိုစွမ်းအားများကို သူ့ကိုယ်ထဲတွင် လုံလောက်စွာ သိုလှောင်၍ အပြင်ရောက်မှသာ ဓမ္မတံခါးများကို ဖွင့်ရမည် ဖြစ်သည်။

ဓမ္မတံခါး မည်မျှဖွင့်နိုင်မည်ဆိုသည့်အချက်မှာ ဤနေရာရှိ စွမ်းအားများကို သူ မည်မျှ သိုလှောင်နိုင်မည်ဆိုသည့်အချက်အပေါ် မူတည်နေပေသည်။

ရွှီချင်း၏ မျက်လုံးများထဲ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ဝင်းလက်သွားပြီး သူ့ကိုယ်ထဲရှိ ကျင့်ကြံခြင်းစွမ်းအားများကို လှည့်ပတ်လိုက်သည်။ ရုတ်တရက် ကန်ထဲမှ သွေးနီရောင်စွမ်းအင်စီးကြောင်းများ သူ့ကိုယ်ထဲ စီးဆင်းလာပြီး ဒန်တျန်ထဲတွင် တဖြည်းဖြည်း စုစည်းလာသည်။

ထိုသွေးနီရောင်အရည်များ ဒန်တျန်ထဲ ပေါ်လာသည်နှင့် ၎င်း၏ ကြောက်ခမန်းလိလိအစွမ်းကြောင့် မဖွင့်ရသေးသော ရွှီချင်း၏ကိုယ်ထဲရှိ ဓမ္မတံခါးများမှာ ဆက်လက်တုန်ခါလာသည်။

ရွှီချင်း၏စိတ်ထဲ ပြင်းပြသောဆန္ဒတစ်ခု ပေါ်လာသည်။

ရွှီချင်းသည် အသက်ရှူသံများကို ဖိနှိပ်ကာ ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်ပြီးနောက် ဆက်လက်စုပ်ယူလိုက်သည်။ ရန်သူ့နှာသီးဝ၌ ခိုးယူနေရသည့်ခံစားချက်ကား …

လွန်စွာ စိတ်လှုပ်ရှားစရာ ကောင်းလှပေစွ။

All Chapters