ဒုတိယမြောက်သက်စောင့်မီးလုံး ဖြစ်ပေါ်လာခြင်း
Vol. 18 Ch. 267
“ ရူးလှချည်လားဟ ”
ထိုဖြစ်ရပ်ကို ရွှီချင်း မြင်သောအခါ အံ့သြတုန်လှုပ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ထိုအချိန်၌ ကျူးယင်နတ်ဘုရားဆီသို့ နီမြန်းနေသော မျက်လုံးများနှင့် တဟုန်ထိုး ပြေးဝင်သွားသော ခေါင်းဆောင်အား ပြန်မြင်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
တဂျွတ်ဂျွတ် မြည်သံများ ပဲ့တင်ထပ်သွားပြီး ခေါင်းဆောင်သည် ရုပ်ထု၏ ခြေချောင်းအစိတ်အပိုင်း အသေးလေးကို တစ်ခါတည်း ဝါးစားလိုက်သည်။
ရုပ်တုခြေချောင်းပေါ်၌ ကြီးမားသော ကိုက်ရာကြီးတစ်ခု အထင်အရှား ရှိနေသည်။
ထိုရုပ်ထုပစ္စည်းသည် ထူးခြားပြီး ဖျက်ဆီးရန် အလွန်ခက်ခဲသည်။ ခေါင်းဆောင်သည် ထိုရုပ်ထုကို ကိုက်ရန်အတွက် အလဲအထပ်အနေဖြင့် ကျူးယင်အသား၏ နတ်အစွမ်းကို အသုံးချခဲ့ပေသည်။
ရုပ်ထု အကောင်းပကတိ ပြန်မဖြစ်ခင် ခေါင်းဆောင်မှာ နီမြန်းနေသော မျက်လုံးများဖြင့် သူ့ပါးစပ်ထဲရှိ ကျောက်အပိုင်းအစလေးကို မျိုချလိုက်ပြီ ဖြစ်သည်။
ဘေးပတ်လည်ရှိ ဒဏ်ရာကုနေကြသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ထိုရုတ်ခြည်း အဖြစ်အပျက်ကြောင့် အလန့်တကြား ဖြစ်သွားကာ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြသည်။
ကျောက်တိုင်ဒါဇင်ပေါ်ရှိ ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ဖွင့်လာကြပြီး ခေါင်းဆောင်ကို ဒေါသအမျက်ချောင်းချောင်းထွက်လျက် ကြည့်လိုက်ကြသည်။
တချိန်တည်းမှာပင် ဘိုးဘေးရုပ်ထု၏ ဝမ်းဗိုက်ပေါ်ရှိ လက်ဗဝါးပြင်မှ ကြောက်ခမန်းလိလိ ရွှေအမြုတေအဆင့်အရှိန်အဝါများ ထွက်ပေါ်လာသည်။
ထိုလက်ဝါးပေါ်ရှိ ရွှေအမြုတေအဆင့်လူငယ်လေးသည် မျက်လုံးများကို ဖွင့်၍ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် အောက်သို့ ကြည့်လိုက်သည်။
ရွှီချင်းကို သူ လှမ်းကြည့်လိုက်သည်။
ရွှီချင်း၏စိတ်ထဲ တုန်ရီသွားပြီး ခန္ဓာကိုယ် တုန်ခါသွားသည်။
ထို့နောက် ရွှေအမြုတေအဆင့်လူငယ်က ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး အလျင်အမြန် နောက်ဆုတ်သွားသည်။
လူငယ်လေးသည် နောက်ဆုတ်နေသော ခေါင်းဆောင်ကို ဂရုမထားဘဲ ရုပ်ထု၏ ခြေထောက်ပေါ် အကြည့်ရောက်သွားသည်။
ရုပ်ထု၏ခြေထောက်၌ ကိုက်ရာကြီးတစ်ခုရှိနေပြီး အစိတ်အပိုင်းလေးတစ်ခု ပျောက်နေသည်ကို သူ မြင်လိုက်သည်။
ရုပ်ထုက အကောင်းပကတိ ပြန်ဖြစ်လာနေပါသော်လည်း ကိုက်ရာကြီးက သိသိသာသာ ရှိနေသေးသည်။
“ ဒီနေရာကို အပြင်လူ မဝင်ရဲတာ အတော်ကြာနေပြီ။ စိတ်ဝင်စားစရာပဲ။ မင်းတို့နှစ်ယောက် သေချင်နေတာလား ”
ရွှေအမြုတေအဆင့်လူငယ်လေးက တည်ငြိမ်စွာ ပြောလိုက်သည်။ အခြေတည်အဆင့် သူခိုးလေးနှစ်ယောက်ကဲ့သို့ အသေးအမွှားကိစ္စလေးကို သူ အရေးတယူ ဖြစ်မနေသည်မှာ သိသာသည်။ ထိုနှစ်ယောက်ကို ယခုချက်ချင်း သူ သတ်ပစ်နိုင်သည်။
သို့ဖြစ်၍ ရွှေအမြုတေအဆင့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။ သတ္တဝါအားလုံးကို ဖိနှိပ်ပစ်နိုင်သော လောကပျက်စီးစေနိုင်သည့် စွမ်းအားများ ထွက်ပေါ်လာသည့်အလားပင်။
သို့သော် ရွှေအမြုတေအဆင့်ကျင့်ကြံသူမှာ စကားကို အဆုံးသတ်၍ တည်ငြိမ်စွာ ရပ်လိုက်စဉ်မှာပင် ကွက်ခနဲ မျက်နှာပျက်သွားသည်။ ထို့နောက် ဘေးရှိ ရုပ်ထုကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ရုပ်ထုထဲတွင် မငြိမ်မသက်ဖြစ်နေသော ရေအောက်စီးကြောင်းတစ်ခု အလျင်အမြန် မြင့်တက်လာနေသည်။ ယင်းစီးကြောင်းသည် ရုပ်ထု၏ ခေါင်းဆီသို့ တဟုန်ထိုး မြင့်တက်သွားပြီး လူငယ်လေး စကားပြောလိုက်သည့်အခိုက်မှာပင် ရုပ်ထု၏ နှာခေါင်းဆီသို့ ရောက်သွားကာ အတွင်းနံရံကို ညင်သာစွာ တိုးဝင်သွားသည်။
တားမြစ်နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး အပြင်လောကကြီးသည်ပင် တုန်ခါသွားသည်။
ထို့ပြင် ရေစီးအားမှာ ပြင်းထန်လွန်းလှ၍ ရုပ်ထု၏ နှာခေါင်းကို ချက်ချင်း ဖျက်ဆီးလိုက်သည်။
ရုပ်ထုနှာခေါင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။
ရွှေအမြုတေအဆင့်လူငယ်လေးမှာ ရုပ်ထုနှင့် အနီးဆုံး ဖြစ်နေ၍ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည်။ အဝေးရှိ နံရံနှင့် သူ ဝုန်းခနဲ ဝင်ဆောင့်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
အောက်ဘက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အခြေတည်အဆင့်ကျင့်ကြံသူအများစုသည်လည်း သွေးများ အန်လိုက်ကြသည်။ သူတို့သည် နှာခေါင်းမရှိတော့သော ရုပ်ထုကို ထိတ်လန့်တုန်လှုပ်ခြင်းများ၊ မယုံကြည်နိုင်ခြင်းများဖြင့် ကြည့်လိုက်ကြသည်။
ထို့နောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး၏ မျက်လုံးများထဲ ဒေါသအမျက်ချောင်းချောင်းထွက်သည့်အရိပ်အယောင်များ မြင့်တက်လာသည်။ ပြင်းထန်သော လူသတ်ငွေ့များကြောင့် တားမြစ်နယ်မြေတစ်ခုလုံးရှိ ရာသီဥတု ပြောင်းလဲသွားသည်။
ထိုစဉ် တားမြစ်နယ်မြေတစ်လျှောက် ဒေါသတကြီး အော်ဟစ်သံ ဟိန်းထွက်လာသည်။ ထိုအော်ဟစ်သံသည် နံရံနှင့် ဝင်ဆောင့်ကာ သွေးပွက်ပွက်အန်နေသော ရွှေအမြုတေအဆင့်လူငယ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ မင်း ဘာလုပ်လိုက်တာတုံးကွ ”
သူ၏ အော်ဟစ်သံက မိုးခြိမ်းသံများကို ကျော်လွန်သွားပေရာ နေရာတစ်ခုလုံး ညီးစီစီ ဖြစ်သွားသည်။ ယခု အကြည့်များအားလုံး ခေါင်းဆောင်အပေါ် စုပြုံသွားသည်။
လူသတ်ငွေ့များ ကောင်းကင်ယံသို့ ထိုးတက်သွား၏။
မကြာသေးခင်က အစိတ်အပိုင်းလေးတစ်ခုကိုသာ ခေါင်းဆောင် ကိုက်လိုက်ခြင်း ဖြစ်သည်။ ရုပ်ထု၏ နှာခေါင်း ပျက်စီးသွားသည့်ကိစ္စမှာ လုံးဝ မတူညီသော အကြောင်းအရာတစ်ခု ဖြစ်သည်။
သို့သော် အကြောင်းအကျိုးသဘာဝကို လူတိုင်း နားလည်ကြသည်။
တတိယမင်းသမီးယောင်ဆောင်ထားသော လူက ရုပ်ထု၏ ခြေချောင်းအား ကိုက်လိုက်သည်ကို သူတို့ မြင်ခဲ့ကြသည်။ ထို့နောက် ရုပ်ထုကြီး၏ နှာခေါင်း ပျက်စီးသွားခဲ့ပေရာ ထိုကိစ္စသည် ဆက်စပ်နေရမည် မဟုတ်ပါလား။
ခေါင်းဆောင် စကားမပြောနိုင်လောက်အောင် ဖြစ်နေသည်။
ထိုအချိန်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များပင် မဆိုထားဘိ၊ သူသည်ပင် သူနှင့် ဆက်စပ်နေမည်ဖြစ်ကြောင်း ခံစားနေရသည်။ ခြေချောင်းကို သူ ကိုက်ခဲ့သည့်အတွက်ကြောင့်သာ ဘိုးဘေးရုပ်ထု၏ နှာခေါင်း ပေါက်ကွဲသွားရခြင်း ဖြစ်တန်ရာသည်။
“ ပါးရိုက်တာ ပေါင်ကျိုးပါ့မလားဟ … ”
ခေါင်းဆောင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုစဉ် ရွှီချင်းသည် သူ့ဘေးသို့ ကျလာသော ရုပ်ထုနှာခေါင်းအစိတ်အပိုင်းတစ်ခုကို တွေဝေတွန့်ဆုတ်မနေဘဲ ကောက်ယူကာ ထွက်ပြေးသွားသည်။
ယခုလောလောဆယ်တွင် သူ့ကို များစွာ အာရုံမစိုက်ကြပေ။ အမျက်ဒေါသအများစုက ခေါင်းဆောင်အပေါ် စုပြုံကျရောက်နေသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် ဒေါသတကြီး မာန်သွင်းကြုံးဝါး၍ ခေါင်းဆောင်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ရွှီချင်းကို သူ အာရုံစိုက်ရန် အချိန်မရှိသလို ရွှီချင်းကို သူ ဂရုမစိုက်ပါသော်လည်း လွှတ်ပေး၍ မဖြစ်ပေ။
“ နောက်တစ်ယောက်ကိုလဲ လိုက်သတ်ကြ ”
ခေါင်းဆောင်သည် မျက်လုံးပြူးကြီးများဖြင့် သူ့ဘေးသို့ ကျလာသော နှာခေါင်းအစိတ်အပိုင်းတစ်ခုကို သိမ်းဆည်းလိုက်သည်။ သူ့ကိုယ်ထဲမှ အချုပ်အနှောင်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး တမုဟုတ်ချင်း မြန်ဆန်သွားသည်။ သက်စောင့်မီးလုံးနှစ်လုံးမှ သုံးလုံး၊ ထိုမှတစ်ဆင့် သက်စောင့်မီးလုံးလေးလုံးအထိ သူ ထွန်းညှိလိုက်သည်။ သူ ပြေးသွားတိုင်း သူ့ကိုယ်မှ ကြောက်ခမန်းလိလိ နတ်အစွမ်းများလည်း ဖြာထွက်နေသည်။
သူသည် မြန်ဆန်ပါသော်လည်း ရွှေအမြုတေအဆင့်လူငယ်က ပို၍ မြန်နေသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူ့ကို မီသွားသည်။ သူသည် သွေးအနည်းငယ် အန်ထုတ်လိုက်ပြီး လျှို့ဝှက်အတတ်တစ်မျိုးကို အသုံးချ၍ ထပ်မံထွက်ပြေးသွားသည်။
ရွှေအမြုတေအဆင့်လူငယ်၏ မျက်လုံးများ နီမြန်းနေပြီး ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူ စောင့်ကြပ်နေစဉ်အတွင်း ယခုကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်ကြီး ဖြစ်ပျက်လာခဲ့သည်ဖြစ်ပေရာ သူ့မျက်နှာကို အိုးမည်းသုတ်လိုက်သကဲ့သို့ ဖြစ်စေပြီး ခေါင်းဆောင်ကို အလွန်အမင်း သတ်ချင်နေတော့သည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ မဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ တားဆီး၍ မရသော ထိပ်သီးကျင့်ကြံသူ ဖြစ်နေပါက အဆင်ပြေသေးသော်လည်း ယခု သူခိုးနှစ်ယောက်မှာ အခြေတည်အဆင့်သာ ရှိသေးသည်။
ဘိုးဘေးရုပ်အလောင်းရုပ်ထု၏ ခြေချောင်းများ ပြန်ကောင်းလာပါသော်လည်း နှာခေါင်းက ပြန်မကောင်းလာသည်ကို ရွှေအမြုတေအဆင့်ကျင့်ကြံသူ မြင်သောအခါ ခံစားချက်များ လှိုင်းထန်သွားရသည်။
“ မဖြစ်နိုင်တာ။ နည်းနည်းလောက် ပိုပြီး ပျက်စီးသွားတာကို ဘာလို့ ဒီလောက်ကြာနေရတာတုံး ”
ရွှေအမြုတေအဆင့်လူငယ် ထိတ်လန့်တုန်လှုပ်သွားသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် အကောင်းပကတိပြန်ဖြစ်လာခြင်းနှင့် မဖြစ်လာခြင်းမှာ မတူညီသောအရာနှစ်ခု ဖြစ်သည်။
အကောင်းပကတိပြန်ဖြစ်လာခဲ့ပါက ထိုကိစ္စသည် ဆိုးဝါးပါသော်ငြား ကျူးကျော်ဝင်ရောက်သူများကို သူ သတ်ဖြတ်နိုင်သရွေ့ ထိုကိစ္စ ပြေလည်သွားမည်သာ ဖြစ်သည်။
အလွန်ဆုံးအနေဖြင့် နောင်တချိန်တွင် မျိုးနွယ်မှာ ပို၍ သတိထားသွားမည် ဖြစ်သည်။
သို့သော်လည်း အကောင်းပကတိ ပြန်မဖြစ်ခဲ့ပါလျှင်မူ …
ရွှေအမြုတေအဆင့်လူငယ်မှာ ဆက်မတွေးဝံ့တော့ပေ။ ယင်းမှာ မဖြစ်နိုင်ကြောင်း သူ ခံစားမိသည်။ အတိတ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်တုများကို တခြားသူများက ဖျက်ဆီးသွားခဲ့ပါသော်လည်း အသက်ရှူချိန်အနည်းငယ်အတွင်း အကောင်းပကတိ ပြန်ဖြစ်သွားခဲ့သည်။
ကြီးမားသော အပျက်အစီးများသည်ပင် ဆယ့်ငါးမိနစ်အတွင်း အကောင်းပကတိ ပြန်ဖြစ်သွားခဲ့သည်။
“ ဒါဆို ဒါက မဖြစ်နိုင်ပါဘူး ”
ရွှေအမြုတေအဆင့်လူငယ်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပါသော်လည်း ရုပ်ထု၏နှာခေါင်းမှာ ပြောင်းလဲမသွားသေးပေရာ စိတ်ထဲလေးလံသွားရသည်။ ထိုလေးလံနေသော စိတ်များသည် ရူးသွပ်ခြင်းများအသွင် ပြောင်းလဲသွားပြီး ခေါင်းဆောင်နောက်သို့ သူ တဟုန်ထိုး ပြေးလိုက်သွားသည်။
သူသည် ခေါင်းဆောင်ကို ဖမ်းမိရန် အပြည့်အဝ အာရုံစိုက်ထားသည်။ ခေါင်းဆောင်ကို မဖမ်းမိခဲ့ဘဲ ရုပ်တုသည်လည်း အကောင်းပကတိ ပြန်ဖြစ်မလာခဲ့လျှင် ဖြစ်လာမည့်ကြောက်မက်ဖွယ်အကျိုးဆက်ကို သူ ခံယူနိုင်မည် မဟုတ်ပေ။
ရုပ်ထုကို ပြုလုပ်ထားသည့် ထူးခြားသော ပစ္စည်းကြောင့် အမှန်တကယ်သာ အကောင်းပကတိ ပြန်မဖြစ်ခဲ့ပါက ပျောက်သွားသော နှာခေါင်းနေရာကို ဘယ်သောအခါမှ ပြုပြင်နိုင်တော့မည် မဟုတ်ပေ။
တစ်နည်းဆိုရလျှင် မည်မျှပင် နှစ်ပေါင်းများစွာ ကြာမြင့်သွားစေကာမူ နောင်တချိန်တွင် ထိုသတ္တမမြောက်ဘိုးဘေးရုပ်အလောင်းရုပ်ထုကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ အသုံးပြုလျှင်ဖြစ်စေ၊ မြင်ရလျှင်ဖြစ်စေ ထပ်ခါထပ်ခါ အရှက်ကွဲကြရပေမည်။
ထိုပုဂ္ဂိုလ်သာ ရုပ်ထုကို ဖျက်ဆီးနိုင်သည့်စွမ်းရည် ရှိနေခဲ့ပါက ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်ကို ဖျက်ဆီးနိုင်သည့်စွမ်းရည်ရှိသည်နှင့် ဆင်တူပေသည်။
ယခုကိစ္စ၏ သက်ရောက်မှုသည် ကြီးမားလွန်းလှ၍ ချီရွှဲ့ထုံဂိုဏ်းနှင့် စစ်ပွဲထက်ပင် ကျော်လွန်နေပေသည်။
ထိုရွှေအမြုတေအဆင့်လူငယ်မှာ သွက်သွက်ခါအောင် ရူးသွပ်လုမတတ် ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် ရင်တဒိန်းဒိန်းခုန်လျက် အလျင်အမြန် ပြေးလွှားနေသည်။
ကံကောင်းထောက်မ၍ ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ပစ်မှတ်မှာ သူ မဟုတ်သည်ဖြစ်ရာ သူ့နောက်သို့ ပြေးလိုက်နေကြသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
သု့ိတိုင်အောင် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်သော အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဆယ်ကျော်ဖြစ်နေပေရာ ရွှီချင်းမှာ အနားယူရန် အချိန်မရှိပေ။ ထိုသူများအနက် အများစုက သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူများဖြစ်ကြပြီး သက်စောင့်မီးလုံးသုံးလုံးကို ပိုင်ဆိုင်ထားသော မျိုးနွယ်ဝင်တစ်ယောက်ပင် ပါသည်။
ထိုသက်စော့်မီးလုံးသုံးလုံးနှင့် မျိုးနွယ်ဝင်မှာ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ရွှီချင်းမှာ ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားနေရသည်။
ထိုအဘိုးအိုထံမှ လာနေသော ကြောက်ခမန်းလိလိ ဖိအားများသည် ဘေးပတ်ဝန်းကျင်ကို ပုံပျက်သွားစေနိုင်သည်။ တစ်နည်းဆိုရလျှင် သက်စောင့်မီးလုံးသုံးလုံးအစွမ်းကြောင့် သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူကို တခဏလေးအတွင်း သူ မီနိုင်သည်။ သို့သော်လည်း ရွှီချင်း၏ အပြင်အားနှင့် သက်စောင့်မီးအိမ်ကို အသက်သွင်းထားခြင်းတို့ကြောင့် သက်စောင့်မီးလုံးသုံးလုံးနှင့် အဘိုးအိုမှာ စိတ်ထင်တိုင်း မလုပ်နိုင်ပေ။ သို့သော် သူတို့နှစ်ယောက်ကြား အကွာအဝေးက နီးကပ်သည်ထက် နီးကပ်လာသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်ပေသည်။
ရွှီချင်းမှာ သူ့ကို မီသွားသည်နှင့် အခြေတည်အဆင့်ကျင့်ကြံသူများစွာကို ရင်ဆိုင်ရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း ကောင်းစွာ သိသည်။ အထူးသဖြင့် ယခုတစ်သုတ်က နောက်ဆုံးမဟုတ်နိုင်ပေ။ ဤနေရာရှိ စွမ်းအင်အငွေ့အသက်များအပြင်ဘက်သို့တိုင်အောင် လွင့်ပျံနေသည်ကို ကြည့်ပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် မည်မျှဒေါသထွက်နေသည်ကို မှန်းဆကြည့်နိုင်ပေသည်။
သို့ဖြစ်၍ နောက်ထပ်ရွှေအမြုတေအဆင့်ထိပ်သီးကျင့်ကြံသူများပင် ပေါ်ပေါက်လာနိုင်သည်။
ထိုအတွေးများကြောင့် ရွှီချင်း၏ ဦးရေခွံများ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည်။ ယခုတစ်ခေါက် သူနှင့် ခေါင်းဆောင်တို့ လက်လွန်သွားခဲ့မှန်း သူ သိသည်။
ထို့ပြင် သူသည် တားမြစ်နယ်မြေ၏ ဟင်းလင်းပြင်ထဲ ရှိနေသည်ဖြစ်ရာ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို အသုံးပြု၍ မရပေ။ သူ အသုံးပြုချင်ပါက တားမြစ်နယ်မြေမှ ထွက်ခွာရမည် ဖြစ်သည်။
“ ဓမ္မတံခါးတွေကိုပဲ ငါ ဖွင့်လို့ရမှာ ”
ရွှီချင်း၏ မျက်လုံးများ နီမြန်းသွားသည်။ သူသည် အရူးအမူး ပြေးလွှားနေရင်း လွတ်မြောက်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ဓမ္မတံခါးများကို မြန်ဆန်စွာ ဖွင့်၍ ဒုတိယမြောက် သက်စောင့်မီးလုံး ထုတ်ဖော်နိုင်ရန်ဖြစ်သည်ကို တွေးမိသည်။
ဒုတိယမြောက်သက်စောင့်မီးလုံး ပေါ်ထွက်လာသည်နှင့် သက်စောင့်မီးအိမ်ပါ ပေါင်းစပ်လိုက်လျှင် သက်စောင့်မီးလုံးအစွမ်းကို သူ ပိုင်ဆိုင်သွားသည်နှင့် ညီမျှသွားမည် ဖြစ်သည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ကျင့်ကြံထားသည့်အတွက်ကြောင့်လည်း သက်စောင့်မီးလုံးသုံးလုံးရှိသည့် မည်သည့်ကျင့်ကြံသူကိုမဆို ဖိနှိပ်နိုင်မည်ဟူ၍ သူ ယုံကြည်နေသည်။
ထိုအချိန်၌ သူသည် ‘ အခြေတည်အဆင့်ကျင့်ကြံသူများက အဆင့်ကျော်မတိုက်နိုင် ’ ဟူသော အယူအဆကို ချိုးဖျက်ကာ သက်စောင့်မီးလုံးလေးလုံးနှင့် အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် အဆင့်ကျော်၍ တိုက်နိုင်မည်ဟု ခံစားနေရသည်။
ထိုအတွေးနှင့်အတူ ရွှီချင်းသည် ဒန်တျန်ထဲတွင် ပြည့်နေသော သွေးဝိညာဉ်ရေများကို ငါးဆယ်မြောက်ဓမ္မတံခါးဆီသို့ ပို့လွှတ်လိုက်သည်။
ငါးဆယ်မြောက်ဓမ္မတံခါး ချက်ချင်း ပွင့်သွားကာ ရွှီချင်း၏တစ်ကိုယ်လုံး တုန်ခါသွားသည်။
ပိုများလာသော ဓမ္မစွမ်းအားများကြောင့် ရွှီချင်းသည် ပို၍ပင် မြန်ဆန်သွားသည်။ သို့သော်လည်း သူသည် မရပ်နားဘဲ ဓမ္မတံခါးများကို ဆက်ဖွင့်လိုက်သည်။ နောက်ထပ်အသက်တစ်ရှိုက်စာအတွင်း ရွှီချင်း၏တစ်ကိုယ်လုံး ဂျိမ်းခနဲ မြည်ဟည်းသွားရာ ထိုအသံသည် ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်ဖြစ်၍ နောက်မှလိုက်နေသူများ တုန်ရီသွားကြသည်။
ဓမ္မတံခါးများ ပွင့်သွားသည်ဖြစ်၍ ရွှီချင်းထံမှ ဓမ္မစွမ်းအားအငွေ့အသက်များ ဆက်လက်ပျံ့လွင့်လာသည်။
ငါးဆယ့်တစ်ခုမြောက်၊ ငါးဆယ့်နှစ်ခုမြောက်၊ ငါးဆယ့်သုံးခုမြောက် စသည့်ဓမ္မတံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။
ယင်းသည် အဆုံးသတ် မဟုတ်ပေ။ ရွှီချင်း စုပ်ယူခဲ့သည့် သွေးဝိညာဉ်ရေများသည် ဆက်လက်ရိုက်ခတ်နေဆဲဖြစ်ပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ငါးဆယ့်လေးခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။ ထို့နောက် ငါးဆယ့်ငါးခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
အသက်တစ်ကြိမ်ရှူစာအတွင်း ဓမ္မတံခါးတစ်ခု ပွင့်နေသည်။
အသက်ခုနစ်ကြိမ်ရှူစာပြီးနောက် ရွှီချင်း၏ကိုယ်ထဲရှိ ငါးဆယ့်ခြောက်ခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
အသက်ရှစ်ကြိမ်ရှူစာပြီးနောက် ငါးဆယ့်ခုနစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။ သူ့တစ်ကိုယ်လုံး ဓမ္မစွမ်းအားများ တဝုန်းဝုန်းမြည်ဟည်းနေပြီး သက်စောင့်မီးတောက်များ ပို၍ပင် လောင်ကျွမ်းလာသည်။ သူ့အရှိန်အဝါသည်လည်း မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်လာပေရာ သူ့နောက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ မျက်နှာပျက်နေကြသည်။
သက်စောင့်မီးလုံးသုံးလုံးနှင့် အဘိုးအိုသည်လည်း သိသိသာသာ မျက်နှာပျက်သွားပြီး ပြေးနေသော ရွှီချင်းကို လှမ်းကြည့်လိုက်သည်။
ရွှီချင်း၏ ဓမ္မတံခါးများ ဖွင့်နေသည့်ပုံစံကို မြင်ရုံဖြင့် အဘိုးအိုမှာ ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်ဖြစ်၍ အံတင်းတင်းကြိတ်ကာ လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်သည်။ သူ၏အမြန်နှုန်း မြင့်တက်သွားပြီး သူ့အမြင်အာရုံထဲတွင် ဘေးပတ်လည်ရှိ အရာအားလုံးနှေးကွေးသွားသည်။ ထို့နောက် ရွှီချင်းအနီးသို့ သူ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
“ သေစမ်းကွာ ”
ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်တွင် ရွှီချင်း၏ မျက်လုံးများ နီမြန်းသွားသည်။ သူသည် တခဏလေးမျှ သတိမလွတ်စေဘဲ အပြင်အားကို အထောက်အကူအနေဖြင့် အသုံးချ၍ သူ့ကိုယ်ထဲရှိ သွေးနီရောင်ဝိညာဉ်ရေများကို တခဏလေးအတွင်း ထကြွစေလိုက်သည်။
“ ပွင့်စမ်း၊ ပွင့်စမ်း ”
ရွှီချင်း၏ မျက်လုံးများထဲ ရူးသွပ်ခြင်းများဖြင့် ပြည့်နေသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူ့ကိုယ်ထဲ တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းသွားသည်။ ငါးဆယ့်ရှစ်ခုမြောက် ဓမ္မတံခါး၊ ငါးဆယ့်ကိုးခုမြောက် ဓမ္မတံခါးနှင့် ခြောက်ဆယ်မြောက်ဓမ္မတံခါးများအားလုံး ပွင့်သွားသည်။
ခြောက်ဆယ့်ငါးခုမြောက် ဓမ္မတံခါး ပွင့်သွားသည့်တိုင်အောင် ဝိညာဉ်ရေများသည် တဝုန်းဝုန်းဖြင့် ဆက်လက်ရိုက်ခတ်နေသည်။
“ သက်စောင့်မီးတောက် ”
ရွှီချင်းက နီမြန်းနေသော မျက်လုံးများဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။ သုံးဆယ့်တစ်ခုမြောက် ဓမ္မတံခါးမှ ခြောက်ဆယ်မြောက်ဓမ္မတံခါးအထိ မရေမတွက်နိုင်သော အမျှင်တန်းများ မြင့်တက်လာပြီး သူ့ကိုယ်ထဲ အလျင်အမြန် စုစည်းသွားသည်။ ရွှီချင်း၏ကိုယ်ထဲ မီးတောက်များ တောက်လောင်လာသည်ဖြစ်၍ တဟူးဟူး မြည်သံ ပေါ်လာသည်။
ကောင်းကင်နန်းတော်ကို အလင်းဆောင်သော ဒုတိယမြောက်သက်စောင့်မီးလုံး ပေါ်လာလေပြီ။