← Chapters

ပကတိကန်းလန်၏ အမှား

Vol. 3 Ch. 40

ပကတိကန်းလန်၏ အမှား

Vol. 3 Ch. 40

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၀) ပကတိကန်းလန်၏ အမှား

Translator – Than Toe Aung

“လောထျန်းဝူ.. ငါ ကန်းလန်မြို့က မထွက်ခင် မင်းကိုငါဘာပြောခဲ့လဲ မသိတော့ဘူးလား”

ဆူဇီမိုသည် စစ်တပ်နှစ်တပ်၏ ရှေ့တွင် မတ်တပ်ရပ်လိုက်၏။ ခပ်လှမ်းလှမ်းမှ မြင်းပေါ်တွင် ထီးထီးကြီး ထိုင်နေသော လောထျန်းဝူကို တည့်တည့်လှမ်းကြည့်လိုက်၏။

လောထျန်းဝူက တည်ငြိမ်စွာပင် ရှိနေပြီး များစွာသောအတွေးများကို သူ့ခေါင်းထဲတွင် ပေါ်လာ၏။ ရုတ်တရတ် သူသည် ပြုံးလိုက်ပြီး

“ဒုတိယသခင်လေးဆူ .. မိသားစုအတွက် လက်စားချေနိုင်ခဲ့တာ ဂုဏ်ယူပါတယ်ဗျာ.. သင်လို သားမျိုးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့လို့ အရှင်          ဆူမူကတော့ ကောင်းကောင်းအနားယူနိုင်ပါပြီ.. သင်လိုလူမျိုးတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့လို့ ပင်ယန်းမြို့အတွက်လဲ ဂုဏ်ယူစရာပါပဲ.. မြို့တော်ဝန်တစ်ယောက်အနေနဲ့ ကျုပ်လဲ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါတယ်.. ကျုပ်တို့ ကန်းလန်မြို့ကို ပြန်ရောက်တာနဲ့ ဒုတိယသခင်လေးဆူရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုမိတ်ဆုံစားပွဲတစ်ခု ကျင်းပပေးပါ့မယ်.. ဆူမိသားစုက သခင်လေး နှစ်ယောက်လုံး ဆက်ဆက်လာခဲ့ရမယ်.. နော့”

ကျန့်အန်မြို့ကို ဆက်သိမ်းပိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း လောထျန်းဝူ ကောင်းကောင်းနားလည်လိုက်၏။ ထို့ကြောင့် သူသည် ကန်းလန်မြို့သို့ ပြန်လည်ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

ယန်ဘုရင်က နတ်ရွာစံသွားပြီး တိုင်းပြည်က ခေါင်း‌ဆောင်မဲ့နေ၏။ ယခုအချိန်သည် တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်၏။

သို့သော်လည်း လောထျန်းဝူသည် ဘယ်အချိန်မှာ ရှေ့တိုးရမလဲ၊ ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာ ကောင်းကောင်းနားလည်၏။ သူကဲ့သို့သော ရည်မှန်းချက်ကြီးမားသည့်သူများက ဆုံးဖြတ်ချက်ရာတွင်လည်း ပြတ်သား၏။

အဲ့လိုမှ မဟုတ်ရင် လောထျန်းဝူသည် ဒီနေ့အချိန် ဒီလိုနေရာအထိ ရောက်လာလိမ့်မည် မဟုတ်ပေ။

“ငါက တစ်ချိန်လုံး မြွေပွေးကို ခါးပိုက် ပိုက်ထားခဲ့တာပဲ.. ဒီနေ့အချိန် ဒီလိုဖြစ်လာမယ်သာ ကြိုသိခဲ့ရင် အဲ့ကလေးနှစ်ယောက်ကို အရွယ်မရောက်ခင်ကတည်းက ငါသတ်ပစ်ခဲ့ပါတယ်”

(ဆူဇီမိုတို့ ညီအစ်ကိုနှစ်ယောက်ကို ဆိုလိုခြင်းဖြစ်)

လောထျန်းဝူသည် သူ့စိတ်ထဲကနေ ညည်းတွားကျိန်ဆဲလိုက်၏။ သို့သော် အပြင်ပန်းမှာတော့ ရွှင်ပြစွာ ပြုံးပြထားဆဲ ဖြစ်၏။

လောထျန်းဝူ၏ ထင်မြင်ယူဆချက်အရ သူကန်းလန်မြို့သို့ ပြန်လည် ဆုတ်ခွာမည်ဆိုလျှင် ဆူဟုန်က သူ့နောက်ကို လိုက်တိုက်လိမ့်မည် မဟုတ်ပေ။

တစ်ကယ်လည်း လောထျန်းဝူ ထင်သည့်အတိုင်းပင် ဆူဟုန်သည် ယန်တိုင်းသူပြည်သားများကို ကာကွယ်ဖို့ရာအတွက် ‌ရောက်လာခြင်းဖြစ်၏။ လောထျန်းဝူက စိတ်လိုလက်ရ နောက်ပြန်ဆုတ်သွားမည်ဆိုပါက ဆူဟုန်ကလည်း နောက်ကနေ လိုက်တိုက်လိမ့်မည် မဟုတ်ပေ။

တစ်ကယ့်တစ်ကယ် တိုက်ပွဲဖြစ်ကြပြီဆိုလျှင် မဟူရာချပ်ဝတ်မြင်းတပ်ကလည်း အကြီးအကျယ် ပျက်ဆီးဆုံးရှုံးရပေလိမ့်မည်။ ဆူဟုန်သည် ထို့ကဲ့သို့သော အခြေအနေမျိုးကို တတ်နိုင်လျှင် ရှောင်ချင်၏။

သို့သော်လည်း လောထျန်းဝူ အတွက်မှားသွားခဲ့၏။

သူတစ်ကယ်တမ်း ရင်ဆိုင်ရမှာက ဆူဟုန်မဟုတ်၊ ဆူဇီမိုသာ ဖြစ်လေ၏။

ဆူဇီမိုသည် မျက်ခုံးပင့်လိုက်ပြီး “မင်းက ထွက်ပြေးဖို့ ကြံနေတာလား” ဟု မေးခွန်းထုတ်လိုက်၏။

လောထျန်းဝူက ဆူဇီမို၏ စကားကို မသိချင်ဟန်ဆောင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို လုပ်ယူလိုက်၏။

“ဒုတိယသခင်လေးဆူက ဘာကို ဆိုလိုတာပါလိမ့်”

“ကန်းလန်မြို့က မထွက်ခင်က ငါ မင်းကို သေချာပြောခဲ့တယ်.. ငါ့ကို အသုံးချဖို့ လုပ်တဲ့သူတွေကို ငါမကြိုက်ဘူးလို့.. မင်းအချိုးတွေကို ပြင်ထားပါလို့ ငါမပြောခဲ့ဘူးလား.. မြို့တော်ဝန်လောက ငါ့စကားတွေကို အတည်မယူခဲ့တာ စိတ်မကောင်းစရာပဲ”

ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။ သူသည် လောထျန်းဝူကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“မင်းက ထွက်ပြေးဖို့ ကြံနေတာမလား.. မင်းကိုယ်မင်း လွတ်အောင်ပြေးနိုင်မယ်လို့ရော ထင်လို့လား”

ဘုန်း..

ထိုစကားနှင့်အတူ ဆူဇီမိုသည် မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး တက်လိုက်၏။ သူ့ခြေလှမ်းများက လွန်စွာ မြန်ဆန်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကန်းလန်မြို့စစ်တပ်ရှေ့သို့ ချက်ခြင်း‌ရောက်သွား၏။

လောထျန်းဝူရှေ့တွင် စစ်သည်များစွာ ပိတ်ရပ်နေကြ၏။

သို့သော်လည်း ဆူဇီမိုသည် အတင်းတိုးဝင်လိုက်ပြီး သွေးလမ်းခင်းကာ ရှေ့သို့ ပြေးတက်သွား၏။ သူ့လမ်းကြောင်းကို ဘယ်သူကမျှ မရပ်တန့်နိုင်ပေ။

“အား..”

လောထျန်းဝူတစ်ယောက် လန့်ဖျန့်သွားပြီး အလိုအလျောက် နောက်သို့ဆုတ်ရင်း အော်လိုက်၏။

“အကြံပေးကြီး .. ကျုပ်ကို ကယ်ပါဦး”

“ဇီ...”

မီးခိုးရောင်ဝတ်စုံနှင့်လူက ချက်ခြင်း သူ့ဓါးပျံကို ဆင့်ခေါ်လိုက်၏။ ဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ပေါ်လာ၏။ ၎င်းသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်၏။

ဝှစ် ဝှစ် ..

ဓါးပျံက ကြောက်စရာ အမြန်နှုန်းဖြင့် ပျံသန်းလာ၏။ ၎င်းသည် အလင်းတန်းတစ်ခုလို ဆူဇီမို၏ ဦးခေါင်းဆီသို့ ပြေးဝင်ချလာ၏။

ဆူဇီမိုကလည်း သူ့အရှိန်က လုံးဝမလျှော့ဘဲ ကြိတ်ရယ်လိုက်၏။ ဓါးပျံက သူ့နဖူးကို ထိုးစိုက်တော့မည့် အချိန်ကလေးမှာပင် သူသည် ပွတ်ကာသီကာ ကပ်ရှောင်လိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ဆက်တက်လိုက်၏။

မီးခိုးရောင်ဝတ်စုံနှင့် လူ၏ သူငယ်အိမ်က တုန်လှုပ်မှုဖြင့် ကျုံ့ဝင်တင်းကြပ်သွား၏။

သူ့ဓါးပျံက ပစ်မှတ်ကို လွဲချော်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပို၍ အံ့အားသင့်စေတာက ဆူဇီမို၏ ကြောက်စရာ အမြန်နှုန်းဖြစ်၏။

မီးခိုးရောင်ဝတ်စုံနှင့်လူသည် ချက်ခြင်းဆိုသလို သူ့ဓါးပျံကို လှမ်းထိန်းလိုက်ပြီး ဆူဇီမိုကို နောက်တစ်ကြိမ် ပြန်ထိုးစိုက်ဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း ထိုအချိန်မှာပင် ဆူဇီမိုသည် တစ်ချက်ခုန်လိုက်ပြီး မီးခိုးရောင်ဝတ်စုံနှင့်လူရှေ့သို့ ချက်ခြင်းရောက်လာကာ ခပ်တိုးတိုး ပြောလိုက်၏။

“မင်းက အရမ်းနုတာပဲ”

ဘုန်း..

ဆူဇီမို၏ လက်ဝါးက မီးခိုးရောင်ဝတ်စုံနှင့်လူ ခေါင်းပေါ်သို့ ချက်ခြင်း ကျရောက်သွား၏။

ဦးနှောက်များက စင်ထွက်လာပြီး သွေးများက ပန်းထွက်လာ၏။ မီးခိုးရောင်ဝတ်စုံနှင့်လူသည် အသံပင် တစ်ချက်မဟလိုက်နိုင်ဘဲ မြင်းပေါ်မှ ပစ်လဲကျသွားလေ၏။

ဆူဇီမိုသည် မီးခိုးရောင်ဝတ်စုံနှင့် စီးခဲ့သော မြင်းပေါ်သို့ ခြေချလိုက်ပြီးနောက် ရှေ့သို့ တစ်ဖန်ထပ်ခုန်လိုက်ကာ မလှမ်းမကမ်းတွင် ရှိသော လောထျန်းဝူရှိရာသို့ ပြေးဝင်ချသွားလေ၏။

လောထျန်းဝူက အကြောက်လွန်ပြီး တောင့်တောင့်ကြီး ရပ်နေမိ၏။

သူ့အားအထားရဆုံး ချီစုဖွဲ့စစ်သည်တော်သည် ဆူဇီမိုနှင့် ရင်ဆိုင်တွေ့ချိန်တွင် တစ်ချက်တည်းနှင့် တစ်ခါတည်း တန်းပြီး အသက်ပျောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မြန်လွန်းလှသည်။

လောထျန်းဝူအတွက် ပြေးစရာလမ်း မရှိတော့ချေ။

“အား...”

သေခြင်းတရားနှင့် နီးကပ်လာချိန်တွင် လောထျန်းဝူသည် သံကုန်ဟစ်၍ အော်လိုက်ပြီး သူ့စိတ်ထဲက ကြောက်ရွံ့စိတ်ကို ဖိနှိမ်လိုက်၏။ သူသည် ခါးက ဆေဘာရှည်ကို ဆွဲထုတ်လိုက်ပြီး ရှိသမျှအားနှင့် ဆူဇီမိုကို ခုတ်ချလိုက်၏။

ဆူဇီမိုက မရှောင်ချေ။ ရှောင်စရာလည်း မလိုချေ။

ဆူဇီမိုသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝင်လာသော ဆေဘာကို လှမ်းတောက်လိုက်၏။

ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး ဆေဘာရှည်က ထက်ပိုင်းကျိုးသွားလေသည်။

ကျိုးသွားသော ဆေဘာနှင့်အတူ သူ့မျှော်လင့်ချက်များ အားလုံးလည်း ပျက်စီးသွားပြီဖြစ်ကြောင်း လောထျန်းဝူ သိလိုက်၏။

ဆူဇီမိုသည် လောထျန်းဝူ၏ လည်ပင်းကို ဖမ်းညှစ်လိုက်ပြီး အေးစက်စွာ ‌ပြောလိုက်လေ၏။

“ငါမင်းကို အသာတကြည် ပြန်ခွင့်ပြုလိုက်ရင် ဒီမှာသေသွားတဲ့ အပြစ်မဲ့ပြစ်သူအတွက် ဘယ်သူက လက်စားချေပေးမှာလဲ”

“တိုင်းပြည်နှစ်ခုကြား စစ်ပွဲတွေ ဖြစ်လာတဲ့အခါ ဘယ်ဘက်ကမှန်တယ် ဘယ်ဘက်ကမှားတယ်ဆိုတာ ပြောရခက်တယ်.. ဒါပေမယ့်.. မင်းရဲ့ ရည်မှန်းချက်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက်နဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကို မစတေးသင့်ဘူးကွ.. မင်းက လောကမှာ မရှိသင့်တဲ့ကောင်ပဲ”

ဂျွတ်..

ဆူဇီမိုသည် သူ့လက်ချောင်းလေးများဆီသို့ အားအနည်းငယ် ပို့လွှတ်လိုက်၍ လောထျန်းဝူကို လည်ြပင်းကို ညှစ်ချိုးလိုက်ပြီး အလောင်းကို ဘေးသို့ ပစ်ချလိုက်၏။ ထို့နောက် သူသည် ဘေးပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး

“လောထျန်းဝူက သေပြီ.. မင်းတို့က အခုထိ မပြန်ချင်သေးဘူးလား” ဟု ကျယ်လောင်စွာ အော်မေးလိုက်၏။

ကန်းလန်စစ်တပ်ကြီးသည် လူတစ်ယောက်တည်း၏ အော်ရာကြောင့် ကြောက်လန့်မှင်တက်သွားကြ၏။ မည်သူကမျှ ရှေ့မတက်ရဲကြချေ။

ဆူဟုန်နှင့် အခြားသူများသည် ခပ်လှမ်းလှမ်းတွင် ကျောက်ရုပ်တွေလို ရပ်နေကြ၏။

သူတို့သည် ဆူဇီမိုကို မကူချင်သောကြောင့် မဟုတ်ပေ။ အဖြစ်အပျက်များက သူတို့လိုက်မမီအောင် အရမ်းမြန်မြန် ဖြစ်သွားခဲ့သောကြောင့် ဖြစ်၏။

ဆူဇီမိုသည် ဤကဲ့သို့ လှုပ်ရှားလိမ့်မည်ဟူ၍ မည်သူကမျှ ထင်မထားခဲ့ကြချေ။ သူသည် လောထျန်းဝူကို လျှပ်ပြက်သလို မြန်မြန်ဆန်ဆန်ပင် သတ်ဖြတ်ပစ်လိုက်၏။

စုန့်ချီသည် သူ့ဓါးပျံကို ဆင့်ခေါ်ရရုံသာ ရှိသေးပြီး မပို့လွှတ်ရသေးချေ။

စောစောက စစ်တပ်နှစ်တပ် ထိပ်တိုက်ရင်ဆိုင် တိုက်ကြတုန်းက စုန့်ချီသည် မီးခိုးရောင်ဝတ်စုံလူနှင့် အကြိမ်အနည်းငယ် လက်ရည်ချင်းယှဉ်ခဲ့ကြ၏။ သူတို့နှစ်ယောက်စလုံးသည် အဆင့်၈ ချီစုဖွဲ့စစ်သည်တော်များ ဖြစ်ကြသော်လည်း မီးခိုးရောင်ဝတ်စုံနှင့် ချီစုဖွဲ့စစ်သည်တော်က သူ့ထက် ပိုသန်မာ အားကောင်းလေသည်။

သို့သော် မီးခိုးရောင်ဝတ်စုံနှင့် ချီစုဖွဲ့စစ်သည်တော်သည် ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်တွင် အကွက်တစ်ကွက်သာ ထုတ်သုံးရသေးသည်၊ ဆူဇီမို သတ်ဖြတ်တာ ခံလိုက်ရ၏။

ဝံပုလွေအစောင့် ကိုးဂန်သည် ပထမဆုံး သတိဝင်လာပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လက်သီးဆုပ်ဂါဝရပြုလိုက်ရင်း ပြောလိုက်လေ၏။

“သခင်လေးဆူ.. ကျုပ်တို့ကို သွားခွင့်ပေးတာ ကျေးဇူးတင်ပါတယ်”

“ကန်းလန်မြို့ကို ပြန်ကြစို့‌ဟေ့”

ကိုးဂန်သည် လောထျန်းဝူ၏ အလောင်းကို ပြန်ယူသွားလိုက်၏။ ဖြစ်ပျက်ခဲ့သော အရာများကို တွေးတောလိုက်ပြီး သူသည် သက်ပြင်းတစ်ချက်ချလိုက်၏။

“မြို့ဝန်မင်းက သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အပတ်တကုတ်နဲ့ ကြံစည်စဉ်းစားအားထုတ်ခဲ့ရတယ်.. နောက်ဆုံးတော့လဲ လူတစ်ယောက်တည်းကြောင့်နဲ့ အရာရာပျက်သုန်းသွားခဲ့ရတာပဲ”

ဆူဇီမိုကြောင့်သာ မဟုတ်ခဲ့လျှင် ဒီနေ့တိုက်ပွဲက ယခုရလာဒ်နှင့် လုံးဝကွဲပြားခြားနားနေပေလိမ့်မည်။

ကိုးဂန်သည် ရုတ်တရတ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ဖြစ်ပျက်ခဲ့သောအရာများကို ပြန်လည် အမှတ်ရလာ၏။ ကောင်လေးတစ်ယောက်သည် ပကတိကန်းလန်ကို ဦးညွတ်ဖို့ ငြင်းဆန်ခဲ့သောကြောင့် သာမန်အညတရတစ်ယောက်အဖြစ် လျှော့ချခြင်း ခံခဲ့ရပြီး သူ့မှာရှိသမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရ၏။

အဲ့ဒီကောင်လေးက ဒီနေ့လို အဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိသည့်သူတစ်‌ယောက် ဖြစ်လာလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့မှာလဲ။

မထွက်ခွာမီ ကိုးဂန်သည် ခပ်လှမ်းလှမ်းတွင် ဝင့်ကြွားစွာရပ်နေသော ပုံရိပ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

ကိုးဂန်သည် ရုတ်တရတ် နားလည်လိုက်၏။ ဟိုအရင်က ဒီအမျိုးသားကို လွှတ်ပေးလိုက်ခြင်းသည် ပကတိကန်းလန်အတွက် သူ့ဘဝတစ်လျှောက် အကြီးမားဆုံး အမှားတစ်ခု လုပ်ခဲ့ခြင်း ဖြစ်လာနိုင်ပေသည်။

(ပကတိကန်းလန်ဟူသော စကားတွင် ကန်းလန်သည် လူအမည်ဖြစ်ပြီး၊ လောထျန်းဝူအုပ်ချုပ်သော မြို့အမည်ကလည်း ကန်းလန်မြို့ ဖြစ်၏။)

All Chapters