← Chapters

စိတ်ဝိညာဉ်မျောက် ရောက်လာပြီ

Vol. 4 Ch. 46

စိတ်ဝိညာဉ်မျောက် ရောက်လာပြီ

Vol. 4 Ch. 46

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄၆) - စိတ်ဝိညာဉ်မျောက် ရောက်လာပြီ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

            သူ့မှာ ရွေးချယ်စရာမရှိ၊ ပြန်တိုက်ရုံသာ။

တစ်ခဏအတွင်း ဆူဇီမိုသည် ခန္ဓာကျောက်ရုပ်ကို ပုံ‌ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများက တင်းမာသွားပြီး အရွတ်ကြီးများက တစ်ဆတ်ဆတ်တုန်ခါလာကာ သူ့ခွန်အားက အဆုံးစွန်ထိ ထွက်ပေါ်လာလေ၏။ လက်တစ်ဖက်က ဆေဘာကို ဆုပ်ကိုင်ထားပြီး သူ့ရှေ့သို့ လွှဲယမ်း ခုတ်ပိုင်းလိုက်လေ၏။

အေးစက်စက် ဆေဘာ အလင်းတန်းများက ပျံ့နှံ့ရှုပ်ထွေးသွားလေ၏။

ချွမ်း! ချွမ်း! ချွမ်း!

ဝင်လာသော စိတ်ဝိညာဉ်လက်နက်များက ဆူဇီမို၏ ဆေဘာနှင့် ဆက်တိုက် ထိခတ်သွားပြီး လက်နက်ချင်း ထိခတ်သံများက အဆက်မပြတ် ထွက်ပေါ်လာလေ၏။ မီးပွားများကလဲ နေရာအနှံ့ အတောမသတ် လွင့်ထွက်လာ၏။

ဆူဇီမို၏ ခြေလှမ်းများက ဒယီးဒယိုင် ဖြစ်လာပြီး အနောက်သို့ ဆက်တိုက်ဆုတ်နေရ၏။ လည်ချောင်းမှတစ်ဆင့် သူ့ပါးစပ်ထဲသို့ ချိုတိုတို သွေးများက ဝင်ရောက်လာပြီး ထွေးမထုတ်ဘဲ အောင့်ထားရလေ၏။

ဆူဇီမိုသည် အံကြိတ်၍ တောင့်ခံနေ၏။ သူအသက်တစ်ချက်ရှူလိုက်တာနှင့် အသက်ပါ ပါသွားရပေလိမ့်မည်။

ဘုန်း!

ဆူဇီမို၏ ခန္ဓာကိုယ်ကြီးက မလှမ်းမကမ်းရှိ တွင်းကြီးထဲသို့ အရှိန်ဖြင့် ပြုတ်ကျသွားလေ၏။ သူ့ပါးစပ်ထဲမှ သွေးများက အန်ထွက်လာ၏။ အေးမြစန္ဒာဆေဘာကိုလည်း သူ မကိုင်နိုင်တော့ပေ။ သူ့လက်ဖဝါးတစ်ခုလုံးက စုတ်ပြဲနေပြီး တစ်ဆတ်ဆတ် တုန်ယင်နေ၏။

ချီစုဖွဲ့စစ်သည်တော် ငါးဆယ်၏ တိုက်ခိုက်မှုကို သူပိတ်ဆို့တားဆီးနိုင်ခဲ့သော်လည်း ဆူဇီမိုသည် ဒဏ်ရာ အပြင်းအထန် ရနေချေပြီ။

ပြင်းထန်အားကောင်းသော ထိုးနှက်တိုက်ခိုက်ချက်များအောက်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က စုတ်ပြတ်သတ်နေပေပြီ။ သူ့တစ်ကိုယ်လုံး ပြတ်ရာရှရာများနှင့် ပြည့်နေပြီး သူ့အစိမ်းရောင်ဝတ်စုံကလဲ သွေးများဖြင့် စိုရွှဲနေ၏။

နှင့်ပွင့်များက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ ချက်ချင်း အရည်ပျော်သွား၏။

“ဟင်း.. အင်း...” (ညည်းတွားသံ)

ဆူဇီမို၏ အသားအရေက ဖြူဆုတ်နေပေပြီ။ သူသည် အနည်းငယ် ညည်းတွားပြီးနောက် ထထိုင်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ့အရွတ်များ၊ အရိုးများက ကျိုးကြေကုန်ပြီဟု ခံစားလိုက်ရပြီး ပြင်းထန်စူးရှသော နာကျင်မှုက အဆက်မပြတ် ထွက်ပေါ်လာလေ၏။

ဤကဲ့သို့သော ဆိုးဆိုးရွားရွား အခြေအနေတွင် ဆူဇီမို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အထိန်းအချုပ်မဲ့သွားကာ ဆန့်ငင်ဆန့်ငင် ဖြစ်နေလေ၏။

ပျော်ရွှင်ဖွယ်ကလန်မှ လူအားလုံးလည်း တွင်းကြီးနား ရောက်ချလာကြပြီး လေထဲကနေ အောက်ကို ငုံ့ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှု၊ မယုံမရဲဖြစ်မှုများဖြင့် ရောယှက်နေ၏။

နောက်ဆုံးတော့လည်း ဒီလူက သေရပေတော့မည်။

လူတိုင်းသည် ကြီးမားသော ဝန်ထုပ်ဝန်းပိုးကြီး ပြတ်ကျသွားသလို့ စိတ်သက်သာရာ ရသွားကြ၏။

အကယ်လို့ သူတို့ လိုက်တမ်းပြေးတမ်း လုပ်နေတုန်း ဒီလူသာ နောက်ထပ် လိုဏ်ဂူတစ်ခုထဲ ပြေးဝင်သွားခဲ့လျှင့် အကြီးအကဲချမ့်တောင် ဆက်လိုက်သင့်၊ မလိုက်သင့် စဉ်းစားရပေတော့မည်။

အကြီးအကဲချမ့်တို့ သုံးယောက်က ကျင့်ကြံရေးလောကတွင် ဆယ်နှစ်ကျော်အောင် ကျင်လည်ခဲ့ကြပြီး ကျင့်ကြံသူများနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို နွှဲခဲ့ကြဖူး၏။ သို့စေကာမူ ယခုလောက်ထိ ကိုင်တွယ်ရ ခက်ခဲသောသူမျိုးကို အခုမှသာ ကြုံဖူးလေတော့သည်။

ပိုပြီးတော့ လန့်ချင်စရာကောင်းတာက ဒီလူက ကျင့်ကြံသူတစ်ယောက်တောင် မဟုတ်ဘဲ စိတ်ဝိညာဉ်ချီမရှိသည့် မော်တယ်တစ်ယောက်သာ ဖြစ်လေသည်။

“ဟားဟားဟားဟား.....”

ဆူဇီမိုက စတင်ရယ်မောလိုက်၏။

သူရယ်လိုက်သည့်အခါ သူ့ဒဏ်ရာများက ပိုဆိုးလာပြီး ပါးစပ်ထဲမှ သွေးများက ထွက်ကျလာ၏။

ရုတ်တရတ် ဆူဇီမို၏ ရယ်သံကို ကြားလိုက်ရသောအခါ များစွာသော ချီစုဖွဲ့စစ်သည်များသည် ကျောချမ်းသွားကြလေ၏။

“သောက်ခွေးကွာ.. သူက စောက်ရူးနားကန်းပဲဟ” ချီစုဖွဲ့စစ်သည်တော် အများစုက တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်ကြ၏။

ဆူဇီမို၏ ရယ်သံကို ကြားရချိန်တွင် ကုန်းလျန်ကျန်းတစ်ယောက် ကြက်သီးမွှေးညင်းများ ထလာလေ၏။ သူ့မျက်လုံးက အရောင်ဖျော့သွားပြီး

“ငါသူ့ကို သွားသတ်လိုက်မယ်” ဟု အေးစက်စွာ ပြောလိုက်လေ၏။

ထိုသို့ ပြောပြီးတာနှင့် ဆူဇီမို၏ ခေါင်းကို ဖြတ်ဖို့ရာ ကုန်းလျန်ကျန်းက သူ့ဓါးကို ဆွဲထုတ်လိုက်၏။

“နေဦး ခဏစောင့်”

အကြီးအကဲချန်က ကုန်းလျန်ကျန်းကို တားလိုက်ပြီး လှောင်ရယ်လိုက်၏။

“သူက သေလုနီးပါးတောင် ဖြစ်နေပြီကို မင်းကို ဘာကို ကြောက်နေတာလဲ.. ငါတို့ သူ့ကို ချက်ခြင်း မသတ်သေးဘဲ ကလန်ကို ပြန်ခေါ်သွားရမယ်.. ပြီးမှ တစ်စစီ ဆုတ်ဖြဲကြတာပေါ့ .. သူ့ကို မြန်မြန်သတ်ပေးပါတော့ဆိုပြီး တောင်းပန်လာစေရမယ်”

“မင်းက ဘာလို့ ရယ်နေသေးတာလဲ”

ဤအခြေအနေတွင် အကြီးအကဲချမ့်က ရုတ်တရတ် ဝင်မေးလိုက်၏။ သူသည် ဆူဇီမိုကို မျက်လုံးမှေးပြီး ကြည့်နေ၏။

“ဟီးဟီး....”

ဆူဇီမို၏ မျက်လုံးထဲတွင် ပမာမခန့် လှောင်ပြောင်လိုရိပ်များက ပေါ်လာ၏။ သူသည် ခေါင်းကိုစောင်း၍ သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်လေ၏။

“မင်းတို့ကိုယ် မင်းတို့ နိုင်ပြီလို့ ထင်နေကြတယ်ပေါ့လေ.. ငါအခုပြောမှာကို မယုံမရှိနဲ့.. ကန်းလန်ရိုးမက မင်းတို့ရဲ့ သင်္ချိုင်းဖြစ်လာလိမ့်မယ်”

ထိုသို့ပြောပြီးတာနှင့် သူသည် ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီး အော်ပြောလိုက်လေ၏။

“မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း”

မျှော်လင့်ချက်မျောက်ဝံ အသွင်းပြောင်းလဲခြင်းက မျှော်လင့်ချက်မျောက်ဝံကိုယ်ဟန်သုံးသွယ်ထဲက နောက်ဆုံးကိုယ်ဟန် ဖြစ်လေသည်။ တျဲယွဲ့ပြောခဲ့ပုံအရ၊  ဤကိုယ်ဟန်သည် အနှစ်ချုပ်ဖြစ်ပြီး တားမြစ်ပညာရပ်တစ်ခုလည်း ဖြစ်၏။ ၎င်းကို သေရတော့မည့်ဆဲဆဲ အခြေအနေသို့ မရောက်မချင်း ထုတ်မသုံးရဟု မှာထားခဲ့၏။

ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံအသွင်ပြောင်းလဲခြင်း နည်းစနစ်၏ မန္တန်စာသားများကို အရူးအမူး ရွတ်ဆိုလိုက်ပြီး ဝင်လေထွက်လေ ရှူရှိုက်ခြင်း နည်းစနစ်နှင့် ပေါင်းစပ်လိုက်၏။

‘မျှော်လင့်ချက်မျောက်ဝံ အသွင်းပြောင်းလဲခြင်း’ ဟူသော စကားသံကို ကြားရချိန်တွင် ပျော်ရွှင်ဖွယ်ကလန်မှ လူများလည်း တုန်လှုပ်ခြောက်ခြားသွားကြ၏။ အကြီးအကဲချမ့်တို့ သုံးယောက်သားလည်း ရင်ထိတ်သွားကြပြီး နောက်သို့ မသိလိုက်ဘဲ ဆုတ်မိလိုက်ကြ၏။

လူတိုင်း၏ မျက်နှာထားသည် စိုးရိမ်တကြီး ဖြစ်နေကြပြီး မြေတွင်းကြီးထဲက ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်နေကြကာ တစ်ခုခုဆို အချိန်မရွေး တုံ့ပြန်တိုက်ခိုက်ဖို့ အဆင်သင့် အနေအထား ဖြစ်နေကြ၏။

သို့စေကာမူ အသက်ဆယ်ကြိမ်ရှူချိန်စာလောက် ကြာသွားသော်လည်း ဆူဇီမိုသည် မြေတွင်းထဲတွင် မလှုပ်မယှက်နှင့် အမူအယာကင်းမဲ့စွာ ရှိနေတုန်း ဖြစ်၏။

မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။

ဆူဇီမို၏ နုလုံးသားက ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

ဘယ်လိုဖြစ်ရတာလဲ။

မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း၏ စိတ်နုလုံးသုတ္တန်ကို လှည့်ပတ်ပြီးတာတောင် သူ့ခန္ဓာကိုယ်က မည်သည့်ပြောင်းလဲမှုမျှ မရှိချေ။ ဆူဇီမိုသည် သူ့ခန္ဓာကိုယ်နေရာအနှံ့ နာကျင်မှုများကို ခံစားနေရဆဲဖြစ်၏။ သူသည် စွမ်းအင်များ ကုန်ခမ်းလာပြီး နုန်းချိလာ၏။

ယခင် ဝံပုလွေအုပ်များ ဝိုင်းပတ်တာ ခံရစဉ်က ဆူဇီမိုသည် အရွတ်အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်ကာစသာ ရှိသေးပြီး မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်ဖို့ရာ အဆင့်မမီခဲ့သေးပေ။

ယခုအခါ ဆူဇီမိုသည် အရိုးကြံ့ခိုင်စေခြင်း အပိုင်းကိုတောင် လေကျင့်နေပြီဖြစ်သည်။ ယခု မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း၏ စိတ်နုလုံးသုတ္တန်နှင့် မန္တရားများကို လှည့်ပတ်ပြီးတာတောင် ဘာလို့ ဘာမျှ မပြောင်းလဲတာပါလိမ့်။

ဤအရာသည် ဆူဇီမို၏ ‌နောက်ဆုံးဝှက်ဖဲ ဖြစ်လေသည်။

အဆုံးသတ်မှာတော့ သူသည် နောက်ဆုံးဝှက်ဖဲကို ထုတ်သာထုတ်လိုက်သော်လည်း သုံးမရ ဖြစ်သွား၏။

မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းက တားမြစ်ပညာရပ်ဖြစ်တာကြောင့် ဆူဇီမိုသည် သည့်အရင်က တစ်ခါမျှ ထုတ်မသုံးခဲ့ဖူးပေ။ သည်တစ်ကြိမ်က ပထမဆုံး ဖြစ်လေ၏။

ဆူဇီမို ပထဆုံး တွေးမိတာက နည်းစနစ်ကျအောင် သူမလေ့ကျင့်ခဲ့လို့ ဖြစ်ပေလိမ့်မည်။

“တစ်နေရာရာမှာတော့ မှားနေတာ ဖြစ်မယ်”

ဆူဇီမိုသည် ဦးနှောက်ခြောက်မတတ် စဉ်းစားပုံဖော်ကြည့်လိုက်၏။

သို့သော်လည်း သည်နေရာက သူ့ရဲ့ကျင့်ကြံရေးကွင်းမဟုတ်သလို တျဲယွဲ့ကလည်း အနားမှာ ရှိမနေချေ။ သူ့အနားမှာ ယခုရှိနေတာက သတ်ဖြတ်လိုစိတ် အပြည့်နှင့် ကျင့်ကြံသူများဖြစ်ပြီး သူ့ကို စားတော့ဝါးတော့မတတ် စောင့်ကြည့်နေကြ၏။

သူ့စိတ်ထဲ မရှင်းသည့်အချက်များကို မည်သူမျှ လာရှင်းပြမည် မဟုတ်သလို တစ်ဖက်အဖွဲ့ကလည်း သူ့ကို စဉ်းစားချိန် သိပ်ပေးနေမှာ မဟုတ်‌ပေ။

တစ်ခဏကြာ စောင့်ဆိုင်းကြည့်နေပြီးနောက် ဆူဇီမိုတွင် ပြောင်းလဲမှု နည်းနည်းလေးမျှ မရှိတာကို ပျော်ရွှင်ဖွယ်ကလန်က လူများ သိလိုက်ရ၏။

သူတို့ လှည့်စားခံလိုက်ရပေပြီ။

လူတိုင်း ရှက်ရွံ့စွာဖြင့် စိတ်ဆိုး ‌ဒေါသထွက်လာကြ၏။

“လခွမ်းပဲ.. သောက်ငနဲလေးက ငါတို့ကိုများ အရူးလာလုပ်နေတယ်”  ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ကျယ်လောင်စွာ ကျိန်ဆဲအော်ဟစ်လိုက်၏။

“သတ်ကွာ”

“သူ့ကို သတ်ကွာ”

လူတိုင်းသည် မချင့်မရဲနှင့် စိတ်တိုနေကြပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်လာကြ၏။

လူတိုင်း၏ စိတ်အာရုံသည် ဆူဇီမိုအပေါ်တွင်သာ ကျရောက်နေကြ၏။ သူတို့အနောက် တောအုပ်ထဲတွင် နှင်းများလေများကြားထဲကနေ အရပ်ရှည်ရှည်နှင့် ကြီးမားသော ပုံရိပ်တစ်ခုသည် သစ်ကိုင်းများမှတစ်ဆင့် လွှဲယမ်းခုန်ကူးကာ သူတို့ရှိရာသို့ အလျှင်အမြန် ချဉ်းကပ်လာနေလေ၏။ သူမျက်လုံးတစ်ချက်ခတ်လိုက်တိုင်း သူ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်အားကောင်းလာနေ၏။

“အမ်”

ဆူဇီမိုသည် ရင်းနှီးနေကျ ညှီစို့စို့ အနံ့ကို ရလိုက်ပြီး အပေါ်သို့ မသိမသာ မော့ကြည့်လိုက်၏။

ပျော်ရွှင်ဖွယ်ကလန်သားများ၏ အနောက်တွင် အရပ်မြင့်မြင့်နှင့် ကြီးမားသောပုံရိပ်တစ်ခုက မြင့်မားသော သစ်ပင်အိုကြီးတစ်ပင်ပေါ်ကနေ ဒေါသတကြီးနှင့် ခုန်ချလာလေ၏။ သူ့လက်ထဲတွင် သံမဏိတုတ်ချောင်းတစ်ချောင်းကို ကိုင်ထားပြီး ၎င်းတုတ်ချောင်းဖြင့် သူ့ရှေ့ရှိ ချီစုဖွဲ့စစ်သည်တော်များကို ရိုက်ချလိုက်လေ၏။

ဖောင်း! ဖောင်း! ဖောင်း!

ထိုတုတ်ရိုက်ချက်ဖြင့် ချီစုဖွဲ့စစ်သည်တော်ငါးယောက်၏ ဦးခေါင်းများသည် ကွဲကြေမွသွားလေ၏။ ဦးနှောက်များက စင့်ထွက်သွားပြီး သူတို့၏ အသက်မဲ့ ခန္ဓာကိုယ်များက မြေတွင်းကြီးထဲသို့ ပြုတ်ကျလာကြလေ၏။

“စိတ်ဝိညာဉ်တောကောင်”

“အဲ့ဒါ ‌စိတ်ဝိညာဉ်တောကောင်ဟ”

“အားလုံးပဲ သတိထားကြဟေ့”

လူအုပ်ကြီးထဲမှ အံ့အားတသင့် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများက ထွက်ပေါ်လာ၏။

“သောက်မျောက်ပဲ”

ဆူဇီမို၏ ရင်ထဲတွင် အလွန်တရာ ပျော်ရွှင်သွား၏။

ယခုသူ့ကို ကူညီရန် ‌ရောက်လာသူမှာ သူနှင့် ကန်းလန်ရိုးမမှာ ခြောက်လကြာ‌အောင် အတူနေခဲ့ကြသော စိတ်ဝိညာဉ်မျောက်သာ ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောက်လက်ထဲက သံမဏိတုတ်ချောင်းမှာ ထိုအချိန်တုန်းက ဆူဇီမိုလက်ထဲတွင် သေသွားခဲ့သော ပျော်ရွှင်ဖွယ်ကလန်သားတစ်ယောက်၏ စိတ်ဝိညာဉ်လက်နက် ဖြစ်လေသည်။ ၎င်းကို စိတ်ဝိညာဉ်မျောက်က ကောက်ယူခဲ့ပြီး သူ့လက်နက်လုပ်လိုက်တာကို ဆူဇီမို သတိမထားမိခဲ့ချေ။

ဆူဇီမို ရင်ထဲတွင် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုက ချက်ခြင်းဆိုသလို စိုးရိမ်ကြောင့်ကြမှု အဖြစ်သို့ ပြောင်းသွားပြန်၏။

စိတ်ဝိညာဉ်မျောက်က ခွန်အားကြီးသော်လည်း သူသည် အလွန်ဆုံး ချီစုဖွဲ့စစ်သည်တော်များကိုသာ နိုင်အောင် တိုက်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် စိတ်ဝိညာဉ်သားရဲအဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

ဒါ့အပြင် စိတ်ဝိညာဉ်မျောက်မှာ ဆူဇီမိုနှင့် တူညီသော အားနည်းချက်တစ်ခု ရှိသေး၏။ သူလည်းပဲ ကောင်းကင်ထက် မပျံသန်းနိုင်ပေ။

ဤသည်ကို တွေးတောပြီးနောက် ဆူဇီမိုက လှမ်းအော်လိုက်၏။

“သောက်မျောက် .. မြန်မြန် ပြန်ထွက်သွားစမ်း”

“ဂါး! ဂါး!”

စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုပြောသည်ကို မကြားဟန်ဆောင်ကာ ပါးစပ်ဖြဲ၍ ရယ်မောလိုက်၏။ ချီစုဖွဲ့စစ်သည်တော် ငါးယောက်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် စိတ်ဝိညာဉ်မျောက်သည် ရပ်နားခြင်းမရှိ မြေတွင်းကြီးထဲသို့ ခုန်ချကာ ဆူဇီမိုကို ဆွဲယူမလိုက်ပြီး သူ့ကျောပေါ်ကို တင်လိုက်၏။ ထို့နောက် သူသည် ချာကနဲ လှည့်ထွက်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။

စိတ်ဝိညာဉ်မျောက်က ဉာဏ်အလွန်ကောင်း၏။

သူသည် ကျင့်ကြံသူများ၏ အဆင့်ကို ခွဲခြားသိမမြင်သော်လည်း အခြေအနေကို ကြည့်၍ ဆင်ခြင်အကဲဖြတ်နိုင်၏။

ဆူဇီမိုတောင် သည်လောက်ထိ ဆိုးဆိုးရွားရွား ထိုးနှက်ခံထားရမှတော့ သူလည်းပဲ ထိုကျင့်ကြံသူများ၏ ယှဉ်ပြိုင်ဘက် မဟုတ်နိုင်ချေ။

ထို့ကြောင့် စိတ်ဝိညာဉ်မျောက်၏ ပထမဆုံးအတွေးမှာ ပျော်ရွှင်ဖွယ်ကလန်သားများနှင့် သူသေကိုယ်သေ တိုက်ခိုက်ဖို့ မဟုတ်ဘဲ ဆူဇီမိုကို ခေါ်ပြီး သည်နေရာကနေ ထွက်ပြေးနိုင်ဖို့သာ ဖြစ်လေသည်။

All Chapters