ရှန်းလိသစ်ပင်အောက်တွင်.....
Vol. 11 Ch. 143
နံနက်စာစားပြီးသည်နှင့် လီလော့တို့ တပည့်သုံးဉီးသည် နည်းပြချီချန်း ဉီးဆောင်မှုနောက်ကနေ ရှန်းလိသစ်ပင်ကြီးဆီ ခရီးနှင်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင်သူတို့နည်းတူ ရှန်းလိသစ်ပင်စီသွားနေကြသော ကျောင်းသားများကိုလည်း မြင်တွေ့နေရသည်။
ကြယ်တစ်ပွင့်ခန်းမအတွက်သတ်မှတ်ပေးထားသော နေရာရောက်ရန် မိနစ်နှစ်ဆယ်ခန့်အချိန်ယူခဲ့ရသည်။
ကောင်းကင်ထိလုတမျှကြီးမားလှသောသစ်ပင်ကြီးပေါ်မှ ငုံ့ကြည့်လိုက်လျှင် မြေပြင်တွင်ရှိနေသူများသည် ပုရွက်ဆိတ်များသဖွယ်သေးငယ်သွားကြသည်။
ပေါများသိပ်သည်းလှသော သဘာဝစွမ်းအင်များသည် သစ်ပင်ပေါ်မရောက်ခင်ကတည်းကပင် စတင်ရိုက်ခတ်နေလေပြီ။
ဤသည်မှာ တွေ့ကြုံခဲ့ဖူးသမျှထက်သာလွန်နေပေသည်။
တပည့်များကို ဉီးဆောင်လာကြသော နည်းပြများ အသီးသီးရောက်ရှိနေပြီဖြစ်သောကြောင့် စကားစမြည်ပြောဆိုသံများဖြင့် သက်ဝင်စည်ကားလျှက်ရှိသည်။
မနီးမဝေးဆီကနေ ညစ်ပတ်သောအရောင်အဝါအချို့ကို အာရုံခံမိလိုက်သောကြောင့် လှည့်ကြည့်လိုက်သည့်အခါ ယုလန်ကိုလှမ်းမြင်လိုက်ရသည်။
ယုလန်ကလည်း လီလော့ကို မြင်လိုက်သောကြောင့် လူအုပ်ကြီးကြားကနေ တိုးဝှေ့လာနေ၏။
// ဒီကောင် ဘယ်လိုဖြစ်လို့ အသည်းအသန်လာနေတာလဲ...ခင်မင်မှုစွမ်းအားများလား မတွေ့ရတာကြာလို့ လွမ်းနေတာများလား//
လီလော့ ယုလန်ကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးနေသော်လည်း ယုလန်၏ အကြည့်များသည် လီလော့နောက်တွင်ရှိနေသော ပိုင်မျန့်မျန့် ထံတွင်သာ ကပ်ညိနေသည်။
" ဘာ..လုပ်...နေ..တာ..လဲ..."
တစ်ခွန်းဆီပြောလိုက်သော အေးစက်သည့်စကားသံကြောင့် ယုလန် ထိတ်လန့်စွာနှင့် ပိုင်တုတုကို လှည့်ကြည့်မိလိုက်သည်။
" ဘာလုပ်ရမှာလဲ... ငါ့သူငယ်ချင်းနဲ့ လာတွေ့တာပေါ့...."
ယုလန် ထိုသို့ပြောလိုက်ပြီး လီလော့၏ ပခုံးကို အားပါတရလှမ်းဖက်လိုက်တာကြောင့် လီလော့ကလည်း ပူးပေါင်းသရုပ်ဆောင်ပေးသည့်အနေဖြင့်.....
"ကန်တင်းက အစားအသောက်တွေ စားကောင်းရဲ့လား...."
" ဟမ်...မင်း ကန်တင်းတစ်ခါမှ မသွားရသေးဘူးလား......"
" ပိုင်မျန်မျန်က နေ့တိုင်းချက်ပြုတ်ပေးနေတော့ မသွားဖြစ်သေးဘူး....."
ထိုစကားကြောင့် ယုလန် မေးရိုးပြုတ်ကျမတတ်ဖြစ်သွားလေ၏။
// ဒါ ငါအိမ်မက်မက်နေတဲ့ သုခဘုံလေးပဲ...ပိုင်မျန်မျန်ချက်ပေးတဲ့ ချစ်နံနက်စာလေးစားရင်း သူမ ချက်ပြုတ်ပေးနေတာလေး ထိုင်ငေးချင်တာ.....//
ထိုစကားကြောင့် ပိုင်တုတုကလည်း လီလော့နားရောက်လာပြီး ......
" မျန်မျန် နင့်တို့အတွက် နံနက်စာချက်ပေးတယ်....ဟုတ်လား ....နင်တို့ အကုန်စားလိုက်ကြလား...သူ့ကို ဘာပြောလိုက်ကြသေးလဲ...."
ပိုင်တုတု၏ မျက်ဝန်းထဲတွင် လီလော့တို့ကို သနားနေသည့်အရိပ်အယောင်အပြင် ညီမဖြစ်သူအတွက် စိုးရိမ်နေမှုများပါ ပြည့်နှက်နေသည်။
" အကုန်စားလိုက်တာပေါ့....သူ ဒီလောက်ထိ အပင်ပန်းခံချက်ပြုတ်ပေးထားတာကို....."
ထိုအခါမှသာ ပိုင်တုတု သက်ပြင်းချနိုင်ရှာတော့သည်။
" ဒါနဲ့...သူဘာလို့ ဒီလိုအရသာမရှိတာတွေစားနေတးရတာလဲ...အရသာမရှိမှန်း မသိဘူးလား....."
ပိုင်တုတု တခဏမျှတွေဝေနေပြီးနောက် အသံတိုးတိုးနှင့်.....
" မျန်မျန် ငယ်ငယ်က ရှားပါးတဲ့ အဆိပ်မိခဲ့တယ်...အဲ့တုန်းကတည်းက အရသာခံနိူင်စွမ်းပျောက်ဆုံးကုန်တာ... "
လီလော့ အတော်စိတ်မကောင်းဖြစ်မိသွားသည်။
// သနားစရာပဲ...ဒါဆို သူဘာစားစား အကုန်အရသာမရှိပေါ့....//
ယုလန်ကလည်း မျက်ရည်အဝဲသားနဲ့.....
" သနားစရာကောင်းလိုက်တဲ့ နတ်သမီးလေးရယ်...."
ထို့နောက် လီလော့ဘက်လှည့်လိုက်ပြီး....
"..မျန်မျန် ချက်ပြုတ်ပေးတာဆို မစင်ဖြစ်နေပါစေ ငါသာဆို သုံးပန်းကန်လောက်ကုန်အောင် စားပစ်မှာ...."
ယုလန် ကိုယ်ပြောသည့်စကား ဘယ်ရောက်သွားမှန်း မသိသော်လည်း ဘေးလူများကတော့ ရွံရှာသည့်အနေဖြင့် လှည့်ကြည့်နေကြသည်။
// ဒီကောင် ဉီးနှောက်ရောကောင်းသေးရဲ့လား....မစင်သုံးပန်ကန်စားနိုင်တာ ဘာများ ဂုဏ်ယူစရာကောင်းနေလို့လဲ....//
လီလော့က မသိမသာ လူချင်းခွာလိုက်သော်လည်း ပိုင်တုတုကတော့ အတော်စိတ်ပျက်နေဟန်ဖြင့်.....
" ပါးစပ်ပိတ်ထားစမ်း...နင့် ပါးစပ်က ငါ့ညီမအကြောင်း ထပ်ထွက်လာရဲ ထွက်ကြည့် အရေခွံစုတ်ပစ်မယ်!!!"
ယုလန် အရှက်ပြေ ချောင်းဟန့်လိုက်ပြီး အသံတိတ်ကျသွားသောကြောင့် လီလော့ သဘောကျစွာ ရယ်မောလိုက်မိသည်။
ယုလန်ကို နိုင်မယ့်သူပေါ်လာပြီပဲ.....
ပိုင်တုတုသည် ယုလန်ကို ကြိမ်းမောင်းပြီးနောက် ညီမဖြစ်သူနှင့် ပျော်ရွှင်စွာ စကားသွားပြောနေလေ၏။
ယုလန် ထိုမြင်ကွင်းကို မနာလိုဖြစ်နေသည့်အကြည့်များနှင့် ကြည့်နေပြီး....
"လီလော့... အိမ်တွင်းအကြမ်းဖက်မှုတွေ မင်းလည်း ကြုံဖူးတယ်မဟုတ်လား....ငါလည်း ကြုံတွေ့နေရပြီ ....."
" ဟားး ယုလန်...မင်းအဖြစ်က ငန်းသားစားချင်နေတဲ့ ဖားပြုတ်လို့ဖြစ်နေပြီ...အတတ်နိုင်ဆုံး ဝေးဝေးရှောင်နေတော့ နို့မို့ဆို မင်း သက်ဆိုးရှည်မှာမဟုတ်ဘူး....ဒါနဲ့စကားမစပ် မင်းက ပိုင်တုတုနဲ့ ပိုလိုက်ဖက်တယ်...."
" ဟေ့ကောင်...သူငယ်ချင်းအချင်းချင်း မယုတ်မာစမ်းနဲ့....ပိုင်တုတုက ငါးမန်းမေမေကြီးကွ....သွေးအေးလိုက်တာလွန်ရော....တစ်လောကလုံးမှာ မိန်းမဆိုလို့ သူတစ်ယောက်တည်းသာကျန်မယ်ဆိုရင်တောင် ငါကတော့ လုံးဝငြင်းပစ်မှာ...."
" ဟေ့ကောင်...နောက်တော့မှ လွတ်တဲ့ငါး ကြီးနေမယ်နော်...ပိုင်တုတုက အဆင့်ရှစ်ပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့အပြင် မိသားစုကလည်း အင်အားကြီးတယ်...သူ့ညီမလောက် ချစ်ဖို့မကောင်းပေမယ့်ပေါ့...."
" မဖြစ်နိုင်ပါဘူးကွာ....ငါက ပိုင်မျန်မျန်လို ပုံစံမျိုးလေးပဲကြိုက်တာ....."
" အိုးး မေ့တော့မလို့...မင်း ချင်းအာအကြောင်း ကြားပြီးပြီလား လီလော့...."
" လုချင်းအာ ဘာဖြစ်လို့လဲ.... "
လွန်ခဲ့သည့်နှစ်ရက်အတွင်း အလုပ်များနေသည့်အတွက် လီလော့ အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခဲ့သလိုဖြစ်နေခဲ့သည်။
" ဝမ်ဟေးကျူ သူ့ကို ပိုးပန်းနေတယ်....နည်းပြရွေးချယ်ပွဲတုန်းက ဝမ်ဟေးကျူဆီမှာ အပြီးအကျယ်ရှုံးခဲ့တယ်လေ....အဲ့တုန်းကတည်းက ဝမ်ဟေးကျူ သူ့ကို စိတ်ဝင်စားသွားတာ...လွန်ခဲ့တဲ့ရက်တွေကတည်းက ဝမ်းဟေးကျူ သူ့ဆီနေ့တိုင်းသွားနေတယ်တဲ့...ကျောင်းသားတွေကြားမှာ လူပြောများနေပြီ....."
လီလော့ အတော် ဒေါသထွက်နေလေပြီ။ နည်းပြရွေးချယ်ပွဲအတွင်း ကျောက်ခွော်၊ယုလန်နှင့် လုချင်းအာတို့ သူ့အတွက် ကူညီပေးခဲ့သည်ကို ကြားထားပြီးဖြစ်သည်။ထို့အတွက်လည်း အတော်ထိရှခံစားခဲ့ရသည်။
ဝမ်ဟေးကျူကြောင့် လုချင်းအာအတော်နာကျင်ခဲ့ရသည်။ထို့ကြောင့် သူမအပေါ် အကြွေးတင်နေသလိုဖြစ်နေသည်။
// သေသင့်တဲ့ကောင်က ရိုးရိုးတိုက်ပွဲမှာတောင် အဆိပ်တွေထုတ်သုံးရဲတယ်....တွေ့ကြသေးတာပေါ့ကွာ....//