ပီကင်း တက္ကသိုလ်၏ လှုပ်ရှားမှုကြီး
Vol. 21 Ch. 302
မီယာကိုက ရဲ့လင်းချန်ကို တွေဝေစွာ ငေးကြည့်နေသည်။
“ဒီကဒ်ကို ရင်းနှီးသလား”
ရဲ့လင်းချန်က သူ့လက်ကို ဖြန့်၍ မီယာကိုရှေ့၌ ပြလိုက်သည်။ သူ့လက်ထဲ၌ ဖဲချပ်တစ်ထုပ် ရှိနေသည်။
မီယာကို၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုကဒ်များသည် သူမနှင့်အတူ အမြဲ ဆောင်ထားလေ့ ရှိသည့် ဖဲထုပ်မှ ဖြစ်သည်။ သူမအိတ်ကပ်ကို ချက်ချင်း စစ်ကြည့်လိုက်သောအခါ ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။ သူမ တအံ့တဩ ပြန်မေးလိုက်မိသည်။
“နင် ဘယ်တုန်းက …”
သူမ စကားမဆုံးခင်မှာပင် ရဲ့လင်းချန်က စားပွဲကို လက်ဖြင့် ရိုက်လိုက်သဖြင့် ဖဲချပ်များက လေထဲ မြောက်တက် သွားသည်။ ၎င်းတို့ ပြန်ကျလာသောအခါ ace မှ K သို့ ညီညီညာညာ စီစီရီရီ ကျလာလေသည်။
မီယာကို မျက်လုံးများ ပြူးကျယ်ကုန်သည်။ သူမအတွက် ယင်းသို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပါ။ ရဲ့လင်းချန်က ၎င်းတို့ပေါ်၌ လက်ဝှေ့ယမ်းလိုက်သောအခါ ace လေးခုက သူ့လက်ချောင်းကြားထဲ ရောက်နေလေသည်။ ထို့နောက် လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့လိုက်သောအခါ ကဒ်လေးကဒ်လုံးက လေထဲ အရှိန်ဖြင့် လည်သွားပြီး လေကိုခွင်း၍ သူ့အရှေ့တည့်တည့်မှ ပန်းအိုး၌ သွားစိုက်နေသည်။
“ဒ…ဒ…ဒါ…”
မီယာကို၏ ခန္ဓာကိုယ် တုန်ယင်လာပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ထိုကဒ်များဖြင့် လူတစ်ယောက် ကိုသာ တိုက်ခိုက်ပါက ကျည်ဆံထက်ပင် ပိုစွမ်းလောက်သည်။
သူမ တစ်ဖက်လှည့်၍ ရဲ့လင်းချန်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာက နာကျင်ဟန်ဖြင့် ရှုံ့မဲ့နေသည်ကို တွေ့လိုက်ရသည်။
*သေရောပဲ*
ထိုပန်းအိုးသည် လုလုပ်ငန်းစုမှ လက်ဆောင်တစ်ခု ဖြစ်ပြီး ရှေးဟောင်းပစ္စည်းဟု ကြားထားခဲ့သည်။
*စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာပဲ၊ ငါ စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာ*
နောက်တစ်နေ့တွင် ရဲ့လင်းချန် တက္ကသိုလ်သို့ သွားပြန်တက်ပြီး ကျောင်းသားအားလုံးအား တက္ကသိုလ်၏ ခန်မးဆောင်၌ စုဝေးရန် ပြောသည့် အသိပေးစာကို ရလေသည်။
ခန်းမဆောင်သည် များသောအားဖြင့် ဘွဲ့အခမ်းအနား သို့မဟုတ် ကျောင်းအနုပညာ ပြခန်း စသည့် အခမ်းအနားကြီးများ အတွက်သာ ဖွင့်လှစ်လေ့ ရှိသည်။ သူတို့ကို ခန်းမဆောင်၌ စုဝေးရန် ရုတ်တရက် ကြေညာ လိုက်ခြင်းက လူတိုင်းကို အံ့ဩသွားစေသည်။
လမ်းတွင် တစ်ခန်းလုံးက ခန်းမဆောင်ထဲဝင်ရန် တန်းစီနေကြသည်။
ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသားများက စကားပြောဆိုနေကြပြီး သတင်းများ လဲလှယ်ကာ ဘာကိစ္စ ရပ်ကြီးများ ဖြစ်သွားခဲ့သလဲဟု ခန့်မှန်းနေကြလေသည်။
“ဘာဖြစ်တာလဲ၊ တက္ကသိုလ်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့တဲ့ ကိစ္စကြီးက ဘာများလဲ”
ရှောင်ကမ်းက သူ့အရပ်ကို အကျိုးရှိရှိ အသုံးချ၍ သတင်း ပိုရအောင် ဘေးဘီကို ကြည့်နေလေသည်။
“အခမ်းအနားကြီးတစ်ခုခု ရှိလို့များလား”
အာလူးလေးက ထင်ကြေးပေးသည်။
“ဒါကြီးက ရုတ်တရက်ကြီး ဖြစ်သွားတာ၊ အတန်းတွေတောင် ဖျက်လိုက်တာလေ”
“ရှောင်ရဲ့ ဟိုကိုကြည့်လိုက်”
ရှန်းက ရဲ့လင်းချန်ကို တံတောင်ဖြင့် တွက်လိုက်ပြီးနောက် ရယ်ကျဲကျဲဖြင့် ပြောသည်။
“အဲ့ကမိန်းကလေးတွေ မင်းအကြောင်း ပြောနေတာ သေချာတယ်”
ရဲ့လင်းချန် လှမ်းကြည့်လိုက်သောအခါ မိန်းကလေးတစ်စုက ပျော်ရွှင်စွာ စကားပြောနေကြပြီး မကြာခဏ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရဲ့လင်းချန် သူတို့ကို လှမ်းကြည့်နေသည်ကို တွေ့သောအခါ သူတို့က တွန့်ဆုတ်မနေဘဲ သူ့အကြည့်အား ရဲရင့်စွာ ပြန်ကြည့်လေသည်။
အရှုံးပေးလိုက်ရသူက ရဲ့လင်းချန်ပင်။ သူက ခေါင်းခါယမ်းရင်း ခါးသီးစွာ ရယ်မောလိုက်မိသည်။ ကျောင်းတွင် သူ နာမည်ကြီးနေလိမ့်ဦးမည်ဟု ယခုချိန်မတိုင်ခင်ထိ သူ မထင်ထားမိပါ။
“ရှောင်ရဲ့ အခု မင်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ၊ ဟွာချင်ကျောင်းက မိန်းကလေးတွေတောင်မှ မင်းကို ရည်းစားစာ ပို့နေတာ”
အားလူးလေးက မနာလိုဟန်ဖြင့် တံတောင်ဖြင့် ထိုးလေသည်။
“ငါသာ အဲ့လို ဆက်ဆံခံရလို့ကတော့ အိပ်မက်ကနေ ပြုံးပြီးတော့ကို နိုးလာနိုင်တယ်”
အဖွဲ့လိုက် ပျော်ရွှင်စွာ စကားပြောပြီး ခန်းမဆောင်ထဲသို့ ဝင်လာလိုက်ကြသည်။
တိုက်ဆိုင်စွာပင် သူတို့အတန်းက ခုနက မိန်းကလေးအဖွဲ့နှင့် ဘေးချင်းယှဉ်လျက် ကျသွားသည်။
“နင်က ရဲ့လင်းချန်လား”
မိန်းကလေးများထဲမှ အရဲတင်းဆုံး တစ်ယောက်က မေးလာသည်။
“အင် တွေ့ရတာ ဝမ်းသာပါတယ်”
ရဲ့လင်းချန် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ငါက ဒုတိယနှစ်က၊ နင့်စီနီယာတွေထဲက တစ်ယောက်ပေါ့”
ထိုမိန်းကလေးက ပြောသည်။
“နင် ဘတ်စကက်ဘော ကစားနေတုန်းက လုံးဝ ကြည့်ကောင်းတယ်၊ မြို့တော် ဘတ်စကက်ဘော အသင်းကတောင် နင့်ကို လာကစားဖို့ ဖိတ်တယ်လို့ ငါ ကြားခဲ့တယ်၊ တကယ် အံ့ဩဖို့ကောင်းတယ်နော်”
“အာ … အဲ့လောက် မဟုတ်ပါဘူး”
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“ကျောင်းသားရဲ့၊ နင် ဟင်းချက်တတ်ပြီးတော့ အရသာ တအားရှိတယ်လို့ ငါ ကြားထားတယ်၊ နင် အဲ့ဒါကို ဘယ်လို သင်လိုက်တာလဲ”
အခြားမိန်းကလေးတစ်ယောက်က ပိုရဲတင်းလာပြီး မေးလေသည်။
“ငါ အရင်က ဟင်းချက်နည်း သင်ဖူးတယ်၊ ဒါပေမဲ့ ချက်နည်းအတိုင်း ငါ လိုက်ချက်ပင်မယ့် အရသာက မကောင်းဘူး၊ အခြား ထူးခြားတဲ့ ပရိယာယ်လေး ဘာလေး ရှိတာလား၊ နင် အားတဲ့အချိန်ကျရင် ငါ့ကို သင်ပေးပါလား”
“ကျောင်းသားရဲ့၊ အရင်တစ်ခေါက်က ငါ ကွင်းပစ်ခဲ့ပင်မယ့် ဘာမှမရလိုက်ဘူး၊ နင် ဘယ်လိုလုပ် အဲ့လောက် တိကျတာလဲ၊ နင် ငါ့ကို အဲ့ခေါ်သွားပြီး လက်တုံ့ပြန်ပေးပါလား”
နောက်မိန်းကလေး တစ်ယောက်ကလည်း မေးလာသည်။
ယင်းက သူ့ကို ဒိတ်လုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှသည်။
သူ့ဘေးပတ်လည်မှ မရေတွက်နိုင်သော မျက်လုံးများက နီရဲလာပြီး သူ့အား မနာလိုစိတ်နှင့် မုန်းတီးစိတ်တို့ ပြည့်နေသော အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။ မိန်းကလေးများနှင့် ဤမျှ ကံကောင်းနေခြင်းက သူတို့ မတောင်းဆိုနိုင်သည့် အရာတစ်ခုပင်။
မိန်းကလေးများက ဟိုဟိုဒီဒီ ပြောလာပြီး ရဲ့လင်းချန်နှင့် စကားစမြည် ပြောနေကြသည်။
အာလူးလေးနှင့် အခြားသူများလည်း မကြာခဏ စကားဝိုင်းထဲ ဝင်ပြောကြသည်။ အချင်းချင်း ချက်ချင်း အဖွဲ့ကျသွားလေသည်။
“တိတ်တိတ်နေကြပါ၊ စကားမပြောနဲ့တော့”
ထိုစဉ် တင်းမာသော အသံတစ်သံ ထွက်ပေါ်လာပြီး မျက်မှန်နှင့် ကျောင်းသားတစ်ယောက်က အနားသို့ လျှောက်လာသည်။
သူ၏ မျက်နှာ အသွင်အပြင်က သာမန်ကျောင်းသားများနှင့် ယှဉ်လျင် ပို၍ ရင့်ကျက်ပုံ ပေါ်သည်။ သူက မျက်ခုံးကို တင်းနေအောင် ကြုတ်ထားပြီး လေသံ မာနေ၏။
သူ့အကြည့်၌ မလိုမုန်းထားမှု ရှိနေသည်ကို ရဲ့လင်းချန် အသေအချာ ခံစားမိသည်။
သူ ထွက်သွားပြီးနောက် ရှန်းက ခပ်တိုးတိုး ပြောသည်။
“သူက ဖူလင်းလေ၊ သူများကိစ္စတွေဆို ဝင်ပါရတာ သဘောကျတဲ့ သင်္ချာဌာက တတိယနှစ် ကျောင်းသားပေါ့”
“သူက ငါတို့နဲ့ ရန်ငြိုးရှိလို့လား၊ ဘာလို့ ငါတို့ကိုပဲ သူ ကြည့်နေတာလဲ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ခန်းမဆောင်တစ်ခုလုံး စကားသံများနှင့် ညံနေပြီး ပါမောက္ခများပင် စိတ်ထဲ မထားချေ။ အဘယ်ကြောင့် တတိယနှစ် ကျောင်းသားက သူတို့ကို လာပြီး စကားမပြောခိုင်းရသနည်း။
“ငါ သိတယ်၊ ကျောင်းသားရဲ့ နင် အရင်က သူ့ကို ရန်စလိုက်မိတယ်လေ”
မိန်းကလေးတစ်ယောက်က အသာပြုံး၍ ရဲ့လင်းချန်ကို ကြည့်လာသည်။
“ကျွန်တော်ကလား”
“ဖူလင်းက ဒုတိယနှစ်က မိန်းကလေးတစ်ယောက်ကို သဘောကျနေတာလေ၊ မကြာသေးခင်ကမှ လတ်လတ် ဆတ်ဆတ်ကြီး အငြင်းခံထားရတာ၊ အငြင်းခံလိုက်ရတဲ့ အကြောင်းရင်းက ဘာလဲ သိလား”
“ကျွန်တော်နဲ့ ပတ်သက်နေတာလား”
ရဲ့လင်းချန် အကြမ်းဖျင်း ခန့်မှန်းလိုက်မိသည်။
“သေချာပေါက်ကို နင်နဲ့ ပတ်သက်တာပေါ့”
ထိုမိန်းကလေးက ရဲ့လင်းချန်ကို ကြည့်နေပြီး သူ စိတ်ညစ်နေသည်ကို သဘောကျနေလေသည်။
“အဲ့မိန်းကလေးက သူ့ကို မေးခွန်းတွေ ဆက်တိုက် မေးတာလေ၊ နင် ဘတ်စကက်ဘော ကစားတတ်လား၊ နင် ဟင်းချက်တတ်လား၊ နင် တစ်ရာရာခိုင်နှုန်း အတိအကျ ကွင်းပစ်တတ်လား၊ အဲ့ မေးခွန်းသုံးခုကို ဆက်တိုက် မေးလိုက်လို့ ဖူလင်း အထိနာသွားပြီး ချက်ချင်း ကန်ထုတ်ခံလိုက်ရတာလေ၊ အဲ့မိန်းကလေးက နင့်မှာ ရဲ့လင်းချန်ရဲ့ အရည်အချင်း တစ်ဝက်လောက် ရှိရင်တောင် ငါ နင့်ကောင်မလေးဖြစ်ဖို့ စဉ်းစားပေးမိမှာလို့တောင် ပြောလိုက် သေးတယ်”
*ဒါက…*
ရဲ့လင်းချန် အောင့်သက်သက်ဖြင့် ရယ်လိုက်မိသည်။ ထိုအမုန်းတရားက သူ့အား အပြည့်အဝ ချိန်ရွယ် ထားသည်ပဲ။
“ဟားဟားဟား အဲ့သလိုကိုး”
အာလူးလေးနှင့် အခြားသူများသည်လည်း ချက်ချင်း ဝါးလုံးကွဲမတတ် ထရယ်ကြသည်။
“ချီးပဲကွာ စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်အတွက်နဲ့ ရန်ဖြစ်ဖို့ ကြိုးစားနေရတယ်လို့၊ အရှက်မရှိ လိုက်တာ”
“သူက ဒါကို ရှောင်ရဲ့အပေါ် အပြစ်ပုံချနေတာလား၊ ဒီလို သဘောထား သေးသိမ်ပုံနဲ့ ကောင်မလေး မရတာ မဆန်းဘူး”
ရှောင်ကမ်းက ခနဲ့သံဖြင့် ပြောလိုက်သည်။
“မင်းတို့ စကားပြောနေတုန်းပဲလား”
ဖူလင်းက သူတို့အနား ထပ်ကပ်လာသည်။
“မင်းတို့ စည်းကမ်းမလိုက်နာနိုင်ရင် ကျောင်းမှာ ဘာလုပ်နေတာလဲ၊ မင်းတို့ မိဘတွေ ဂုဏ်ယူနေတာနဲ့တောင် တန်လို့လား”
ထို့နောက် သူက ရဲ့လင်းချန်ကို ကြည့်၍ သရော်လေသည်။
“ငါတို့ ဘာလို့ ဒီကို ရောက်နေလဲ သိလား၊ ပြီးခဲ့တဲ့ ပိတ်ရက်က ငါတို့ ပီကင်းတက္ကသိုလ်က တစ်ယောက်ယောက်က ကိုယ်စားပြုပြီး ဒေသဆိုင်ရာ သင်္ချာပြိုင်ပွဲမှာ ပထမရအောင် လုပ်ပေးခဲ့လို့ပဲ”
“ပထမလား”
ကျောင်းသားများထဲမှ တစ်ယောက်က ပြန်မေးသည်။
“မဖြစ်နိုင်ဘူး၊ ဒီပြိုင်ပွဲရဲ့ တစ်ချို့ ပြိုင်ပွဲဝင်တွေက တခြားခရိုင်တွေက ပါရမီရှင်တွေလို့ ငါ ကြားထားတယ်၊ သင်္ချာဌာနက ထိပ်ဆုံး ငါးနေရာထဲ ဝင်ရင်တောင် ဘယ်လောက် ကောင်းလိုက်မလဲလို့တောင် ပြောနေခဲ့သေးတာ”
“မနှစ်ကပွဲကို ငါ မှတ်မိနေသေးတယ်၊ ငါတို့ ပီကင်းတက္ကသိုလ်က ပထမနေရာ ရအောင် မလုပ်နိုင်ခဲ့ဘူးလေ၊ ဒီတစ်ခေါက် သူတို့ ပထမနေရာ ရသွားတယ်တဲ့လား”
လူတိုင်း အံ့ဩနေပြီး ဖူလင်းက မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။
“ဟဲဟဲ ဟုတ်တယ်၊ ပထမနေရာပဲ”
ဖူလင်းက အသာ ပြုံးသည်။
“ပြီးတော့ သူတို့ ပထမနေရာ ရတဲ့အကြောင်းက ငါတို့ တက္ကသိုလ်က သင်္ချာပါရမီရှင် တစ်ယောက်ကြောင့်ပဲ”
“အံ့…အံ့ဩဖို့ကောင်းလိုက်တာ”
“ကျောင်းက တာဝန်ရှိသူတွေ ဒါအတွက် တအား အလေးထားနေတာ အံ့ဩစရာ မရှိတော့ဘူး၊ အဲ့ပါရမီရှင်က ဘယ်သူလဲ သိချင်လိုက်တာ”
“ငါတို့တက္ကသိုလ်က သင်္ချာအဆင့်က ဟွာချင်ထက် နည်းနည်းလေး နိမ့်တယ်၊ အခုနှစ်တွေအတွင်း သင့်တော်တဲ့ သင်္ချာ ပါရမီရှင်တစ်ယောက်ကို ငါတို့ မွေးမထုတ်ပေးနိုင်ခဲ့ဘူး၊ ငါတို့ကြားထဲမှာ အဲ့လို အံ့ဩဖို့ကောင်းတဲ့သူ ပုန်းနေလိမ့်မယ်လို့ ထင်မထားမိဘူး၊ ကြောက်ဖို့ကောင်းလိုက်တာ”
…