← Chapters

အချိန်ကိုက် တိုက်ခိုက်မှု

Vol. 3 Ch. 44

အချိန်ကိုက် တိုက်ခိုက်မှု

Vol. 3 Ch. 44

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၄) – အချိန်ကိုက် တိုက်ခိုက်မှု

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ပျော်ရွှင်ဖွယ်ကလန်မှ လူများသည် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသောအခါ ဆူဇီမိုက အားတက်သွား၏။ သူသည် ထခုန်၍ ရှေ့သို့ ထောင့်ဖြတ်ထိုးတက်လိုက်ပြီး နတ်မြင်း လျှပ်တစ်ပြက် ပြေးထွက်ခြင်း နည်းစနစ်ကို သုံးကာ ကမူးရှူးသိုး ပြေးချသွားလေ၏။

အကြီးအကဲချမ့်တို့အုပ်စုလည်း မျက်ခြေမပျက်စေရန် အတင်းထိုးလိုက်သွားကြ၏။

ရှေ့ရှိ မလှမ်းမကမ်းနေရာတွင် မတ်စောက်သော တောင်ကုန်းတစ်ခု ရှိနေ၏။

အကြီးအကဲချမ့်တို့အုပ်စုသည် မျက်နှာများ ဝင်းလက်သွားကြ၏။

ဆူဇီမိုသည် ဓါးပျံခြင်းနည်းလမ်းကို မသုံးတတ်ပေ။ သူသည် ထိုတောင်ကုန်းကို ဖြတ်သွားဖို့ဆိုလျှင် ကွေ့ပတ်သွားမှသာ ရပေလိမ့်မည်။ ထိုအခါ သူတို့သည် သူ့ကို အမီလိုက်နိုင်သွားမည်ဖြစ်ပြီး ဝိုင်းရံပိတ်ဆို့နိုင်ပေမည်။

အရှင်ဖမ်းမိဖို့တောင် ဖြစ်သွားနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ဘာကြောင့် သူ့အရှိန်ကို လျှော့မချဘဲ တောင်ကုန်းခြေသို့ ဆက်လက်ပြေးနေတာလဲဆိုတာ သူတို့ နားမလည်ကြချေ။

“ဒီကောင်က သူ့ကိုယ်သူ သတ်သေချင်နေတာလား.. သူ့ကိုယ်သူ ကျောက်နံရံနဲ့ ပစ်တိုက်ပြီးတော့လေ” ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

သူ့စကားဆုံးကာစလေးမှာပင် အကြီးအကဲချမ့်က ပဟေဠိဆန်စွာ ဝေခွဲမရ အံ့အားသင့်သွားလေသည်။

ဆူဇီမိုသည် တောင်ခြေနားသို့ ရောက်သောအခါ ထူးဆန်းစွာ ရုတ်တရတ် ပျောက်ကွယ်သွား၏။

ပျော်ရွှင်ဖွယ်ကလန်သားများလည်း ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်လိုက်ကြပြီး အနီးကပ်ကြည့်လိုက်ကြ၏။ တောင်ခြေရင်းတွင် လိုဏ်ဂူပေါက်ဝတစ်ခု ရှိနေတာကို တွေ့လိုက်ရ၏။

လိုဏ်ဂူအတွင်းပိုင်းသည် နက်ရှိုင်း၍ အေးစက်မည်းမှောင်နေ၏။ ထိုအထဲတွင် အလွန်ကြောက်စရာကောင်းလှသော တောကောင်တစ်ကောင်က ပျော်ရွှင်ဖွယ်ကလန်းသားများ အထဲသို့ ဝင်အလာကို ဝပ်၍ ‌စောင့်ဆိုင်းနေသလိုပင်။

လိုဏ်ဂူလမ်းကြောင်းက သေးငယ်ကျဉ်းမြောင်း၍ မှောင်မိုက်ကာ လန့်ချင်စရာကောင်းနေ၏။ ချီစုဖွဲ့စစ်သည်တော်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ အထဲမှာ ပျံသန်းဖို့ရာ မဖြစ်နိုင်ပေ။

ထိုအရာက သူတို့သည် ဆူဇီမိုနှင့် ပတ်သတ်၍ သူတို့၏ အားသာချက်ကို အသုံးချ၍ မရတော့ဟု အဓိပ္ပါယ်ရလေသည်။ အခြားတစ်ဖက်မှာတော့ ဆူဇီမိုသည် သူတို့အတွက် ပို၍ အန္တရာယ်ရှိလာပြီး သူတို့ကို သတ်ဖြတ်နိုင်တာပင် ဖြစ်နိုင်လာလေသည်။

ဤအချိန်တွင် ပျော်ရွှင်ဖွယ်ကလန်မှ လူတိုင်း၏ စိတ်သည် မရေမရာ မှုန်ဝါးဝါး ဖြစ်လာကြလေသည်။

လိုက်ဝင်ရင်ကောင်းမလား.. မဝင်ရင် ကောင်းမလား။

သူတို့အနောက်က လိုက်ဝင်ရင် ဘာဖြစ်လာနိုင်မလဲ။

လူတိုင်း၏ စိတ်ထဲတွင် သံသယနှစ်ခုက ဝင်လာ၏။

ဒီလိုဏ်ဂူက တစ်ဖက်ပိတ်သာဆိုတာ သေချာလျှင် အခြေအနေက အကောင်းဆုံးလို့ ဆိုရပေမည်။ သူတို့အားလုံး လိုဏ်ဂူအဝကနေ ရပ်စောင့်နေကြရုံပင်။ ဆူဇီမိုသည် အထဲမှာ အစာငတ်၍ သေရပေလိမ့်မည်။

သို့သော်လည်း ဤလိုဏ်ဂူက အခြားတစ်ဖက်သို့ ပေါက်နေတာဆိုလျှင်တော့ သူတို့အပေါက်ဝမှာ ရပ်စောင့်နေတုန်းမှာပင် ဆူဇီမိုက အခြားတစ်ဖက်ကနေ အေးဆေးထွက်ပြေးသွားပေလိမ့်မည်။

အခြေအနေက လွန်စွာ စဉ်းစားရကြပ်သောအချိန်ကို ရောက်နေ၏။ လိုဏ်ဂူက ထွက်ပေါက်ရှိတယ်ဆိုရင်တောင် ထိုထွက်ပေါက်က ဘယ်နေရာမှာလည်းဆိုတာ သူတို့မသိပေ။ ထွက်ပေါက်ကို သူတို့ လူခွဲပြီး ရှာကြမည်ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်ရသောအခါ ဆူဇီမိုက သူတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော် သူတို့ အတူတကွ ပူးပေါင်းပြီး ရှာဖွေကြမည်ဆိုလျှင်လည်း သူတို့ မှားယွင်းသောဘက်ကို ‌ရွေးချယ်သွားမိသည့်အခါ ဆူဇီမိုက အေးဆေးထွက်ခွာသွားပေလိမ့်မည်။

“သေစမ်းကွာ.. ဒီခွေးသားလေးကတော့.. တောက်” အကြီးအကဲချမ့်သည် လွန်စွာ စိတ်တိုဒေါသထွက်နေပြီး အံကိုကြိတ်ကာ ကြိမ်းဝါးဆဲဆိုနေလေသည်။

အကြီးအကဲချမ့််သည် တစ်ခဏကြာ အလေးအနက် စဉ်းစားပြီးနောက် သွားစေ့ကာ ပြောလိုက်လေ၏။

“လိုက်မယ်ကွာ”

တစ်ခဏမျှ ရပ်လိုက်ပြီးနောက် အကြီးအကဲချမ့်က ထပ်ပြောလိုက်၏။

“အကြီးအကဲချန်.. ကျုပ်တို့နှစ်ယောက်မှာက ကာကွယ်ရေးအဆောင်တွေ ရှိတယ်.. ဆူဇီမိုက ကျုပ်တို့နဲ့ အနီးကပ်မှာ ရောက်နေရင်တောင် သူ ကျုပ်တို့နှစ်ယောက်ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး.. အဲ့တော့ ကျုပ်တို့နှစ်ယောက်က ဦးဆောင်ပြီးတော့ ကုန်းလျန်ကျန်းနဲ့ လူဝမ်ချန်ကိုလဲ ကာကွယ်ပေးရမယ်”

ကုန်းလျန်ကျန်းနှင့် လူဝမ်ချန်သည် ပျော်ရွှင်ဖွယ်ကလန်၏ အခြားအကြီးအကဲနှစ်ယောက် ဖြစ်ကြ၏။ သူတို့နှစ်ယောက်သည် အခြေတည်အဆင့်များ ဖြစ်ကြသော်လည်း သူတို့မှာ ကာကွယ်ရေးအဆောင်များ မရှိကြသလို သူတို့ကိုင်ဆောင်သော လက်နက်များမှာလည်း အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များသာ ဖြစ်ကြ၏။

ကျင့်ကြံရေးလောကတွင် အချို့သော အခြေတည်အဆင့် ကျင့်ကြံသူများသည် အဆောင်လက်ဖွဲ့များ မပိုင်ဆိုင်ဘဲ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များကိုသာ ကိုင်ဆောင်ရသည်မှာ ပုံမှန်သာ ဖြစ်လေသည်။ အထူးသဖြင့် ပျော်ရွှင်ဖွယ်ကလန်လိုမျိုး ကလန်ငယ်လေးများတွင် ဖြစ်လေသည်။

ထို့ကြောင့်ပင် ကျင့်ကြံရေးလောက၌ နတ်ဆေးဆရာ၊ နတ်ပန်းပဲဆရာ၊ လက်ဖွဲ့သခင်နှင့် ဝင်္ကပါသခင်တို့က အထူးအဆင့်အတန်းဖြင့် တည်ရှိနေကြခြင်း ဖြစ်၏။

နတ်ပန်းပဲဆရာတစ်ယောက်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်စွမ်းရှိသည်ဆိုလျှင် များစွာသော ချီစုဖွဲ့စစ်သည်တော်များသည် ထိုနတ်ပန်းပဲဆရာ၏ အိမ်သို့ ချောင်းပေါက်မတတ် သွားလည်ကြကာ မိတ်ဆွေဖွဲ့၍ စိတ်ဝိညာဉ်ကျောက်တုံးများစွာကိုသုံးပြီး စိတ်ဝိညာဉ်လက်နက်များဖြင့် လဲယူနိုင်ဖို့ ကြိုးစားကြပေလိမ့်မည်။

အကြီးအကဲချမ့်နှင့် အကြီးအကဲချန်တို့သည် လက်လက်ထနေသော ဒိုင်းကာအလင်းလွှာတစ်ခုစီ လွှမ်းခြုံကာ ရှေ့ဆုံးကနေ ဦးဆောင်၍ လိုဏ်ဂူထဲသို့ ဝင်သွားကြလေသည်။ ကျန်ရှိသော ပျော်ရွှင်ဖွယ်ကလန်သားများက နောက်ကနေ လိုက်ဝင်သွားကြလေသည်။

လိုဏ်ဂူထဲရှိ မြေပြင်သည် မညီမညာနှင့် ခလုတ်ကန်သင်းများ ကျင်းများ၊ ချိုင့်များဖြင့် ပြည့်နေလေသည်။

လိုဏ်ဂူအထဲတွင် မှောင်မိုက်နေပြီး ချီစုဖွဲ့စစ်သည်တော်များသည် အကြီးအကဲချမ့်နှင့် အကြီးအကဲချန်၏ ကာကွယ်ရေးအဆောင်နှစ်ခုမှ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသော အလင်းရောင်ကိုသာ အားပြု၍ မြန်မြန်ဆန်ဆန် လိုက်ဝင်သွားကြလေ၏။

အကြီးအကဲများ၏ အနောက်မှ လိုက်လာကြသော ကလန်သားများသည် ကြောက်လန့်တကြား သွေးဆုတ်ဖြူလျော့နေကြ၏။ သူတို့သည် ပတ်ဝန်းကျင်အနေအထားကို ထောက်လှမ်း၍ ထိတ်ထိတ်ပြာပြာ ဖြစ်နေကြ၏။ ဆူဇီမိုက ရုတ်တရတ် ခုန်ထွက်လာပြီး သူတို့ကို အလစ်ဖမ်းတိုက်ခိုက်မှာကို ကြောက်လန့်နေသောကြောင့် ဖြစ်၏။

ကုန်းလျန်ကျန်းနှင့် လူဝမ်ချန်သည် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ လက်ဖဝါးများက ချွေးများစိုလာ၏။ သူတို့သည် လိုဏ်ဂူထဲတွင် ရင်တလျှပ်လျှပ် အထိတ်တလန့်နှင့် လျှောက်လှမ်းနေရ၏။

အထဲကို ‌ရောက်လာသောအခါ လေထုက ပိုပိုပြီး မွန်ကြပ်ဖွယ်ကောင်းလာ၏။

လိုဏ်ဂူထဲတွင် လေတိုက်၍ မြက်ပင်လေးများလှုပ်သွားလျှင်ပင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

အကြီးအကဲချမ့်နှင့် အကြီးအကဲချန်က ရှေ့ဆုံးကနေ ဦးဆောင်နေ၏။ သူတို့သည် ရှေ့တွင်ရှိသော မြေပြင်ကို သတိထားကြည့်၍ လျှောက်နေကြပြီး အပေါ်ကိုတော့ မော့မကြည့်ဖြစ်ကြပေ။

လူတိုင်း၏ မသိစိတ်ထဲတွင် ဆူဇီမိုက ပျံသန်းခြင်း နည်းစနစ်ကို မတတ်ကျွမ်းပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် ဆူဇီမိုက သူတို့ခေါင်းပေါ်ကနေ ပေါ်လာမည် မဟုတ်ပေ။

သို့သော်လည်း ဒီနေရာမှာ သူတို့မေ့လျော့နေသော အချက်တစ်ချက်ရှိ၏။

ဒီနေရာက လိုဏ်ဂူအတွင်း ဖြစ်လေသည်။

လိုဏ်ဂူ၏ မျက်နှာကျက်တွင် ကျောက်တုံးနံရံများ ရှိနေ၏။

ဤအချိန်၌ မျက်နှာကျက်ရှိ ကျောက်တုံးနံရံပေါ်တွင် လူတစ်ယောက်သည် ကုပ်တွယ်နေပြီး သူ့အောက်ကနေ လျှောက်လှမ်းနေကြသော ပျော်ရွှင်ဖွယ်ကလန်သားများကို ‌အေးစက်စွာ စိုက်ကြည့်နေ၏။

ရုတ်တရတ်ဆိုသလို အကြီးအကဲချမ့်က သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လေသံနှိမ့်၍ ပြောလိုက်၏။

“တစ်ခုခုတော့ လွဲနေပြီ.. ဒီနားမှာ သွေးနံ့ထွက်နေတယ်.. အဲ့ကောင်က ဒီနားတစ်ဝိုက်မှာပဲဟ”

သူ့စကားပင် မဆုံးသေးချေ၊ လိုဏ်ဂူထဲတွင် အလင်းရောင်တစ်ချက်လက်သွား၏။

ဖောက်!

သွေးများထွက်နေသော ဦးခေါင်းကြီးတစ်လုံးက လူအုပ်ကြီးထဲသို့ လိမ့်ကျလာ၏။ ပျော်ရွှင်ဖွယ်ကလန်မှ လူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထခုန်လိုက်ကြ၏။

“အကြီးအကဲလူ လား”

“အကြီးအကဲလူ သေပြီဟ”

“သူ.. ဘယ်မှာလဲ”

“အပေါ်မှာဟ အား...!”

နောက်ထပ်စူးစူးဝါးဝါးအော်သံတစ်ချက် ထွက်ပေါ်လာပြီး ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ပွဲချင်းပြီး စင်းသွားပြန်လေ၏။

ဆူဇီမို မြားငါးချောင်း ပစ်လွှတ်လိုက်သော အချိန်တုန်းက အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်ထံတွင် ယောင်ရွှယ်သုံးခဲ့သော ‌ရွှေရောအဆောင်နှင့် ခပ်ဆင်ဆင်တူသော ကာကွယ်ရေးအဆောင်များရှိကြောင်း ဆူဇီမို သတိထားမိခဲ့၏။

သူ၏ လက်ရှိ စွမ်းရည်သည် ထိုကဲ့သို့သော အခုအခံအကာအကွယ်ကို ချိုးဖျက်နိုင်စွမ်း မရှိသေးပေ။

ထို့ကြောင့် ဆူဇီမို၏ ဆေဘာခုတ်ချက်သည် ကာကွယ်ရေးအဆောင်များ မရှိသော လူဝမ်ချန်နှင့် ကုန်းလျန်ကျန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်လေသည်။

သို့သော်လည်း ကုန်းလျန်ကျန်းက လွန်စွာ သတိကြီး၏။ အကြီးအကဲချမ့်က သူ့ခြေလှမ်းကို ရပ်လိုက်ကတည်းက တစ်ခုခုတော့ မူမမှန်တော့ဘူးဆိုတာ သူသတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မာနတွေ၊ သိက္ခာတွေကို စဉ်းစားမနေတော့ဘဲ မြေပေါ်ကို လှိမ့်ချကာ ရှောင်လိုက်လေ၏။

ဆူဇီမိုသည် မျက်နှာကျက်ပေါ်ကနေ ခုန်ချ၍ ကုန်းလျန်ကျန်းနောက်သို့ လိုက်မည်ပြုသောအခါ ထိုလူက အကြီးအကဲချမ့်နှင့် အကြီးအကဲချန်တို့၏ အနောက်သို့ ပြေးကပ်လိုက်ပြီးဖြစ်ပြီး ချွေးစေးများဖြင့် ရွှဲနေ၏။

ဤအချိန်မှာပင် ဆူဇီမိုသည် ချီစုဖွဲ့စစ်သည်တော်များအကြားသို့ ထိုးဝင်ချသွားလေပြီ။

ကျဉ်းမြောင်းလှသော လိုဏ်ဂူလေးထဲတွင် ပျော်ရွှင်ဖွယ်ကလန်မှ ချီစုဖွဲ့စစ်သည်တော်များသည် မတိုးသာ မရှောင်သာကြချေ။ ဆူဇီမိုနှင့် ဝင်တိုးမိကြသောသူများသည် ကြောက်လန့်တကြားနှင့် တိုက်ခိုက်ဖို့ မစဉ်းစားဘဲ ထွက်ပြေးဖို့သာ ကြိုးစားကြလေ၏။

ဆူဇီမို၏ အေးစက်စက် အနိဌာရုံ ရယ်သံကြီးက လိုဏ်ဂူထဲတွင် ဟိန်းထွက်လာလေ၏။

“ဟားဟား ဟားဟား.... ဒီလောက်လူအင်အားလေးနဲ့ မင်းတို့က ငါ့ကို သတ်ချင်တယ်ပေါ့လေ.. ဟာသပဲကွာ”

ဖောက်! ဖောက်! ဖောက်!

ဆူဇီမိုသည် သေချာကြည့်နေစရာပင် မလိုချေ။ သူ့လက်ထဲက အေးမြစန္ဒာဆေဘာကို စိတ်ရှိတိုင်း ဝေ့ယမ်းလိုက်ရုံဖြင့် ချီစုဖွဲ့စစ်သည်တော်များသည် တစ်ဖက်သတ် သတ်ဖြတ်ခံနေရလေတော့၏။

ချီစုဖွဲ့စစ်သည်တော်များ၏ စူးစူးဝါးဝါးအော်သည်းသံများနှင့်အတူ သွေးစက်များက ဆက်တိုက်လွင့်ပျံလာပြီး နေရာတိုင်းကို ပျံ့နှံ့သွားလေတော့၏။

လိုဏ်ဂူထဲတွင် ဆူဇီမိုသည် သိုးအုပ်ထဲရောက်သွားသော ကျားတစ်ကောင်လို၊ ဘယ်ညာရှေ့နောက် လွှဲယမ်းခုတ်ပိုင်းကာ ကမူးရှူးသိုး လျှောက်သွားနေလေ၏။ ပျော်ရွှင်ဖွယ်ကလန်က ချီစုဖွဲ့စစ်သည်တော်များသည် မည်သို့မျှ မခုခံနိုင်ကြပေ။

သူတို့စိတ်ထဲတွေးနေသောအရာမှာ လွတ်အောင်ပြေးဖို့ပင်။

ချုံခိုတိုက်ခိုက်ခြင်းက အလုပ်ဖြစ်သွားသည်ဟု ဆိုရပေမည်။

ဆူဇီမိုသည် ကန်းလန်ရိုးမနယ်မြေနှင့် ရင်းနှီးကျွမ်းဝင်မှုကို အသုံးချကာ တစ်ဖက်အဖွဲ့ကို ဤလိုဏ်ဂူထဲသို့ ဝင်လာအောင် အောင်မြင်စွာ မြှားခေါ်နိုင်ခဲ့၏။

ဒီနေရာတွင် ကျင့်ကြံသူများ၏ အားသာချက်များသည် ကန့်သတ်ခံလိုက်ရပြီး ဆူဇီမို၏ စွမ်းရည်ကတော့ ပေါက်ကွဲထွက်ပေါ်လာလေ၏။

အကြီးအကဲသုံးယောက်သည် မြေပေါ်တွင် အမြစ်တွယ်ရပ်နေကာ နဖူးများမှ ချွေးများက စီးကျနေပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ကြချေ။

တစ်ကယ်တော့ သူတို့ မလှုပ်ရှားချင်လို့ မဟုတ်ပေ။

အဲ့ဒါသည် ဆူဇီမိုက လူအုပ်ကြီးထဲတွင် ဆက်တိုက်ပြေးလွှားနေသောကြောင့် ဖြစ်၏။ သူ့လှုပ်ရှားပုံက ပေါ့ပါးမြန်ဆန်နေ၏။ လိုဏ်ဂူကလည်း မှောင်နေ၏။ သူတို့ အခုနေ စတင်တိုက်ခိုက်ကြမည်ဆိုလျှင် ကိုယ့်လူကို မှားသတ်မိဖို့က အခွင့်ပိုများနေ၏။

တစ်ယောက်ပြီးတစ်ယောက် လဲကျနေသော ကလန်သားများကို ကြည့်၍ အကြီးအကဲချမ့်၏ မျက်လုံးထဲတွင် ဒေါသမီးများက လောင်ကျွမ်းလာ၏။ ထို့နောက် သူသည် အံကိုကြိတ်ကာ အော်ပြောလိုက်လေ၏။

“တိုက်ကွာ”

“ဘာပြောတယ်” ကျန်အကြီးအကဲ နှစ်ယောက်က အံ့သြတုန်လှုပ်သွား၏။

“ငါပြောနေတယ် .. တိုက်ဆိုတိုက်ကွာ!”

အကြီးအကဲချမ့်က အေးစက်စွာ ထပ်ပြောလိုက်၏။

“အခုချိန်မှာ ငါတို့ အများကြီး လျှောက်ပူနေလို့ မရဘူး.. ငါတို့လူတွေကို မှားပြီး သတ်မိရင်တောင် ဘာဖြစ်လဲ.. ဒီတိုင်းရပ်ကြည့်နေလဲ အဲငနဲသတ်တာ ခံရလို့ အကုန်သေကြမှာပဲ.. အဲ့ဒါကမှ ပိုဆိုးမှာကွ”

All Chapters