အခြေတည်အဆင့် ကျင်ကြံသူများကို တားနိုင်မလား
Vol. 3 Ch. 41
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၄၁) အခြေတည်အဆင့် ကျင်ကြံသူများကို တားနိုင်မလား
Translator – Than Toe Aung
ဝေမင်းချန်သည် စစ်သားများကို ဦးဆောင်ပြီး စစ်ကူပေးဖို့ ရောက်လာချိန်တွင် ကန်းလန်မြို့စစ်သားများက ရှုံးနိမ့်မှုဖြင့် ထွက်ခွာသွားကြပေပြီ။ သူတို့သည် မိုးကုတ်စက်ဝိုင်းအောက် တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြပေပြီ။
ဝေမင်းချန်သည် ဆူဟုန်ရှေ့သို့ ရောက်လာပြီး မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ကာ ဒူးတစ်ဖက်ထောက်ချလိုက်၏။ သူသည် လက်သီးဆုပ်ဂါဝရ ပြုလိုက်ပြီး
“ဗိုလ်ချုပ်.. ကျတော်တို့ကို စစ်ကူလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျတော်ကတော့ ဝေမင်းချန်ပါ.. ကျန့်အန်မြို့ရဲ့ ဒုဗိုလ်မှူးတစ်ယောက်ပါ” ဟု ဆိုလိုက်၏။
ဆူဟုန်လည်း မြင်းပေါ်မှ ဆင်းလိုက်ပြီး ဝ်ေမင်းချန်ကို ဆွဲထူလိုက်၏။
“ကျုပ်က အညတရတစ်ယောက်ပါပဲ.. ဗိုလ်မှူးရဲ့ အရိုအသေကို မခံယူရဲပါဘူး”
“ဗိုလ်ချုပ် .. ရိုင်းပျသွားရင် ခွင့်လွှတ်ပါ.. တစ်ခုလောက်များ မေးလို့ရမယ်ဆိုရင်လေ.. သင်နဲ့ အရှင်ဆူမူက ဘယ်လိုများပတ်သတ်တော်စပ်သလဲ သိပါရစေ” ဝေမင်းချန်သည် အဖြေကို ခန့်မှန်းမိသော်လည်း သေချာစွာ သိလိုသောကြောင့် အတည်ပြုကြည့်လိုက်၏။
“ဆူမူက ကျုပ်အဖေပါ”
ဝေမင်းချန် ခေါင်းညိတ်လိုက်၏။
ဒီလိုပဲ ဖြစ်ရပေမည်။ မဟုတ်လျှင် မဟူရာချပ်ဝတ်မြင်းတပ်ကို ဘယ်သူကများ အမိန့်ပေးနိုင်ပါ့မလဲ။
“အစ်ကိုကြီး.. ဒီမှာ ကျောက်ချန်ရဲ့ ဦးခေါင်း.. ဒါကို ယူသွားပြီးတော့ အဖေနဲ့အမေကို သွားရှိခိုးကြတာပေါ့.. ဒါဆို သူတို့လဲ စိတ်အေးလက်အေး အနားယူနိုင်တော့မှာပါ” ဆူဇီမိုက ရောက်ချလာပြီ ခေါင်းပြတ်ကြီးကို ဆူဟုန်ဆီသို့ ကမ်းပေးလိုက်၏။
ဆူဟုန်သည် ယန်ဘုရင့်ခေါင်းကို ယူလိုက်ပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ သူ့ရင်ထဲတွင် ခံစားချက် အတွေးများက အစီအရီ ပေါ်လာလေသည်။
သူသည် ၁၆နှစ်လောက် အောင့်အင်းသည်းခံခဲ့ရ၏။ ၁၆နှစ်လောက် အစီအစဉ်များ ချမှတ်ခဲ့ရ၏။ သို့သော် တစ်ကယ်တမ်း လုပ်ဆောင်နိုင်ခဲ့သူက ဤအရေးကိစ္စထဲ ပါဝင်ပတ်သတ်မည်ကို သူစိုးရိမ်ခဲ့ရသော သူ့ညီလေး ဖြစ်နေ၏။
ဆူဇီမိုသည် မင်းနေပြည်တော်မြို့က တိုက်ပွဲအကြောင်းကို လုံးဝ မဟပေ။
သို့သော်လည်း ဆူဇီမို၏ ပင်ပန်းနွမ်းနယ်နေပုံရသောဟန်နှင့် သွေးများစွန်းထင်းနေသော ခန္ဓာကိုယ်ကို ကြည့်၍ တိုက်ပွဲက အတော်ကို ပြင်းထန်ကြမ်းတမ်းခဲ့မည်ဖြစ်ကြောင်း ဆူဟုန်ခန့်မှန်းမိ၏။
“ဘုရင်က တစ်ကယ်ကြီး သေသွားပြီလား”
ဝေမင်းချန်သည် ယန်ဘုရင်ဦးခေါင်းကို ကြည့်၍ အံ့သြတုန်လှုပ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမျက်လုံးများက ရုတ်တရတ် အရောင်တောက်သွားပြီး ဆူဟုန်ကို မော့ကြည့်လိုက်၏။ သူက လေးနက်သော အသံအနေအထားဖြင့်
“ဗိုလ်ချုပ်ဆူ.. ယန်ဘုရင်က သေပြီဆိုမှတော့ ကျတော်တို့ ဗိုလ်ချုပ်ကို အစွမ်းကုန် ထောက်ပံ့ပေးမယ်.. ဒီကျန့်အန်မြို့ကို အခြေစိုက်ပြီးတော့ ဘုရင်လုပ်ပေးပါလား.. ကျတော်တို့ မြို့တော်ကို သိမ်းပိုက်ပြီးရင် အရှင်ဆူမူရဲ့ နာမည်ကိုလဲ ရှင်းလင်းအောင်လုပ်လို့ရပြီ”
လွန်ခဲ့တဲ့ ၁၆နှစ်က ဖြစ်ရပ်ဆိုးကို ယန်ဘုရင်သည် ဖုံးဖိထားခဲ့သော်လည်း စစ်သားတိုင်း၏ နုလုံးသားထဲတွင် အရှင်ဆူမူက ဘုရင်ကို တော်လှန်ပုန်ကန်ခဲ့သည်ဆိုတာကို မည်သူမျှ မယုံကြည်ကြပေ။
ယခင်က ရှိခဲ့သော အရှင်ဆူမူ၏ သြဇာတိက္ကမ၊ အဆင့်အတန်းဂုဏ်ဒြပ်တို့နှင့် ဆိုပါက သူသာ အမှန်တစ်ကယ်ပြီး ပုန်ကန်ပြီး နန်းလုလိုလျှင် ထိုသို့ လုပ်နိုင်သော အခွင့်အရေးများစွာ ရှိခဲ့၏။
ဦးလေးကျန့်နှင့် ကျန်သူများလည်း ဝေမင်းချန်၏ စကားကြောင့် ရင်ဖိုဝမ်းမြောက်သွားကြ၏။
ဆူဟုန်သာ နန်းတက်လိုစိတ်ရှိလျှင် ဒါဟာ အကောင်းဆုံး အခွင်းအရေး ဖြစ်လေသည်။ ယန်ဘုရင်သေဆုံးပြီးနောက် ယန်တိုင်းပြည်က အုတ်သော်အောင်းနင်း ဖြစ်နေ၏။ ဆူဟုန်သည် ကျန့်အန်မြို့ကို တိုက်ပွဲကို အခြေပြု၍ သူ၏ နာမည်ဂုဏ်သတင်းကို တည်ဆောက်နိုင်လေသည်။
ဆူဟုန်သည် ပလ္လင်ပေါ်ကို တက်ထိုင်၍ သူ၏ မျိုးရိုးဇာစ်မြစ်ကို ထုတ်ဖော်ပြသပေးလိုက်ပါက ယခင်က အရှင်ဆူမူ၏ သြဇာလွှမ်းမိုးမှု အရှိန်အဝါနှင့်ဆိုလျှင် ယန်တိုင်းပြည်၏ မြို့စား ၁၆ယောက်ထဲမှ အချို့သည် သူ့ထီးနန်းအရိပ်အောက်သို့ ခိုလှုံလာနိုင်လေသည်။ ထိုအခါ သူသည် ယန်တိုင်းပြည်ကို ပြန်လည်စည်းရုံး တည်ဆောက်နိုင်ပေလိမ့်မည်။
ဤသည်ကို တွေးတောလိုက်ပြီးနောက် ဦးလေးကျန့်က တိုးတိုးကပ်ပြောလိုက်၏။
“သခင်လေး.. ဒါက ရှားပါး အခွင့်အရေးပဲ”
လျှိုယုနှင့် အခြားသူများသည် ဆူဟုန်ကို မျှော်တလင့်လင့်နှင့် ကြည့်နေကြပြီး အဖြေကို စောင့်နေကြလေ၏။
ဆူဇီမိုက မည်သည့်မှတ်ချက်ကိုမျှ မပေးချေ။ သူ့အစ်ကို ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ သူက ခြွင်းချက်မရှိ ထောက်ပံ့ပေးရပေမည်။
ဆူဟုန်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြုံး၍ ခေါင်းခါလိုက်၏။
“ခင်ဗျားတို့ရဲ့ စေတနာနဲ့ စိတ်လိုလက်ရ ထောက်ခံပေးတာကို ကျေးဇူးတင်ရပါတယ်.. ဒါပေမယ့် ကျုပ်မှာ အဲ့လိုလုပ်ဖို့ စိတ်ကူးမရှိပါဘူး.. ခင်ဗျားတို့အားလုံးကို စိတ်ပျက်စေမိရင် တောင်းပန်ပါတယ်”
ဦးလေးကျန့်နှင့် အခြားသူများလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။
“ဗိုလ်ချုပ်ဆူ...” ဝေမင်းချန်က ထပ်ပြီး ဖျောင်းဖျချင်သေးသော်လည်း ဆူဟုန်က လက်ကာပြလိုက်ပြီး
“စစ်မက်ဖြစ်ပွားကြပြီဆိုရင် တစ်ကယ်တမ်း ခံစားရမှာက အပြစ်မဲ့ပြည်သူတွေပဲ.. အဲ့အချိန်ကျရင် လူတွေအတော်များများက စားရမဲ့၊ သောက်ရမဲ့၊ အိုးအိမ်မဲ့တွေ ဖြစ်လာကြမယ်.. မိသားစုဝင်တွေ ကွဲကွာကြပြီး မိဘမဲ့ကလေးတွေပေါ်လာမယ်.. စောစောက ဇီမိုပြောခဲ့သလိုပေါ့.. ကျုပ်အလို ပြည့်ဝဖို့အတွက် အပြစ်မဲ့ပြည်သူတွေကို စတေးလိုက်မယ်ဆိုရင် ကျုပ်လည်းပဲ လောထျန်းဝူနဲ့ ဘာကွာတော့မှာလဲ” ဟု ပြောလိုက်လေ၏။
ဆူဟုန်သည် ပြောနေတာကို ရပ်လိုက်ပြီး ဝေမင်းချန်ဘက်သို့ လက်သီးဆုပ် လေးစားဟန်ပြလိုက်ပြီး
“ဗိုလ်မှူးဝေ.. ကျုပ်တို့ပင်ယန်းမြို့ကို ပြန်ပြီး အဖေနဲ့ အမေကို ဂါဝရသွားပြုလိုက်ပါဦးမယ်.. ကျုပ်တို့ ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့”
ထိုသို့ပြောပြီးသည်နှင့် ဆူဟုန်သည် မြင်းပေါ်တက်ကာ မဟူရာချပ်ဝတ် စစ်သည်ငါးထောင်ကို ဦးဆောင်ပြီး ပင်ယန်းမြို့သို့ ထွက်ခွာသွားလေတော့၏။
ဝေမင်းချန်နှင့် အခြားစစ်သည်တော်များသည် ထိုနေရာတွင် အချိန်အတော်ကြာသည့်အထိ ရပ်ပြီး ထွက်ခွာသွားသော ဆူဟုန်၏ ကျောပြင်ကို ငေးစိုက်ကြည့်နေကြ၏။
. . .
ပင်ယန်းမြို့ရှိ ဆူမိသားစု၏ နောက်ဖေးခြံဝန်းတွင်..
ဆူဟုန်၊ ဆူဇီမိုနှင့် ဆူရှောင်းနင်တို့သည် အုတ်ဂူတစ်လုံးရှေ့တွင် ဒူးထောက်နေကြ၏။ ယန်ဘုရင်၏ ဦးခေါင်းကား ရှေ့တွင် ချထား၏။
ဆူရှောင်းနင်က မျက်ရည်များ စီးကျလာ၏။
ဆူဟုန်သည်လည်း မျက်ရည်များနှင့်ပင်။
ဒီနှစ်များတစ်လျှောက် သူ့အစ်ကိုကြီး မျက်ရည်ကျတာကို ဆူဇီမို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ယန်ဘုရင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ကျရှုံးခဲ့တုန်းကတောင် ဆူဟုန်သည် မျှော်လင့်ချက် ပျက်သုန်း၍ အိပ်ရာထဲလဲသွားသော်လည်း မျက်ရည်တစ်စက်မကျခဲ့ပေ။
ယခု လက်စားချေပြီးသောအခါ ဆူဟုန်တစ်ယောက် ၁၆နှစ်လုံးလုံး ထမ်းပိုးထားခဲ့ရသော အမုန်းတရားများ၊ နာကျည်းမှုများသည် နောက်ဆုံး ထွက်ပေါက်ရသွားပြီး ခံစားချက်များက ရင်ထဲပြည့်လျှံလာလေသည်။
ဆူဇီမိုကား မျက်ရည်မကျမိပေ။ သူ့မိဘများကို အချိန်အနည်းငယ်ကြာ ဂါဝရပြုပြီးနောက် သူသည် တိတ်တိတ်လေးထကာ ဆူမိသားစုခြံဝန်းအတွင်းမှ ထွက်လာခဲ့ပြီး တျဲယွဲ့၏ ကျင့်ကြံရေးကွင်းရှိရာသို့ ပြန်လာခဲ့၏။
ကျင့်ကြံရေးကွင်းထဲသို့ ရောက်ရှိလာချိန်တွင် ဆူဇီမိုသည် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ကျင့်ကြံရေးကွင်းထဲတွင် ဘယ်နေရာမှာမှ တျဲယွဲ့ကို ရှာလို့မတွေ့ရချေ။
ဆူဇီမိုသည် တစ်နေရာထဲတွင် အချိန်အတော်ကြာ မတ်တပ်ရပ်နေပြီးမှ နောက်ဆုံး သက်ပြင်းချလိုက်၏။ သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏။
သူသည် ဆူမိသားစုနောက်ဖေးခြံဝန်းဘက်သို့ ပြန်လာခဲ့ပြီး စုန့်ချီကို မျက်စပစ်ပြကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့၏။
စုန့်ချီက အနောက်ကနေ အမီပြေးလိုက်လာ၏။
“ဒုတိယသခင်လေး.. သင် ကျုပ်ကို တစ်ခုခုပြောချင်တာများ ရှိလို့လား” စုန်ချီက ညင်သာစွာ မေးလိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုသည် ရွှေရောင်တံဆိပ်ပြားတစ်ခုကို ဆွဲထုတ်လိုက်ပြီး စုန့်ချီကို ကမ်းပေးရင်း
“ဒါက ရတနာကောင်းကင်ရွှေရောင်တံဆိပ်ပြားပဲ” ဟု ပြောလိုက်၏။
စုန့်ချီ တုန်လှုပ်သွား၏။
သူ့အတွက်တော့ ရတနာကောင်းကင် ရွှေရောင်တံဆိပ်ပြားက ထိတွေ့ကိုင်တွယ်ခွင့် မရှိသော အရာတစ်ခု ဖြစ်၏။
များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် သူတို့အသက်သေဆုံးသည့်အချိန်အထိ ရတနာကောင်းကင် ကြေးတံဆိပ်ပြားတစ်ခုကိုတောင် ပိုင်ဆိုင်ခွင့် မရခဲ့ကြရှာပေ။ ယခုသူ့ရှေ့မှာ ရှိနေတာက ထိုထက် အဆင့်နှစ်ဆင့်တောင် ပိုမြင့်သော ရွှေတံဆိပ်ပြားဖြစ်၏။
“ဒုတိယသခင်လေး ဒါက ဘာအဓိပ္ပါယ်လဲဗျ” စုန့်ချီက အလောတကြီး မေးလိုက်၏။
ဆူဇီမိုက သုန်မှုန်နေသော မျက်နှာထားနှင့် ပြောလိုက်၏။
“အစ်ကိုကြီးတို့ အဖေနဲ့အမေကို ဂါဝရပြုတာ ပြီးသွားတာနဲ့ ဆူမိသားစုက လူတွေအကုန်လုံးကို ကန်းလန်မြို့ကို ခေါ်သွား.. ပြီးရင် အချိန်အတိုင်းအတာ တစ်ခုအထိ ရတနာကောင်းကင် အရောင်းပြခန်းမှာ သွားပုန်းခိုနေဗျာ.. အခုအချိန်မှာ လုံးဝအပြင်မထွက်ကြနဲ့.. မဟူရာမြင်းတပ်ငါးထောင်ကတော့.. သူတို့ကို လူစုခွဲပြီး တစ်နေရာရာစီမှာ ဇာတ်မြှပ်နေခိုင်းထားလိုက်.. အများကြီး စုမနေကြစေနဲ့”
စုန့်ချီသည် ဆူဇီမိုတစ်ယောက် ဤမျှလောက်ထိ မျက်နှာတည်မျက်နှာထား၊ လေးနက်သော အသံနေထားဖြင့် ပြောသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
စုန့်ချီသည် စိတ်ထဲတွင် လေးလံလာပြီး မေးလိုက်လေ၏။
“ဒုတိယသခင်လေး .. ဘာဖြစ်လို့လဲဗျ.. ဆူမိသားစုမှာ နောက်ထပ်အင်အားကြီးတဲ့ ရန်သူတွေ ရှိနေသေးတာလား”
“ယန်မင်းနေပြည်တော်မြို့က တိုက်ပွဲမှာတုန်းက ကျုပ် ချီစုဖွဲ့စစ်သည်တော် အတော်များများ သတ်မိသွားပြီးတော့ ကျင့်ကြံရေးကလန်တစ်ခုကို ရန်စမိခဲ့တယ်.. အဲ့ကလန်က လူတွေက အခုလောက်ဆို ကျုပ်ကိုရှာဖို့ လာနေကြလောက်ပြီ”
ဆူဇီမိုသည် မခြွင်းအချန် အမှန်အတိုင်း ပြောပြလိုက်၏။
ထိုတိုက်ပွဲမှာတုန်းက ဆူဇီမို အသက်မသေဘဲ ပြေးလာနိုင်ခဲ့သည်မှာ ထိုအချိန်တုန်းက ပျော်ရွှင်ဖွယ်ကလန်မှ အခြေတည်အဆင့်ကျင့်ကြံသူများ မြို့ထဲမှာ ရှိမနေခဲ့သောကြောင့် ဖြစ်၏။
ပျော်ရွှင်ဖွယ်ကလန်သည် သူတို့လူအများကြီးကို နစ်နာဆုံးရှုံးခဲ့ရ၏။ သူတို့ ဒီအတိုင်း ခေါင်းငုံ့ငြိမ်ခံနေကြမှာ မဟုတ်ပေ။ အခြေတည်အဆင့် ကျင့်ကြံသူများသည် ပင်ယန်းမြို့သို့ ထွက်ခွာလာနေကြပြီဖြစ်ပြီး လမ်းတစ်ဝက်မှာ ရောက်နေလောက်တာပင် ဖြစ်နိုင်လေသည်။
စုန့်ချီသည် ဒီကိစ္စက ဘယ်လောက်အရေးကြီးကြောင်း သိ၏။
မော်တယ်တစ်ယောက်သည် ကျင့်ကြံရေးကလန်တစ်ခုကို သွားပြီး ရန်စမိလျှင် အပေါ့ဆုံးပြစ်ဒဏ်မှာ တစ်ယောက်တည်း အသတ်ခံရတာ ဖြစ်ပြီး၊ တစ်ဆွေလုံးတစ်မျိုးလုံး သုတ်သင်ခံရတာလည်း ဖြစ်နိုင်၏။
“ဒုတိယသခင်လေး သင်ကရော ဘယ်သွားမှာလဲ.. အခုချိန်မှာ ကျုပ်တို့နဲ့အတူ ရတနာကောင်းကင် အရောင်းပြခန်းကို လိုက်ခဲ့တာက ပိုကောင်းမယ် မဟုတ်ဘူးလား” စုန့်ချီက မေးလိုက်၏။
ဆူဇီမိုက ပြန်မဖြေ ဆိတ်ဆိတ်သာနေ၏။
စုန့်ချီသည် ရင်ထဲထိတ်ကနဲ ဖြစ်သွား၏။ သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိသွားပြီး တုန်လှုပ်စွာ အံ့အားတသင့် ပြောလိုက်လေ၏။
“သင်.. သင်က အခြေတည်အဆင့်တွေကို လမ်းကနေ သွားတားချင်နေတာလား”
ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။
“ကျုပ်မသေသေးသရွေ့ ပျော်ရွှင်ဖွယ်ကလန်က ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး.. ဆူမိသားစုက တစ်သက်လုံး ရတနာကောင်းကင် အရောင်းပြခန်းမှာပဲ ပုန်းခိုနေလို့ မရဘူးလေ.. ဆူမိသားဝင်တွေ အပြင်ထွက်တာနဲ့ သူတို့က ဝိုင်းပြီး အမဲလိုက်ကြမှာပဲ.. ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ဘူး”
“နောက်ပြီး ယန်ဘုရင်သေတာက ခုနှစ်ရက်တောင်ကြာပြီဆိုတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေရဲ့ အမြန်နှုန်းနဲ့ဆို သူတို့ ရောက်တောင်ရောက်လာတော့မှာပဲ.. ဘယ်သူကမှ သူတို့ကို ထွက်မတားဘူးဆိုရင် ဆူမိသားစုဝင်တွေ ကန်းလန်မြို့က ရတနာကောင်းကင် အရောင်းပြခန်းကိုတောင် ရောက်အောင်ပြေးနိုင်မှာ မဟုတ်ဘူး”
“ဒါပေမယ့်လို့ ဒုတိယသခင်လေးရယ်..”
“အစ်ကိုစုန်.. အဲ့လောက်ကြီး စူပုပ်မနေစမ်းပါနဲ့ဗျာ.. ကျုပ်က လွယ်လွယ်နဲ့ မသေပါဘူးဗျ.. အဲ့ကလန်တစ်ခုလုံး မျိုးပြုတ်သွားတာတောင် ဖြစ်ရင်ဖြစ်သွားနိုင်တယ်နော်” ဆူဇီမိုသည် ပြုံး၍ စုန့်ချီကို နှစ်သိမ့်လိုက်၏။
ဆူဇီမိုသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနေခြင်း ဖြစ်သည်ဆိုတာ စုန့်ချီ ကောင်းကောင်းနားလည်၏။ သူသည် သူ့အသက်ကို ရင်း၍ ဆူမိသားစုဝင်များကို ကယ်တင်ဖို့ ကြိုးစားနေခြင်း ဖြစ်၏။
အခြေတည်အဆင့်များကို သွားပြီးတားဖို့ဆိုတာ သွားပြီးအသေခံတာနှင့် မခြားပေ။
ဆူဇီမိုအတွက် ရှင်သန်နိုင်ဖို့ အခွင်အရေးက သုညပင်။
ဆူဇီမိုသည် သူ့အင်္ကျီတွင်းမှ သိုလှောင်အိတ်တစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းသည် လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်ထံမှ ရလာခဲ့ခြင်း ဖြစ်၏။ သူသည် ၎င်းကို စုန့်ချီလက်ထဲ ထည့်ပေး၍ ပုခုံးကို ပုတ်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ကျုပ်သွားတော့မယ်... ဆူမိသားစုကိုတော့ ခင်ဗျားလက်ထဲ အပ်ခဲ့ရမှာပဲ”
ထို့သို့ပြောပြီးတာနှင့် ဆူဇီမိုသည် လှည့်ထွက်သွား၏။
အပြင်မှာ နှင်းများက စတင်ကျလာ၏။
ဤအရာသည် ဆောင်းဦးရာသီ၏ ပထမဆုံး နှင်းပင် ဖြစ်လေ၏။