ဆိုးဆိုးရွားရွား အခြေအနေ
Vol. 4 Ch. 47
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၄၇) ဆိုးဆိုးရွားရွား အခြေအနေ
“ငါတို့ ပျော်ရွှင်ဖွယ်ကလန်ရဲ့ ကိစ္စကို ဘယ်တိရစ္ဆာန်ကောင်က လာရှုပ်ရဲတာလဲကွ”
အကြီးအကဲချမ့်သည် ချက်ခြင်း ဒေါသထောင်းထောင်းထသွား၏။ တစ်ခဏမျှ ကြောင်နေပြီးနောက် သူသည် ဓါးပျံပေါ်တက်ကာ ပျော်ရွှင်ဖွယ်ကလန်သားများကို ဦးဆောင်ပြီး နောက်ကနေ အပြင်းလိုက်လေတော့၏။
ကောင်းကင်ထက်တွင် ပုံရိပ်များက တစ်ရိပ်ရိပ်ဖြတ်သန်းသွားလေ၏။
အကြီးအကဲချမ့်၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းအောင် တင်းမာခက်ထန်လာပြီး အကြီးအကဲချန်ကို စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်၏။ သူသည် သွားကြားက လေသံဖြင့်
“မင်းပါးစပ်ကို သိပ်မသရမ်းရင် ကောင်းလိမ့်မယ်နော်” ဟု ကြိမ်းမောင်းလိုက်၏။
စောစောတုန်းက ဆူဇီမိုကို သတ်ကြမယ် လုပ်တုန်း အကြီးအကဲချန်က ဆူဇီမိုသည် သည်လောက်ဒဏ်ရာများနှင့် ဘယ်လိုမှ မပြေးနိုင်တော့ကြောင်း ပြောခဲ့၏။
အခုအခါမှာတော့ ဘယ်ကရောက်လာသည် မသိရသော မျောက်တစ်ကောင်က ပေါ်လာပြီး သူတို့ကလန်သားအချို့ကို သတ်ပစ်လိုက်သည့်အပြင် ဆူဇီမိုကိုပါ ကယ်ထုတ်သွားသေး၏။
အကြီးအကဲချန်၏ မျက်နှာက အဆူခံရသော ကလေးငယ်တစ်ယောက်လို ဖြစ်နေ၏။
ဆူဇီမိုကို လိုက်လံသတ်ဖြတ်ဖို့အတွက်နှင့် သူသည် အကြီးအကဲချမ့်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည်မှာ နှစ်ကြိမ်ရှိပေပြီ။ သူ၏ မချင့်မရဲ ဒေါသစိတ်များကို ဘယ်နေရာ ပုံချရမည်မသိတော့ဘဲ အတင်းသာ မျိုသိပ်ထားရလေ၏။
အကြီးအကဲချန်သည် ခပ်လှမ်းလှမ်းမှ ဒုန်းစိုင်းပြေးနေသော စိတ်ဝိညာဉ်မျောက်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများက ကြိတ်မနိုင်ခဲမရဖြစ်ခြင်း၊ မလိုမုန်းထားခြင်းများနှင့် ပြည့်လာပြီး အေးစက်စွာ ပြောလိုက်လေ၏။
“အဲ့ခွေးမျောက်က အရမ်းမမြန်ပါဘူး.. သူသိပ်ကြာကြာ ပြေးနိုင်မှာ မဟုတ်လောက်ဘူး”
လွန်ခဲ့တဲ့ ခြောက်လကလည်း ယခုလိုပင် ဆူဇီမိုသည် ဝံပုလွေအုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ထားမှုကို ခံခဲ့ရ၏။ သေရေးရှင်ရေးနှင့် သူရင်ဆိုင်နေရသော ထိုအချိန်တွင် သူ့ကို သေမင်းနှုတ်ခမ်းဝကနေ လာရောက်ကယ်တင်ခဲ့သူမှာလည်း စိတ်ဝိညာဉ်မျောက်သာ ဖြစ်လေ၏။
သို့သော်လည်း ဒီတစ်ကြိမ်က လွန်ခဲ့တဲ့ ခြောက်လကနှင့် သိပ်တော့မတူပေ။
စိတ်ဝိညာဉ်မျောက်က တောင်တက်ခြင်း၊ ချောက်ကမ်းပါးကနေ ကုပ်တွယ်တက်ခြင်းတို့တွင် ကျွမ်းကျင်မှု ရှိလေသည်။ သူသည် တောထဲတွင် လွတ်လပ်ပေါ့ပါးစွာနှင့်လည်း လွှဲယမ်းခုန်ကူးနိုင်စွမ်းရှိ၏။ သို့သော်လည်း သူပြေးနှုန်းက သိပ်မြန်လှတာတော့ မဟုတ်ပေ။
ဒါအပြင် ယခုအခါ စိတ်ဝိညာဉ်မျောက်က သူ့ကျောပေါ်တွင် လူတစ်ယောက်ကိုလည်း သယ်ပိုးထားရသေး၏။
အချိန်အခါကား ဆောင်းဦးရာသီ စတင်ချိန်ဖြစ်၏။ ဘေးပတ်ဝန်းကျင်တွင် သစ်ပင်များက ရှိသော်လည်း သစ်ရွက်သစ်ခက်များ ထွက်ပေါ်လာချိန်ကို မရောက်သေးသောကြောင့် အကိုင်းခြောက်များသက်သက်နှင့် ထီးတည်းရှိနေသော ညှိုးခြောက်သစ်ပင်များသာဖြစ်ပြီး စိတ်ဝိညာဉ်မျောက် ပြေးလွှားနေပုံကို တစ်ချက်ကြည့်ရုံနှင့် ထင်းခနဲ မြင်နေရလေ၏။
ဆူဇီမိုသည် တစ်ချိန်လုံး နုန်းချိကာ အားအင်များ ကုန်ခမ်းသွားပြီဟု ခံစားနေရ၏။ သူသည် စိတ်ဝိညာဉ်မျောက်၏ ကျောကိုသာ မှီတွယ်လိုက်ရင်း နားထဲတွင် တစ်ဝေါဝေါ လေသံများကိုသာ ကြားနေရ၏။ သူ့ရင်ထဲတွင် စိတ်မကောင်းခြင်းကြီးစွာဖြင့် ပြည့်နေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။
“ငတုံးမျောက် .. ငါတို့ ဘယ်လိုမှ ပြေးမလွတ်တော့ဘူးကွ.. ငါ့ကို ချထားခဲ့ပြီး မင်းဘာသာ လွတ်အောင်ပြေးပေတော့”
စိတ်ဝိညာဉ်မျောက်က မည်သည့်စကားမျှ ပြန်မပြောချေ။ သူ့နှာခေါင်းမှ မြူးခိုးများက ထွက်လာပြီး ဆက်တိုက် အတင်းအကြမ်းသာ ပြေးနေလေ၏။ သိသာစွာပင် သူသည် အားရှိသမျှ အစွမ်းကုန် ထုတ်သုံးနေရတာဖြစ်ပြီး အတော်လေး ကုန်ခမ်းနေပေပြီ။
အဝတ်စ လေတိုးသံများက တစ်ဖြည်းဖြည်း နီးကပ်လာလေ၏။
ချီစုဖွဲ့စစ်သည်တော်များ၏ ဓါးပျံစီးနင်းလာသောနှုန်းက စိတ်ဝိညာဉ်မျောက်ထက် ပိုမြန်သည်မှာ သိသာလေသည်။
ဆူဇီမိုက တိုးတိုးတိတ်တိတ် သက်ပြင်းတစ်ချက်ချလိုက်ပြီး
“မျောက်.. ဒီလူတွေက ငါ့ကိုပဲ သတ်ချင်တာ.. ငါ့ကို ထားခဲ့တော့.. မင်းက ပြေးလို့ လွတ်သေးတယ်.. ဒီတိုင်းသာ ဆက်သွားနေရင် ဆယ့်ငါးမိနစ်မကြာဘူး .. သူတို့မီလာလိမ့်မယ်.. အဲ့ကျမှ မင်းရောငါရော နှစ်ယောက်လုံး သေရလိမ့်မယ်” ဟု ဖျောင်းဖြလိုက်လေ၏။
စိတ်ဝိညာဉ်မျောက်က မကြားချင်ဟန်ဆောင်နေ၏။ သူ့အမူအယာက ပေကပ်ကပ်နှင့် ဖြစ်ပြီး သူ့အကြည့်များက စူးရှနေ၏။ သူသည် ခေါင်းမာစွာနှင့်ပင် ဆက်ပြေးနေ၏။
ဆူဇီမိုသည် အံ့ကိုကြိတ်၍ စိတ်ဝိညာဉ်မျောက်၏ ပုခုံးကို ဆတ်ကနဲ ထိုးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်လေ၏။
“ငါ့ကိုထားခဲ့တော့လို့ ပြောနေတာ မကြားဘူးလား.. အဲ့ဒါဆို ငါတစ်ယောက်ထဲပဲ သေရမယ်.. မင်းငါ့ကို ဆက်ခေါ်သွားရင်လဲ ငါက သေရမှာပဲ.. ပြီးတော့ မင်းရောပဲ.. ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်.. ဒီလောက် ရှင်းနေတဲ့ ကိစ္စကို မင်းနားမလည်နိုင်ဘူးလား.. ဘာလို့ မင်းသဘောမပေါက်ရတာလဲ .. မျောက်ငတုံးရဲ့”
“မင်းက တစ်ကယ့် ငတုံးပဲ.. မင်းကိုယ်မင်း ဖြတ်ထိုးဉာဏ်ကောင်းလှတယ်ဆို.. အရူးလုပ်မနေနဲ့ သွားတော့ ငါ့ကို ထားခဲ့ပြီး မင်းလစ်လိုက်တော့”
“ဂါး.. ဂါး.. !”
စိတ်ဝိညာဉ်မျောက်၏ မျက်လုံးများက နီရဲလာပြီး ရုတ်တရတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခွင်က တုန်ခါသွားလေ၏။ ၎င်းအသံကြောင့် သစ်ပင်အိုကြီးများပေါ်ရှိ နှင်းပွင့်ချပ်များက တစ်ခုပြီးတစ်ခု ပြုတ်ကျကုန်လေ၏။
အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသော ပျော်ရွှင်ဖွယ်ကလန်သားများလည်း စိတ်ဝိညာဉ်မျောက်၏ ရုတ်တရတ် ဟိန်းဟောက်သံကြောင့် တုန်လှုပ်သွားကြလေ၏။
ကြောက်တဲ့အသံလား.. မျှော်လင့်ချက်မဲ့သွားတဲ့ အသံလား..
သူတို့ သေချာ မပြောတတ်ပေ။
သို့သော် ဆူဇီမိုကတော့ နားလည်၏။
စိတ်ဝိညာဉ်မျောက်၏ အသံက ‘ငါ ဒါကို လုပ်ချင်လို့ လုပ်တာ .. မင်းနဲ့ ဘာမှ မဆိုင်ဘူး’ ဟု သူ့ကို ပြောနေတာ ဖြစ်၏။
စိတ်ဝိညာဉ်မျောက်က အရူးမဟုတ်ပေ။ ဆူဇီမိုကို စတင်ဝင်ကယ်လာကတည်းက သူတို့ နှစ်ယောက်လုံး သေရဖို့ အခွင့်များသည်ဆိုတာကို သိ၏။
သို့သော်လည်း စိတ်ဝိညာဉ်မျောက်က သူ့ကို ကယ်ဖို့ကိုသာ ဆုံးဖြတ်ခဲ့၏။
လွန်ခဲ့တဲ့ ခြောက်လက စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုကို ကယ်ခဲ့သည်မှာ သူသည် ဝံပုလွေများနှင့် ရန်ငြိုးရန်စရှိသောကြောင့်သာ ဖြစ်၏။
ခြောက်လကြာပြီးနောက် ယခုတစ်ကြိမ် ဆူဇီမိုကို လာကယ်သည်မှာ စိတ်ဝိညာဉ်မျောက်က သူ့ကို ကောင်းတူဆိုးဖက် အတူမျှဝေခံစားနိုင်သည့် ညီအစ်ကို တစ်ယောက်လို ရှုမြင်ထားသောကြောင့်ဖြစ်၏။
လူတစ်ယောက်နှင့် မျောက်တစ်ကောင်အကြားတွင် ချည်နှောင်ထားသော မမြင်ရသည့် ကြိုးများ ရှိနေ၏။ သူတို့အချင်းချင်းတွင် စကားလုံးများနှင့် ဖော်ပြစရာ မလိုသော နားလည်မှုများ ရှိနေကြ၏။
ဆူဇီမိုသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အားရပါးရ ရယ်ချလိုက်၏။
“ဟားဟား..ဟားဟား”
ပျော်ရွှင်ဖွယ်ကလန်က လူများလည်း သို့လောသို့လော ဖြစ်ကုန်ကြ၏။ ဤကဲ့သို့သော အခြေအနေတွင် ဆူဇီမိုသည် ဘာကြောင့် စိတ်လိုလက်ရ နှစ်နှစ်ကာကာနှင့် ရယ်နိုင်နေသေးသည်ကို သူတို့ နားမလည်နိုင်ကြပေ။
စိတ်ဝိညာဉ်မျောက်နှင့် ဆူဇီမိုအကြား ပတ်သတ်ဆက်နွယ်မှုကိုလည်း သူတို့ သေချာ မသိရပေ။
သူတို့မျက်လုံးထဲတွင် စိတ်ဝိညာဉ်မျောက်သည် စိတ်ဝိညာဉ်သားရဲအဆင့်ကို မရောက်ရှိသေးသော စိတ်ဝိညာဉ်တောကောင်တစ်ကောင်သာ ဖြစ်ပြီး ဆူဇီမိုကလည်း သေအံ့ဆဲဆဲ လူတစ်ယောက်ဖြစ်လေသည်။
ဆူဇီမိုက ပိုပြီးရယ်ပြလေလေ သူတို့ ဒေါသထွက်သ ထွက်လာလေလေ ဖြစ်လာကြ၏။
“သတ်ကွာ”
အကြီးအကဲချမ့်က အမိန့်ပေးလိုက်၏။ များစွာသော ဓါးပျံများသည် လေနှင့်နှင်းများကို ခွင်း၍ သူတို့နှစ်ယောက် ရှိရာသို့ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာလေ၏။
နှစ်ဖက်အဖွဲ့က လွန်စွာ နီးကပ်လာပြီဖြစ်ပြီး သူတို့နှစ်ယောက်သည် ပျော်ရွှင်ကလန်းသား၏ သတ်ကွင်းအတွင်းသို့ ရောက်ရှိနေပြီးဖြစ်၏။
စိတ်ဝိညာဉ်မျောက်သည် ဘယ်ဘက်ကို ယိမ်းလိုက်၊ ညာဘက်ကို ခုန်ကူးလိုက်နှင့် ပြေးလွှားနေ၏။ တစ်နေရာတွင် သူသည် ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပြီး အခြားတစ်နေရာသို့ လှမ်းခုန်လိုက်၏။ သူသည် တိုက်ခိုက်မှုများကို သူ့အစွမ်းရှိသမျှနှင့် ရှောင်ရှားနေလေ၏။
ဖောက်!
သွေးပေါက်များက လေထဲသို့ စင့်ထွက်လာ၏။
စိတ်ဝိညာဉ်မျောက်သည် တစ်ခဏမျှ တုန်ယင်သွားပြီး ဒယီးဒယိုင် ဖြစ်သွား၏။ ထို့နောက် သူသည် ကျောကိုဆန့်၍ ဘာမျှ မဖြစ်ခဲ့သလို ဟန်ဆောင်၍ ရှေ့သို့ ဆက်လက်ပြေးလွှားလိုက်ပြန်လေ၏။
ဆူဇီမို ငုံ့ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်မျောက်၏ ပေါင်တံကို ဓါးပျံတစ်ချောင်း ဖောက်ထွက်ထားသော ဒဏ်ရာကို တွေ့လိုက်ရ၏။ ၎င်းဒဏ်ရာမှ သွေးများက မရပ်မနား တစ်အားထွက်နေ၏။ ထင်ထင်ရှားရှား သွေးနီရောင် လမ်းကြောင်းတစ်ခုက သူတို့အနောက် နှင်းပြင်ပေါ်တွင် အထင်းသား ပေါ်လွင်နေလေ၏။
ဆူဇီမို ရင်ထဲ နင့်နေအောင် နာကျင်သွား၏။ စောစောက ထိုဓါးပျံက သူ့ကျောပြင်ကို ဦးတည်လာတာဖြစ်ကြောင်း သူကောင်းကောင်းသိခဲ့၏။
သို့စေကာမူ ထိုအချိန်တွင် ရုတ်တရတ် စိတ်ဝိညာဉ်မျောက်က ထခုန်လိုက်ပြီး ဆူဇီမိုကို ဓါးပျံမထိအောင် ရှောင်လိုက်ရာတွင် ဓါးပျံက စိတ်ဝိညာဉ်မျောက်၏ ပေါင်ကို ဖောက်ထွက်သွားခြင်း ဖြစ်လေ၏။
ဆူဇီမို၏ စိုးရိမ်ပူပန်မှုကို သတိထားမိလိုက်ပြီး စိတ်ဝိညာဉ်မျောက်က လည်ပြန်လှည့်ကြည့်၍ ပြုံးပြလိုက်၏။ ၎င်းက နည်းနည်း ရူးကြောင်ကြောင်နိုင်ရာကျပြီး စိတ်ဝိညာဉ်မျောက်က ဆူဇီမိုကို ဘာမျှ မပူနဲ့ အားလုံး အဆင်ပြေတယ်ဟု နှစ်သိမ့်ပေးနေခြင်း ဖြစ်၏။
ဆူဇီမို၏ အမြင်အာရုံက တစ်ဖြည်းဖြည်း မှုန်ဝါးလာလေ၏။
နှင်းကပဲ တစ်အားသည်းလာလို့လား အခြား တစ်ခုခုကြောင့်ပဲလား ဆူဇီမိုလည်း သေချာ မပြောတတ်တော့ပေ။
စိတ်ဝိညာဉ်မျောက်၏ အရှိန်ကလည်း သိသိသာသာ လျော့ကျလာလေ၏။ သူ့ခြေလှမ်းများက အစတုန်းကလို ပေါ့ပါးမြန်ဆန် မနေတော့ပေ။ ဒယီးဒယိုင်နှင့် ပျော့ခွေကာ တရွတ်တိုက်ဆွဲနေပြီဖြစ်ပြီး သနားဖို့ပင် ကောင်းနေသေးတော့၏။
သူ့ပေါင်တံက ဒဏ်ရာကြီးနှင့် သေလောက်အောင် နာကျင်နေပြီး မည်သို့မျှ အဆင်ပြေမနေတော့ပေ။
သို့သော်လည်း စိတ်ဝိညာဉ်မျောက်က လုံးဝ အလျှော့မပေးသေးချေ။
ရုတ်တရတ် စိတ်ဝိညာဉ်မျောက်က သူ့လက်ထဲက သံမဏိတုတ်ချောင်းကို ပစ်ချလိုက်ပြီး သူ့ကျောပေါ်က ဆူဇီမိုကို အရှေ့ဘက် သူ့ရင်ခွင်ထဲသို့ ဆွဲလှည့်ယူလိုက်၏။
အနောက်က ပြေးဝင်လာသော ဓါးပျံများက ဆူဇီမိုကို အရင်ထိမှာ သူစိုးရိမ်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် ဆူဇီမိုကို အရှေ့ဘက်သို့ လှည့်ယူလိုက်ပြီး အနောက်ကလာမည့် ဓါးပျံများကို သူကျောပြင်ဖြင့် ခံယူဖို့ အသင့်ဖြစ်နေ၏။
ပျော်ရွှင်ဖွယ်ကလန်မှ လူများကလည်း နီးနီးကပ်ကပ် ထပ်ကြပ်မကွာ လိုက်ပါနေဆဲ ဖြစ်၏။
ရုတ်တရတ်ဆိုသလို ..
ဆူဇီမို၏ မျက်ကြောများက တစ်ဆတ်ဆတ် လှုပ်လာပြီး ဦးရေပြားက စပ်ဖျဉ်းဖျဉ်း ဖြစ်လာကာ ကြက်သီးမွှေးညင်းများလည်း ထလာလေ၏။
ဒါက... ဇီဝိန်ကြွေလောက်တဲ့ အန္တရာယ် ခြိမ်းခြောက်မှုပဲ!
အေးမြစန္ဒာဆေဘာက သူ့လက်ထဲတွင် မရှိတော့သောကြောင့် ဆူဇီမိုသည် မျှော်လင့်ချက်သလင်းလေးကို ချက်ခြင်းဆွဲထုတ်လိုက်၏။ အဝိုင်းသဏ္ဍာန် စိတ်ဝိညာဉ်လက်နက်တစ်ခုက များစွာသော စိတ်ဝိညာဉ်လက်နက်များကြား ရောနှော၍ ပါလာတာကို ဆူဇီမို၏ မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရ၏။ မျက်စိစူးစရာ စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက ၎င်းလက်နက်ပေါ်တွင် တစ်ဖျတ်ဖျတ် လက်နေလေ၏။
အဝိုင်းသဏ္ဍာန်က လက်နက်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး ဘယ်လောက်ထိ အန္တရာယ်များလဲဆိုတာ စိတ်ဝိညာဉ်မျောက်က သေချာ မသိပေ။ သူသည် များစွာသော စိတ်ဝိညာဉ်လက်နက်များကို ကြီးကြီးမားမား ဒဏ်ရာမရုံလောက်သာ ရှောင်နိုင်ပြီး သူ့တစ်ကိုယ်လုံးသည် သွေးများဖြင့် ချင်းချင်းနီရဲနေလေတော့၏။ ၎င်းသည် သွေးပျက်ဆို့နင့်စရာ မြင်ကွင်းပင် ဖြစ်လေသည်။
သူသည် အဝိုင်းသဏ္ဍာန်လက်နက်ကို ထပ်ပြီး ရှောင်နိုင်တော့မည် မဟုတ်ချေ။
ဆူဇီမိုသည် သူ့လျှာကို ကိုက်၍ သူ၏ ရှိသမျှ လက်ကျန်ခွန်အားကို အားကုန် ညှစ်ထုတ်ကာ မျှော်လင့်ချက်သလင်းလေးကို မြှောက်ပြီး ဝင်ရောက်လာသော အဝိုင်းသဏ္ဍာန်စိတ်ဝိညာဉ်လက်နက်ကို ပစ်ရိုက်ချလိုက်လေ၏။
ချွမ်း!
ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွား၏။ မျှော်လင့်ချက်သလင်းလေးကလည်း သူ့လက်ထဲကနေ လွင့်စင်ထွက်သွားလေ၏။
ဆူဇီမို၏ ညာဘက်လက်တစ်ခုလုံးမှ သွေးစက်သွေးမှုန်များက ဖွားကနဲ လွင့်ပျံထွက်လာ၏။ သူ့အရေပြားများက စုတ်ပြဲပွင့်ကွဲထွက်ကုန်ပြီး အရွတ်များကလည်း ကျိုးပြတ်ကုန်လေ၏။ သူ့လက်တစ်ဖက်လုံးရှိ အရိုးများသည် အပိုင်းပိုင်းကျိုးကြေသွားပြီး အသားချောင်းကြီး တစ်ခုလို တွဲလောင်းကြီး ကျနေလေတော့၏။ သူ့ညာဘက်လက်ကတော့ ဘယ်တော့မှ ပြန်လည် အသုံးပြုလို့ ရနိုင်တော့မည် မထင်ချေ။
ထိုအဝိုင်းသဏ္ဍာန်လက်နက်သည် အလယ်အလတ်-အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကနေ သူ့ရှိသမျှ ခွန်အားနှင့် အစွမ်းကုန် တိုက်ခိုက်လိုက်သော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
ဆူဇီမို၏ ခွန်အားနှင့် ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ချေ။
အဝိုင်းသဏ္ဍာန် ထိုလက်နက်က ဆူဇီမို၏ မျှော်လင့်ချက်သလင်းလေးနှင့် တိုက်မိချိန်တွင် တစ်ခဏလေးမျှ ရပ်တန့်သွားသော်လည်း ပြီးတာနှင့် စိတ်ဝိညာဉ််မျောက်၏ ကျောပေါ်သို့ အရှိန်ပြင်းစွာဖြင့် ထပ်မံ ကျဆင်းလာလေ၏။
ဘုန်း!
စိတ်ဝိညာဉ်မျောက်၏ ကျောပြင်က ချိုင့်ဝင်သွား၏။ ကြောက်စရာ အရိုးကျိုးသံများက ထွက်ပေါ်လာလေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွား၏။ သူသည် ဆူဇီမိုကို ပွေ့ထားလျှက်နှင့်ပင် လေထဲသို့ လွင့်စင်သွားပြီး အနီးနားရှိ နှင်းများထူထပ်စွာ ကျနေသော မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့၏။