← Chapters

နှင်းတောထဲက လေးနဲ့ဆေဘာ

Vol. 3 Ch. 42

နှင်းတောထဲက လေးနဲ့ဆေဘာ

Vol. 3 Ch. 42

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၂) - နှင်းတောထဲက လေးနဲ့ဆေဘာ

ဘာသာပြန်သူ - သန်းတိုးအောင်

ဆူဇီမိုသည် နှင်းတွေကြားမှ ကန်းလန်ရိုးမတည်ရှိရာဘက်သို့ ဦးတည် ပြေးလွှားသွားလိုက်၏။ သူ၏ ပြေးနှုန်းသည် တစ်ဖြည်းဖြည်း အရှိန်ပိုရကာ မြန်လာပြီး သူ့မျက်လုံးအကြည့်များ တည်ငြိမ်တောက်ပနေ၏။

ဆူဇီမိုသည် လဝက်လောက်ကြာသည်အထိ တစ်မှေးမျှ ကောင်းကောင်း မအိပ်စက်ရသေးချေ။

မင်းနေပြည်တော်က ပြင်းထန်တိုက်ပွဲအပြင် သူ့မှာ တစ်ခြားခက်ခဲကြမ်းတမ်းသော အချိန်များစွာ ရှိခဲ့၏။သူ့ခန္ဓာကိုယ်ထဲတွင် ကြက်သွေးရောင်မီးလျှံသစ်သီး၏ အဆီအနှစ်တို့ကို ချိတ်ပိတ်သိုလှောင်ထားသော်လည်း ထိုအရာက သူ့စိတ်၏ ပင်ပန်းနွမ်းနယ်မှုကိုတော့ ပြန်လည် အားဖြည့်မပေးနိုင်ချေ။

အခုထပ်လာမည့် တိုက်ပွဲက သူ့အတွက် တစ်ကယ့်စမ်းသပ်ချက် ဖြစ်လေသည်။

သေခြင်း ရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲ။

ဆူဇီမိုနေရာမှာ သာမန်ချီစုဖွဲ့တစ်ယောက်သာဆိုလျှင် သူသည် ကျိန်းသေပေါက် အသက်ဆုံးရှုံးရပေတော့မည်။

သို့သော်လည်း ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာက နတ်ဆိုးသားရဲ ဘုရင်၁၂ပါး၏ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ကို လေ့ကျင့်ထားသောကြောင့် သူ့မှာ လုံးလုံး အခွင့်အရေး မရှိတာတော့ မဟုတ်ပေ။

ဆူဇီမိုသည် တျဲယွဲ့ပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားနေမိ၏။

“သားရဲကျင့်ကြံသူတွေက အဆင့်ကျော် တိုက်ခိုက်သတ်ဖြတ်တဲ့နေရာမှာ အကောင်းဆုံးပဲ.. မင်းရဲ့ တိုက်ခိုက်ရည်အရဆိုရင် မင်းက အခြေတည်အဆင့် ကျင့်ကြံသူတွေကို မမှီသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာ ရှိနေမယ်ဆိုရင် မင်းသူ့ကို သတ်နိုင်တဲ့ အခွင့် အများကြီး ရှိတယ်”

ဆူဇီမိုသည် သူ၏ အနီးကပ်တိုက်ခိုက်ရည်ကိုသာ အားကိုးရပေတော့မည်။

သို့သော်လည်း ခက်တာက ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများသည် သူ၏ အနီးကပ်တိုက်ခိုက်ရည်ကို သိထားကြပြီးဖြစ်သည်။ သူတို့က သူ့ကို အနီးကပ်ခွင့် လုံးဝပေးမှာ မဟုတ်ပေ။

ဒါအပြင် ဆူဇီမိုသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် တစ်ခါမျှ မတိုက်ဖူးသောကြောင့် သူတို့၏ လှည့်ကွက်များနှင့် အကျွမ်းဝင်မနေပေ။

အဲ့ဒါက ဓါးပျံကို ထိန်းပြီး တိုက်တာပဲ မဟုတ်ဘူးလား။

အဲ့ဒီလောက် ရိုးရှင်းနေမှာ မဟုတ်သာ သူနားလည်ထားသည်။

ဆူဇီမိုသည် သူ၏ အမြန်ဆုံးနှုန်းဖြင့် ပြေးနေပြီး မကြာခင် ကန်းလန်ရိုးမ ဧရိယာအတွင်းသို့ ‌ရောက်လာလေ၏။

သာမန်လူတွေနှင့် မတူဘဲ၊ ကျင့်ကြံသူများသည် ခရီးတစ်ခုကို အလောတကြီးသွားချင်လျှင် သူတို့သည် ကောင်းကင်အထက် ပျံသန်းလာရပေမည်။ သူတို့သည် ပင်ယန်းမြို့သို့ အချိန်တိုအတွင်း ‌ရောက်ရှိချင်သည်ဆိုလျှင် ကန်းလန်ရိုးမအထက်ကနေ ပျံသန်းဖြတ်လာရပေမည်။

ဆူဇီမိုသည် ပျော်ရွှင်ဖွယ်ကလန်သားများကို ဒီနေရာကနေ စောင့်နေပြီး ချုံခိုတိုက်ခိုက်ရပေမည်။

ဆူဇီမိုသည် ကန်းလန်ရိုးမသို့ ပြန်ရောက်လာသောအခါ ဖော်မပြတတ်သော ရင်းနှီးကျွမ်းဝင်မှုကို ခံစားနေရ၏။

ဒီနေရာက သူ့ရဲ့ ပင်မတိုက်ပွဲမြေပြင် ဖြစ်ခဲ့ဖူး၏။

ဆူဇီမိုသည် ငွားငွားစွင့်စွင့် မြင့်မားလှသော သစ်ပင်အိုကြီး တစ်ပင်ကို တွေ့သောအခါ အပေါ်သို့ ဖက်တက်လိုက်၏။ သူသည် မျောက်ဝံ‌တစ်ကောင်ထက်ပင် ပို၍ ပေါ့ပါးနေသေး၏။

သံသယဖြစ်ဖွယ် လှုပ်ရှားမှုကို စောင့်ကြည့်ပြီး လက်ဦးမှုရယူလှုပ်ရှားနိုင်ဖို့ရာ သူသည် အမြင့်တစ်နေရာတွင် ရှိနေဖို့ လိုလေသည်။

ဆူဇီမိုသည် သစ်ပင်အိုကြီးပေါ်တွင် ထိုင်လိုက်ပြီး အေးမြစန္ဒာဆေဘာကို ဒူးပေါ်တွင် ကန့်လန့်ဖြတ်တင်ကာ မျှော်လင့်ချက်သလင်းလေးကို လက်ထဲမှာ ကိုင်ထားပြီး သူ့မျက်လုံးများကို မှိတ်ချလိုက်၏။

ဒါက သူ့အတွက် နောက်ဆုံး အနားယူဖို့ အခွင့်အရေးပင်။

နှင်းများက ပို၍ သည်းထန်လာ၏။

၎င်းက ဆက်လက်ကျဆင်းနေပြီး နေရာဝန်းကျင်တစ်ခုလုံးကို နှင်းများဖြင့် ဖုံးလွှမ်းသွား၏။

မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာမှာလည်း နှင်းပွင့်ချပ်လွှာဖြင့် ပိတ်ဖုံးသွားပြီး ၎င်းတို့၏ မူလပုံစံကို မမြင်ရတော့ချေ။

ဆူဇီမိုသည် အနားယူနေလျက်နှင့်ပင် အန္တိမနတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်၏ အသက်ရှူသွင်းရှူထုတ်ခြင်း နည်းလမ်းများကို လေ့ကျင့်နေဆဲဖြစ်၏။ သူ့ခန္ဓာကိုယ်က ပူနွေးလာပြီး သူ့ဦးခေါင်းထက်မှ အခိုးအငွေ့များ ထွက်လာ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ပူနွေးလာသော်လည်း သူနုလုံးသားကတော့ စက္ကန့်နှင့်အမျှ အေးစက်လာ၏။ သူထံမှ အေးစက်စက် သတ်ဖြတ်ခြင်းအော်ရာက ထွက်ပေါ်လာပြီး ကန်းလန်ရိုးမတစ်ခွင်ကို လွှမ်းခြုံသွားလေတော့၏။

ရုတ်တရတ်ဆိုသလို...

ဆူဇီမိုသည် မျက်လုံးဖွင့်၍ ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်၏။

ခပ်လှမ်းလှမ်းတစ်နေရာတွင် ငှက်တစ်အုပ်သည် တစ်စုံတစ်ရာကြောင့် ထိတ်လန့်သွားကြသလို စိတ်ညစ်ညူးဖွယ်ရာ အော်မြည်က ကောင်းကင်အထက်သို့ တောင်ပံများခတ်၍ ပျံသန်းသွားကြလေ၏။

သူတို့ ရောက်လာကြပြီ။

ဆူဇီမို ကန်းလန်ရိုးမသို့ ရောက်လာသည်မှာ နှစ်နာရီသာ ကြာမြင့်သေးသည်။

ဆူဇီမိုသည် သစ်ပင်ထက်ကနေ အသာယာ လျှောဆင်း၍ မြေပြင်နှင်းလွှာပေါ်သို့ တိတ်တိတ်လေး ဆင်းသက်လိုက်၏။ သူသည် မြားကျည်တောက်ထဲမှ နောက်ဆုံးလက်ကျန် မြားငါးချောင်းကို လက်ပြန်ဆွဲထုတ်ယူလိုက်ပြီး ငါးချောင်းစလုံးကို လေးကြိုးပေါ်တွင် တစ်ပြိုင်တည်း ဆွဲတင်လိုက်ကာ ခပ်လှမ်းလှမ်းတစ်နေရာဆီသို့ ဦးတည် ချိန်ရွယ်ထားလိုက်၏။

. . .

ကျင့်ကြံရေးလောကတွင် အသုံးများသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိးမှာ စိတ်ဝိညာဉ်ယာဉ်ပျံ ဖြစ်လေသည်။ ၎င်းသည် တည်ငြိမ်ခိုင်ခံ့၍ မြန်ဆန်ကာ များစွာ ဝင်ဆံ့၏။

ပျော်ရွှင်ဖွယ်ကလန်မှ စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းသည် ကန်းလန်ရိုးမအထက် လေထဲကနေ အရှိန်ဖြင့် ပျံသန်းလာနေ၏။

၎င်းယာဉ်ပျံပေါ်တွင် လူတစ်ရာကျော် ပါလာပြီး အများစုမှာ အဆင့် ၈ (သို့) ၉ (သို့) ပကတိအဆင့် ချီစုဖွဲ့စစ်သည်တော်များ ဖြစ်ကြ၏။ ရှေ့ဆုံးက ခေါင်းဆောင်ငါးယောက်မှာ ပျော်ရွှင်ဖွယ်ကလန်မှ အကြီးအကဲများ ဖြစ်ကြပြီး လေးယောက်မှာ စဦး-အခြေတည်အဆင့်များ ဖြစ်ကြကာ၊ ကျန်တစ်ယောက်တော့ အလယ်အလတ်-အခြေတည်အဆင့် ဖြစ်လေ၏။

ပျော်ရွှင်ဖွယ်ကလန်တွင် အခြေတည်အဆင့်ကျင့်ကြံသူများသာ အကြီးအကဲဆိုသော ဂုဏ်ပုဒ်အမည်ကို ခံယူခွင့် ရှိလေသည်။

ဆူဇီမိုက သတ်ဖို့ရာ ပျော်ရွှင်ဖွယ်ကလန်က သူတို့ ကလန်သား တစ်ဝက်နီးပါးလောက်ကို စေလွှတ်ခဲ့၏။ ဒီတာဝန်အပေါ် ပျော်ရွှင်ဖွယ်ကလန်က ဘယ်လောက်အလေးထားကြောင်း သိနိုင်လောက်ပေသည်။

တစ်ဖက်လူက ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ထိုကျင့်ကြံသူ၏ ကလန်ကို ရန်သွားစမိမည် စိုးသောကြောင့် ပျော်ရွှင်ဖွယ်ကလန်က ချင့်ချိန်စဉ်းစားဖို့ လိုလေသည်။

နောက်ဆုံးကုန်ကုန်ပြောရလျှင် ပျော်ရွှင်ဖွယ်ကလန်သည် ကလန်ငယ်လေးတစ်ခုသာ ဖြစ်လေသည်။ ထိုသို့မဟုတ်ပါက သူတို့ကလန်သည် ယန်တိုင်းပြည်လိုမျိုး ပြည်နယ်ငယ်လေးတစ်ခုနှင့် သွားပြီး လက်တွဲနေမှာ မဟုတ်ပေ။

သို့သော်လည်း ယခုအခါ ဆူဇီမိုက မော်တယ်တစ်ယောက်သာ ဖြစ်၏။ သူက သူ့မှာ ခန္ဓာကြံ့ခိုင်အသားပေး ကိုယ်ခံပညာနဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခု ရှိရုံနဲ့ သူတို့ကလန်ကို ရန်လာစလို့ ရရိုးလား။

ဆူဇီမိုသာ အသက်ရှင်နေပြီး ဆူမိသားစုက သုတ်သင်မခံရဘူးဆိုလျှင် ကျင့်ကြံရေးလောကတွင် သူတို့ကလန်က လူတစ်ကာ ဟားချင်စရာ ဖြစ်လာပေလိမ့်မည်။

“အကြီးအကဲ ချန်.. ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ကို ကောင်းတာနော်.. ကျုပ်တို့အားလုံး သူ့ကို အနား‌ပေးအကပ်ခံလို့ မဖြစ်ဘူး.. သင် သတိထားရမယ်နော်.. သူ့ကို လုံးဝ အနားကပ်မခံနဲ့သိလား” အကြီးအကဲချန်ဘေးတွင် မတ်တပ်ရပ်နေသော ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က စကားမမှားစေရန် သတိထားပြောလိုက်ပြီး စေတနာနှင့် သတိပေးလိုက်၏။

အံ့သြစရာပင် အကြီးအကဲချန်က မျက်နှာပျက်သွားပြီး နှာခေါင်းရှုံ့လိုက်၏။

“အခြေတည်အဆင့်ကျင့်ကြံသူတွေက မင်းတို့လို ချီစုဖွဲ့အဆင့်တွေနဲ့ တူတယ်များ ထင်နေတာလား.. မင်း ငါ့ကို လာပြီး သတိပေးနေစရာ မလိုဘူး”

နောက်ထပ် အကြီးအကဲတစ်ယောက်က လှောင်ရယ်ပြောလိုက်၏။

“မင်းတို့ဆူဇီမိုက ငါတို့အနားတောင်ရောက်အောင် ကပ်နိုင်မှာ မဟုတ်ဘူး.. အေး ကပ်နိုင်တယ်ထားဦး သူ ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်ပါတယ်..ဟုတ်ပါတယ်.. အကြီးအကဲကောင်း ပြောတာ မှန်ပါတယ်ဗျ” စောစောက ချီစုဖွဲ့စစ်သည်တော်သည် ရှက်ရွံ့သွားဟန်ဖြင့် ကမန်းကတန်း အပြုံးတစ်ခု လုပ်ယူရင်း ပျာပျာသလဲ ပြောလိုက်လေ၏။

ချီစုဖွဲ့စစ်သည်တော်ကို တစ်စုံတစ်ရာကို ပြောချင်နေပုံရ၏။ သို့သော်လည်း သူသည် တုံ့ဆိုင်းသွားပြီးနောက် မပြောဖို့ ဆုံးဖြတ်လိုက်၏။

“မင်း ပြောချင်တာရှိရင် ပြောပါ” တစ်ဦးတည်းသော အလယ်အလတ်-အ‌ခြေတည်အဆင့် ကျင့်ကြံသူက ပြောလိုက်၏။

ချီစုဖွဲ့စစ်သည်တော်သည် ကြောက်ရွံ့လာဟန်ဖြင့် သူ့နုလုံးသားက တစ်ဒိတ်ဒိတ်ခုန်လာပြီး

“အကြီးအကဲချမ့် အဲ့လူမှာ မျှော်လင့်ချက်သလင်းလေးလို့ ခေါ်တဲ့ လေးတစ်လက်ရှိတယ်.. အဲ့လေးကနေ ထွက်လာတဲ့ မြားတွေက အရမ်းပြင်းထန်ပြီးတော့ တစ်အားမြန်တယ်ဗျ.. မြားချက်တွေက သိပ်ပြီး မတိကျပေမယ့်လို့ တာတိုအကွာအဝေးမှာဆို အဲ့ဒါက အရမ်းအန္တရာယ်များတယ်ဗျ.. အကြီးအကဲတို့အားလုံး ဂရုစိုက်ကြပါနော်” ဟု မျက်နှာငယ်လေးနှင့် ပြောလိုက်လေ၏။

“ဟီး ဟီး”

အကြီးအကဲချမ့်က ရယ်သွေးလိုက်၏။ သူ့မျက်လုံးများက အထင်သေး၊ ဂရုမစိုက်ဟန်ပြနေပြီး ဘာမျှတော့ ပြန်မပြောပေ။

အကြီးအကဲကောင်းက အကျယ်ကြီး ရယ်ချလိုက်ပြီး

“မင်းတို့ကောင်တွေ အကုန်လုံး သောက်သုံးမကျတဲ့ကောင်တွေ.. ဘယ်လိုဖြစ်လို့ မော်တယ်တစ်ယောက်လက်ထဲက လေးနဲ့မြားကို အဲ့လောက်ထိ ကြောက်နေရတာလဲ.. မင်းတို့ကြောင့် ကလန်က အရှက်ရစရာပဲ.. ငါတို့ သူနဲ့တွေ့တဲ့အခါ သူမြားတွေကို ပစ်စမ်းပါစေ.. ထက်လှပါတယ်ဆိုတဲ့ သူ့မြားတွေကို ငါဘယ်လိုချိုးပစ်မလဲ မင်းကို ပြရသေးတာပေါ့” ဟု ပမာမခန့်နှင့် ရယ်မော ပြောဆိုလိုက်၏။

အကြီးအကဲကောင်းတစ်ယောက် အားရပါးရ ရယ်မောနေဆဲမှာပင် စိတ်ဝိညာဉ်ယာဉ်ပျံ၏ အရှေ့တည့်တည့် သစ်ပင်တစ်ပင်ဘေးမှ ပုံရိပ်တစ်ခုက ပေါ်လာ၏။ ထိုသူက လက်ထဲတွင် ကြီးမားသော လေးကြီးတစ်လက်ကို အဆင်သင့် ချိန်ရွယ်ထား၏။

“အမ်.. သတ်ဖြတ်ခြင်းအော်ရာပဲ”

မူလက စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် တင်ပျဉ်ခွေခြေချိတ်ထိုင်နေသော အကြီးအကဲချမ့်က ရုတ်တရတ် ရင်ထိတ်သွားပြီး သူ့သိုလှောင်အိတ်ထဲမှ အဆောင်တစ်ခုကို ဆွဲထုတ်လိုက်ကာ လက်ဖြင့် ဖိချေလိုက်ပြီး

“သတိထားဟေ့”

“ရွှစ်”

လေထဲတွင် မြားလေခွင်းလာသောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

မြားငါးချောင်းသည် တစ်လက်လက်နှင့် ပျော်ရွှင်ဖွယ်ကလန်သားများ ရှေ့မှောက် ချက်ခြင်းရောက်ချလာလေ၏။

ရှေ့ဆုံးမှ အကြီးအကဲငါးယောက်က ပထမဆုံး ပစ်မှတ်ဖြစ်လာလေ၏။

အကြီးအကဲချမ်ကလည်း လျှင်မြန်စွာ တုန့်ပြန်လိုက်၏။ အကြီးအကဲချမ့်လိုပင် သူလည်းပဲ အဆောင်တစ်ခုကို ထုတ်ယူ ချိုးခြေလိုက်သောအခါ သူ့ဘေးပတ်လည်တွင် တစ်လက်လက်နှင့် အလင်းလွှာတစ်ခုက လွှမ်းခြုံသွားလေ၏။

အခြား အကြီးအကဲ နှစ်ယောက်ကလည်း သူတို့၏ ဓါးပျံများကို ဆွဲထုတ်လိုက်ကြပြီး သူတို့ရှေ့ကနေ ကန့်လန့်ဖြတ် ကာထားလိုက်ကြ၏။

နမော်နမဲ့နှင့် အထိန်းကွပ်မဲ့စွာ ရယ်နေသော အကြီးအကဲကောင်းတစ်‌ယောက်သာ တုန့််ပြန်မှုနောက်ကျသွားပြီး သူ့မျက်လုံးထဲ ကြောက်ရွံ့တုန်လှုပ်မှုက ချက်ခြင်းဝင်ရောက်လာလေ၏။

‌ဖောက်!

အလင်းတန်းတစ်ခုက သူ့ရင်အုပ်ထဲကို တိုးလျှိုပေါက် ဖောက်ဝင်သွားပြီး အကြီးအကဲကောင်း၏ ကိုယ်ထဲမှ သွေးများက ပန်းထွက်လာလေ၏။

မြားက သူ့နုလုံးကို ဖောက်မသွားသော်လည်း ဒဏ်ရာဖြစ်ပေါ်လာရာနေရာမှ ကြောက်စရာ စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာပြီး အကြီးအကဲကောင်း၏ အသက်ဓါတ်ကို တစ်စစီ ဖျက်ဆီးပစ်လိုက်လေ၏။

အကြီးအကဲကောင်းက စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် လှုပ်ရှားမှုမရှိ ရပ်တန့်နေဆဲဖြစ်၏။ သူ့မျက်လုံးထဲတွင် နောင်တရားများက ပြည့်နှက်လာပြီး

“အဲ့မြားကွာ သောက်ရမ်း မြန်တာပဲ” ဟု တိုးတိုးလေး ရေရွတ်ရင်း လဲကျသွားလေတော့၏။

အခြေတည်အဆင့်ကျင့်ကြံသူတစ်‌ယောက်... သေလေပြီ။

All Chapters