တဆိတ်လောက် ကျွန်တော် ဆုလက်ခံဖို့ လိုလို့ပါ
Vol. 21 Ch. 303
“တက္ကသိုလ်က ဘာလို့ ဒီလို အရေးကြီးတဲ့ အခမ်းအနား ပြင်ဆင်လဲဆိုတာကို အခု မင်းတို့ သိပြီလား”
ဖူလင်းက သူတို့ကို ကြည့်နေပြီး အသာစီးရသွားသည့် ခံစားချက်မျိုး ရနေသည်။ ထိုသတင်းကို သူ ဘွဲ့ရ ပရိုဂရမ်အတွင်းရှိ စီနီယာတစ်ယောက်ထံမှ သူ ကြားခဲ့ခြင်း ဖြစ်သည်။
“စီနီယာဖု၊ အဲ့သင်္ချာ ပါရမီရှင်က ဘယ်သူလဲဟင်”
လူအုပ်ထဲမှ တစ်ယောက်က မေးလာသည်။
“အာ….”
ဖူလင်းသည် တစ်ခဏမျှ နားဝေတိမ်တောင် ဖြစ်သွားပြီးမှ ပြောလိုက်သည်။
“သူတို့ ကြေညာတဲ့အခါကျရင် မင်းတို့အားလုံး သိပါလိမ့်မယ်၊ ဒီလောက်ပဲ ငါ မင်းတို့ကို ပြောနိုင်မယ်၊ ဒါ အစကတည်းက လျှို့ဝှက်ထားရမယ့် ကိစ္စ”
တစ်ခဏမျှ ငြိမ်လိုက်ပြီးမှ သူက ဆက်ပြောသည်။
“သူ့ကိုယ်သူ စိတ်ကြီးဝင်နေတဲ့ တစ်စုံတစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါ မင်းတို့ကို ဒီသတင်း ပြောပြမိမှာ မဟုတ်ဘူး၊ နားထောင် တက္ကသိုလ်ဆိုတာ စာလေ့လာရမယ့် နေရာတစ်ခုပဲ၊ ဘယ်နယ်ပယ်မှာမဆို မင်းက နည်းနည်းလေး ပိုထူးချွန်နေတာက ဂုဏ်ယူရမယ့် တစ်စုံတစ်ရာ မဟုတ်ဘူး၊ ကျောင်းသားဆိုတာ ကျောင်းသားလို ပြုမူသင့်တယ်”
သူ့စကားလုံးများက တစ်စုံတစ်ယောက်ကို ပစ်မှတ်ထား၍ အရှက်ရအောင် ပြောချင်နေမှန်း သိသာလှသည်။
တော်တော်များများ၏ အာရုံက ရဲ့လင်းချန်ပေါ် ကျရောက်လာသည်။ တကယ်တမ်းတွင်လည်း ရဲ့လင်းချန်က ယခုတလော နာမည်ကြီးနေသူ မဟုတ်ပါလော။
“ယီးပဲ ဒီလူက ဘာဖြစ်နေတာလဲ၊ မသိရင် သူ့ကို အဲ့သင်္ချာပါရမီရှင်လို့တောင် ထင်ကြဦးမယ်”
ရှန်းက မကျေမနပ်ဖြင့် ခပ်တိုးတိုး ပြောသည်။
“မနာလိုနေတာလေ၊ သူက မနာလို ဖြစ်နေတော့ အခြားသူရဲ့ ရလဒ်ကို အသုံးချပြီး ရှောင်ရဲ့ကို တွန်းချချင်နေတာ၊ အဲ့တာ ဘာများကောင်းလို့လဲ”
“ရှောင်ရဲ့ရဲ့ ဘတ်စကက်ဘော အရည်အချင်းကို မြို့တော်ကတောင် အသိအမှတ် ပြုထားရတာ၊ ဒါ သင်္ချာနဲ့ အတူတူလောက်ပါပဲ”
“ဟိုမှာ ကျောင်းတာဝန်ရှိသူတွေ ရောက်လာပြီ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထအော်လေသည်။
သူတို့ လှမ်းကြည့်လိုက်သောအခါ ခေါင်းဆောင်များ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ဆွေးနွေးပြောဆိုသံများ ချက်ချင်း တိတ်ကျသွားလေသည်။
“ကျောင်းအုပ်၊ ဒုကျောင်းအုပ်နဲ့ ကျောင်းသားရေးရာက ဒါရိုက်တာလည်း ရောက်နေတယ်၊ သူတို့ ဒီပွဲကို တော်တော်လေး တန်ဖိုးထားတာပဲ”
“အဲ့ဒါတင် မကသေးဘူး၊ ဟိုမှာ နောက်နှစ်ယောက် ရှိသေးတယ်၊ သူတို့က ပေကျင်းမြို့ရဲ့ ခေါင်းဆောင်တွေ ထင်တယ်၊ ဒါက တော်တော်လေး အရေးကြီးတာပဲ”
“ဟုတ်တယ်၊ ဒါက ပေကျင်းတစ်မြို့လုံးရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်နေတာကိုး”
ခန်းမတွင်း၌ တီးတိုးပြောဆိုသံများ ထွက်ပေါ်နေပြီး အံ့ဩမှင်တက်သော ခံစားချက်များ ဖြစ်ပေါ်နေကြသည်။
“သူတို့က အဲ့ဒါအတွက်နဲ့ ဒီလို ပွဲကြီး လုပ်တာလား”
ရဲ့လင်းချန် အံ့ဩသွားသည်။ ထိုပြိုင်ပွဲက ဤမျှ အာရုံစိုက်ခံရလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ရှောင်ရဲ့ ဒီလိုပြိုင်ပွဲမျိုးက နိုင်ငံအဆင့်ပဲ၊ ရလဒ်တွေကို တစ်နိုင်ငံလုံးမှာ ကြေညာမှာ၊ ဒီလို အခမ်းအနားကြီး လုပ်တာက ပုံမှန်လောက်ပဲ”
ရှောင်ကမ်းက ခပ်တိုးတိုး ပြောသည်။
“အဲ့သင်္ချာ ပါရမီရှင်က ဘယ်သူလဲ ငါ သိချင်လိုက်တာ၊ ဒါ ငါတို့ တက္ကသိုလ်ကို အတော်လေး ဂုဏ်ရှိစေတာကွ”
“ပေကျင်းမြို့က ပြိုင်ပွဲမှာ ဒီလို ပထမရခဲ့တာ တော်တော် ကြာနေပြီ၊ ဒီကိစ္စက ပေကျင်းတစ်မြို့လုံးကို အုတ်အော်သောင်းနင်း ဖြစ်စေလိမ့်မယ်ထင်တယ်၊ မြို့တော်ကို ဂုဏ်တက်စေမှာ”
“ရှောင်ရဲ့၊ ငါ အရင်ပြိုင်ပွဲတွေရဲ့ ဗွီဒီယိုတွေကို ကြည့်ဖူးတယ်၊ တကယ်ပါကွာ အဲ့လူတွေက တကယ့်ကို အထူးအဆန်း ပါရမီရှင်တွေပဲ”
အာလူးလေးက ပြောလေသည်။
“မင်းတော့ မသိရင် မသိလောက်ဘူး၊ ငါ သူတို့ပြိုင်ပွဲက မေးခွန်းတွေထဲက ဘာကိုမှ နားမလည်ဘူး၊ ဒါပေမဲ့ သူတို့က မိနစ်ပိုင်းအတွင်း ဖြေနိုင်တယ်၊ သူတို့က တကယ် ကြောက်ဖို့ကောင်းတာကွ၊ တွက်ချက်ပုံကိုပါ ပေါင်းလိုက်ရင် ငါတောင် မလုပ်နိုင်ဘူး”
“ဟုတ်တယ်၊ သူတို့ သင်္ချာကို အဲ့အတိုင်းအတာထိ ကျွမ်းကျင်တာနဲ့တင် ကြောက်စရာကောင်းတဲ့သူတွေ ဖြစ်နေပြီ၊ ငါ အဲ့သင်္ချာ ပါရမီရှင်တွေကို လေးစားတယ်ကွာ၊ သူတို့က တကယ် ဉာဏ်ကောင်းတာကွ၊ သူတို့ ဦးနှောက်တွေ ဘယ်လို ဖွံ့ဖြိုးတာလဲ ငါ သိချင်လိုက်တာ”
“ရှောင်ရဲ့၊ ငါတို့ ပြန်တာနဲ့ မင်းကို ငါ ပြိုင်ပွဲ ဗွီဒီယိုတွေ ပြမယ်၊ မင်း အံ့ဩသွားလိမ့်မယ်လို့ ငါ အာမခံတယ်”
ရဲ့လင်းချန်က သူတို့ကို ကြည့်ပြီး ငြိမ်မြဲအတိုင်း ငြိမ်နေ၏။
*ငါ အံ့ဩမလား၊ မအံ့ဩဘူးလားတော့ မသေချာဘူး၊ ဒါပေမဲ့ မင်းတို့တွေ အံ့ဩသွားလိမ့်မယ်ဆိုတာကိုတော့ ငါ အာမခံတယ်*
ခေါင်းဆောင်များ နေရာယူပြီးသည်နှင့် ကျောင်းအုပ်က လည်ချောင်းရှင်း၍ မိန့်ခွန်း စပြောသည်။
“မင်္ဂလာပါ ကျောင်းသားကျောင်းသူ အပေါင်းတို့၊ ပေကျင်းမြို့က ပြည်တွင်း သင်္ချာပြိုင်ပွဲမှာ ပထမရခဲ့တဲ့အတွက် ဆရာ အထူးပဲ ဝမ်းမြောက်မိပါတယ်၊ ဟိုဆိုရိုးလိုပေါ့၊ သင်ယူတယ်ဆိုတာ …”
ဦးတည်ချက်မရှိသော အဖွင့်မိန့်ခွန်းအချို့ ပြောပြီးနောက် သူက လိုရင်းကို ပြောလာသည်။
“မထင်မှတ်ဘဲ ဒီပြိုင်ပွဲမှာ ပေကျင်းမြို့ကို ပထမနေရာရအောင် ကူညီပေးခဲ့တဲ့သူက ဆရာတို့ တက္ကသိုလ်က ကျောင်းသား တစ်ယောက် ဖြစ်နေတယ်၊ အခု အဲ့ကျောင်းသားကို စင်ပေါ်မှာ ဆုလက်ခံယူပေးဖို့ ဆရာ ပြောချင်ပါတယ်၊ ဒါ သူ တစ်သက်လုံး ဂုဏ်ယူရမယ့် အရာ ဖြစ်သလို ဆရာတို့ ပေကျင်းမြို့ရဲ့ ဂုဏ်ယူစရာ ဆိုလည်း ဟုတ်တယ်၊ သူ့အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ရအောင်”
“ဖြောင်း ဖြောင်း ဖြောင်း”
ချက်ချင်းဆိုသလိုပင် ခန်းမဆောင်အတွင်း၌ လက်ခုပ်သံများ ခြိမ့်ခြိမ့်ညံသွားလေသည်။
လူအုပ်ကြီးသည် အသက်ရှူအောင့်ထားရင်းဖြင့် ဘေးဘီကို ဝေ့ကြည့်ကြသည်။
ရဲ့လင်းချန် မှင်တက်သွားလေသည်။
*ငါ ဆုလက်ခံဖို့ လိုတာလား*
သူ ခြေထောက်တစ်ဖက်ကို ရှေ့သို့လှမ်း၍ စင်မြင့်ထက်သို့ လျှောက်သွားရန် ပြင်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
ရဲ့လင်းချန်၏ အပြုအမူကို မြင်သောအခါ ဖူလင်းက မာန်မဲ၍ သူ့အား ပိတ်ပင်တားဆီးလေသည်။
“မင်းနေရာမှာ ပြန်နေပြီး တန်းစီနေစမ်း”
သို့သော် ထိုအခိုက်မှာပင် …
“အဲ့ဒီကျောင်းသားကတော့ … ရဲ့လင်းချန်ပါ”
ကျောင်းအုပ်၏ အသံက ကျယ်လောင်၍ မာန်ပါပြီး ဂုဏ်ယူဟန်တို့ ပြည့်နေ၏။
“ကျောင်းသား ရဲ့လင်းချန် ကျေးဇူးပြုပြီး စင်ပေါ် တက်လာပေးပါ”
*ရဲ့လင်းချန်လား*
*ဘယ်ရဲ့လင်းချန်လဲ*
တက္ကသိုလ်တစ်ခုလုံးမှာ ကျောင်းသားများ ဝေခွဲမရ ဖြစ်သွားသည်။ အားလုံးက စိတ်ထဲ၌ နာမည်ကြီးနေသော ထိုရဲ့လင်းချန်ကိုသာ ပြေးမြင်မိကြသည်။
*မဟုတ်မှလွဲရော ငါတို့ တက္ကသိုလ်မှာ ပုန်းနေတဲ့ နောက်ထပ် ရဲ့လင်းချန် ရှိသေးတာလား*
“တဆိတ်လောက် ကျွန်တော် ဆုလက်ခံဖို့ လိုနေလို့”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။
ဖူလင်း ခေါင်းနားပမ်းကြီးသွားပြီး အတွေးများ ဗလာဖြစ်သွားကာ တွေးခေါ်နိုင်စွမ်း မဲ့သွားလေသည်။ သူက ရဲ့လင်းချန်ကိုသာ အူတူတူဖြင့် ငေးကြည့်နေ၏။
“မင်းလား၊ ဘယ်လိုလုပ် မင်း ဖြစ်နိုင်မှာလဲ”
သူ၏ အတွေးက မြန်မြန်ဆန်ဆန် အသိဝင်မလာဘဲ နေရာမှာပင် တောင့်တောင့်ကြီး ရပ်နေလေသည်။
ရဲ့လင်းချန်က သူ့ကို လျစ်လျူရှု၍ ဘေးသို့ အသာတွန်းကာ စင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း လျှောက်သွား လိုက်သည်။
“သ…သ…သောက်ကျိုးနည်း၊ တကယ်ပဲ အဲ့ရဲ့လင်းချန်ဟ”
“ဘာ … သူက စာပေဌာနက မဟုတ်ဘူးလား၊ ပြီးတော့ သူက ပထမနှစ်ပဲ ရှိသေးတာလေ၊ ဘာတွေဖြစ်ကုန်တာလဲ”
“သူနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေက အများကြီး ရှိပြီးနေပြီကို အခု သူက သင်္ချာပါရမီရှင်လို့လည်း ပြောချင် တာလား”
အခြားသူများပင် မဆိုထားနှင့် သူ့ဆရာများ အပါအဝင် အတန်းဖော်များတောင်မှ အံ့ဩနေလေသည်။
“ချီးပဲ၊ လခွမ်းပဲဟေ့ … ရှောင်ရဲ့က ရှေ့ကို လျှောက်သွားတာလား”
“ရှောင်ရဲ့ကိုး၊ အဲ့သင်္ချာပါရမီရှင်က ရှောင်ရဲ့လား၊ မြတ်စွာဘုရား … မကောင်းဆိုးဝါးပါလား၊ သူက ဒီအတောအတွင်း ငါတို့ကြားထဲမှာ ပုန်းနေတာပေါ့”
“အဲ့သူတောင်းစား … သူ ငါတို့ရှေ့မှာ ဘယ်တော့မှာ စာမလုပ်ဘဲ ငနုံလို နေနေတာ၊ သူက အိမ်မှာ ကျိတ်ပြီး စာလုပ်နေတာကိုး”
“ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုလုပ် ရှောင်ရဲ့က အဲ့လောက် အံ့ဩဖို့ကောင်းနေတာလဲ၊ သူက ပုန်းကွယ်နေတဲ့ ပညာရှင်ပဲ၊ သူက လူမှဟုတ်သေးရဲ့လား၊ ဒါကြီးက လွန်သွားပြီကွာ”
“ရှောင်ရဲ့ မင်းက မိုက်တယ်ကွာ”
မိန်းကလေးများမှာမူ ပို၍ ရူးသွပ်လာကြလေသည်။
“အဲ့ဒီ ရဲ့လင်းချန်ပဲ၊ ငါတို့ တက္ကသိုလ်ရဲ့ မင်းသားချောလေး ရဲ့လင်းချန်”
“အား … သူက သိပ်ချောတာပဲ၊ အမလေး မဖြစ်တော့ဘူး … ငါ သတိမေ့တော့မယ် ထင်တယ်”
“တကယ်လို့ အခု ရဲ့လင်းချန်သာ ငါ့ကို လာပိုးပန်းမယ်ဆိုရင် ငါ သူ့အတွက် ဘာမဆို လုပ်မှာ”
“သူက ပညာရှင်လည်း ဖြစ်နေတာကိုး၊ သူ့အနာဂတ်က အကန့်အသတ် မရှိဘူးပဲ၊ ချောတယ်၊ ဘတ်စကက်ဘောမှာ တော်တယ် ပြီးတော့ ဟင်းလည်း ချက်တတ်တယ်၊ သူက တကယ့်ကို ပြီးပြည့်စုံတဲ့ လိုချင်စရာ ချစ်သူလေးပဲ”
“သေလိုက်ပါတော့၊ ကိုးရီးယား ဒရာမတွေတောင် ဒီလိုမျိုး ပြရဲမှာ မဟုတ်ဘူး၊ အား … သူ့မှာ အဓိက ဇာတ်လိုက် တစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိနေတာပဲ၊ အိုပါး ချစ်တယ်နော်”
…
“ဟုတ်ပါတယ်၊ စာပေဌာနက ရဲ့လင်းချန်ပါ၊ ပြီးတော့ သူက ပထမနှစ် ကျောင်းသားပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ သူက မယုံနိုင်လောက်တဲ့ အောင်မြင်မှုမျိုးကို အရယူပေးနိုင်ခဲ့တယ်၊ ပညာရေးဆိုတာ အသက်နဲ့ မဆိုင်ပါဘူး၊ အရင်ဆုံး ရောက်အောင် သွားနိုင်တဲ့သူက ဆရာပါပဲ၊ အသိပညာ ဗဟုသုတမှာလည်း အကန့်အသတ် မရှိပါဘူး၊ သူက စာပေဌာနက ဆိုပင်မယ့် သူက သင်္ချာမှာ အောင်မြင်မှုတွေ ရနိုင်ပါသေးတယ်၊ သူက သင်္ချာ ပါရမီရှင်တစ်ယောက် ဖြစ်ပင်မယ့် စာပေဌာနမှာ ဆက်ပုန်းကွယ်နေဖို့ ဆန္ဒ ရှိနေတယ္၊ ဒါကို မင်းတို့ ဘယ်လို ခေါ်မလဲ၊ တကယ့် ပညာရှင်တွေက သူတို့ဘာသာ ပုန်းနေတတ်ကြတယ်တဲ့၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလို ပညာ အရည်အချင်းမျိုး ရှိနေတာပဲ၊ ကျောင်းသား ရဲ့လင်းချန်က တကယ်ကို ငါတို့ ပေကျင်းမြို့ရဲ့ ဂုဏ်ယူစရာပါပဲ၊ ငါတို့ရဲ့ ဂုဏ်ဆောင်လေးပေါ့”
ကျောင်းအုပ်ဆိုသည့်အတိုင်းပင် ချီးကျူးစကားများက စာတတန် ပေတတန် ထွက်လာပြီး ရဲ့လင်းချန်အား အလွန် ချီးမွမ်းနေ၏။ နောက်ဆုံးတွင် သူသည် လိုရင်းကို ပြန်ရောက်လာပြီး တောက်ပသော မော်ကွန်းထိုးထားသည့် ဆုတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။
“ဒီဆုတံဆိပ်က ပေကျင်းမြို့ အစိုးရဌာနက ပေးပို့လာတဲ့ ဂုဏ်ယူစရာ အရာတစ်ခု ဖြစ်ပါတယ်၊ ကျောင်းသားရဲ့ ဒီဆုတံဆိပ်ကို မင်း ပိုင်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ဂျူနီယာတွေ စိတ်အား တက်ကြွလာအောင် သူတို့ရဲ့ ဂုဏ်ယူစရာ ဖြစ်အောင် မင်း ဒါကို တက္ကသိုလ်မှ ပြသဖို့အတွက် ထားထားဖို့လည်း ရွေးချယ်လို့ ရပါတယ်”
ထို့နောက် သူက ငြိမ်၍ ကြည့်နေပြီး စိတ်ရင်းအတိုင်း မေးလိုက်သည်။
“ကျောင်းသားရဲ့၊ မင်း ဘယ်လို သဘောရလဲ”
*ကျောင်းအုပ်က ငါ့ကို ဒီဆုတံဆိပ်ကို ကျောင်းမှာ ပြသဖို့အတွက် ထားထားစေဖို့ မျှော်လင့်နေတာလား၊ ဘယ်ရမလဲ*
ချီးကျူးစကားများအားလုံးက ဤအတွက်ကြောင့် ဖြစ်နိုင်လောက်သည်။
ရဲ့လင်းချန်၏ အမူအရာက လေးနက်သွားပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ကျောင်းအုပ်ပြောတာ မှန်ပါတယ်၊ ဒီဆုတံဆိပ်က ကျွန်တော့်အတွက်တင်ပဲ မဟုတ်ပါဘူး၊ တက္ကသိုလ် အတွက်လည်း အဓိပ္ပာယ်တွေ အများကြီး ပါနေပါတယ်”
ကျောင်းအုပ်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်သည်။ သို့သော် ရဲ့လင်းချန်က ဆက်ပြောလေသည်။
“ကျောင်းအုပ် စိတ်မပူပါနဲ့၊ ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ဒါကို သေချာ အနီးကပ် ဓာတ်ပုံရိုက်ပြီး သေချာ ဘောင်ခတ် ပြီးတာနဲ့ ကျောင်းမှာ ပြသထားဖို့အတွက် ပို့လိုက်ပါ့မယ်”
“ပုံ ဟုတ်လား”
ကျောင်းအုပ် ပျာယာခတ်သွားသည်။
“ငါ ပြောချင်တာက အဲ့လို မဟုတ် …”
“ရပါတယ် ကျောင်းအုပ်၊ ကျောင်းသားတစ်ယောက်အနေနဲ့ ဒါလေးက ကျွန်တော့်အတွက် ဘာမှမဖြစ်ပါဘူး”
ရဲ့လင်းချန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ ကျောင်းအုပ်ဆရာကြီးခမျာ ပြောစရာ စကား မရှိအောင် ဆွံ့အသွားလေ၏။