← Chapters

သေအံ့ဆဲဆဲ

Vol. 3 Ch. 45

သေအံ့ဆဲဆဲ

Vol. 3 Ch. 45

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၅) - သေအံ့ဆဲဆဲ

ဘာသာပြန်သူ - သန်းတိုးအောင်

အမှောင်ထဲတွင် ပျော်ရွှင်ဖွယ်ကလန်မှ အကြီးအကဲသုံးယောက်သည် ဝေခွဲမရ အမူအယာများဖြင့် ရှိနေ၏။ ထို့နောက် သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်းဆိုသလို သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ လက်နက်နှစ်ခုမှာ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များဖြစ်ပြီး တစ်ခုကတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်လေသည်။

ရွှစ်! ရွှစ်! ရွှစ်!

စိတ်ဝိညာဉ်လက်နက်များသည် လင်းလက်တောက်ပလာပြီး အေးစက်စက် အနိဌာရုံ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ ပြေးထွက်သွားလေ၏။

ဖောက်! ဖောက်!

မျှော်လင့်မထားသော ပျော်ရွှင်ဖွယ်ကလန်မှ ကလန်သားနှစ်ယောက်သည် အကြီးအကဲချမ့်တို့ သုံးယောက်၏ စိတ်ဝိညာဉ်လက်နက်များကြောင့် ပွဲချင်းပြီး သေကုန်ကြလေ၏။

စိတ်ဝိညာဉ်လက်နက်များက အားပျော့သွားခြင်းမရှိဘဲ ဆူဇီမို၏ သေကွင်းသေကွက်များဆီသို့ ဦးတည်ကာ ပြေးဝင်သွားလေ၏။

ကျဉ်းမြောင်းသော လိုဏ်ဂူလေးထဲတွင် ပျော်ရွှင်ဖွယ်ကလန်မှ လူများသည် ရှောင်စရာနေရာ သိပ်မရှိပေ။ အဲ့ဒါက ဆူဇီမိုလည်းပဲ စိတ်ကြိုက်လှုပ်ရှားလို့ မရနိုင်ဟု ဆိုလိုလေသည်။

ပျော်ရွှင်ဖွယ်ကလန်မှ အကြီးအကဲသုံးယောက်သည် ဤမျှလောက်ထိ ဒေါသကြီး၍ ရက်စက်စွာ တိုက်ခိုက်လိမ့်မည်ဟု ဆူဇီမိုတစ်ယောက် ထင်မထားမိချေ။ သူတို့သည် သူတို့ကလန်သားများ၏ အသက်ကိုပင် မငဲ့ကွက်ဘဲ အတင်းဝင် တိုက်ခိုက်လာလေပြီ။

ဆူဇီမိုသည် အန္တရာယ်အများဆုံးပေးနိုင်သည်ဟု ယူဆရသော အဝိုင်းသဏ္ဍာန် စိတ်ဝိညာဉ်လက်နက်ကို ခေါင်းစောင်း၍ ရှောင်လိုက်၏။ သူခန္ဓာကိုယ်ကို ညွှတ်ချ၍ နောက်ထပ် ဝင်လာသော ဓါးပျံတစ်ချောင်းကိုလည်း ထပ်‌ရှောင်လိုက်၏။ ထို့နောက် ဆေဘာကို လက်ပြန်ကိုင်၍ သူ့ရှေ့ရှိ ချီစုဖွဲ့စစ်သည်တော်များကို ခုတ်ပိုင်းချလိုက်၏။

ဖောက်!

ဤအချိန်မှာပင် သူ့ရှေ့ရှိ ချီစုဖွဲ့စစ်သည်တော်၏ ရင်ဘတ်ထဲမှ အလင်းတန်းတစ်ခုက ဘွားကနဲ ထွက်ပေါ်လာလေ၏။

နောက်ထပ် ဓါးပျံတစ်ချောင်းက ထိုချီစုဖွဲ့စစ်သည်၏ နောက်ကျောမှ ဖောက်ဝင်လာပြီး ရင်ဘတ်ကနေ ပြန်ထွက်ကာ ဆူဇီမို လည်ပင်းဆီသို့ ပြေးဝင်လာလေ၏။

အရမ်းနီးကပ်လွန်းလှသည်။

အကွာအဝေးအရ ဆူဇီမို မည်သို့မျှ ရှောင်နိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုသည် ဝင်လာသော ဓါးပျံကို အေးမြစန္ဒာဆေဘာနှင့် ခုခံလိုက်၏။

ချွမ်း!

ဓါးနှင့် ဆေဘာ ရိုက်ခတ်‌သောအသံ ထွက်ပေါ်လာပြီး မီးပွားများက လွင့်ပျံထွက်လာလေသည်။ ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်သော ရိုက်ချက်ကို ခံစားလိုက်ရ၏။ သူ့လက်ညိုးလက်မကြားနေရာမှ အသားသည် ကွဲထွက်သွားပြီး ‌သွေးများက စီးကျလာလေ၏။ အေးမြစန္ဒာဆေဘာက သူ့လက်ထဲကနေ လွင့်ထွက်သွားတော့မတတ်ပင်။

နှစ်ဘက်အဖွဲ့သည် စတင်တိုက်ခိုက်ခဲ့ကြကတည်းက ဆူဇီမိုသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားခဲ့၏။

ထင်သည့်အတိုင်းပင် အခြေတည်အဆင့် ကျင့်ကြံသူများ ထိန်းချုပ်တိုက်ခိုက်သော လက်နက်များ၏ ပြင်းထန်အားသည် ဆူဇီမို၏ ခန္ဓာကိုယ်က တောင့်ခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ချေ။

ဆူဇီမို၏ ညာဘက်လက်တစ်ခုလုံးက ထုံကျင်သွာ၏။ ယခုအချိန်တွင် သူ မည်သည့်အားမျှ စိုက်ထုတ်လို့ မရတော့ချေ။

စဦး-အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ထိန်းချုပ်သော အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်ကပင် ဤမျှလောက်ထိ ပြင်းထန်အားကောင်း၏။ အကြီးအကဲချမ့်၏ အဝိုင်းသဏ္ဍာန် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ကိုသာ ဆူဇီမို ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် သူသည် နေရာမှာပင် ပစ်လဲကျသွားပေလိမ့်မည်။

တစ်ကယ်တော့ ဆူဇီမို၏ ခုတ်ချက်က အလဟဿ ဖြစ်သွားတာတော့ မဟုတ်ချေ။

မူလအတိုင်းဆိုလျှင် အကြီးအကဲချန်၏ ဓါးပျံက ဆူဇီမို၏ ရင်အုပ်ကို ဖောက်ဝင်သွားဖို့ ဖြစ်သည်။ သို့သော် အေးမြစန္ဒာဆေဘာနှင့် ထိတွေ့ရိုက်ခတ်မှုကြောင့် ၎င်းသည် လမ်းကြောင်းအနည်းငယ် ပြောင်းသွားပြီး ဆူဇီမို၏ လက်ပြင်ကနေ ဖောက်ထွက်သွားလေ၏။ ဆူဇီမိုထံမှ သွေးများက ပန်းထွက်လာလေ၏။

စတင်တိုက်ခိုက်သည့်အချိန်ကစလို့ ဆူဇီမို၏ ပထမဆုံး ဒဏ်ရာရရှိမှု ဖြစ်လေသည်။ သူ့ပုခုံးပြင်က မခံမရပ်နိုင်လောက်အောင် စူးစူးရှရှ နာကျင်လာပြီး သူ့ဘယ်ဘက်လက်တစ်ခုလုံးက လှုပ်မရတော့ပေ။

“တော်တော်ပြင်းတယ်ဟ”

ဆူဇီမိုသည် ကြိတ်၍ တုန်လှုပ်သွား၏။

ဆူဇီမိုသည် ပကတိ ချီစုဖွဲ့စစ်သည်တော်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် အနည်းငယ်‌တောင် ဒဏ်ရာမရရှိဘဲ ရုန်းထွက်နိုင်၏။

သို့သော်လည်း ချီစုဖွဲ့အဆင့်နှင့် အခြေတည်အဆင့်ကြား ကွာဟချက် ကြီးမားလွန်း၏။

ကံကောင်းစွာဖြင့် ဆူဇီမို၏ ညာဘက်လက်က ထုံကျင်နေသော်လည်း အခြေအနေ သိပ်မဆိုးလှပေ။ ခဏလောက် နားပြီးတာနှင့် သူ ဆက်လက်တိုက်နိုင်သေး၏။

ဆူဇီမိုသည် ဒီနေရာမှာ သိပ်ကြာကြာ မနေရဲတော့ချေ။ သူရှေ့တွင် ပိတ်ရပ်နေသော ချီစုဖွဲ့စစ်သည်တော်များကို တောင်တန်းအားပြုကိုယ်ဟန်ဖြင့် ပစ်တိုက်တွန်းလိုက်ပြီး သူသည် လှုပ်ရှားမှု နည်းစနစ်များကို ‌ရောစပ်အသုံးပြုလိုက်ကာ လိုဏ်ဂူအပြင်ဘက်သို့ ကမူးရှူးသိုး ပြေးချသွားလေတော့၏။

ဆူဇီမို သတိမထားမိခဲ့သော်လည်း ထိုအချိန်တွင် အကြီးအကဲချမ့်တို့ သုံးယောက်က အလွန်အမင်း အံ့သြတုန်လှုပ်နေပြီး သူတို့မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေ၏။

“သူမသေဘူးလား”

“သူက အကြီးအကဲချန်ရဲ့ ဓါးကို တစ်ကယ်ကြီး ကာကွယ်နိုင်တယ်ပေါ့”

“ဘယ်လိုတောင်လဲဟ”

“သူက မသေရုံတင်မကဘူး .. အပြင်ကို ထွက်ပြေးဖို့ အားအင်တောင် ကျန်နေသေးတယ်ဟ”

အကြီးအကဲချမ့်က ပြတ်သားစွာ အော်ဟစ်လိုက်၏။

“မြန်မြန်လိုက်ကြဟ.. အဲ့ကောင် ဒဏ်ရာရသွားပြီ.. သိပ်ဝေးဝေးပြေးနိုင်တော့မှာ မဟုတ်ဘူး”

အကြီးအကဲသုံးယောက်က ဆူဇီမိုနောက်သို့ အရင်ဆုံး ပြေးလိုက်ချသွားပြီး ကျန်သော ချီစုဖွဲ့စစ်သည်တော်များကလည်း အနောက်ကနေ အလောတကြီး ပြေးလိုက်,လိုက်ကြ၏။ တစ်ကယ်လည်း သူတို့ ဒီလိုဏ်ဂူထဲမှာ တစ်စက္ကန့်မျှ ထပ်မနေလိုကြတော့ပေ။

ဒီလိုဏ်ဂူထဲကို မဝင်ခင်က သူတို့မှာ ချီစုဖွဲ့စစ်သည်‌တော် အယောက်ရှစ်ဆယ်ကျော် ရှိသေး၏။ အခုအခါမှာတော့ သူတို့မှာ အယောက် ငါးဆယ်လောက်သာ ကျန်ရှိလေတော့‌သည်။

သူတို့ထဲက အများစုမှာ ဆူဇီမိုလက်ချက်ဖြင့် အသက်ပျောက်သွားကြပြီး အချို့ကတော့ ကလန်အကြီးအကဲများ၏ လက်ချက်ဖြင့် သေသွားကြခြင်း ဖြစ်၏။

တစ်ကယ်တော့ သူတို့အားလုံး၏ ရင်ထဲမှာ သိနေတာ တစ်ခုရှိ၏။ အဲ့ဒါက ရလာဒ်က ဘယ်လိုပဲ ဖြစ်လာ ဖြစ်လာ၊ ပျော်ရွှင်ဖွယ်ကလန်ကတော့ အရှုံးပေါ်သွားလေပြီ။

အခြေတည်အဆင့် ကျင့်ကြံသူ ငါးယောက်က ချီစုဖွဲ့စစ်သည်တော် တစ်ရာကို ဦးဆောင်ကာ မော်တယ်တစ်ယောက်ကို လိုက်ဖမ်းဖို့ လုပ်ခဲ့ကြ၏။ ထိုလူအင်အားသည် ပျော်ရွှင်ကလန်၏ အင်အား တစ်ဝက်နီးပါးပင် ဖြစ်လေသည်။ ယခုအခါမှာတော့ ထိုအင်အား၏ တစ်ဝက်နီးလောက်က ကုန်သွားပေပြီ။

ကလန်အကြီးအကဲနှစ်ယောက်က သေလေပြီ။ ကျန်ရှိသော ချီစုဖွဲ့စစ်သည်တော်များကလည်း ဆိုးဆိုးရွားရွား ထိတ်လန့် ကြောက်ရွံ့နေကြလေပြီ။

“ငါတို့ သူ့ကို သတ်ကို သတ်ရမယ်” အကြီးအကဲချမ့်က အံကြိတ်လိုက်ပြီး သုန်မှုန်နေသော မျက်နှာထားနှင့် ပြောလိုက်လေ၏။

အကြီးအကဲချန်က လွန်စွာ ဒေါသထွက်နေသော မျက်နှာထားနှင့်

“ငါတို့သူ့ကို အရှင်ဖမ်းနိုင်ရင် ပိုကောင်းမယ်.. သူ့ကို ညှင်းပန်းနှိပ်စက်မှုက ဘာကို ခေါ်တာလဲဆိုတာ သေချာသိသွားအောင် ငါလုပ်ပြမယ်.. ဟမ့်.. သူ့အရိုးတွေကို တစ်စစီချိုးပစ်ပြီးတော့ မီးစနဲ့ ထိုးမယ်ကွာ .. ပြီးရင် အသားတွေကို နုတ်နုတ်စင်းပစ်မယ်”ဟု ရက်စက်စွာ ပြောလိုက်လေ၏။

“ငါတို့ အဲ့ဆူမိသားစုကိုလဲ လွှတ်ပေးလို့ မရဘူး.. သွေးချောင်းစီးသွားအောင် လုပ်ပစ်မယ်ကွာ.. ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် ချမ်းသာမပေးဘူး” အကြီးအကဲ ကုန်းလျန်ကျန်းက အေးစက်စွာ ဝင်ပြောလိုက်ပြန်၏။

ပျော်ရွှင်ဖွယ်ကလန်သားများသည် ဆူဇီမိုနောက်ကို လိုက်ခဲ့ကြ၏။ အပြင်ဘက်တွင် နှင်းများက သည်းထန်စွာ ကျဆင်းနေဆဲဖြစ်သော်လည်း အဲ့ဒါက ကျယ်ဝန်းပြီး လွတ်လပ်စွာ သွားလာနိုင်သေး၏။ နောက်ဆုံးမှာတော့ သူတို့သည် မွန်းကြပ်ဖွယ်ရာ လိုဏ်ဂူထဲမှ ရုန်းထွက်နိုင်ခဲ့လေ၏။

“ဟိုမှာ‌ဟေ့”

အကြီးအကဲချမ့်က သူ့ရှေ့မှ နေရာတစ်ခုကို ညွှန်ပြလိုက်၏။ ခပ်လှမ်းလှမ်းတွင် ဆူဇီမိုသည် ကမူးရှူးသိုးဖြင့် ပြေးလွှားနေ၏။ သူ့ဘယ်ဘက်လက်က တွဲလောင်းကျနေပြီး သွေးများကလည်း တစ်စက်စက် စီးကျနေကာ နှင်းပြင်ပေါ်တွင် ထင်းကနဲ ပေါ်လွင်နေ၏။

“လိုက်ကွာ..”

ပျော်ရွှင်ဖွယ်ကလန်သားများလည်း ကောင်းကင်အထက် ပျံတက်၍ တစ်ဟုန်ထိုး ပြေးလိုက်ကြလေ၏။

“အစ်ကိုချမ့် .. ကာကွယ်ရေးအဆောင်က ဝိညာဉ်ချီက သိပ်အကြာကြီး ခံမှာ မဟုတ်တော့ဘူးနော် .. ကျုပ်တို့ ဒီကောင်လေးကို မြန်မြန်ဖမ်းနိုင်ရင် ကောင်းလိမ့်မယ်ထင်တယ် နော့”  အကြီးအကဲချမ့်က အသံနှိမ့်၍ ထပ်ပြောလိုက်၏။

“ကာကွယ်ရေးအဆောင်သာ အလုပ်မလုပ်တော့ဘူးဆိုရင် ကျုပ်တို့အသက်တွေလဲ အန္တရာယ်ရှိလာပြီ”

ကာကွယ်ရေးအဆောင်သည် စတင်အသုံးပြုလိုက်တာနှင့် တစ်ချိန်လုံး အသုံးပြုနေနိုင်မည် မဟုတ်ပေ။

အချိန်အတိုင်းအတာ တစ်ခုအထိ အသုံးပြုပြီးသွားသောအခါ ၎င်းတွင် ပါရှိသော ဝိညာဉ်ချီခမ်းခြောက်သွားတာနှင့် ထိုကာကွယ်ရေးအဆောင်က အလုပ်လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု အကြီးအကဲချန်တွင် ကာကွယ်ရေးအဆောင်ရှိနေသော်လည်း ၎င်းက ဝိညာဉ်ချီကုန်ခမ်းသွားတာနှင့် သူသည်လည်း ကုန်လျန်ကျန်းနှင့် ဘာမျှ ကွာခြားတော့မည် မဟုတ်ပေ။

စောစောတုန်းကလို လိုဏ်ဂူထဲက အခြေအနေမျိုးနှင့် ထပ်ကြုံရလျှင် သူသည်လည်းပဲ အကြီးအကဲလူလို အသက်ဆုံးရှုံးသွားနိုင်လေသည်။

အကြီးအကဲချမ့်က ခေါင်းညိတ်လိုက်၏။

တစ်ကယ်တော့ သူ့သိုလှောင်အိတ်ထဲတွင် နောက်ထပ်ကာကွယ်ရေးအဆောင်တစ်ခု ရှိနေသေး၏။ သို့သော်လည်း ကာကွယ်ရေးအဆောင်များက လွန်စွာ အဖိုးတန်သောကြောင့် မလိုအပ်လျှင် မဖြုန်းလိုပေ။

အကြီးအကဲချမ့်သည် ဓါးပျံပေါ်လှမ်းတက်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ နှင်းတွေလေတွေကြားမှ တစ်စုံတစ်ရာကို ဆင့်ခေါ်လိုက်သလို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်စီးကြောင်းတစ်ခုက ရုတ်တရတ်ဆိုသလို အကြီးအကဲချန်၏ လက်ချောင်းထိပ်များဆီသို့ တိုးဝင်လာလေ၏။

“မြေပြို အတတ်!”

ရုတ်တရတ်ဆိုသလို အကြီးအကဲချမ့်က ဆူဇီမို ပြေးလွှားနေသော လမ်းကြောင်းရှေ့သို့ လက်ညိုးဖြင့် ညွှန်လိုက်လေ၏။

သည်အချိန်မတိုင်ခင်ကတည်းက ဆူဇီမို၏ ရင်က တစ်လျှပ်လျှပ်ဖြင့် ထိတ်နေ၏။ အကြီးအကဲချန်၏ ‘မြေပြို အတတ်’ဆိုသော စကားကို ကြားလိုက်ရချိန်တွင် ဆူဇီမိုသည် သူ့ခြေလှမ်းကို လျှင်မြန်စွာ ရပ်တန့်လိုက်၏။

ဝုန်း!

ဆူဇီမို၏ အ‌ရှေ့ရှိ မြေကြီးသည် အားကြီးသော တစ်စုံတစ်ရာနှင့် ရိုက်ခတ်ခံလိုက်ရသလို ပြိုကျသွားပြီး ကြီးမားသောတွင်းကြီး တစ်တွင်းက ဖြစ်ပေါ်လာလေ၏။

ဆူဇီမိုသာ သူ့ခြေလှမ်းကို ကြိုတင် မရပ်တန့်ခဲ့လျှင် သူသည် ဤတွင်းနက်ကြီးထဲသို့ ပြုတ်ကျပြီးနေပေလိမ့်မည်။

“ဘာလဲကွာ”

ဆူဇီမို၏ မျက်လုံးများက ထိတ်လန့်ခြင်း၊ နားမလည်ခြင်းများနှင့် တစ်လှည့်စီ အ‌ရောင်ပြောင်းသွားလေ၏။

အခြေတည်အဆင့် ကျင့်ကြံသူများတွင် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများ ရှိလိမ့်မည်ဟု သူကြိုတင် မှန်းဆထား၏။ သို့သော် ယခု သူ့ရှေ့မှ မြင်ကွင်းက သူ့အသိဉာဏ်ထက် များစွာ ကျော်လွန်နေ၏။

“နွယ်ပင်သစ်ခက် ဆပွား အတတ်”

ဆူဇီမို အာရုံပျက်ယွင်းသွား‌သော အချိန်ခဏလေးအတွင်းမှာပင် သူ့နားထဲသို့ နောက်ထပ်အသံ တစ်သံက တိုးဝင်လာပြန်၏။

“အမ်.. လခွမ်းပဲကွာ”

ဆူဇီမိုသည် မှင်တက်သွားပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ သူသည် ရှေ့က တွင်းကြီးကို ပတ်သွားကာ တစ်ခြားတစ်ဖက်ဆီသို့ ပြေးသွားချင်နေ၏။

ဆူဇီမို ပြေးသွားမလို့ လုပ်နေတုန်းမှာပင် ခြောက်သွေ့သော သစ်ခက်များနှင့် နွယ်ပင်များက သူ့ခြေထောက်အောက် နှင်းများကြားထဲကနေ ရုတ်တရတ် ပေါ်လာပြီး သူ့ခြေထောက်နှစ်ဖက်ကို ရစ်ပတ်လိုက်လေ၏။

ရွှစ်! ရွှစ်! ရွှစ်!

စိတ်ဝိညာဉ်လက်နက်များ လေကို ခွင်းလာသောအသံက ထွက်ပေါ်လာ၏။ ၎င်းအသံက ကျောချမ်းစရာပင်။

ယခုအခါ ဆူဇီမို၏ ခန္ဓာကိုယ်က တုပ်နှောင်ခံထားရပြီး လှုပ်ရှားဖို့၊ ရှောင်ဖို့က လွယ်ကူမနေချေ။ ထိုစိတ်ဝိညာဉ်လက်နက်များ သူ့ကိုယ်ပေါ် ကျဆင်းလာတာနှင့် သူသေချာပေါက် သေရပေတော့မည်။

အန္တရာယ်ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ရုတ်တရတ် တည်ငြိမ်သွားပြီး သူသည် မြေပေါ်ကို ဝပ်ချလိုက်၏။ ပြီးနောက် အေးမြစန္ဒာဆေဘာကို လက်ပြန်ကိုင်ကာ သူ့ခြေထောက်များကို ရစ်ပတ်ထားသော နွယ်ပင်များကို ခုတ်ချလိုက်၏။

နွယ်ပင်များက ပြတ်ကျကုန်၏။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်လက်နက်များက သူ့ရှေ့ကို ရောက်ချလာပေပြီ။ ဆူဇီမိုသည် အံကြိတ်၍ သူခန္ဓာကိုယ်ကို အဆုံးစွန်ထိ တွန့်လိမ်ကာ အရွတ်များကို ဆွဲကျုံ့လိုက်၏။ သူ့ကိုယ်တွင်း အရိုးများထံမှ တစ်ဖျောက်ဖျောက်အသံများက ထွက်ပေါ်လာ၏။ ပျော်ရွှင်ဖွယ်ကလန်မှ အကြီးအကဲသုံးယောက်၏ စိတ်ဝိညာဉ်လက်နက်သုံးခုက သူ့ကိုယ်ဘေး ပါးပါးလေးရှပ်၍ ကပ်ထွက်သွားလေ၏။

စိတ်ဝိညာဉ်လက်နက်သုံးခုကို ဆက်တိုက်ရှောင်လိုက်နိုင်သော်လည်း ဆူဇီမိုသည် နောက်ထပ်ဝင်လာမည့် စိတ်ဝိညာဉ်လက်နက် ငါးဆယ်ကိုတော့ ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုလက်နက်ငါးဆယ်က ချီစုဖွဲ့စစ်သည်တော်များထံမှ လာသည် ဖြစ်သော်လည်း စိတ်ဝိညာဉ်လက်နက်ငါးဆယ်ဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သော အင်အားသည် သွားနောက်လို့ရသော အရာတစ်ခု မဟုတ်ချေ။

ရုတ်တရတ်ဆိုသလို အခြေအနေက လွန်စွာအန္တရာယ်ရှိလာပြီး ဆူဇီမိုသည် သေအံ့ဆဲဆဲ အနေအထားသို့ ရောက်ရှိသွားလေတော့၏။

All Chapters