တစ်ခုခု ဖြစ်ပျက်လာခဲ့ပါသော …
Vol. 18 Ch. 266
သတ္တမမြောက်ဘိုးဘေးရုပ်ထုတည်နေရာသည် အလွန် ငြိမ်သက်တိတ်ဆိတ်သည်။
များသောအားဖြင့် ဤနေရာတွင် စွမ်းအင်အငွေ့အသက်များ ပြင်းပြင်းထန်ထန်မရှိသလို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က သူတို့မျိုးနွယ်ဝင်များကို ရုပ်ထုအနီးတဝိုက်တွင် အဆင့်တက်ခြင်းအား ခွင့်ပြုမထားပေ။
သို့ဖြစ်၍ ဤနေရာတွင် တစ်နှစ်ပတ်လုံး ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဤနေရာတွင် ကုသခွင့်ရရန်အလို့ငှာ သတ်မှတ်ချက်ပြည့်မီရမည်ဖြစ်သည်။ အဆင့်အတန်းမြင့်မားသူ မဟုတ်ပါက မျိုးနွယ်အတွက် ကြီးမားသော စွမ်းဆောင်မှုများကို ပြုလုပ်မှသာ ရုပ်ထုအောက်ရှိ သွေးရေကန်သို့ လာရောက်၍ ဒဏ်ရာကုသခွင့်ရှိသည်။ ထို့ကြောင့်လည်း ဤနေရာတွင် ကျင့်ကြံသူများ အလွန်နည်းပါးနေရခြင်း ဖြစ်သည်။
ယခု လူအနည်းငယ် များနေရသည်မှာ စစ်ပွဲကြောင့်ဖြစ်သည်။ သို့တိုင်အောင် ဤနေရာသည် ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး တစ်ယောက်မှ မလေးမစား မလုပ်ဝံ့ကြပေ။
တချိန်တည်းမှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ သုခဘုံသို့ ဖောက်ထွင်းဝင်ရန် ကြိုးစားသော အပြင်လူအနည်းငယ် ရှိသည်။ သို့သော်လည်း အကာအကွယ်အထပ်ထပ်နှင့် မန္တန်အစီအရင်များ၏ စစ်ဆေးခြင်းကြောင့် အထဲသို့ မဝင်နိုင်ခဲ့ကြပေ။
ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်ခြင်း ကိစ္စများ မရှိခဲ့သည်တော့ မဟုတ်ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ သမိုင်းတစ်လျှောက် ထိုကဲ့သို့ ကိစ္စရပ်မျိုး ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးသည်။
ယခင်က ဤနေရာသို့ လူအများ ခိုးဝင်ခဲ့ကြသည့်အကြောင်းအရင်းသည် သွေးရေကန်ကို စုပ်ယူရန်အတွက်သာမက ဘိုးဘေးရုပ်ထုကြီးကြောင့်လည်း ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်ထုကိုးခုသည် ဤလောကကြီးပေါ်တွင် မြင်ရခဲသော ထူးဆန်းသော ပစ္စည်းများဖြင့် ပြုလုပ်ထားကြသည်။ ထိုပစ္စည်းများကို အနှီဘိုးဘေးရုပ်ထုကိုးခု၌သာ မြင်တွေ့ရသည့်အလား ဖြစ်နေ၍ မြောက်မြားစွာသော မျိုးနွယ်များ၏ သိလိုစိတ်နှင့် အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သို့သော်လည်း ထိုဘိုးဘေးရုပ်ထုများကို သွန်းလုပ်သော ပစ္စည်းများသည် အလွန် မာကြောပြီး အစိတ်အပိုင်းတစ်ခု ပျက်စီးသွားသည့်တိုင်အောင် ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်သွားသည်။ ယင်းအပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို လူတိုင်း မသိမ်းပိုက်နိုင်ပေရာ ထိုရုပ်ထုများ ဘေးကင်းလုံခြုံနေခဲ့သည်။
ရုပ်ထုကို ဖျက်ဆီးနိုင်လောက်အောင် ကြောက်ခမန်းလိလိ အစွမ်းထက်သော လူအများစုသည်လည်း ဖောက်ထွင်းဝင်ရောက်ခြင်းမပြုကြဘဲ သူတို့အစွမ်းကို အားကိုး၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုနိုင်ပေသည်။
ထို့အပြင် ထိုရုပ်ထုပစ္စည်းများသာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ထွက်သွားသည်နှင့် ဆန်းကြယ်သော အစွမ်းသတ္တိများ ပျက်ပျယ်ကာ သာမန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်။
အချိန်များစွာ ကျော်လွန်၍ အင်အားကြီးမျိုးနွယ်များ၏ ကြိမ်ဖန်များစွာ ဖောက်ထွင်းဝင်ရောက်ခြင်းများကို ကြုံတွေ့ခံရပြီး နောက်ဆုံးတွင် ထိုရုပ်ထုကိုးခုကို စိတ်ဝင်စားမှု လျော့ကျလာခဲ့သည်။
ယင်းအပြင် ထိုရုပ်တုများက အလိုလို အကောင်းပကတိ ပြန်ဖြစ်လာနိုင်သည့်အတွက်ကြောင့် မည်သည့်ဘေးဒဏ်ကိုမျှ မခံခဲ့ရသည့်အလားပင်။
မူလက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ဘိုးဘေးရုပ်ထုကိုးခုကျော် ရှိပြီး ယခုအချိန်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ရုပ်ထုကိုးခုကိုသာ ထိန်းသိမ်းနိုင်သည်ဟူ၍ ကောလာဟလများ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ထိုရုပ်ထုများသည် မြင့်မြတ်သော ပစ္စည်းများ ဖြစ်သည်။ ထိုမြင့်မြတ်သောပစ္စည်းများအပေါ်တွင် တံဆိပ်ခတ်နှိပ်လိုက်သည့်မည်သူမဆို သူတို့၏ အကြီးမားဆုံးရန်သူတော်အဖြစ် ပြုမူခံရမည် ဖြစ်သည်။
ခိုးဝင်သူများက ရုပ်ထုများကို မည်သို့မျှ ပျက်စီးသွားအောင် မဖြစ်စေခဲ့သည့်တိုင်အောင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အမြင်၌ ယင်းသည် ရှက်ဖွယ်လိလိကိစ္စတစ်ရပ် ဖြစ်နေဆဲပင်။
အနီးကပ်ဆုံး ဖောက်ထွင်းခံခဲ့ရသည့်ဖြစ်ရပ်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဖြစ်သည်။ ထိုအချိန်က ဖောက်ထွင်းသူသည် အခြေတည်အဆင့်သာ ရှိသေးသည်။ သူသည် လျှို့ဝှက်နည်းလမ်းကို အသုံးချ၍ ဘိုးဘေးရုပ်ထုတစ်ခုသို့ ဝင်ရောက်ကာ ဝိညာဉ်ရေ အမြောက်အမြားကို စုပ်ယူ၍ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး ထိုသူခိုးနောက်သို့ နှစ်ပေါင်းများစွာ လိုက်လံသတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ထိုသူသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အန္တရာယ်များစွာကို ကျော်ဖြတ်ကာ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ သားမက်အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရသည်။ ထိုအခါမှသာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ရွေးချယ်စရာမရှိတော့ဘဲ ထိုကိစ္စကို ဆိုင်းငံ့လိုက်ရသည်။ သို့သော်လည်း ထိုအချိန်မှစ၍ သူတို့ ပို၍ပင် သတိထားလာခဲ့သည်။
ထိုစဉ်က အခြေတည်အဆင့်ကျင့်ကြံသူသည် ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း နာမည်ကြီးလာခဲ့ပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ သတ္တမမြောက်တောင်သခင်ကြီး ဖြစ်လာခဲ့ပေသည်။
ယနေ့တွင် သမိုင်းထဲက အဖြစ်အပျက်မျိုး သတ္တမမြောက်ဘိုးဘေးရုပ်ထုကြီးဘေးတွင် တစ်ကြော့ပြန် ဖြစ်ပျက်လာခဲ့လေပြီ။
ရွှီချင်းသည် ဝိညာဉ်ရေများကို ဂရုတစိုက်ဖြင့် စုပ်ယူလိုက်သည်။ သွေးရောင်ဝိညာဉ်ရေများ သူ့ကိုယ်ထဲ တဖြည်းဖြည်း တိုးပွားလာပြီး ထိုဝိညာဉ်များ၏ အငွေ့အသက်များကြောင့် သူ့ဓမ္မတံခါးများ အငမ်းမရ ဖြစ်လာတော့သည်။
သို့သော်လည်း ဘေးပတ်လည်ရှိ အန္တရာယ်များနှင့် ရွှေအမြုတေအဆင့် ထိပ်သီးကျင့်ကြံသူကြောင့် ရွှီချင်း အလွန် သတိထားနေရသည်။
“ ငါ လောဘကြီးလို့မဖြစ်ဘူး။ ငါ့ကိုယ်ထဲ ပြည့်သွားရင် ဒီနေရာကနေ ထွက်ရမယ် ”
ရွှီချင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။ တစ်ယောက်မှ သူ့အား သတိမထားမိသေးသည်ကို မြင်၍ သူ၏စုပ်ယူနှုန်းကို ပို၍ပင် အရှိန်တင်လိုက်သည်။
ထိုအချိန်၌ အရိပ်လေးသည် ရေကန်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။ မျက်လုံးတစ်ရာ ပြိုင်တူ မျက်တောင်ခတ်သွားပြီး အရိပ်လေးက စူးစမ်းချင်စိတ်ဖြင့် တစ်ငုံစာ သောက်လိုက်သည်။ ယင်းနောက် ထိုအရည်သည် အလွန် ယစ်မူးစေသည့်အလား ၎င်း၏ မျက်လုံးများအားလုံး မှေးစင်းသွားပြီး ချက်ချင်းပင် ထိုအရည်ကို အငမ်းမရ စုပ်ယူလိုက်သည်။
ထိုအခြင်းအရာကို ရွှီချင်းသည် သံတုတ်နက်လေးကို တိတ်ဆိတ်စွာ ထုတ်ယူ၍ ရေကန်ထဲ ထည့်ထားလိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တုန်ရီသွားပြီး အနည်းငယ် စုပ်ယူကြည့်ပြီးနောက် သူ့မျက်လုံးများသည်လည်း ဝင်းလက်သွားသည်။
“ မင်းတို့နှစ်ယောက်လုံး စုပ်နိုင်တာလားဟ။ ဒီဝိညာဉ်ရေက အကုန်လုံးကို အကျိုးရှိစေတာပေါ့ ”
ရွှီချင်း တအံ့တသြ ဖြစ်သွားသည်။ အတန်ငယ် တွေးတောပြီးနောက် ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို သူ တိတ်တဆိတ် အသုံးပြုလိုက်သည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ရုတ်တရက် သူ့နောက်ကျောမှ ဆေးမှင်ကြောင်မှာ အနည်းငယ် ဝင်းလက်သွားပြီး အနီရောင်အရည်အများအပြား ၎င်းအထဲသို့ စီးဆင်းသွားသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း အလွန်အမင်း အံ့အားသင့်သွားရသည်။
ခေါင်းဆောင်သည်လည်း ရွှီချင်း၏စုပ်ယူနှုန်းကို ချက်ချင်း သတိထားမိသွားပြီး မနာလိုစိတ်ဖြင့် မျက်လုံးများ နီမြန်းသွားသည်။
ရွှီချင်း၏ စုပ်ယူနှုန်းက သူ့ထက် သိသိသာသာ မြန်ဆန်သည်။ ယင်းကြောင့် ခေါင်းဆောင် ရှက်သွားရသည်။ သို့ဖြစ်၍ ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီးနောက် တစ်ယောက်မှ သတိမပြုမိသည်ကို တွေ့လိုက်ရပြီး ပုလင်းလေးတစ်လုံးကို ထုတ်ကာ ကန်ထဲ ထားလိုက်သည်။
ချက်ချင်းပင် သွေးရောင်ဝိညာဉ်ရေအမြောက်အမြား ပုလင်းထဲ စီးဝင်သွားသည်။
ထိုပုလင်းသည် အလွန်ထူးဆန်းပြီး များစွာ ဝင်ဆံနိုင်ပါသော်ငြား ချက်ချင်းပင် ပြည့်သွားသည်။ ခေါင်းဆောင်သည် ထိုပုလင်းကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်ပြီး နောက်တစ်ပုလင်းထုတ်၍ ဝိညာဉ်ရေများကို ယူလိုက်သည်။
ထိုသို့ဖြင့် သူသည် ပစ္စည်းတစ်မျိုးပြီးတစ်မျိုး ထုတ်ကာ ဝိညာဉ်ရေများကို ယူလိုက်ရာ သူ့နှုန်းသည် ရွှီချင်းအောက် မလျော့တော့ပေ။
ရွှီချင်းသည်လည်း ထိုဖြစ်ရပ်ကို သတိထားမိလိုက်ပြီး ခေါင်းဆောင်ကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်သည်လည်း သူ့ကို ရန်လိုသောအကြည့်ဖြင့် ပြန်ကြည့်လိုက်လေသည်။
ရွှီချင်း ငြိမ်သက်သွားသည်။ ခေါင်းဆောင်မှာ အရူးတစ်ယောက်ဖြစ်၍ အရူးတစ်ယောက်နှင့် အငြင်းပွားမနေသင့်ကြောင်း တွေးလိုက်မိသည်။ တချိန်တည်းမှာပင် လောဘမကြီးဘဲ လုံလောက်ရုံသာ ယူရန် သူ့ကိုယ်သူ မပြတ်သတိပေးလိုက်သည်။ သူ အလုံအလောက် စုပ်ယူလိုက်ပြီး အရိပ်၊ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ကျင်းဝူလျန့်ဝမ့်လင်အတတ်တို့သည်လည်း ကန့်သတ်ချက်ကို ရောက်သွားပါက သူ ထွက်သွားမည် ဖြစ်သည်။
သို့သော် ယခုအချိန်တိုင်အောင် အရိပ်၊ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် သူကိုယ်တိုင်မှာ လုံလောက်စွာ မစုပ်ယူရသေးပေ။ သူသည် အတန်ငယ် တွေးတောလိုက်ပြီး ရုပ်ထုအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။
ရုပ်ထုအနီးသို့ ရောက်လေလေ သွေးရောင်ဝိညာဉ်ရေ၏ အရည်အသွေးက ပိုကောင်းလေဖြစ်သည်ကို သူ သတိထားမိနေသည်မှာ အနည်းငယ် ကြာပြီဖြစ်သည်။
ရုပ်ထုအနီးသို့ ရောက်လေလေ ရွှီချင်း အံ့အားသင့်လာရလေပင်။ သူ့စုပ်ယူနှုန်း ပို၍ တိုးတက်လာသည်သာမက အရိပ်လေးသည်ပင် ပို၍ စုပ်ယူလာနိုင်သည်ကို သူ တွေ့လိုက်ရသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အသုံးမဝင်ဆုံးပင်။ မကြာခင်မှာပင် သူ့ကန့်သတ်ချက်ကို ရောက်သွားသည်။
ရွှီချင်းသည် သံတုတ်နက်ကို စိတ်ပျက်စွာဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သံတုတ်နက်ကို သိမ်းဆည်းလိုက်ပြီး စိတ်ထဲမှနေ၍ တွေးတောလိုက်သည်။
‘ အင်း … အရိပ်နဲ့ငါ ပြည့်သွားရင် ထွက်မယ် ’
ထိုသို့စီစဉ်ပြီးနောက် ရွှီချင်းသည် တဖြည်းဖြည်းနှင့် ဆက်လက်စုပ်ယူလိုက်သည်။ မကြာခင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သွားပြီး ရုပ်ထုခြေထောက်အနားသို့ သူ တိတ်တဆိတ် ရောက်သွားသည်။
တချိန်တည်းမှာပင် ရွှီချင်း၏ အပြုအမူများကို ခေါင်းဆောင် သတိထားမိလိုက်ပြီး သူသည်လည်း ရုပ်ထုအနီးသို့ တိုးသွားသည်။ ထိုသို့ဖြင့် ရွှီချင်းက ရုပ်ထုခြေထောက်တစ်ဖက်ဘေးသို့ ရောက်သွားသောအခါတွင် ခေါင်းဆောင်က ရုပ်ထု၏ တခြားခြေထောက်ဘေးသို့ ရောက်သွားသည်။
ခေါင်းဆောင်သည် ရွှီချင်းက ယခုကဲ့သို့ အချိန်ကြာမြင့်စွာ စုပ်ယူနေပါလျက် ထွက်မသွားသေးသည်ဖြစ်၍ အတော်လေး မိုက်ရူးရဲဆန်လှသည်ဟူ၍ ခံစားနေရသည်။
‘ မဟုတ်သေးဘူး။ ငါ့လက်အောက်ငယ်သားကို ဘာလို့ယှဉ်နေတာတုံး။ ဟဲ ဟဲ … မင်းကများ ငါနဲ့ အရူး ပြိုင်ချင်ရတယ်လို့ ’
ခေါင်းဆောင် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သူက ပုလင်းဆယ်ပုလင်း ပြိုင်တူထုတ်၍ အရည်များကို သိုလှောင်လိုက်သည်။
ချက်ချင်းပင် ရွှီချင်း၏ မျက်ခုံးမွေးများ အပေါ်သို့ မြင့်တက်သွားရသည်။
‘ ခေါင်းဆောင်က လောဘကြီးလှချည်လား။ ဒီလိုသာ ဆက်လုပ်နေရင် အလိမ်ပေါ်တော့မှာပဲ။ ဒီနေရာမှာ ငါ ကြာကြာနေလို့ မဖြစ်ဘူး။ ငါ အလုံအလောက် ရမှဖြစ်မယ်။ လောဘကြီးလို့ မဖြစ်ဘူး ’
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး ဆက်လက်စုပ်ယူလိုက်သည်။ အမွေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် သူ့ကိုယ်ထဲတွင် သွေးရောင်အရည်များအား ဆက်လက် သိုလှောင်မထားနိုင်တော့သည်ကို စိတ်မကောင်းဖြစ်စွာ သိလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပုံမှန်ဖြစ်ဟန်ရှိပါသော်လည်း ပေါက်ကွဲတော့မည့်အလား သူ ခံစားနေရသည်။
တချိန်တည်းမှာပင် အရိပ်လေးသည်လည်း ဝအီသွားသည့်ခံစားချက်များ ပို့လွှတ်လိုက်သည်။
ကျင်းဝူလျန့်ဝမ့်လင်အတတ်မှာ ပို၍ ဝင်ဆံ့နိုင်သေးဟန်ရှိနေသည်ကို ရွှီချင်း အာရုံခံမိလိုက်သည်ဖြစ်၍ သူ့နောက်ကျောကို ရုပ်ထုနှင့် ဖိကပ်လိုက်သည်။
‘ ငါ လောဘကြီးလို့ မဖြစ်ဘူး။ အရိပ်၊ သံတုတ်နဲ့ ငါတို့အားလုံး ပြည့်သွားပြီ။ ရွှေကျီးကန်းပဲ ကျန်တော့တာ …’
ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို တိတ်ဆိတ်စွာ လှည့်ပတ်လိုက်သည်။ သူ့နောက်ကျောကို ရုပ်ထုနှင့် ဖိကပ်ထားသည်ဖြစ်၍ ထိုလှည့်ပတ်ခြင်းကြောင့် ရုပ်ထုနှင့် ရေကန်မှ စွမ်းအားများ တဟုန်ထိုး စီးဝင်လာသည်။
ဘေးပတ်လည်ရှိ ရေပြင်၌ လှိုင်းလေးများ ထသွားသည်။ ရွှီချင်း၏ နှလုံးခုန်နှုန်း မြန်ဆန်သွားပြီး စုပ်ယူနှုန်းကို အလျင်အမြန် လျော့ချလိုက်ရာ လှိုင်းလေးများ ငြိမ်သက်သွားသည်။
သူသည် ရင်တထိတ်ထိတ်ဖြင့် တဖြည်းဖြည်း စုပ်ယူလိုက်၏။
ခေါင်းဆောင်သည် ရွှီချင်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေပြီးနောက် သူ့ပတ်လည်ရှိ ပုလင်းများကို ငုံ့ကြည့်လိုက်သည်။ သူ အံတင်းတင်းကြိတ်လိုက်ပြီး သိုလှောင်ရန် နောက်ထပ်ဆယ်ပုလင်း ထုတ်လိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်ပြီးနောက် ရွှီချင်း၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာပြီး တစ်ခုခုလွဲမှားနေသကဲ့သို့ ခံစားလာရသည်။
ထိုအချိန်၌ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို သူ ထုတ်ဖော်လိုက်သောအခါတွင် သွေးနှင့်ချီစွမ်းအား အမြောက်အမြား တိုးဝင်လာသည်သာမက ရုပ်ထုနှင့် ဖိကပ်ထားသောနေရာတွင်လည်း ရေအောက်စီးကြောင်းတစ်ခု ဖြစ်လာနေသည်ကိုလည်း သတိထားမိလိုက်သည်။
ထိုရေအောက်စီးကြောင်းက ရုပ်ထု၏ ခန္ဓာကိုယ်ထဲ ရှိနေခြင်း ဖြစ်သည်။ အပြင်လူများအနေဖြင့် အာရုံခံ၍ မရသလို မြင်လည်း မမြင်နိုင်ပေ။ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ထုတ်ဖော်လိုက်သောအခါမှသာ ယင်းကို ရွှီချင်း အာရုံခံနိုင်သည်။ ထိုဖြစ်ရပ်ကြောင့် စုပ်ယူနေစဉ်အတောအတွင်း အညစ်အကြေးများစွာကို သူ စုစည်းမိခဲ့သကဲ့သို့ ခံစားနေရသည်။
ထိုအညစ်အကြေးများသည် ရုပ်ထုထဲမှ မထွက်ခွာနိုင်ဘဲ ပိတ်ဆို့ခံထားရသည်။ ထို့ကြောင့် ၎င်းတို့က ဆက်လက်စုစည်းကာ အငွေ့အသက်များကို ထုတ်လွှတ်နေပေရာ ရွှီချင်းကို ခေါင်းနပန်းကြီးသွားစေသည်။
ထိုအငွေ့အသက်များသည် အလွန် မတည်မငြိမ်ဖြစ်နေပြီး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပေါက်ကွဲသွားမည် ဖြစ်သည်။
ရွှီချင်း တုန်လှုပ်သွားပြီး အထူးသဖြင့် ထိုရေအောက်စီးကြောင်းထဲရှိ စွမ်းအင်များက အလွန် ကြောက်မက်ဖွယ်ကောင်းသည်ကို ခပ်ရေးရေး အာရုံခံမိသောအခါတွင် ဖြစ်သည်။ ယင်းသာ ပေါက်ကွဲသွားသည်နှင့် ထိုကဲ့သို့ အနီးကပ်အခြေအနေတွင် ထိုပေါက်ကွဲမှုအောက် သူ ရောက်သွားမည် ဖြစ်သည်။
သေရေးရှင်ရေးအန္တရာယ်ကို သူ ခံစားမိလိုက်သည်။
‘ အဲဒါသာ ပေါက်ကွဲသွားရင် ရုပ်ထုကြီးရဲ့ တခြားဟာတွေလည်း တစ်ခုခု ဖြစ်သွားနိုင်တယ်။ အန္တရာယ်များလိုက်တာ ’
ရွှီချင်းမှာ ချက်ချင်း သတိကြီးကြီးထား၍ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို သိမ်းဆည်းကာ ရေအောက်စီးကြောင်းကို အရှိန်မလျော့သွားစေဘဲ စုပ်ယူခြင်းကို ဂရုတစိုက်ဖြင့် အဆုံးသတ်လိုက်သည်။
ရေအောက်စီးကြောင်းက စုပ်အား ပျောက်သွားသည်နှင့် ရုပ်တု၏ အတွင်းတလျှောက် အပေါ်သို့ တက်သွားပြီး ပို၍ပင် မငြိမ်မသက်ဖြစ်လာတော့မည်ကို သူ အာရုံခံမိလိုက်သည်။
ရွှီချင်းသည် ခေါင်းမော့၍ တင်ပျဉ်ခွေထိုင်နေသော ရွှေအမြုတေအဆင့်ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ သူ တိတ်ဆိတ်စွာ ထရပ်လိုက်ပါသော်လည်း အလျင်အမြန် မလှုပ်ရှားဝံ့ပေ။ သူ့စိတ်ထဲမှ စိုးရိမ်ကြောင့်ကြစိတ်ကို ချိုးနှိမ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။
ရွှီချင်း၏ အပြုအမူများကြောင့် ခေါင်းဆောင် မှင်သက်သွားသည်။ ရွှီချင်းကို သူ လှမ်းကြည့်လိုက်သောအခါ ရွှီချင်းက သူ့ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ခေါင်းဆောင် ချီတုံချတုံဖြစ်သွားပြီး ဒွိဟဖြစ်နေသည့်မျက်ဝန်းများဖြင့် ထရပ်လိုက်သည်။ ယခုတစ်ခေါက် သူ လုပ်ခဲ့သည်မှာ အားရကျေနပ်စရာ မကောင်းသေးသလို ရူးသွပ်ခြင်းအရာတွင် ထိုအဘိုးကြီးအောက် နိမ့်ကျနေသေးသည်ဟူ၍ သူခံစားနေရသည်။
သူ ခိုးဝင်ခဲ့သည်ကို တစ်ယောက်မှ သတိမထားမိဘဲ သူ အောင်မြင်စွာ ထွက်သွားနိုင်ခဲ့လျှင် အဆင်ပြေသည်ဟု သူ ခံစားမိသည်။
သို့သော် တစ်ယောက်ယောက်သာ သူ့ကို တွေ့ရှိသွားပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေသည်။
‘ အပြင်ထွက်လို့ ငါ့ကို သိသွားနိုင်ချေ များနေမှတော့ ငါ အကြီးကြီး လုပ်မှဖြစ်မယ်။ နောက်ကျ အဲဒီအဘိုးကြီး သိသွားရင် သူက ငါ့ထက် နိမ့်ကျတာကို ဝန်ခံရမယ် ’
ထိုသို့တွေးတောပြီးနောက် ခေါင်းဆောင်၏ မျက်လုံးများထဲ ရူးသွပ်ခြင်းများ ပေါ်လာသည်။
ရွှီချင်းသည် ခေါင်းဆောင်၏ မျက်လုံးများထဲရှိ ရူးသွပ်ခြင်းများကို မြင်သောအခါ ဒိန်းခနဲ ရင်ခုန်သွားပြီး အခြေအနေ မဟန်တော့သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ တွေဝေတွန့်ဆုတ်မနေတော့ဘဲ အရှိန်တင်လိုက်သည်။
ပြတ်တောင်းပြတ်တောင်းဖြင့် အသက်ရှူနေသော ခေါင်းဆောင်သည် ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။ သူသည် သိုလှောင်အိတ်ဆီသို့ လှမ်း၍ နတ်အရှိန်အဝါများဖြင့် ပြည့်နေသော အသားပိုင်းတစ်ပိုင်းကို ထုတ်လိုက်သည်။ ထိုအသား ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်ကို ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားအငွေ့အသက်များ ရိုက်ခတ်သွားသည်။
ထိုအငွေ့အသက်များ ပျံ့လွင့်သွားသောအချိန်မှာပင် ခေါင်းဆောင်သည် အသားပိုင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုအသားပိုင်းကို ဝါးမျိုပြီးနောက် တစ်ကိုယ်လုံး တဝုန်းဝုန်းမြည်ဟည်းကာ ရွှေရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာရာ ထိုနေရာရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး နိုးနိုးကြားကြား ဖြစ်လာသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်များကို အပြည့်အဝ အသက်သွင်းလိုက်ပြီ ဖြစ်သည်။ အချုပ်အနှောင်ကို သူ ပယ်ဖျက်လိုက်သည်ဖြစ်၍ သူ့အရှိန်အဝါများ တဟုန်းဟုန်း ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်ဝင်းလက်နေပြီး ရုပ်ထုခြေထောက်ပေါ်သို့ သူ ခုန်အုပ်လိုက်သည်။ ဘေးပတ်လည်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကိုဖြစ်စေ၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူကိုဖြစ်စေ သူ ဂရုမစိုက်တော့ပေ။ သူသည် ပါးစပ်ကြီးကို ဟ၍ ဘိုးဘေးရုပ်ထု၏ ခြေချောင်းကို ကြမ်းတမ်းစွာ ကိုက်လိုက်သည်။
ဂျွတ် …