← Chapters

အသက်လု ပြေးရချေပြီ

Vol. 3 Ch. 43

အသက်လု ပြေးရချေပြီ

Vol. 3 Ch. 43

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၃) – အသက်လု ပြေးရချေပြီ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ကန်းလန်ရိုးမမှာ တစ်နှစ်ကြာ နေခဲ့ပြီးနောက် ဆူဇီမိုသည် တိုက်ခိုက်ခြင်း သဘောသဘာဝများကို အတော်အတန် နားလည်လာခဲ့၏။

တိုက်ပွဲတစ်ခုအပေါ် အကျိုးသက်ရောက်စေသော အချက်များစွာ ရှိ၏။ လူတစ်ယောက်၏ တိုက်ခိုက်ရည်က အခြေခံအကျဆုံး ဖြစ်သော်လည်း ၎င်းတစ်ခုတည်းတော့ မဟုတ်ပေ။

ရာသီဥတု၊ စိတ်ဓါတ်ခွန်အား၊ ပတ်ဝန်းကျင်အနေအထား၊ ကြိုတင်ပြင်ဆင်မှုများနှင့် အမျိုးမျိုးသော အချက်အလက်များက တိုက်ပွဲတစ်ပွဲ၏ အလှည့်အပြောင်းကို ဖြစ်ပေါ်စေနိုင်ပြီး အနိုင်ရသူကို ဆုံးဖြတ်ပေးနိုင်၏။

ယခုအခါသမယတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် ရာသီဥတု အနေအထားက ဆူဇီမို၏ အားသာချက် ဖြစ်လာ၏။

တစ်ဖက်အဖွဲ့က ဘာမျှ ပြင်ဆင်ထားမှု မရှိချိန်တွင် တစ်ဖက်ကတော့ ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့၏။

နှင်းများက ထူပိန်းစွာ ကျဆင်းနေပြီး အမြင်အာရုံကို ဖုံးကွယ်ထားသောကြောင့် အကွာအဝေး အနည်းငယ်အတွင်းသာ မြင်နိုင်ကြ၏။ ပျော်ရွှင်ဖွယ်ကလန်က လူများ သတိဝင်လာချိန်တွင် မြားငါးစင်းက သူတို့ရှေ့မှောက် ရောက်ရှိလာပေပြီ။

ခလန်! ခလန်! ခလန်!

မြားငါးချောင်းထဲမှ နှစ်ချောင်းက အကြီးအကဲနှစ်ယောက်၏ အလင်းဒိုင်းကာကို ထိမှန်သွားပြီး အလင်းဒိုင်းကာက အနည်းငယ် တုန်ယင်သွားကာ မြားများက ပြန်ကန်ထွက်သွား၏။

အခြားမြားနှစ်ချောင်းကတော့ နောက်ထပ်အကြီးအကဲနှစ်ယောက်၏ ပိတ်ကာထားသော ဓါးပျံများနှင့် ထိတွေ့ရပ်တန့်သွား၏။

‌သို့သော်လည်း နောက်မြားတစ်ချောင်းကတော့ အကြီးအကဲကောင်း၏ ရင်အုပ်ကို တိုးလျှိုပေါက် ဖောက်ဝင်သွားပြီး သူ့နောက်ရှိ များစွာသော ချီစုဖွဲ့စစ်သည်တော်များကို ထိခိုက်ပျက်စီးစေကုန်လေ၏။

စဦး-အခြေတည်အဆင့် အကြီးအကဲကောင်းသည် အငိုက်မိသွားပြီး မြားတစ်ချက်တည်းဖြင့် အသက်ပျောက်သွားရပေပြီ။

အကြီးအကဲ၏ ရင်အုပ်ကို ဖောက်ထွက်သွားပြီးနောက် မြားက အားပျော့သွားပုံမရဘဲ လေထဲတွင် ဆက်လက်ပစ်ခွင်းသွား၏။

စိတ်ဝိညာဉ်ယာဉ်ပျံက သိပ်အကျယ်ကြီး မဟုတ်ပေ။ ချီစုဖွဲ့စစ်သည်တော် တစ်ရာကျော်က အကြီးအကဲငါးယောက်၏ အနောက်တွင် ငါးတန်းခွဲ၍ ရပ်နေကြ၏။ အကြီးအကဲကောင်း၏ အနောက်တွင် ရပ်နေကြသော ချီစုဖွဲ့စစ်သည်တော် အယောက် နှစ်ဆယ် ရှိလေသည်။

အခြေတည်အဆင့် ကျင့်ကြံသူတောင် အချိန်မီ အတုံ့ပြန်နိုင်မှတော့ ချီစုဖွဲ့စစ်သည်တော်များဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ချီစုဖွဲ့စစ်သည်တော် အယောက်နှစ်ဆယ်သည် ဝင်လာသောမြားကိုပင် မြင်လိုက်ရခြင်း မရှိဘဲ သူတို့၏ ရင်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူတို့ ခန္ဓာကိုယ်ထဲရှိ အသက်ဓါတ်များက လျှင်မြန်စွာ ခမ်းခြောက်လာပြီး မျက်လုံးများက အရောင်မှိန်သွားကာ တစ်ဘုန်းဘုန်း လဲကျကုန်လေတော့၏။

ဒီမြားက လွန်စွာ အားကောင်းလွန်းလှ၏။

ကျင့်ကြံသူ နှစ်ဆယ့်တစ်ယောက်၏ အသွေးအသားများကို ဖောက်ဝင်ပြီးနောက် မြားသည် ဟိုးအနောက်ရှိ သစ်ပင်အိုကြီး တစ်ပင်တွင် သွားစိုက်နေပြီး တစ်ဆတ်ဆတ် လှုပ်ခါနေ၏။

“အဲ့ဒါ သူပဲ”

“အဲ့ဒါ ဆူဇီမိုဟ”

ဆူဇီမိုက မှတ်မိသော ချီစုဖွဲ့စစ်သည်တော်အချို့က အော်ဟစ်လိုက်ကြ၏။

“ယာဉ်ပျံကို နောက်ပြန်ဆုတ် ... သူ့ကို ဝိုင်းပြီး သတ်ကြစမ်းကွာ”

အကြီးအကဲချမ့်က လွန်စွာ ဒေါသထွက်သွားပြီး ပြင်းထန်စွာ အော်ဟစ်လိုက်လေ၏။

ကျန်ရှိသော အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက်သည် မြားများက သူတို့ကို မထိခိုက်စေခဲ့သော်လည်း သူတို့ရင်ထဲမှာတော့ အတော်လေး လန့်ဖျန့်သွားကြ၏။

သူတို့သာ တုံ့ပြန်မှု အနည်းငယ် နှေးသွားခဲ့လျှင် အခုလောက်ဆို အ‌လောင်းကောင် ဖြစ်နေလောက်ပေပြီ။

ရွှစ်! ရွှစ်! ရွှစ်!

များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် ယာဉ်ပျံပေါ်မှ ကောင်းကင်အထက်သို့ ခုန်တက်လိုက်ကြပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြကာ ဆူဇီမိုကို တစ်ပြိုင်တည်း ဝိုင်းတိုက်လိုက်ကြလေ၏။

တစ်စက္ကန့်အတွင်းမှာပင် များစွာသော လက်နက်များသည် လေကိုခွင်း၍ တစ်လက်လက်နှင့် ထွက်ပေါ်လာကြလေ၏။ ၎င်းသည် မျက်စိကျိန်းလောက်စရာဖြစ်ပြီး ဓါးအော်ရာများက ပတ်ဝန်းကျင်တစ်ခွင် လွှမ်းခြုံသွားလေ၏။

တစ်ကယ်တော့ ဆူဇီမိုသည် သူ့ကိုယ်သူ ကလန်ကလူများနှင့် ယှဉ်တိုက်နိုင်လိမ့်မည်ဟု ထင်မထားပေ။ စောစောကမြားဖြင့် အခြေတည်အဆင့် တစ်ယောက်ကို သတ်လိုက်နိုင်တာပင် တော်တော် ကံကောင်းလှနေပေပြီ။

ထို့ကြောင့် ဆူဇီမိုသည် မြားငါးချောင်းကို ပစ်လွှတ်ပြီးတာနှင့် တုန့်ဆိုင်းခြင်းမရှိ ချာကနဲ လှည့်ထွက်ကာ ပြေးနှင့်နေပေပြီ။

“ဇီ ဇီ”

ပျော်ရွှင်ဖွယ်ကလန်မှ အကြီးအကဲနှစ်ယောက်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။ ဓါးပျံနှစ်ချောင်းတွင် အလင်းကွက်တစ်ခုစီ ပေါ်လာပြီး ၎င်းတို့က ဆူဇီမို၏ နောက်စေ့ကို ချိန်ရွယ်၍ လှစ်ကနဲ ပြေးထွက်သွားလေ၏။

ဓါးများက ‌ရောက်မလာသေးခင်မှာပင် ဆူဇီမို၏ ဦးရေပြားက စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားလာရလေ၏။

“ထိပ်တိုက်‌ရင်ဆိုင်လို့တော့ မဖြစ်ချေဘူး”

အခြေတည်အဆင့် ကျင့်ကြံသူများ၏ ဓါးပျံများကို သူ့ရှိသမျှအားဖြင့် ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်မည်ဆိုလျှင် သူ ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ကြောင်း ဆူဇီမို ကောင်းကောင်းသိ၏။

အကြီးအကဲချန်သည် သိုလှောင်အိတ်ထဲမှ ပိတ်စရှည်တစ်ခုကို ဆွဲထုတ်လိုက်ပြီး လေလာရာလမ်းကြောင်းအထက် မြှောက်ကိုင်လိုက်၏။ ထိုစတုဂံပုံသဏ္ဍာန် ပိတ်စရှည်ပေါ်တွင် သွေးပျက်ဖွယ်ရာ တစ္ဆေတစ်ကောင်ပုံစံ ကြောက်လန့်စရာ ပန်းချီပုံတစ်ခု ရှိနေ၏။

ရုတ်တရတ်ဆိုသလို..

ထိုပိတ်စရှည်ပေါ်တွင် အလင်းတစ်ချက်က ဖျတ်ကနဲ လက်သွား၏။ သွေးပျက်ဖွယ်ရာ ထိုတစ္ဆေက ရုတ်တရတ် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး ဆူဇီမိုကို ‌ဒေါမာန်အမျက်ထနေသော မျက်နှာနှင့် စိုက်ကြည့်လိုက်၏။ ဆူဇီမိုသည် ခေါင်းနပန်းများ ကြီးလာလေ၏။

ဆူဇီမိုတစ်ယောက် မူးဝေထုံထိုင်းသွားပြီး မျက်လုံးများ ဝါးလာကာ စတင်ပြီး သတိလက်လွတ် ဖြစ်ချင်လာ၏။

သူ့ရင်ထဲ သိမ့်ကနဲ လှုပ်သွားပြီး ထိုအရာကို ထပ်မကြည့်ရဲတော့ချေ။ သူ့လျှာကို ကိုက်လိုက်ပြီး သတိလွတ်မသွားစေရန် ကြိုးစားကာ ရှေ့သို့ ဆက်တိုက် ပြေးထွက်လိုက်၏။ သူသည် ပြေးရင်းနှင့် ဘယ်ညာ ကွေ့ပတ် လျှောက်သွားကာ သူ့နောက်မှ ကပ်ပါလာသော စိတ်ဝိညာဉ်လက်နက်များစွာကို ရှောင်ရှားလိုက်၏။

ဒီနေရာမှာ အာရုံခံသတိစိတ်က စကားပြောလာလေ၏။

ရိုးသားစွာ ပြောရလျှင် တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် အာရုံက သတိစိတ်က သိပ်ပြီး အသုံးမဝင်လှပေ။

သို့သော်လည်း ယခုကဲ့သို့ တစ်ဖွဲ့ဖွဲ့ကျရောက်လာသော တိုက်ခိုက်မှုများစွာအောက်တွင် အလင်းတန်းများက တစ်ဖျတ်ဖျတ်၊ လက်နက်ချင်း ထိခတ်သံများက တစ်ချပ်ချပ်နှင့် လူတစ်ယောက်၏ အမြင်အာရုံတို့နှင့် အကြားအာရုံတို့က သေချာစွာ ပိုင်းခြား အလုပ်မလုပ်နိုင်တော့ပေ။

ဆူဇီမိုသာ ဝင်လာသော ဓါးပျံကို စောင့်ကြည့်ပြီး ‌ရှောင်ရှားလျှင် အဲ့ဒါက လွန်စွာ နောက်ကျနေပေလိမ့်မည်။

သို့သော်လည်းပဲ အာရုံခံသတိစိတ်ကတော့ ထူးခြား၏။

၎င်းသည် ကြည့်စရာ၊ နားထောင်စရာ မလိုဘဲနှင့် ကျ‌ရောက်လာတော့မည့် အန္တရာယ်ကို ကြိုသိနိုင်လေသည်။

အန္တရာယ်ကျရောက်လာ‌တော့မည်ဟု အာရုံခံသတိစိတ်က သတိပေးချိန်တွင် ဆူဇီမိုသည် နောက်ကိုလှည့်ကြည့်စရာ မလိုဘဲနှင့် ရှောင်ချလိုက်ပေပြီ။ ထိုအခါ သူ့ဘေးမှ ဓါးပျံတစ်ချောင်းက ပွတ်ကာသီကာ ကပ်လွဲကာ ထွက်သွားပေလိမ့်မည်။

စောစောတုန်းက ဆူဇီမိုသည် မြားငါးချောင်းကို တစ်ခါတည်းနှင့် ပစ်လွှတ်လိုက်ရခြင်းမှာ သူစတင်တိုက်ခိုက်လိုက်တာနှင့် တစ်ဖက်အဖွဲ့က သူ့ကို နောက်ထပ် မြားများထပ်ပစ်ဖို့ အခွင့်အရေး လုံးဝ ပေးတော့မှာ မဟုတ်ဘူးဆိုတာ သိနေသောကြောင့်ဖြစ်သည်။

ယခု အခြေအနေက သူ့ကို ပိုသေချာသွားစေ၏။

တိုက်ခိုက်မှုများက သူ့ဆီသို့ မုန်တိုင်းထဲတွင် မိုးရွာချသလို တဖွဲဖွဲနှင့် ကျဆင်းလာနေ၏။ မြားတစ်စင်း ပြန်ပစ်ဖို့ နေနေသာ တစ်ခဏလောက် ရပ်တန့်လိုက်လျှင်ပင် နေရာမှာ ပွဲချင်းပြီး အသက်ပျောက်သွားနိုင်၏။

ဝီ! ဝီ! ဝှစ်! ဝှစ်!

လူတစ်ယောက်၏ ဝိညာဉ်ကိုပင် လွင့်ထွက်သွားစေလောက်သော သွေးပျက်စရာ အသံများကို ကြားလိုက်ရ၏။

ဆူဇီမို၏ နုလုံးသည် ရုတ်တရတ် ဒိတ်ကနဲ ခုန်သွား၏။ သူသည် ရှေ့သို့ သွားနေသော အရှိန်ကို အတင်းထိန်းချုပ်ရပ်တန့်လိုက်၏။ ထို့နောက် အေးမြစန္ဒာဆေဘာကို ဆွဲထုတ်လိုက်ကာ နောက်ပြန်လှည့်၍ သူ့ထံသို့ ဝင်လာသော ဓါးပျံတစ်ဒါဇင်ကျော်ကို ပိတ်ဆို့ကာကွယ်လိုက်၏။

ဆူဇီမိုသည် ဓါးပျံများမှ အားကို အလိုက်သင့်ယူလိုက်ပြီး သူ့ကိုယ်ကိုစောင်း၍ လှဲချကာ မြေပေါ်တွင် လှိမ့်လိုက်လေ၏။

ဘုန်း!

ဘုန်းကနဲမြည်သံက ထွက်ပေါ်လာ၏။

ဆူဇီမို တစ်ချက်ငဲ့ကြည့်လိုက်သောအခါ စောစောက သူရပ်တန့်ခဲ့သော နေရာနှင့် သုံးလက်မလောက် အကွာကို အဝိုင်းသဏ္ဍာန် စိတ်ဝိညာဉ်လက်နက်တစ်ခုက ဘုန်းကနဲ ပစ်ကျလာပြီး ကြီးမားသော ချိုင့်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေ၏။

စောစောကသူသာ ခြေလှမ်းဝက်လောက်လေး ရှေ့ဆက်တိုးမိလိုက်လျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထိုစိတ်ဝိညာဉ်လက်နက်နှင့် ထိမိကာ ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ဆူဇီမိုသည် အနီးကပ်သေချာကြည့်လိုက်သောအခါ ထိုအဝိုင်းသဏ္ဍာန် စိတ်ဝိညာဉ်လက်နက်ပေါ်တွင် စိတ်ဝိညာဉ်အင်းကွက် နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

၎င်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်၏။

သူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးမှ လှုပ်ရှားလိုက်သည့် သေချာသောသတ်ဖြတ်ခြင်းအကွက်ကို ဆူဇီမို ရှောင်လိုက်နိုင်တာကို ကြည့်ပြီး အကြီးအကဲချမ့်က အေးစက်စွာ လှောင်ရယ်လိုက်၏။ သူသည် အဝိုင်းသဏ္ဍာန် စိတ်ဝိညာဉ်လက်နက်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ဆူဇီမိုထံသို့ နောက်တစ်ခေါက် ပစ်ပေါက်လိုက်၏။

ဆူဇီမိုသည် သူ့ခြေလက်များကို သုံး၍ မြေပေါ်တွင် ဝပ်ကာ တွားသွားလိုက်၏။ သူခန္ဓာကိုယ်က အလိုက်သင့်လှုပ်ရှား၍ နှင်းလွှာများပေါ် ပေါ့ပါးစွာ လျှောထိုးသွားလိုက်ပြီး လှပသော လမ်းကြောင်းရာတစ်ခုက နောက်မှာ ကျန်ခဲ့၏။

ဓါးပျံတစ်ချောင်းက သူ့ခန္ဓာပေါ်သို့ ကျ‌ရောက်တော့မည်ဆဲဆဲမှာပင် ဆူဇီမိုသည် အံ့သြစရာကောင်းစွာ အချိန်မီရုံလေး တွန့်လိမ်ရှောင်ရှားလိုက်၏။ သူသွားနေသော အရှိန်က နည်းနည်းလေးမှ လျော့ကျမသွားချေ။

ကျင့်ကြံသူများ၏ ရင်ထဲတွင် မကျေမချမ်းနှင့် ဒေါသများက တလိပ်လိပ်တက်လာပြီး ပို၍ ပြင်းထန်ရက်စက်စွာ ထပ်ပြီး တိုက်ခိုက်လိုက်ကြ၏။

ဘုန်း! ဘုန်း! ဘုန်း!

စိတ်ဝိညာဉ်လက်နက်များက ပွတ်ကာသီကာနှင့် လွဲချော်သွားပြန်ပြီး မြေပြင်ပေါ်သို့ တစ်ဘုန်းဘုန်း ပစ်ကျကုန်လေ၏။

သဲကျောက်များ၏ ပွတ်တိုက်မှုကြောင် ဆူဇီမို၏ ခန္ဓာကိုယ်သည် စပ်ဖျဉ်းဖျဉ်းနှင့် အနည်းငယ် နာကျင်လာလေ၏။

ဆူဇီမိုသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။ သူအံကြိတ်ကာ တောင့်ခံလိုက်သောကြောင့် သူ့ပုံစံက ပြန်တည်ငြိမ်သွား၏။

ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများသည် ဤကဲ့သို့သော လှုပ်ရှားမှု နည်းစနစ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

၎င်းသည် မြင်းတစ်ကောင်လို ဒုန်းစိုင်းခြင်း၊ မျောက်ဝံတစ်ကောင်လို ပေါ့ပါးခြင်းနှင့် စပါးအုံးတစ်ကောင်လို ခုတ်ထွင်ရှင်းလင်းသွားခြင်းတို့ကို အချိုးကျ ပေါင်းစပ်ထားပုံ ရလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း သူသိထားသော အသိဉာဏ်ထက် ကျော်လွန်နေ၏။

သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့် ‌ကျော်ကြားလှပါသည်ဆိုသော စိတ်ဝိညာဉ်တောကောင်များပင်လျှင် ဤလူကို မီနိုင်မည်မထင်ပေ။

“ကောင်လေး.. ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီနေ့သေရမှာပဲ.. မင်းဘယ်လောက်ထိ ဆက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာ‌ပေါ့” အကြီးအကဲချန်က ‌ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့လက်ထဲက ပိတ်စရှည်ကို ဝေ့ယမ်းလိုက်၏။ ၎င်းပေါ်ရှိ သွေးပျက်ဖွယ်ရာ တစ္ဆေက သူ့ပါးစပ်ကို ဟလိုက်ပြီး အမည်းရောင် မြူခိုးငွေ့များကို ထုတ်လွှတ်လိုက်လေ၏။

သို့သော်လည်း ပြင်းထန်စွာ တိုက်ခတ်နေသောလေနှင့် သည်းထန်စွာ ကျဆင်းနေသော နှင်းများကြောင့် တစ္ဆေပါးစပ်မှ ထွက်လာသော အမည်းရောင် မြူခိုးငွေ့များသည် နောက်သို့ပြန်ကာ လွင့်သွားပြီး ဆူဇီမိုဘက်သို့ သွားရမည့်အစား ပျော်ရွှင်ဖွယ်ကလန်မှ ချီစုဖွဲ့စစ်သည်‌တော်များထံသို့ ရောက်သွား၏။

များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် အငိုက်မိသွားကြကာ ထိုအမည်းရောင် မြူခိုးငွေ့များကို ထိတွေ့ကာ ရှူလိုက်မိကြ၏။ ရုတ်တရတ်ဆိုသလို သူတို့၏ အသားအရေများသည် ခရမ်းပြာ‌ရောင်သို့ ပြောင်းသွားပြီး နဖူးများက မည်းနက်လာလေ၏။ သူတို့သည် ဟန်ချက်ပျက်သွားကြပြီး လေထဲကနေ ပြုတ်ကျတော့မလို ဖြစ်ကုန်ကြ၏။

သူတို့သည် သိုလှောင်အိတ်ထဲကနေ ‌ဆေးလုံးများကို အလောတကြီး ထုတ်ယူလိုက်ကြပြီး မျိုချလိုက်မှသာလျှင် အဆိပ်ဓါတ်က တစ်ဖြည်းဖြည်း ပျက်ပြယ်သွား၏။

အကြီးအကဲချန်၏ စိတ်ဝိညာဉ်ပိတ်စက အ           ဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သော်လည်း တစ်ဖက်လူ၏ စိတ်နုလုံးကို ခြောက်ခြားသွားအောင် ပြုလုပ်နိုင်စွမ်းရှိလေသည်။

သေရေးရှင်ရေး တိုက်ပွဲများ၌ အနည်းငယ် အာရုံပျက်ယွင်းသွားလျှင်ပင် အသက်နှင့်ကိုယ် အိုးစားကွဲသွားနိုင်လေသည်။

သူ၏ ဝှက်ဖဲက ဆူဇီမိုက မထိခိုက်ဘဲ သူ့လူများကိုသာ ဝရုန်းသုန်းကား ဖြစ်သွားစေလိမ့်မည်ဟု အကြီးအကဲချန်တစ်ယောက် လုံးဝ မတွေးခဲ့မိချေ။

ဤမြင်ကွင်းကို ကြည့်ပြီး အကြီးအကဲချမ့်က ‌ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်၏။

“မင်းက သောက်ရူးပဲ.. မင်းရဲ့ အဝတ်စုတ်ကြီးက ချထားပြီး အဲ့ကောင်နောက်ကိုသာ သေချာလိုက်စမ်းပါကွာ.. သူသိပ်ကြာကြာ မပြေးနိုင်လောက်တော့ဘူးကွ”

အကြီးအကဲချန်၏ ရွတ်တွနေသော မျက်နှာက ပို၍ အရုပ်ဆိုးသွား၏။ ဖြစ်သမျှ အားလုံးကို ဆူဇီမိုအပေါ်တွင်သာ အပြစ်ပုံချလိုက်ပြီး သူ့ရင်ထဲက သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန် အားကောင်းလာလေတော့၏။

All Chapters