ရုပ်လုံးပေါ်လာခြင်း.....
Vol. 11 Ch. 152
" စလိုက်ကြစို့...."
လီလော့၏ ခပ်တိုးတိုး ညွှန်ကြားသံကြောင့် သုံးဉီးစလုံး တက်ညီလက်ညီ ရှေ့သို့ချီတက်လိုက်ကြသည်။
လီလော့က ဉီးဆောင်သူအနေဖြင့် သစ်သားပဲ့တင်ထပ်သံစွမ်းအားများကို ဆင့်ခေါ်လိုက်သည်။
ဝှစ်..ဝှစ်..ဝှစ်...
လီလော့၏ သစ်နွယ်ပင်များကို ကျားရဲကြီးက စက္ကူစများသဖွယ် ဆွဲဖြဲလိုက်ပြီး ထိုလက်သည်းချက်သည် လီလော့ထံသို့ ဆက်လက်ကျဆင်းလာသည်။
" ရေအလင်းနတ်ဆိုးကြေးမုံ... "
လီလော့ကလည်း ကြေးမုံကို ဆင့်ခေါ်ပြီး လက်သည်းချက်ကို ခုခံလိုက်သည်။
" ပရမ်းပတာအရိပ်ဓားသွား...."
အနက်ရောင်အလင်းတန်းတစ်ခုသည် လီလော့၏ပခုံးကိုဖြတ်ကျော်ကာ ထက်မြက်သောဓားမြှောင်တစ်လက်သည် ကျားရဲဆီသို့ တည့်တည့်တိုးဝင်သွားသည်။
ထိုစဉ် ကျားရဲကြီး၏ ပတ်ပတ်လည်တွင် အပြာရောင်အလင်းတန်းများ တောက်ပလာပြီး ဓားမြှောင်၏အရှိန်ကို နှေးကွေးသွားစေကာ လက်သည်းချက်တစ်ခုဖြင့် ပုတ်ထုတ်လိုက်လေသည်။
ထိုအချိန်တွင် လီလော့သည် လေပေါ်ခုန်ပျံလိုက်ပြီး ဓားနှစ်လက်ကို လေးကိုင်းအဖြစ်ချိတ်ဆက်လိုက်ပြီး အလင်းစွမ်းအားဖြင့် ဖန်တီးထားသော မျှားတစ်စင်းကို လေးညှို့တင်လိုက်သည်။
ဝှစ်......
အလင်းမျှားချက်သည် ကျားရဲကြီးအနားနီးကပ်လာသည်နှင့်အမျှ အရှိန်နှေးကွေးသွားပြန်သည်။
" မျန်မျန်...."
ပိုင်မျန်မျန်၏ လက်သေးသေးလေးများ လှုပ်ရှားသွားသောအခါ ကြည်လင်တောက်ပနေသော စွမ်းအားများသည် ဝတ်မှုန်တိမ်တိုက်များသဖွယ် လီလော့၏ မျှားအပေါိ ကျဆင်းကုန်သည်။
" လိပ်ပြာဝတ်မှုန်...."
ထိုအမှုန်များသည် နှေးကွေးစေသော အာနိသင်များကို ဖယ်ရှားသန့်စင်ပေးနိုင်သည်။
နှေးကွေးစေသော အရာများ ဖယ်ရှင်းပြီးသွားသောအခါ မျှားတံသည် မြန်ဆန်သော အရှိန်ဖြင့် ကျားရဲကြီး၏ ရင်အုံဆီ တည့်တည့်တိုးဝင်သွားပြန်သည်။
ဒင်....
အကြေးခွံကို ထိမှန်သွားသော်လည်း နောက်ထပ်ပေါ်လာသော အကာအကွယ်ပေါ်လာပြီးလီလော့၏ တိုက်ခိုက်မှုကို စုပ်ယူသွားလေသည်။
မျှားတံသည် ပစ်မှတ်ကို ထိမှန်သွားသော်လည်း ထပ်မံကွဲထွက်သွားသည်။
ချီချန်း လက်ဖက်ရည်သောက်ရင်း ပြုံးလိုက်မိသည်။
လီလော့၏ အလင်းမျှားတံထဲတွင် အနက်ရောင်အလင်းတစ်ခုကို လျှို့ဝှက်စွာ သိုဝှက်ထားသောကြောင့် အပေါ်ယံအခွံကွာသွားသည့်အခါ အတွင်းသားထွက်ပေါ်လာသလို ဖြစ်သွားလေသည်။
ဝေါင်းးးးးး
ထိုမျှားချက်ကြောင့် ကျားရဲကြီးသည် ဟိန်းဟောက်နေရာကနေ အလင်းမှုန်များအဖြစ် တစစီကွဲကြေသွားလေတော့သည်။
" အနိုင် တိုက်နိုင်လိုက်ပြီလား...."
ပိုင်မျန်မျန် မယုံကြည်ဟန်ဖြင့် အကျယ်ကြီးထအော်လိုက်သည်။
လီလော့ လေပူတစ်ချို့ မှုတ်ထုတ်လိုက်သလို အရိပ်ထဲတွင် ပုန်းအောင်းနေသော လင်းဖူသည်လည်း မပွင့်တပွင့်ပြုံးလိုက်လေသည်။
" သုံးရက်နေမှ အဖွဲ့လိုက်ပူးပေါင်းတဲ့ အခြေခံအချက်တွေ နားလည်တော့တယ်...တော်သေးတာပေါ့...ငါက ဝက်သုံးကောင်ကိုစာသင်ပေးနေရတယ်ထင်နေတာ....ဒီလိုဆိုတော့လည်း မျှော်လင့်ချက်ရှိသေးသားပဲ...."
ချီချန်းက ပြောနေရင်းကနေ လီလော့ဘက်လှည့်လိုက်ပြီး....
" ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းသားတွေရဲ့ အားနည်းချက် အားသာချက်ကို သေချာသိမှ တိုက်ပွဲနဲ့ကြုံလာရင် အကောင်းဆုံး စီမံကွပ်ကဲပေးနိုင်မှာ...."
" နင်တို့တွေ ကိုယ်ဘယ်နေရာမှာနေသင့်မှန်း သိထားသင့်တယ်...."
" လီလော့ရဲ့ ရေနဲ့သစ်သားပဲ့တင်ထပ်သံတွေက ခံစစ်ကို အသားပေးပြီး ပြိုင်ဘက်ကို ဧရိယာသတ်မှတ်ပြီးထိန်းထားနိုက်တယ်...အရိပ်ပဲ့တင်ထပ်သံရှိတဲ့ ရှင်းဖူက ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေမလုပ်ဘဲ လီလော့ တိုက်ခိုက်နေချိန်မှာ အခွင့်ကောင်းကိုစောင့်ပြီး တလစပ်ထိုးနှက်တိုက်ခိုက်ရမယ်....ပိုင်မျန်မျန်ရဲ့ အိမ်မက်ဆိုးရေလိပ်ပြာပဲ့တင်ထပ်သံက ခံစစ်အတွက် မသင့်တော်ပေမယ့် တစ်ဖက်လူကို တွေဝေ တုံ့ဆိုင်းစေနိုင်တယ်....ဒါက အထူးထိန်းချုပ်ရေးနည်းလမ်းတစ်မျိုးပဲ...."
" အကြမ်းဖျဉ်း သတ်မှတ်ပေးရမယ်ဆို လီလော့က အဓိကခံစစ်နေရာ၊ ရှင်းဖူက တိုက်ခိုက်ဖို့အခွင့်ကောင်းကိုစောင့်.၊ပိုင်မျန်မျန်က သူတို့နှစ်ယောက်နောက်ကနေ ကူညီထောက်ပံ့ပေး...."
နည်းပြချီချန်း ထောက်ပြသွားသော အားနည်းချက်၊အားသာချက်များသည် တိကျမှန်ကန်လွန်းလှသည်။
" ကျင့်ကြံမှုပြီးတိုင်း အချိန်ရရင်ရသလို လေ့ကျင့်နေ....တခြားအသင်းတွေ ဘယ်လောက် သန်မာမှန်း နင်တို့လည်းသိနေတာပဲ....အချိတ်အဆက်မိမိပေါင်းစည်းနိုင်တာကသာ ပြိုင်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးလိမ့်မယ်...ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ကြတော့....."
..............................................................
ကောလိပ်၏ အမှတ်စာရင်း လဲလှယ်ရေးဌာနသည် နာမည်ကြီးဌာနတစ်ခုဖြစ်သည့်အတွက် လာရောက်သူများပြားလှသည်။
ကျန်းချင်းအာသည် ယန်လင်းချီနှင့်အတူ ထိုဌာနသို့ ရောက်လာပြီး ကောင်တာပေါ်သို့ အထူးတံဆိပ်ပြားတစ်ခု တင်ပေးလိုက်သည်။
"ကျောင်းသူကျန်းက ဘာများလဲလှယ်ချင်ပါသလဲ...."
" လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်..."
" နင်ဘာလုပ်မလို့လဲ... "
ယန်လင်းချီသည် ကျန်းချင်းအာကို ခပ်တိုးတိုး လှမ်းမေးလိုက်သည်။
" လီလော့အတွက်လေ....သူ့ ပဲ့တင်ထပ်သံကအဆင့်ခြောက်ပဲရှိတယ်တော့ မြို့စားအဆင့်ကျင့်စဉ်တွေ သုံးလို့မရသေးဘူး....လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်က သူသုံးလို့ရတဲ့ မြို့စားအဆင့်ကျင့်စဉ်တွေထဲက တစ်ခုဖြစ်နေတယ်...."
" အော်... ဒါ့ကြောင့်မို့ အခုရက်ပိုင်းမှာ မစ်ရှင်တွေ ဆက်တိုက်လုပ်နေတာကိုး....အခုရော အမှတ်ဘယ်လောက်ရနေပြီလဲ "
ကျန်းချင်းအာသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ရမှတ်ပေါင်းများစွာစုဆောင်းခဲ့သော်လည်း ပုံမှန်တိုင်း သုံးခဲ့မိသဖြင့် လွန်ခဲ့သည့်နှစ်ပတ်အတွင်း မစ်ရှင်များ အသည်းအသန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" မကူညီဘဲ မနေနိုင်ဘူး...လီလော့က အခုမှကျောင်းစ တက်တာဆိုတော့ အမှတ်သုံးထောင်ရဖို့ အချိန်တော်တော်ကြာဉီးမှာ...."
" နင် သူ့အပေါ် စေတနာသိပ်ထားတာပဲနော်...."
"ငါ နင့်အပေါ်စေတနာထားတာတွေ မလုံလောက်သေးလို့လား...."
ကျန်းချင်းအာသည် ပစ္စည်းလက်ခံရန် စောင့်ဆိုင်းနေစဉ် ယန်လင်းချီနှင့် စနောက်ကျီဆယ်နေသည်။
ထိုစဉ် တာဝန်ရှိသူတစ်ဉီးရောက်လာပြီး....
" ကျောင်းသူကျန်း...လှိုင်းဆယ့်နှစ်ကို ယူထားတဲ့သူရှိတယ်....မင်း လိုချင်သေးတယ်ဆို သူပြန်အပ်တဲ့အချိန်ထိတော့စောင့်ရမယ် ..."
ကျန်းချင်းအာမျက်မှောင်ကြုံ့လိုက်မိသည်။ ထိုကျင့်စဉ်သည် တန်ဖိုးမနည်းလှသောကြောင့် တော်တန်ရုံကျောင်းသားများ ဝယ်ယူနိုင်မည်မဟုတ်ပေ။
" ဘယ်ကျောင်းသား ယူသွားသလဲ တစ်ချက်လောက်စစ်ကြည့်ပေးလို့ရမလား..."
" ဟမ်....လှိုင်းဆယ့်နှစ်ဆင်ကို နည်းပြရှန်ကျင်းရှောင်က လေ့လာစရာရှိလို့ ယူသွားတာပဲ....လိုချင်တဲ့သူရှိရင် သူ့ကို လာရှာဖို့..မှတ်ချက်ရေးထားပေးခဲ့တယ်..."
ကျန်းချင်းအာ၏ ဒေါသအဟုန်ကို ဘေးနားတွင်ရှိနေသည့် ယန်လင်းချီပင်ခံစားမိလိုက်သည်။
ကျန်းချင်အာက တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။
" ချင်းအာ...နင်..ရှန်ကျင်းရှောင်ဆီသွားမလို့လား...."
"ဟင့်အင်း....သူ့ကို ဒုကျောင်းအုပ်စုရှင်း နဲ့သွားတိုင်မလို့....."