ရှန်းလိသစ်ပင်ဆီသို့ ပထမဆုံးအကြိမ်.....
Vol. 11 Ch. 145
နောက်ထပ်အချက်ပေးသံ မြည်လာသောအခါ ကျောင်းသားအားလုံး တိတ်ဆိတ်သွားကြသည်။
လေပြင်းတိုက်ခတ်လာပြီး သစ်ကိုင်းများ ယိမ်းထိုးလာကာ သဘာဝစွမ်းအင်များ စတင်တုံ့ပြန်မှုအရှိန်အဟုန် မြန်ဆန်လာသည်။
ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သဘာဝစွမ်းအင် ဝဲဂယက်တစ်ခုချင်းစီတိုင်းက ရစ်သိုင်းလွှမ်းခြုံထားသည်။
တစ်ဉီးတစ်ယောက်ချင်းစီတိုင်းသည် ကျင့်ကြံခြင်းတွင် နစ်မြောနေကြလေသည်။
ကျောင်းသားများနှင့် မနီးမဝေးတွင်ရှိသော သစ်သားစင်မြင့်ပေါ်တွင် ခရမ်းအဆင့်နည်းပြငါးဉီးစလုံးရှိနေကြသည်။
ရှန်ကျင်းရှောင်သည် စားပွဲပုတစ်လုံးရှေ့တွင် ထိုင်နေပြီး ရေနွေးငှဲ့သောက်နေလေ၏။
သူသည် မနီးမဝေးတွင်ထိုင်နေသော ချီချန်းကိုလှမ်းမေးလိုက်သည်။
"နည်းပြချီချန်း....ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့ လီလော့ကို သင်ပြပေးရတာ စိတ်ကျေနပ်မှုရှိရဲ့လား...."
ချီချန်းသည် ရှန်ကျင်းရှောင်ကို အဖက်မလုပ်ဘဲ လီလော့တို့ကိုသာ ကြည့်နေ၏။
သို့သော်လည်း အရေထူလှသော ရှန်ကျင်းရှောင်က.....
"လီလော့ရဲ့ ဒုတိယပဲ့တင်ထပ်သံက အဆင့်နိမ့်တယ်မဟုတ်လား...အဆင့်လေးလား အဆင့်ငါးလား....သူသာ ပဲ့တင်ထပ်သံနှစ်ခုကို စစ်မှန်တဲ့အထိ မကျွမ်းကျင်ဘူးဆို သာမာန်လူတွေထက် နည်းနည်းလေး ထူးခြားရုံလောက်ပဲဖြစ်လိမ့်မယ်....အဆင့်နိမ့်တဲ့ ပဲ့တင်ထပ်ထပ်သံနှစ်ခုရှိနေသူက အဆင့်မြင့်တဲ့ ပဲ့တင်ထပ်သံတစ်ခုတည်းသမားကို အနိူင်ယူနိုင်မှာမဟုတ်ဘူး...ဒူဇီပိုင်ရွှမ်းက နမော်နမဲ့နိုင်ခဲ့လို့သာ ရှုံးခဲ့ရတာ...."
" ခွေးပါးစပ်ကနတ်စကားထွက်ဆိုသလို နားကလော်လိုက်တာ....ရှန်ကျင်းရှောင် နင့်မှာ နင့််မှာအချိန်တွေပိုနေတယ်ဆို လူကောင်းသူကောင်းဖြစ်မယ့်နည်းလမ်းလေးဘာလေးသွားရှာနေလိုက်....."
"ဖူးးးးးး"
ချီချန်း ပက်ကနဲပြောလိုက်သောကြောင့် ချောင်ရှန်း သောက်လက်စ အရက်များပင် အန်ထွက်သွားလေသည်။
သို့သော်လည်း ရှန်ကျင်းရှောင်ကတော့ အပြုံးမပျက်သေးပေ.....
"ကျုပ်က နည်းပြချီချန်းအတွက် စိတ်ပူလို့ပါ....မင်းကလွန်ခဲ့တဲ့နှစ်တွေတုန်းကတည်းကဘာမှ ထွန်းထွန်းပေါက်ပေါက် တပည့်မျိုးမွေးမထုတ်ပေးနိုင်ခဲ့ဖူးမဟုတ်လား...နောက်နှစ်နှစ်နေရင် အဖွဲ့ချုပ်က ကောင်းကင်ဘုံကျောင်းကြေးမုံ ပြန်ဖွင့်တော့မယ်...ဒီအတိုင်းသာဆက်သွားရင် မင်း အတွက် အခွင့်အရေးရှိနိုင်မှာမဟုတ်ဘူး...."
"ကျန်းချင်းအာလို တပည့်မျိုးကို လက်လွှတ်လိုက်ရတာ နှမြောစရာကောင်းတယ်မဟုတ်လား...."
ချီချန်း ပြန်ပက်လိုက်သည့်စကားကြောင့် ရှန်ကျင်းရှောင် မျက်နှာပျက်သွားလေသည်။
နည်းပြချီချန်းကလည်း သူ့ကို အေးတိအေးစက်စိုက်ကြည့်နေသောကြောင့် အခြေနေတင်းမာနေလေသည်။
ထိုအခြေနေကို ဝင်ထိန်းရန် နည်းပြမီအာက ချောင်းဟန့်လိုက်ပြီး......
" ဒီတစ်ခေါက် ဘယ်သူ အလင်းဖြာနိုင်မှုအကောင်းဆုံး ဖြစ်မယ်ထင်လဲ...."
" ခန့်မှန်းထားတဲ့အတိုင်းဆို ချင်ဇူလုပဲဖြစ်မယ်ထင်တယ်...သူက အဆင့်မြင့် အဆင့်ရှစ်ပဲ့တင်ထပ်သံရှိတဲ့အပြင် တိုက်ပွဲအတွေ့အကြုံလည်းများတယ်ဆိုတော့ သူ့ရဲ့အလားအလာက အတော်လေးထူးခြားတယ်...."
နည်းပြမီအာ၏ အမေးကို နည်းပြချူဇီက ခပ်မြူးမြူးပြန်ဖြေလိုက်သည်။
" ဝမ်ဟေးကျူ၊ပိုင်တုတု၊ ဒူဇီပိုင်ရွှမ်း၊ ရိလီရှတို့ကလည်း အဆင့်နိမ့် အဆင့်ရှစ်ပဲ့တင်ထပ်သံရှိတာဆိုတော့..သူတို့မှာလည်း အခွင့်အရေးရှိတယ်...."
နည်းပြချောင်ရှန်းက ဝိုင်တစ်ငုံမော့သောက်လိုက်ရင်း စကားဝိုင်းထဲ ပူးပေါင်းလာသည်။
" ဒါပေမယ့် ပဲ့တင်ထပ်သံအလင်းဖြာမှုက ပဲ့တင်ထပ်သံအဆင့်နဲ့မှမဆိုင်တာ....ကိုယ့်ရဲ့အတွင်းစိတ်၊ ယုံကြည်ချက်၊ရင့်ကျက်မှု ဒါတွေနဲ့ပဲသက်ဆိုင်တယ်...ဒီအချက်တွေက ကျင့်ကြံသူတွေအတွက် ပဲ့တင်ထပ်သံလိုပဲ အရေးကြီးတယ်....."
" ရွှေအဆင့်နဲ့ ငွေအဆင့် ကျောင်းသားတွေထဲမှာလည်း ခရမ်းအဆင့်တွေထက် တောက်ပတဲ့ အလင်းဖြာမှုတွေရှိခဲ့တာ ငါတို့တွေ ကြုံခဲ့ဖူးတာပဲ...ဒါတွေအားလုံးက ခံယူချက်နဲ့ပဲဆိုင်တယ်...."
ထိုအချက်ကို သဘောတူသည့်အနေဖြင့် အားလုံးခေါင်းညိတ်လိုက်ကြသည်။ မြို့စားအဆင့် ရောက်နေပြီဖြစ်သောကြောင့် ထိုသဘောသဘာဝများကို ကောင်းစွာနားလည်ထားကြသည်။ သို့သော် ယခုမှကျင့်ကြံမှုခရီးလမ်းကို စတင်လျှောက်လှမ်းကြမည့် ကျောင်းသားသစ်များအတွက်ကတော့ နားလည်ရန် ခက်ခဲမည်သာ။
ထူးဆန်းသော အလင်းတန်း ထွက်ပေါ်လာမှုကြောင့် စကားစပြတ်သွားခဲ့သည်။ ခရမ်းရောင်သစ်ရွက်ပေါ်ကနေ အလင်းတန်းတစ်ခုဖြာထွက်လာသည်ကို အိုားလုံးတွေ့မြငလိုက်ရသည်။
" မြန်လှချည်လား.... "
ထိုအလင်းတန်းသည် ချင်ဇူလုထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
" ဒီအလင်းတန်းက ပြင်းထန်လိုက်တာ...ဒါမျိုးကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက မတွေ့ရတော့တာ...."
သို့သော်လည်း ကြိုတင်မှန်းဆထားပြီးသားမို့ မည်သူမျှ အထူးအတလည်အံ့သြနေခြင်းမရှိပေ။
သိပ်မကြာခင်မှာ ဟိုဟိုသည်သည်မှ အလင်းတန်းများ စတင်ဖြာထွက်လာလေ၏။
နေရာစုံမှ အလင်းဖြာနေမှုများသည် အံ့ဖွယ့်မြင်ကွင်းတစ်ခုသဖွယ် ရှုမောဖွယ်ကောင်းလှပေသည်။
........................................................
အပြင်ဘက်တွင် အလင်းရောင်များ ဖြာထွက်နေချိန်တွင် လီလော့သည်ခန္ဓာကိုယ် အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုထံတွင်သာ အပြည့်အဝအာရုံစိုက်ထားသည်။၎င်းတို့သည် လက်ရှိတွင် သဘာဝစွမ်းအင် အမြောက်အမြားကို စုပ်ယူနေပြီး ထိုလုပ်ငန်းစဉ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် စွမ်းအားကျင့်စဉ်ပညာရပ်ကိုလည်းထုတ်သုံးနေရသည်။
ပဲ့တင်ထပ်သံနန်းတော်နှစ်ခုထဲမှ မျိုးစေ့နှစ်ခုသည် သဘာဝစွမ်းအင်များကို ခြောက်သွေ့နေသော ရေမြှုပ်တစ်ခုသဖွယ် အငမ်းမရစုပ်ယူနေသည်။
မျိုးစေ့များပေါ်တွင် စွမ်းအားအမှုန်အမွှားလေးများစုဝေးနေသည်ကို အတိုင်းသားမြင်နေရသည်။စွမ်းအင်များကို စုပ်ယူနေသည်နှင့်အမျှ မျိုးစေ့များလည်း စတင်ကြီးထွားလာပြီဖြစ်သည်။
ဤသည်မှာ ကောလိပ်တွင်ပထမဆုံးအကြိမ် စွမ်းအားကျင့်ကြံခြင်းဖြစ်သော်လည်း မယုံနိုင်လောက်အောင် တိုးတက်လာသည့်အတွက် လီလော့ ကျေနပ်နေမိသည်။
စွမ်းအင်များကို အပြည့်အဝစုပ်ယူပြီးနောက် မျိုးစေ့နှစ်ခုစလုံး စတင်တုန်ခါလာသည်။
ဤသည်မှာ သဘာဝစွမ်းအင်များကို တုံ့ပြန့်သည့်အနေဖြင့် အလင်းဖြာမှုစတင်တော့မည့် လက္ခဏာပင်ဖြစ်သည်။
........................................................
အခြားသော ခရမ်းကျောက်စိမ်းသစ်ရွက်ပေါ်တွင်........
ယုလန်သည် အများနည်းတူ သဘာဝစွမ်းအင်များကို အဆင်ပြေပြေစုပ်ယူနေသော်လည်း အလင်းဖြာမည့်အရိပ်အယောင်စိုးစဉ်းမျှမရှိသေးပေ။
သူသည် အဆင့်ခြောက်ပဲ့တင်ထပ်သံရှိသည့်အတွက် နိမ့်ကျသည်ဟုဆိုရမည်။
ယုလန် အားမလိုအားမရဖြစ်လာတာကြောင့်.....
" ကိုယ့်ကိုကိုယ် တွန်းအားပေးမှဖြစ်တော့မယ်...."
" ငါ့မှာ အဆင့်ရှစ်ပဲ့တင်ထပ်သံရှိတယ်....တစ်လောကလုံးမှာ ငါသာလျှင် အလျင်မြန်ဆုံးလူသားဖြစ်တယ်...."
" ငါ့မှာ အဆင့်ရှစ်ပဲ့တင်ထပ်သံရှိတယ်....တစ်လောကလုံးမှာ ငါသာလျှင် အလျင်မြန်ဆုံးလူသားဖြစ်တယ်...."
ယုလန်သည် ထိုစကားစုကိုသာ စိတ်ထဲတွင် ထပ်ကာတလဲလဲ ဟစ်ကြွေးနေသည်။
တစ်စုံတစ်ယောက်သာ ကြားသွားပါက အံသြလွန်းလို့ လန့်သေလိမ့်မည်။ ဟုတ်ပေသည်။ ယုလန် ကိုယ့်ကိုကိုယ်လှည့်စားနေခြင်းဖြစ်သည်။
ယုလန်သည် အခြားသူများကို လှည့်စားရုံသာမက ကိုယ့်ကိုကိုယ်ပါ လှည့်စားနေခြင်းဖြစ်သည်။
ထပ်ကာတလဲလဲ အာရုံပြုနေသောကြောင့် သူ့ကိုယ်သူ အဆင့်ရှစ်ပဲ့တင်ထပ်သံရှိပြီး အလျှင်မြန်ဆုံးလူသားအဖြစ် ယုံကြည်လာမည်ဖြစ်သည်။
ယေဘူယျအားဖြင့် ထိုနည်းလမ်းသည် အလုပ်မဖြစ်နိုင်သော်လည်း...ယုလန်သည် မည်သူနည်း.....
တခဏအကြာတွင် ဟိန်းဟောက်သံတစ်ချက်ကြားလိုက်ရပြီး ယုလန်၏အလင်းဖြာမှုစတင်ခဲ့လေပြီ.......