ပုန်းအောင်းနေသောရန်သူများ.....
Vol. 11 Ch. 141
ယနေ့ ရှန်းလိသစ်ပင်များဆီသွားရမည်ဖြစ်သောကြောင့် လီလော့ တက်ကြွနေလေ၏။
ဒုတိယအထပ်တွင် ရှင်းဖူသည် နေ့ကအတိုင်း ပန်းချီကားတစ်ချပ်ကို စိတ်ဝင်တစားရေးဆွဲနေပြီး ပထမထပ်တွင် ပိုင်မျန်မျန်တစ်ယောက် ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။
လှပသော ပိုင်မျန်မျန်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
//အလှတရားကဆာလောင်မှုကို လှုံ့ဆော်ပေးနိုင်တယ်ဆိုပေမယ့် ဒီမိန်းကလေးနဲ့သာဆို ဘယ်တော့မှ အစားကောင်း စားရမှာမဟုတ်ဘူး//
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်၍ သွားဖွင့်ပေးလိုက်သည့်အခါ ရင်းနှီးနေသော မျက်နှာလေးကိုမြင်လိုက်ရသည်။
" အစ်မချင်းအာ....."
လှပကျော့ရှင်းသော ကျန်းချင်းအာသည် စက္ကူအိတ်လေးတစ်အိတ်ကိုင်၍ တံခါးဘောင်ကိုမှီကာ ပျင်းတိပျင်းရွဲ ရပ်နေသည်။
" ရော့...ဒါက ကန်တင်းရဲ့ အကောင်းဆုံးနံနက်စာ ကောက်ညှင်းနီကိတ်မုန့်...."
" အစ်မချင်းအာက ကယ်တယ်ရှင်ကြီးပါပဲဗျာ...."
လီလော့ ထိုနံနက်စာကြောင့် မျက်ရည်ကျလုနီးပါး ထိရှသွားလေသည်။
"အစ်မချင်းအာသာ လာမပို့ရင် ထပ်ပြီိးနှိပ်စက်ခံရတော့မှာ...."
လီလော့ အထဲဘက်ကို မသိမသာမျက်စပစ်ပြလိုက်သည်။
ကျန်းချင်းအာက မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသော ပိုင်မျန်မျန်ကိုလှမ်းကြည့်လိုက်ပြီး....
" အလကားစားရတာတောင် အရိုးများတယ်ချီးခါးတယ်လုပ်နေသေးတယ်...ဟွန့်...."
" အစ်မ..ကိုယ်တိုင်စားဖူးမှသာ နားလည်လာလိမ့်မယ်.... "
" လာခဲ့...ခဏလောက် လမ်းလျှောက်ရအောင်....."
ကျန်းချင်းအာထံတွင် ပြောစရာရှိနေမှန်း သဘောပေါက်လိုက်သောကြောင့် လီလော့ အတူလိုက်သွားခဲ့သည်။
ရေကန်အနီးတွင် လူ့ဘီလူးချပ်ဝတ်ဝတ်ဆင်ထားသော ကျောင်းသားပေါင်းများစွာသည် လီလော့ကို မနာလိုအားကျသောအကြည့်များနှင့် ကြည့်ပြီး ကျော်တက်သွားကြသည်။
// ငါတို့မှာတော့ အသေအကြေအပင်ပန်းခံလေ့ကျင့်နေလိုက်ရတာ...ဒီကောင်ကတော့ နံနက်စာစားပြီး အလှလေးနဲ့ အေးရာအေးကြောင်း လမ်းလျှောက်နေတယ်....//
မည်သို့ပင်ဆိုစေ ကျန်းချင်းအာသည် ကြယ်သုံးပွင့်ကျောင်းသူဖြစ်သော်လည်း ကြယ်လေးပွင့်ကျောင်းသူ မင်းသမီးကြီးနှင့် တန်းတူထင်ရှားကျော်ကြားသူတစ်ဉီးဖြစ်သည်။
ထိုကဲ့သို့သောအကြည့်များကို လီလော့ ရင်းနှီးနေပြီးသားဖြစ်သည်။
" ကဲ...ပြောစရာရှိတာ ပြောတော့...."
" မြင့်မြတ်တဲ့စစ်ပွဲအကြောင်း နင့်နည်းပြဆီက သိပြီးပြီမဟုတ်လား...."
" အင်း...သိပြီးပြီ...နင် မပြောပြခဲ့တာကို နားလည်ပါတယ်...သိနေတော့လဲ စိတ်ဖိစီးရုံကလွဲရင် ဘာများတတ်နိူင်မှာမို့လို့လဲ....ငါကိုကလည်း အားနည်းလွန်းတာပါ....."
" နင်တင်မကပါဘူး....ငါလည်း အားနည်းတာပါပဲ....ဘာပဲဖြစ်ဖြစ် ရည်မှန်းချက်တစ်ခုရှိတာ မကောင်းတဲ့အရာမှမဟုတ်တာ...."
" ငါသိချင်တယ်...ငါ့မိဘတွေ...."
" စိတ်မပူပါနဲ့.....သူတို့ သေချာပေါက်အဆင်ပြေမှာပါ.....စစ်တလင်းရောက်နေတဲ့ သူတို့ကို စိတ်ပူရမယ့်အစား ဒီကအခြေနေတွေကိုပဲ စိတ်ပူသင့်တယ်....."
" နင် ဘာကိုဆိုလိုချင်တာလဲ....."
ကျန်းချင်းအာသည် ချက်ချင်းပြန်မဖြေသေးဘဲ မိုးမခပင်အောက်တွင်ရပ်နေကာ ကန်ရေပြင်ကိုငေးကြည့်နေလေ၏။
" စစ်ပွဲထဲသွားဖို့ ဘယ်လိုရွေးလဲ နင်သိတယ်မလား လီလော့....."
" သေခြင်းတရားလက်မှတ်..."
" ရှပြည်ထောင်စုမှ မြို့စားအဆင့်သိပ်မရှိဘူး အလွန်ဆုံးမှ ဆယ့်နှစ်ယောက်လောက်ပဲရှိတာ....ဆရာရော၊ဆရာမရော တစ်ပြိုင်တည်း အနက်ရောင်ကတ်ရွေးမိတာကို တိုက်ဆိုင်မှုလို့ထင်နေတာလား....."
ထိုစကားလုံးများကြောင့် လီလော့ သွေးပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။
" ဒါ...ဒါဆို ကြိုတင်ကြံစည်ထားကြတာပေါ့....."
" ငါ့မှာ ဘာသက်သေမှမရှိသေးဘူး...ခန့်မှန်းချေသက်သက်ပဲရှိသေးတာ...."
လီလော့....." သေခြင်းတရားလက်မှတ်ကို ကြိုးကိုင်ချယ်လှယ်နိူင်တယ်ဆိုမှတော့ တော်ရုံလူမဟုတ်လောက်ဘူး...ရှပြည်ထောင်စုမှာ အဲ့လောက် အာဏာပြင်းတဲ့သူ ဘယ်သူရှိလို့လဲ ....."
ကျန်းချင်းအာ....." ငါခန့်မှန်းကြည့်ရသလောက်ဆို ရှပြည်ထောင်စုမှာ ဒီလိုလုပ်နိုင်တာဆိုလို့ ကြယ်တာယာခရီးရှည်ကောလိပ်ရယ်၊ တော်ဝင်ရုံးတော်ရယ်၊ရွှေနဂါးဘဏ်တိုက်ရယ်ပဲရှိတယ်...."
လီလော့ တံတွေးမြိုချလိုက်မိသည်။ ထိုသုံးဖွဲ့စလုံးသည် ရှပြည်ထောင်စု၏.အာဏာအပြင်းဆုံး အဖွဲ့များဖြစ်ကြသည်။ တကယ်ပဲ သုံးဖွဲ့ထဲက တစ်ဖွဲ့ရဲ့လက်ချက်လား.....
" ဒါတွေက မှန်းဆချက်သက်သက်ပဲဆိုတော့ ထုတ်မပြောသေးတာပိုကောင်းမယ်....အခု နင် ကောလိပ်ကိုရောက်နေပြီဆိုတော့ အမျိုးမျိုးသောအင်အားစုတွေရဲ့ စောင့်ကြည့်မှုအောက်ရောက်နေပြီ...အမှောင်ထဲကနေ စောင့်ကြည့်နေသူတွေလည်း ရှိနိုင်တယ်...အတတ်ဆုံးသတိထားတာ အကောင်းဆုံးပဲ....."
" ဟူးးး.ဒါတွေအကုန်လုံးက လုံလောက်အောင် မသန်မာလို့ ဖြစ်ခဲ့ရတာတွေပဲ....."
လီလော့၏ အပြောကို ကျန်းချင်းအာ ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူမသာ မြို့စားအဆင့်ရောက်နေပါက ထိုအကြောင်းအရာများကို မည်သူ့ကိုမျှဂရုစိုက်မနေဘဲ ပေါ်ပေါ်ထင်ထင်စုံစမ်းနိုင်မည်ဖြစ်သည်။
ခြေသံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်သည့်အခါ.....
" ဟီးးဟီး...တူပါတယ်ဆိုပြီး လာကြည့်လိုက်တာ...တကယ်ပဲ စီနီယာကျန်းဖြစ်နေတာပဲ....."
.
ထိုသို့ပြောလိုက်သောလူငယ်သည် လေးလံသောချပ်ဝတ်ကို ဝတ်ဆင်ထားသောလည်း နည်းနည်းလေးမျှ ပင်ပန်းနေပုံမရပေ။
ထိုလူငယ်သည် ကြယ်နှစ်ပွင့်ကျောင်းသားတစ်ယောက်ဖြစ်ပြီး လီလော့ထက် တစ်ဆင့်မြင့်ပေသည်။
ထိုလူငယ်က လီလော့ကို ကြည့်လိုက်ပြီး.....
" မင်းက ဂျူနီယာလီလော့မဟုတ်လား....ငါက ကြယ်နှစ်ပွင့်ကျောင်းသား ရဲချူတင်းပါ...."
" တွေ့ရတာ ဝမ်းသာပါတယ် စီနီယာရဲ....."
" ဘာကိစ္စရှိလို့လဲ...."
ကျန်းချင်းအာ တည့်တိုးမေးချလိုက်သည့်အခါ ရဲချူတင်းက ကပြာကယာလက်ခါပြလိုက်ပြီး......
"ကျွန်တော်တို့ လေ့ကျင့်ရေးပြီးလို့ နားနေဆောင်ဆီပြန်ကြတော့မလို့ပါ...စီနီယာကျန်းကို တွေ့လို့ လာနှုတ်ဆက်တာပါ...အနှောက်အယှက်ပေးသလိုများဖြစ်သွားလို့လား....."
လီလော့ လှမ်းကြည့်လိုက်သည့်အခါ ခပ်လှမ်းလှမ်းတွင် ရပ်နေကြသော ကြယ်နှစ်ပွင့်ကျောင်းသားတစ်သိုက်ကို လှမ်းမြင်လိုက်ရသည်။ထိုအုပ်စုထဲမှ အချို့သည် ကျန်းချင်းအာနှင့်စကားပြောနေသော ရဲချူတင်းကို "ငါတို့သိတယ်နော်"ဟူသော အပြုံးနှင့် ပြုံးပြနေကြသည်။
" ငါက လီလော့အတွက် နံနက်စာလာပို့ပေးတာ....."
" ဝိုးးး စီနီယာကျန်း တစ်ယောက်ယောက်ကို နံနက်စာ ဝယ်ပေးတာ ပထမဆုံအကြိမ်မြင်ဖူးတာပဲ...ဂျုနီယာလီလော့က အတော်ကံကောင်းတဲ့သူပဲနော်.....ဒါဆိုလဲ မနှောက်ယှက်တော့ပါဗျာ...စီနီယာကျန်း နောက်တစ်ခါမစ်ရှင်တွေရှိလို့ လူလိုရင် ကျွန်တော်ကို ခေါ်ပါဉီး...ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်....."
ထိုသို့ပြောပြီးသည်နှင့် ရဲချူတင်းတစ်ယောက် ထွက်ခွာသွားလေတော့သည်။
လီလော့ ဒေါသထွက်လာတာကြောင့် လက်ထဲက ကိတ်မုန့်ကိုလက်ညှိုးထိုးပြလိုက်ပြီး.....
" ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြစမ်းပါ.....ငါ့အဖြစ်ကကောလိပ်ကို ခြေချလိုက်ကတည်းက ကျားတွေ ဝံပုလွေတွေ အဝိုင်းခံထားရတဲ့ ခွေးပေါက်လေးလိုပဲ....ကျန်းချင်းအာ..နင် အိမ်တော်မှာ ငါ့ကို အနိုင်မကျင့်ရလို့ လက်ငှားပြီး အနိုင်ကျင့်နေတာလား......"