← Chapters

သက်စောင့်မီးလုံးနှစ်လုံး နတ်အစွမ်း

Vol. 18 Ch. 268

သက်စောင့်မီးလုံးနှစ်လုံး နတ်အစွမ်း

Vol. 18 Ch. 268

ရွှီချင်း၏ ခန္ဓာကိုယ်ထဲ၌ ဓမ္မတံခါးခြောက်ဆယ့်ငါးခုက လေပွေကြီး ခြောက်ဆယ့်ငါးခုအသွင် ပြောင်းလဲကာ တဝုန်းဝုန်း လည်ပတ်နေသည်။

ဒုတိယမြောက်သက်စောင့်မီးလုံးသည် ပို၍ပင် စူးရှတောက်ပနေပြီး ဒန်တျန်ထဲရှိ သက်စောင့်မီးလုံး၏ အလင်းကို ရောင်ပြန်ဟပ်နေပေရာ ကောင်းကင်နန်းတော်ကို ပို၍ ရှင်းလင်းစွာ မြင်လာရသည်။

တချိန်တည်းမှာပင် ဓမ္မတံခါးခြောက်ဆယ့်ငါးခု တဟုန်းဟုန်း လောင်ကျွမ်းနေခြင်းကြောင့် ရွှီချင်းမှာ ကြောက်ခမန်းလိလိစွမ်းအားများကို ရရှိကာ သက်စောင့်မီးလုံးနှစ်လုံးသည်လည်း မီးပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုမီးပင်လယ်ကြီး အပြင်ဘက်သို့ ဖြာထွက်လာသောအခါတွင် ဖော်ပြ၍ မရနိုင်နိုင်လောက်အောင် အပူချိန်မြင့်တက်လာသည်ဖြစ်၍ ရွှီချင်း၏ပတ်လည်မှာ တွန့်လိမ်ရှုံ့တွသွားသည်။

ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်းသည် သူ့ကိုယ်ထဲ ရှိနေသည်မှာ မီးတောင်တစ်လုံး မဟုတ်ဘဲ တဟုန်းဟုန်း လောင်ကျွမ်းနေသော နယ်မြေကြီးတစ်ခုကဲ့သို့ ထင်လာသည်။

သူ့နောက်မှ လိုက်လာသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအနက် တချို့ သက်စောင့်မီးလုံးနှစ်လုံး မျိုးနွယ်ဝင်များသည် ဒုတိယမြောက်သက်စောင့်မီးတောက်ကို သူ ထုတ်ဖော်လိုက်သည့်အချိန်မှာပင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

သူတို့သည် ရွှီချင်းကိုသာ အာရုံအပြည့်စိုက်ထားခဲ့သည်ဖြစ်၍ သက်စောင့်မီးတောက်မှ အလင်းရောင်က သူတို့မျက်လုံးများကို လောင်ကျွမ်းသွားစေခဲ့သည်။ သူတို့မျက်လုံးများထဲမှ သွေးများ စီးကျလာသည်။

ပြန်လည်သက်သာလာသော သက်စောင့်မီးလုံးနှစ်လုံးကျင့်ကြံသူများမှာ စိတ်ထဲတုန်ရီသွားကြသည်။ သူတို့ ကျင့်ကြံခြင်းအခြေခံများ မငြိမ်မသက်ဖြစ်သွားပြီး သက်စောင့်မီးလုံးများ ငြိမ်းသွားတော့မည့် လက္ခဏာများ ပြနေသည်။

သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူ၏စိတ်ထဲ ယောက်ယက်ခတ်သွားရပြီး ထိတ်လန့်တုန်လှုပ်သွားကာ အလိုလို အရှိန်လျော့လိုက်သည်။

သက်စောင့်မီးလုံးတစ်လုံးသည် အစောပိုင်းအခြေတည်အဆင့်ဖြစ်ပြီး သက်စောင့်မီးလုံးနှစ်လုံးသည် အလယ်ပိုင်းအခြေတည်အဆင့်ဖြစ်သည်။

ယခုအချိန်၌ ဒုတိယမြောက် သက်စောင့်မီးလုံး ပေါ်လာသည့်အတွက်ကြောင့် ရွှီချင်း၏ကျင့်ကြံခြင်း အခြေခံသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီး အလယ်ပိုင်းအခြေတည်အဆင့်သို့ ရောက်ရှိသွားသည်။

ယင်းမှာ အဆင့််လေးတစ်ဆင့်ကို ဖြတ်ကျော်သွားသည်နှင့် ဆင်တူပါသော်လည်း ဝမ်ကူးဒေသကြီးထဲ၌ ကျင့်ကြံခြင်းအဆင့်အသီးသီးကြား ကွာခြားချက်မှာ မိုးနှင့်မြေပမာ ဖြစ်သည်။

ချီစုစည်းခြင်းအဆင့်တွင် မသိသာပါသော်လည်း အခြေတည်အဆင့်၌ ထိုကွာခြားချက်မှာ အလွန် သိသာထင်ရှားသည်။

ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်သော ကျင့်ကြံသူတစ်ယောက်က ရွှမ်ယောက်အသွင်သဏ္ဍာန် မရှိသော ကျင့်ကြံသူကို ကြက်ကလေးငှက်ကလေး သတ်သည့်အလား သတ်ဖြတ်နိုင်သည်။

သက်စောင့်မီးလုံးနှစ်လုံးနှင့် တစ်လုံးကြားတွင်လည်း ထိုနည်းတူ ဖြစ်သည်။

ရွှီချင်းမှာမူ သက်စောင့်မီးအိမ်ကြောင့် သက်စောင့်မီးလုံးသုံးလုံးရှိသော နှောင်းပိုင်းအခြေတည်အဆင့်နှင့် ကွာခြားခြင်း မရှိတော့ပေ။ ယင်းအပြင် ဧကရာဇ်အဆင့်ကျင့်ကြံခြင်း အတတ်ဖြစ်သော ကျင်းဝူလျန့်ဝမ့်လင်အတတ်ကြောင့် ထိုအခိုက် ရွှီချင်း၏ တိုးတက်သွားခြင်းသည် မိုးမြေတုန်ဟီးစေသော ဖြစ်ရပ်ပင်။

ထိုအချိန်၌ မီးတောက်များ သူ့ခန္ဓာကိုယ်တစ်လျှောက် တဟုန်းဟုန်း တောက်လောင်နေသည်။ သူ့ကိုယ်မှ ပြင်းထန်သော ဖိအားများ အရပ်မျက်နှာအနှံ့ ပြန့်လွင့်နေသည်ဖြစ်၍ ဘေးပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ရှုံ့တွသွားသည်။

သူ့နောက်မှ လိုက်နေသူအများစု ရပ်သွားကြသည်။ သက်စောင့်မီးလုံးသုံးလုံးနှင့် ကျင့်ကြံသူသည် အသက်ပြင်းပြင်းရှူ၍ ဆက်မလိုက်တော့ရန် တွေးလိုက်စဉ်မှာပင် ရွှီချင်းသည် လူသတ်ငွေ့များ တဟုန်းဟုန်း တောက်လောင်နေလျက် ဆတ်ခနဲ လှည့်လာသည်။

ရွှီချင်းသည် လက်ဖျားခါရလောက်အောင် မြန်ဆန်စွာ ပြေးထွက်လာရာ သက်စောင့်မီးလုံးနှစ်လုံး ကျင့်ကြံသူများသည်ပင် သူ့ကို မမြင်နိုင်ပေ။ သက်စောင့်မီးလုံးသုံးလုံးနှင့် ကျင့်ကြံသူသည်ပင် သူ့ကို ဝိုးတဝါးသာ မြင်ရသည်ဖြစ်၍ ဆံပင်များ ထောင်ထသွားသည်။

သို့သော် နှောင်းပိုင်းအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူသည် အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်သည်။ သေရေးရှင်ရေးအခိုက်အတန့်တွင် သူသည် လျှာထိပ်ဖျားကို ကိုက်လိုက်ပြီး အပြာရောင်သွေးတစ်လုပ်စာ အန်ထုတ်ကာ ဓမ္မတံခါးများကို တဟုန်းဟုန်း တောက်လောင်နေစေရန် ပြတ်သားစွာ ရွေးချယ်လိုက်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ၌ နာမည်ကြီးသော လက်ရွေးစင်တစ်ယောက်ဖြစ်၍ စုစုပေါင်းဓမ္မတံခါးကိုးဆယ့်နှစ်ခုကို သူ ဖွင့်နိုင်ခဲ့သည်။ ထိုဓမ္မတံခါးကိုးဆယ့်နှစ်ခုက ပြိုင်တူ ပွင့်ထွက်လာရာ သက်စောင့်မီးလုံးသုံးလုံးကို ပို၍ တောက်လောင်စေရန် လှုံ့ဆော်လိုက်လေသည်။

သို့သော်လည်း သူ သိသိသာသာ မျက်နှာပျက်သွားရသည်။

အဘယ်ကြောင့်ဆိုရသော် ထိုအခြေအနေ၌ သူသည် ရွှီချင်း၏ လှုပ်ရှားမှုအနည်းငယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အပြင် ရွှီချင်း၏ ပစ်မှတ်မှာ သူ မဟုတ်ဘဲ သူ့နောက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ဖြစ်နေသည်ကိုလည်း မြင်လိုက်ရသောကြောင့်ပင်။

သက်စောင့်မီးလုံးသုံးလုံးကို ယှဉ်နိုင်သော အစွမ်းနှင့် ကျင်းဝူလျန့်ဝမ့်လင်အတတ်မှ အပြင်ခန္ဓာကို ပေါင်းစပ်လိုက်သောအခါ ရွှီချင်း၏ အမြန်နှုန်းက အခြေတည်အဆင့်ကျင့်ကြံသူများ မထုတ်ဖော်နိုင်သည့် အမြန်နှုန်းသို့ ရောက်သွားသည်။ သူသည် ဒဏ်ရာရနေသော သက်စောင့်မီးလုံးနှစ်လုံး ကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။

ထိုကျင့်ကြံသူကို သူ ဝုန်းခနဲ ရိုက်နှက်လိုက်သည်။

ထိုကျင့်ကြံသူမှာ စုတ်ဖြဲခံလိုက်ရသော စက္ကူတစ်ရွက်အလား ပြိုလဲသွားသည်။ အသားစများနှင့် ဦးနှောက်အပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲသွားစဉ်မှာပင် ရွှီချင်းသည် နောက်ထပ်သက်စောင့်မီးလုံးကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရောက်သွားပြီဖြစ်ကာ ထိုသူကို ရိုက်နှက်လိုက်သည်။

ပြီးသည်နှင့် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက် စသည်ဖြင့် …

သူက ညာလက်ကို မြှောက်လိုက်ရာ မီးဓားမြှောင်တစ်လက် ပေါ်လာသည်။ သက်စောင့်မီးလုံးနှစ်လုံး ကျင့်ကြံသူတစ်ယောက်ကို သူ ဖြတ်သွားသည့်အခါ ဓားမြှောင်က ထိုကျင့်ကြံသူ၏ လည်ပင်းကို လှီးဖြတ်သွားသည်။

ခေါင်း လွင့်ပျံသွားပြီး သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သံတုတ်နက်လေးကို ထိန်းချုပ်၍ လျှပ်စီးများကို ထုတ်လွှတ်ကာ တခြားအခြေတည်အဆင့်ကျင့်ကြံသူများထံ ဝင်ရောက်သွားသည်။ အရိပ်လေးသည်လည်း အရိပ်ကို နယ်မြေတစ်ခုပမာ ဖြန့်ကျက်လိုက်သည်။

မြေပြင်ပေါ်၌ မျက်လုံးအမြောက်အမြား ပေါ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များထဲရှိ ဓာတ်နှောအများအပြား ဆုံးရှုံးသွားသည်။

ဖြစ်စဉ်တစ်ခုလုံး အသက်ရှူချိန်ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့်သာ ကြာသေးသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် တစ်ဝက်ခန့်မှာ ခန္ဓာကိုယ်များ ပေါက်ကွဲသူက ပေါက်ကွဲ၊ ခေါင်းများပြတ်သူက ပြတ် ဖြစ်နေပေသည်။

ကျန်နေသေးသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းများ ကြီးစိုးနေသည်။ သူတို့သည် တွေဝေတွန့်ဆုတ်မနေဘဲ နောက်ဆုတ်လိုက်ကြသည်။

ထိုအချိန်၌ ဂီးခနဲ စူးစူးရှရှအော်မြည်သံ လွင့်ပျံလာသည်။ ရွှီချင်း၏နောက်မှ ရွှေကျီးကန်းပေါ်လာပြီး ဘေးပတ်လည်ကို အေးတိအေးစက်ကြည့်ကာ ရွှီချင်း၏ဘေးမှ ပျံထွက်လာသည်။ ၎င်း၏ အစွမ်းထက်အမြီးမီးတောက်များက သံကြိုးများအသွင် ပြောင်းလဲကာ လူအားလုံးထံ ဝင်ရောက်သွားသည်။

ရွှီချင်းသည် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ သူသည် တားမြစ်နယ်မြေအပြင်ဘက်သို့ မရောက်သေးသည်ဖြစ်၍ အန္တရာယ်နှင့် အချိန်မရွေး ကြုံရနိုင်ပါသော်ငြား သူ လှုပ်ရှားခဲ့ပြီဖြစ်၍ သူတို့အားလုံးကို လက်စတုံးပစ်ချင်နေသည်။ ထိုအချိန်၌ သူသည် မြေပြင်ကို ဘုန်းခနဲ ဆောင့်လိုက်သည်။

သူ၏ခန္ဓာကိုယ်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် နောက်ဆုတ်နေပြီဖြစ်သော သက်စောင့်မီးလုံးသုံးလုံးနှင့် ကျင့်ကြံသူထံ တဟုန်ထိုး ဝင်ရောက်သွားသည်။

ထိုကျင့်ကြံသူ၏ မျက်လုံးများ မှေးသွားပြီး မရှောင်နိုင်တော့သည်ကို သူ သိလိုက်သည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်ခြင်းများ ပြည့်နှက်နေသည့်အမူအရာ ဖြစ်သွားပြီး သူ့ကိုယ်ထဲ ဓမ္မတံခါးကိုးဆယ့်နှစ်ခု တဝုန်းဝုန်း တောက်လောင်လာပြန်သည်။ အမှန်စင်စစ် ဓမ္မတံခါးနှစ်ခုကိုပင် သူ ဖောက်ခွဲပစ်လိုက်သည်။

ဓမ္မတံခါးနှစ်ခုကို ဖျက်ဆီးလိုက်ရာမှ ရရှိသည့်စွမ်းအားကြောင့် သူ၏အစွမ်းများ ထပ်မံမြင့်တက်လာပြီး ရွှီချင်းထံ ကြမ်းတမ်းစွာ ဝင်ရောက်သွားသည်။

မြေပြင်နှင့် ဘေးပတ်လည်ရှိ လေဟာနယ်ထဲမှ အရိုးဖြူဖြူလက်များ အရူးအမူး ဆန့်ထွက်လာကြပြီး ရွှီချင်းကို အလျင်အမြန် ရစ်ပတ်လိုက်ကြသည်။

အရိုးလက်များမှာ များလွန်းလှ၍ အရိုးပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သက်စောင့်မီးလုံးသုံးလုံး ကျင့်ကြံသူသည် မရပ်တန့်ဘဲ နောက်ထပ်အပြာရောင်သွေးတစ်လုပ်စာ အန်လိုက်သည်။

ထိုသွေးပေါ်လာသည်နှင့် ဘေးပတ်လည်ကို တုန်ခါသွားစေနိုင်လောက်အောင် အစွမ်းထက်သော အပြာရောင်ဓားပျံတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းထံ ဝင်ရောက်သွားသည်။

ထိုကျင့်ကြံသူသည် နောက်ထပ်လက်ဟန်များဖော်၍ ရင်ဘတ်ကို ထုနှက်လိုက်ရာ သူ့ခန္ဓာကိုယ် ဝေဝါးသွားပြီး အရိပ်များစွာ ထပ်နေသည့်ပုံစံ ပေါ်လာသည်။ ထိုအရိပ်များသည် ခွဲမရအောင် ဆင်တူသော ခန္ဓာကိုယ်လေးခုအဖြစ် ပြောင်းလဲသွားကာ ရွှီချင်းထံသို့ လေးဘက်လေးတန်မှ ဝင်ရောက်သွားသည်။

“ သေစမ်းကွာ ”

ရွှီချင်းက အေးစက်စက်နှာမှုတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ကိုယ်ထဲမှ မီးတောက်များ ထပ်မံတောက်လောင်လာကာ ဘေးပတ်လည်ရှိ အရိုးလက်များနှင့် ပြင်းထန်စွာ ထိတွေ့သွားသည်။ တချိန်တည်းမှာပင် သူသည် ညာလက်ကို မြှောက်၍ အောက်သို့ အညှာအတာမဲ့စွာ ခုတ်ချလိုက်သည်။

ရုတ်တရက် သူ့ခေါင်းအထက်တွင် ကောင်းကင်ဓားမော့တစ်စင်း ပေါ်လာသည်။ လက်ရှိသူ့ကျင့်ကြံခြင်းအဆင့်အရ ယင်းဓားမော့သည် အဆပေါင်းများစွာ အစွမ်းထက်ကာ ပို၍ မြန်ဆန်နေသည်။ တခဏလေးအတွင်း ယင်းဓားမော့က တိုးဝင်လာသော အပြာရောင်ဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ထိုဓားနှစ်စင်း ထိပ်တိုက်တွေ့ဆုံသွားစဉ် ရွှီချင်းသည် ဘေးမှ တိုးဝင်လာသော ကိုယ်ပွားကို လက်သီးဖြင့် ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။ ကိုယ်ပွားမှာ နောက်သို့ လွင့်ထွက်သွားကာ သွေးများ အန်နေသည်။ ရွှီချင်းသည် ချက်ချင်းပင် ထိုကိုယ်ပွားနောက်သို့ လိုက်သွားကာ အားကုန်သုံး၍ ဒူးဖြင့် တိုက်လိုက်သည်။

အရိုးအသား ကျိုးကြေသွားသံများ ထွက်ပေါ်လာပြီး ကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားသည်။

ရွှီချင်းက မိစ္ဆာမီးတောက်နက်တစ်လုတ်စာ အန်ထုတ်လိုက်ရာ မီးပင်လယ်တစ်ခုအသွင် ပြောင်းလဲသွားပြီး သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူ၏ နောက်ထပ်ကိုယ်ပွားတစ်ခုကို လွှမ်းခြုံသွားသည်။

ထိုမီးပင်လယ်ထဲမှ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံ လွင့်ပျံလာသောအခါတွင် တတိယမြောက်ကိုယ်ပွား ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ထိုကိုယ်ပွား၏ မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းက အနီးကပ်လာသည့်အခါ ၎င်း၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် အလိုလို ပုပ်ပွပျက်စီးလာသည်။

မျက်လုံးနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အရည်ပျော်သွားပြီးနောက် မည်းနက်တောက်ပြောင်သော သံချောင်းတစ်ချောင်း အဖြစ် စုစည်းသွားပြီး ရွှီချင်း၏ခေါင်းတည့်တည့် ပျံသန်းသွားသည်။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်း၏ မျက်လုံးများထဲ ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ ထိုအဘိုးအို၌ နည်းလမ်းများစွာ ရှိနေပြီး အထူးသဖြင့် ဤသံချောင်းနက်ကလေးပင်။ ၎င်းထံမှ ထွက်ပေါ်နေသည့် ဝိညာဉ်ချုပ်နှောင်နိုင်သည့် စွမ်းအားအငွေ့အသက်များကြောင့် ရွှီချင်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူ ချက်ချင်းပင် ညာလက်ကိုမြှောက်၍ သံချောင်းကို ဖမ်းဆုပ်လိုက်သည်။

သံချောင်းမှာ အပြင်းအထန် ရုန်းကန်နေပါသော်လည်း အသုံးမဝင်ပေ။

ခပ်လှမ်းလှမ်းရှိ လေဟာနယ်မှာ တွန့်ကွေးသွားပြီး သက်စောင့်မီးလုံးသုံးလုံး၏ အစစ်အမှန် ခန္ဓာကိုယ် ပေါ်လာသည်။ သူ ချက်ချင်းပင် ထွက်ပြေးရန် နောက်ဆုတ်လိုက်ပါသော်လည်း ဆတ်ခနဲ ရပ်သွားသည်။

ထို့နောက် သူ့မျက်လုံးများထဲမှ ကြောက်ရွံ့သည့်အရိပ်အယောင်များ ပေါ်လာပါသော်လည်း သူ့ပါးစပ်မှ သွေးအေးသော ရယ်သံ လွင့်ပျံလာသည်။ ရွှီချင်း၏ရှေ့သို့ သူ မြန်ဆန်စွာ လှမ်းသွားပြီး ဒူးတစ်ဖက်ကို ထောက်၍ သိုလှောင်အိတ်ကို ကမ်းပေးလိုက်သည်။ ပြီးသည်နှင့် လည်ပင်းကို လိမ်ချိုးလိုက်သည်။

အဘိုးအို၏ကိုယ်ထဲမှ တပွက်ပွက်မြည်သံများ ပဲ့တင်ထပ်လာသည်။ ဓမ္မတံခါးများ ပေါက်ကွဲနေသည်ကို မြင်၍ ရွှီချင်းသည် မိစ္ဆာမီးများကို အဘိုးအိုခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်ကာ ဝိညာဉ်ကို စုပ်ယူလိုက်သည်။ ရွှေကျီးကန်းသည် ရန်သူများကို သုတ်သင်ရှင်းလင်းပြီးဖြစ်၍ ပြန်ရောက်လာကာ အဘိုးအို၏ သွေးများကို ပျော်ရွှင်စွာ စုပ်ယူလေသည်။

အဘိုးအို၏ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့မျက်လုံးများထဲမှ ကြောက်ရွံ့မှုများသည် စိတ်ဓာတ်ကျခြင်းများအဖြစ် ပြောင်းလဲသွားသည်။ တခဏလေးအတွင်း သူ့ဝိညာဉ်နှုတ်ယူခံလိုက်ရပြီး သူ့ခန္ဓာကိုယ် ခြောက်ကပ်သွားသည်။ သူ့တစ်ကိုယ်လုံးရှိ သွေးနှင့်ချီများက အရည်တစ်စက်အဖြစ် ပြောင်းလဲကာ ရွှေကျီးကန်း၏ပါးစပ်ထဲ ဝင်ရောက်သွားသည်။

အရိပ်သည်လည်း အာဟာရရှိသော အစားအစာကို ရရှိလိုက်၍ ကျေနပ်သွားသည်။

သံတုတ်နက်လေးသည်သာ အတန်ငယ် စိတ်ဓာတ်ကျနေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စိတ်ထဲတွင် အန္တရာယ်အာရုံတစ်ခု ထိုးတက်လာသည်။ မည်မျှပင် ကြည့်သည်ဖြစ်စေ သူက အတော်လေး အသုံးမကျလာသကဲ့သို့ ခံစားနေရသည်။

‘ ဒီလိုမျိုး ဆက်ဖြစ်လို့ မဖြစ်ဘူး ’

ယခုကဲ့သို့ ဆက်ဖြစ်ပါက အသုံးမဝင်သော စာဖိုင်တစ်ဖိုင်ကဲ့သို့ လွှင့်ပစ်ခံရမည်ဖြစ်ကြောင်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တွေးနေမိသည်။ ထို့နောက် သူ သိမ်းဆည်းထားသည့် ဝိညာဉ်ရေကို အာရုံခံကြည့်ကာ လွတ်မြောက်သွားပြီးနောက် ဆက်လက်အဆင့်တက်ဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

အရိပ်နှင့် ရွှေကျီးကန်းနှစ်ခုလုံး တဖြည်းဖြည်း အစွမ်းထက်သည်ထက် အစွမ်းထက်လာသည်။ ယင်းသည် သူတို့ခန္ဓာကိုယ်များထဲရှိ ဝိညာဉ်ရေများ၏ အစွမ်းကြောင့် ဖြစ်သည်။ ဥပမာအနေဖြင့် ယခုအခါတွင် အရိပ်က သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူ၏ အရိပ်ကို ဝါးမျိုလာနိုင်ပြီ ဖြစ်သည်။

ရွှေကျီးကန်း၏အစွမ်းများမှာ ပို၍ပင် ပြင်းထန်လာသည်။ ၎င်း တိုးတက်လာခြင်းကြောင့် ရွှီချင်း၏ ခန္ဓာကိုယ်သည်လည်း ဆက်လက်တိုးတက်လာသည်။

“ ဒီတစ်ခေါက်ခရီးက တန်တယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တားမြစ်နယ်မြေ၏ ထွက်ပေါက်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူသည် တဟုန်ထိုး ပြေးလွှားနေရင်း ခေါင်းဆောင်ကို တွေးကာ သက်ပြင်းချလိုက်သည်။

“ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် လိုက်တာ ခံရတော့ ခေါင်းဆောင်က တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ လူပဲ ”

ရွှီချင်း သက်ပြင်းချလိုက်သည်။ ယခုတစ်ခေါက်က အန္တရာယ် အလွန်များသည်။ သို့သော် အမုန်းတရားအများစုကို ခေါင်းဆောင်က သိမ်းကျုံးယူဆောင်သွားခဲ့သည်။ ထိုသို့မဟုတ်ပါက ယခုတစ်ခေါက် သူ့နောက်သို့ လိုက်နေသည့်မျိုးနွယ်ဝင်များ ပို၍ များနေလိမ့်မည်ဟု သူ ခံစားမိသည်။

သူသည် အားကုန်သုံး၍ ထွက်ပေါက်သို့ ပြေးသွားသည်။ သူ အပြင်ထွက်တော့မည့်အခိုက် သူ့မျက်လုံးများ မှေးသွားသည်။ မည်သည့်ညွှန်ကြားချက်မျှ စောင့်မနေဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အပြင်ဘက်ရှိ အခြေအနေကို ဦးစွာ စစ်ဆေးကြည့်ရန် လေပွေထဲသို့ ဝင်သွားသည်။

အရိပ်သည် အသိစိတ်အများစုကို ပြန်ရလာပြီဖြစ်ပြီး ၎င်းသည်လည်း လျင်မြန်စွာ အပြင်သို့ ဖြန့်ကျက်လိုက်သည်။

ရွှီချင်း၏ မျက်လုံးများထဲ လေးစားသည့်အရိပ်အယောင်များ ပေါ်လာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ အပြင်ထွက်သွားသည်ကို မြင်၍ သူသည်လည်း ပြင်ဆင်ထားလိုက်သည်။ ထိုအချိန်၌ သူ့ကိုယ်ထဲရှိ ကျင့်ကြံခြင်းအခြေခံများ တဟုန်းဟုန်း ထွက်ပေါ်လာသည်။

ထို့နောက် အရိပ်မှတစ်ဆင့် အပြင်ဘက်ရှိ အခြေအနေကို အာရုံခံကြည့်ပြီးနောက် ရွှီချင်း ဆွံ့အသွားသည်။ သူ့မျက်လုံးများထဲ စဉ်းစားနေသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူသည် အံတင်းတင်းကြိတ်၍ အပြင်သို့ ထွက်လိုက်သည်။

All Chapters