မျှော်လင့်ချက် မျောက်ဝံအသွင် ပြောင်းလဲခြင်း
Vol. 4 Ch. 48
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၄၈ - မျှော်လင့်ချက် မျောက်ဝံအသွင် ပြောင်းလဲခြင်း
လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် အေးစက်နေသော နှင်းပြင်ပေါ်သို့ လုံးထွေးကျသွား၏။ စိတ်ဝိညာဉ်မျောက်သည် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်သောအခါ မရည်ရွယ်ပါဘဲနှင့် ဆူဇီမို၏ အပေါ်သို့ ကျဆင်းသွားပြီး သူ့မျက်နှာတစ်ခုလုံး ပေကျံသွားလေ၏။
ဆူဇီမို၏ ပါးစပ်အတွင်းသို့ပါ စိတ်ဝိညာဉ်မျောက်၏ သွေးများက ဝင်ရောက်လာလေ၏။
စိတ်ဝိညာဉ်မျောက်သည် ဘေးတစ်ဖက်သို့ လည်ကျသွားပြီး သူ့မျက်လုံးများက တစ်ဖြည်းဖြည်း အရောင်မှိန်ကျသွားလေသည်။ သူ၏ မျက်လုံးများက အမြင်အာရုံကို ဆုံးရှုံးရတော့မည့်ဆဲဆဲတွင် သူသည် ဆူဇီမိုကို ငေးကြည့်နေပြီး သူ့မျက်လုံးထဲတွင် နှမြောတသစိတ်၊ ဝမ်းနည်းစိတ်၊ လွမ်းဆွတ်စိတ်နှင့် နောင်တများက ရောယှက်နေလေ၏။
နောက်ဆုံးမှာတော့ သူ့မျက်လုံးနှစ်လုံးက မှိတ်ကျသွားလေတော့၏။
“ငမျောက်!”
ဆူဇီမို၏ နုလုံးက တစ်ဆတ်ဆတ် တုန်ယင်လာပြီး အော်ခေါ်လိုက်လေ၏။
စိတ်ဝိညာဉ်မျောက်က နည်းနည်းကလေးတောင် မလှုပ်တော့ချေ။ သူ့ကိုယ်ထဲက အသက်ဓါတ်က လျှင်မြန်စွာ ခမ်းခြောက်လာလေ၏။
အလယ်အလတ်-အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ကို သုံး၍ အားကုန် တိုက်ခိုက်မှုသည် စိတ်ဝိညာဉ်မျောက်ကို ဖွတ်ဖွတ်ညက် ကြေမွသွားစေနိုင်သည့် ခွန်အားမျိုး ဖြစ်၏။
ဆူဇီမိုသာ မျှော်လင့်ချက်သလင်းလေးကို သုံး၍ ထိုလက်နက်ကို ပိတ်ဆို့ မကာကွယ်ဘူးဆိုလျှင် စိတ်ဝိညာဉ်မျောက်က အခုလောက်ဆို အသားစဉ်းကော ဖြစ်နေလောက်ပေပြီ။
ဆူဇီမိုသည် နှင်းတောထဲတွင် သူ့ခန္ဓာကိုယ်ကို လူးလွန့်လိုက်ပြီး စိတ်ဝိညာဉ်မျောက် ရှိရာသို့ တွားသွားလိုက်၏။ ထို့နောက် သူ့ရဲ့ ကောင်းနေသေးသော ဘယ်ဘက်လက်ဖြင့် စိတ်ဝိညာဉ်မျောက်၏ ပါးကို ဆက်တိုက်ပုတ်လိုက်ပြီး
“ငမျောက်.. ထကွာ.. မသေပါနဲ့ဦးကွာ!” ဟု တုန်ရီနေသော အသံဖြင့် ပြောလိုက်လေ၏။
စိတ်ဝိညာဉ်မျောက်က အသံတစ်ချက်မျှ မထွက်ပေ။ သူသည် နှစ်ခြိုက်စွာ အိပ်မောကျနေပုံ ရလေသည်။
ဆူဇီမိုသည် သူ့ခေါင်းကို ငုံ့ချလိုက်သောအခါ တစ်ဖြည်းဖြည်း နီရဲလာနေပြီဖြစ်သော သူ့မျက်လုံးများပေါ်သို့ သူ့ဆံပင်များက ပြန့်ကျဲအုပ်မိုးကျလာလေ၏။
၎င်းသည် အနီဖျော့ဖျော့လည်း မဟုတ်သလို့ အနီရင့်ရင့်လည်း မဟုတ်ချေ။ ၎င်းသည် သွေးလို ရဲရဲတောက်နေသော အနီရောင် ဖြစ်လေသည်။
၎င်းသည် အသက်ရှုရပ်သွားလောက်အောင်ပင် ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းနေ၏။
ဆူဇီမို၏ တစ်ကိုယ်လုံးသည် ဒဏ်ရာများဖြင့် ဗရပွနေပြီဖြစ်ပြီး စိတ်ဝိညာဉ်မျောက်က သူ့ကိုယ်နှင့် မျက်နှာပေါ်သို့ သွေးများအန်ချလိုက်သောအခါ စိတ်ဝိညာဉ်မျောက်၏ သွေးအချို့က သူ့ပါးစပ်ထဲသို့ ဝင်လာပြီး အချို့က သူ့ဒဏ်ရာများထဲသို့ စိမ့်ဝင်သွားလေ၏။ တစ်ဖြည်းဖြည်းနှင့် စိတ်ဝိညာဉ်မျောက်၏ သွေးများနှင့် သူ့သွေးများက ရောနှောသွားပြီး သွေးကြောများထဲသို့ ပျံ့နှံ့စီးဆင်းလာလေ၏။
စိတ်ဝိညာဉ်မျောက်၏ မျိုးဇာတ်သွေးများက သူ့ကိုယ်ထဲတွင် အရူးအမူး လှည့်ပတ်လာပြီး သူ့ကိုယ်တွင်းတွင် ကစင်ကလျားနှင့် များစွာသော ထူးဆန်းသည့် အရာများက ဖြစ်ပေါ်လာလေ၏။
ဆူဇီမို၏ သွေးများက ပြင်းထန်စွာ ဆူပွက်လာလေ၏။
ဆူဇီမို၏ ဘေးဘက်တွင် ရပ်ကြည့်နေကြသော ပျော်ရွှင်ဖွယ်ကလန်သားများက ပြောင်းလဲမှုများကို သတိမထားမိကြသေးပေ။
ပျော်ရွှင်ဖွယ်ကလန်သားများသည် လေထဲတွင် ခိုစီး၍ မျောက်တစ်ကောင်နှင့် လူတစ်ယောက်ကို ဝန်းရံလှည့်ပတ်နေကြ၏။ နောက်ဆုံးမှာတော့ သူတို့ စိတ်သက်သာစွာ သက်ပြင်းချနိုင်ပေပြီ။
အကြီးအကဲချန်သည် သူပုခုံးပေါ်တွင် ထမ်းပိုးထားရသော ဝန်ထုပ်ကြီးကို လွှတ်ချလိုက်ရသလို ပေါ့ပါးသွားလေ၏။ သူသည် တံတွေးမျိုချလိုက်ပြီး ပေါ့ပါးစွာ ပြုံးလိုက်လေ၏။
“အခက်အခဲတွေနဲ့ အချိန်တွေ အတော်လေး ပေးဆပ်လိုက်ရတယ် ဆိုပေမယ့်လဲ .. နောက်ဆုံးမှာတော့ ငါတို့ သူ့ကို မိပြီပေါ့ကွာ”
ဤစကားများကို ကြားရချိန်တွင် အကြီးအကဲချမ့်၏ မျက်နှာက မှုန်ကုပ်သွား၏။
သူသည် အကြီးအကဲချန်၏ ဗွေဖောက်သည့် ပါးစပ်ကို တိတ်တိတ်နေဖို့ လှမ်းပြောမလို့ လုပ်နေတုန်းမှာပင် ပျံ့နှံ့လွှမ်းခြုံလာသော အေးစက်အားကောင်းသည် သတ်ဖြတ်ခြင်းအော်ရာအပြည့်နှင့် အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
“မင်းတို့.. အားလုံး.. ဒီနေ့.. သေရလိမ့်မယ်”
အားလုံးသည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသောအခါ နှင်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော ဆူဇီမိုသည် ရုတ်တရတ် ထရပ်လိုက်ပြီး သူ့ခေါင်းကို တစ်ဖြည်းဖြည်း လှည့်ကြည့်လိုက်လေ၏။ အေးစက်စက် လေများက တိုက်ခတ်လိုက်သောအခါ သွေးနီရောင် မျက်လုံးတစ်စုံက လျှစ်ဟ ထွက်ပေါ်လာလေ၏။
“အာ”
ထိုသွေးနီရောင်မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံလိုက်ချိန်တွင် လူတိုင်းသည် ကျောရိုးတစ်လျှောက် ချမ်းတုန်သွားပြီး လေအေးများကို ရှိုက်သွင်းလိုက်မိကြ၏။
“မျော်လင့်ချက်_ မျောက်ဝံအသွင်_ ပြောင်လဲခြင်း!”
သူသည် ဤစကားကို ပြောပြီးတာနှင့် ဆူဇီမို၏ သွေးနှင့် သွေးကြောများထဲမှ စွမ်းအင်များက အရူးအမူး ထွက်ပေါ်လာလေ၏။ သူ့အရွတ်ကြီးများက တစ်ဆတ်ဆတ် တုန်ခါလာပြီး အသွေးအသားများက အားအင်များဖြင့် ပြန်လည် ပြည့်ဝလာ၏။ သူ့ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းနှင့် ကြီးမား ပွယောင်းလာပြီး နောက်ဆုံး အရပ်အမြင့်က ဆယ်ပေထိတိုင် ရောက်ရှိလာလေ၏။
ထိုအမြင့်သည် သာမန်လူတစ်ယောက်အရပ်၏ နှစ်ဆလောက် ရှိလေသည်။
ပျော်ရွှင်ဖွယ်ကလန်မှ လူများသည် လေထဲတွင် ခိုစီးနေကြသော်လည်း အများဆုံး သူတို့ ရောက်ရှိနေကြသော အမြင့်က ဆယ်ပေလောက်သာ ဖြစ်လေသည်။
ယခု ဆူဇီမို၏ အရပ်က လေထဲက သူတို့၏ အမြင့်ကို မီနေပေပြီ။
“ဒါ.. ဒါက.. ဘယ်လို.. မွန်းစတားလဲဟ” ချီစုဖွဲ့စစ်သည်တော်များသည် ထိတ်လန့် တုန်လှုပ်သွားကြပြီး သွေးပျက်ကုန်ကြလေ၏။ သူတို့၏ အသံများက ကြောက်ရွံ့မှုဖြင့် တုန်ရီနေလေ၏။
ဘီလူးကြီးလား။
မဟုတ်သေးပါဘူး။ ဒီလို သွင်ပြင်ပုံစံက လူသားမျိုးနွယ်များနှင့် လုံးဝ မတူတော့ပေ။
မျှော်လင့်ချက်မျောက်ဝံ အသွင် ပြောင်းလဲခြင်းက လူတစ်ယောက်၏ ခန္ဓာကိုယ် ပုံသဏ္ဍာန်နှင့် အရပ်အမြင့်တို့ကို လုံးဝ ကန့်သတ်မထားချေ။ ဆူဇီမို၏ ရုပ်ရည်သွင်ပြင်ကအစ အကြီးအကျယ် ပြောင်းလဲသွား၏။ သူ့ပုံစံသည် ဒေါမာန်ထ၍ ကြောက်စရာကောင်းနေပြီး မြေပြင်တွင် လဲကျနေသော စိတ်ဝိညာဉ်မျောက်နှင့်ပင် ခပ်ဆင်ဆင် တူနေသေး၏။
ဧရာမ မျောက်ဝံကြီး!
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် အတူတကွ ထုံးဖွဲ့သွားပြီး သတ္တုရည်လောင်း ပုံသွင်းထားသလို ဖြစ်လာလေ၏။ ၎င်းသည် သတ္တုရောင်လို တစ်ဖျတ်ဖျတ်ပြောင်လက်နေပြီး ခွန်အားများက ရုန်းကြွလာလေ၏။
သွေးနီရောင် မျက်လုံးတစ်စုံက အဆုံးမရှိ သတ်ဖြတ်လိုစိတ်ကို ဖော်ပြပေးနေ၏။
သွေးနီရောင် အကြည့် ရောက်ရှိသွားရာ နေရာတိုင်းရှိ လေထုသည် တောင့်ခဲသွားသည်ဟု ထင်ရလေ၏။
“သတ်!”
ဆူဇီမိုသည် ဝမ်းခေါင်းသံဖြင့် ဒေါသတကြီး တစ်ချက်အော်လိုက်၏။ သူသည် ရှေ့သို့ ပြေးဝင်သွားကာ ဘယ်ဘက်လက်ကို ဆွဲဆန့်ထုတ်လိုက်ပြီး လက်ချောင်းများကို ဖြန့်ကား၍ လေထဲရှိ အကြီးအကဲကုန်းလျန်ကျန်းကို လှန်းဆွဲလိုက်လေ၏။
ဆူဇီမိုသည် ပျော်ရွှင်ဖွယ်ကလန်မှ ဤအကြီးအကဲ သုံးယောက်ကို အရိုးထဲထိတိုင် မုန်းတီးလေ၏။
သူတို့ကြောင့်သာ မဟုတ်လျှင် စိတ်ဝိညာဉ်မျောက်က ဤအခြေအနေသို့ ကျရောက်သွားမည် မဟုတ်ချေ။ ယခု သူ့အခြေအနေက သေပြီလား၊ ရှင်နေသေးလားပင် မသိရတော့ချေ။
ကုန်းလျန်ကျန်း၏ တုံ့ပြန်မှုက အနည်းငယ် နောက်ကျသွား၏။ သူသည် ဓါးပျံကို သုံး၍ ကောင်းကင်အထက် ပိုမြင့်အောင် ပျံတက်မလို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူတုန်လှုပ်သွားသော အချိန်ကလေးမှာပင် ဆူဇီမို၏ လက်ဝါးက သူ့ကို ဖမ်းဆုပ်မိပြီးနေပေပြီ။
ဆူဇီမိုက သူ့လက်ဝါးကို အားဖြင့် ဖျစ်ညှစ်ချလိုက်၏။
ဖောက်!
သွေးစက်သွေးမှုန်များက လေထုထဲတွင် ပျံ့နှံ့သွား၏။
အစောပိုင်း-အခြေတည်အဆင့်မှာရှိသော ကုန်းလျန်ကျန်းသည် ဆူဇီမို၏ ဖိချေခြင်းကို ခံလိုက်ရပေပြီ။
ဤသည်ကို ကြည့်ပြီးနောက် အကြီးအကဲချမ့်နှင့် အကြီးအကဲချန်သည် မြေပြင်အထက် ပေ၂၀ လောက်သို့ ပျံတက်လိုက်ကြ၏။ အမှတ်တမဲ့ သူတို့ နောက်ပြန်လှည့်ကြည့်လိုက်ကြသောအခါ သွေးပျက်ဖွယ်ရာ သွေးသံရဲရဲ မြင်ကွင်းကို သူတို့ မြင်တွေ့လိုက်ကြရ၏။ သူတို့၏ နုလုံးများက ကြောက်ရွံ့မှုဖြင့် တစ်ဆတ်ဆတ် တုန်လှုပ်လာလေ၏။
“ဆူဇီမိုရဲ့ ခန္ဓာကိုယ်က အဲ့လောက်ထိ သန်မာနေတာ မထူးဆန်းတော့ဘူးပဲ.. သူက လူမှ မဟုတ်တာ.. သူက နတ်ဆိုးပဲ.. သူက စိတ်ဝိညာဉ်တောကောင်ပဲဟ!” အကြီးအကဲချမ့်သည် အေးစက်စွာ ပြောလိုက်ရင်း သူ့ရင်က တစ်လျှပ်လျှပ်ဖြင့် တုန်လှုန်နေဆဲ ဖြစ်၏။
“ကျုပ်.. ကျုပ်တို့.. ဒီကိစ္စကို ကလန်ကို အရင်ပြန် အစီရင်ခံပြီး စစ်ကူလေးဘာလေး သွားတောင်းကြရင် ကောင်းမလားဟင်” အကြီးအကဲချန်သည် အတော်လေး တုန်လှုပ်နေပြီး ချီတုံချတုံ ဖြစ်နေလေ၏။
အကြီးအကဲချမ့်က လက်ကာပြပြီး ပြောလိုက်လေ၏။
“ငါတို့ ဘာမှ သိပ်ပြီး စိုးရိမ်နေစရာ မလိုဘူး.. ဆူဇီမိုက သူ့ခန္ဓာကိုယ်ကို ခဏတာ နှိုးဆွဖို့ နတ်ဆိုးနည်းစနစ် တစ်ခုခုကို သုံးလိုက်တာ ဖြစ်ရမယ်.. အဲ့လို နည်းစနစ်မျိုးက ခန္ဓာကိုယ်ကို အကြာကြီး ထိန်းမထားနိုင်ပါဘူး”
သူ့စကားကို ပြောပြီးရုံသာ ရှိသေးသည်၊ အကြီးအကဲချမ့်သည် သူ့မျက်လုံးထောင့်ကနေ လိပ်ပြာလွင့်မတတ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ သူသည် အကြီးအကဲချန်ကိုတောင် လှမ်းသတိမပေးအားတော့ဘဲ လွတ်ရာကျွတ်ရာ တစ်ဖက်သို့ အတင်းပြေးထွက်လိုက်လေ၏။
ဘုန်း!
ဆူဇီမို၏ ခြေနှစ်ဖက်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။ သူသည် ခြေထောက်နှစ်ဖက်ကို အနည်းငယ် ကွေးညွှတ်လိုက်ပြီးနောက် လေထဲသို့ လှမ်းခုန်တက်လိုက်လေ၏။
မူလကတော့ ဤသို့ လှမ်းခုန်ခြင်းက ဘာမျှ ကြောက်စရာ မဟုတ်ဟု ထင်စရာရှိ၏။
သို့သော်လည်း ချက်ခြင်းဆိုသလို ဆူဇီမို၏ ခုန်ချက်က ဆယ်ပေအထက်ကို မြောက်တက်လာလေ၏။
ဤကဲ့သို့သော ခွန်အားမျိုးကို ထုတ်ဖော်ဖို့ရာ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေလိုက်သလဲ။
အကြီးအကဲချန်သည် နားပင်းမတတ် ထွက်ပေါ်လာသော အသံကို ကြားလိုက်ရ၏။ သူသည် အနည်းငယ် အာရုံ ပျက်ယွင်းသွားပြီးနောက် အရိပ်ကြီးတစ်ခုက သူ့အပေါ် အုပ်မိုးကျလာသည်ဟု ခံစားလိုက်ရပြီး အမှတ်တမဲ့ဖြင့် အပေါ်သို့ မော့ကြည့်လိုက်လေ၏။
မသိလိုက်မသိဖာသာနှင့်ပင် ဆူဇီမိုက သူ့ခေါင်းအထက်ကနေ ပေါ်လာချေပေပြီ။
အရာရာတိုင်းကို ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများကို သယ်ဆောင်လာသော ခြေဖဝါးကြီးတစ်ဖက်က သူ့အပေါ်သို့ အုပ်မိုးကျလာချေပြီ။
ဘုန်း!
ခြေဖဝါးကြီးက အကြီးအကဲချန်၏ ဦးခေါင်းပေါ်ကို ကျဆင်းလာချိန်တွင် ကာကွယ်ရေးအဆောင်က တောက်ပစွာ လင်းလက်လာပြီး ပြင်းထန်စွာ တုန်ခါလာလေ၏။ အက်ကြောင်းရာများက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။
ဤကာကွယ်ရေးအဆောင်က စတင်အသုံးပြုခဲ့သည်မှာ အတော်အတန် ကြာခဲ့ပေပြီ။ ထို့ကြောင့် ၎င်းအထဲတွင် စိတ်ဝိညာဉ်ချီ အနည်းငယ်သာလျှင် ကျန်ရှိတော့၏။ ဆူဇီမိုထံမှ ပေါက်ကွဲထွက်ပေါ်လာသော ပြင်းထန်ခွန်အားနှင့် ထိတွေ့မိချိန်တွင် ၎င်းက အခုချက်ခြင်းပင် ပြိုလဲ ကြေမွသွားတော့မည့် အခြေအနေသို့ ကျရောက်သွားလေ၏။
ကာကွယ်ရေးအဆောင်က အလုပ် မလုပ်နိုင်တော့တာနှင့် အကြီးအကဲချန်သည် ဆူဇီမို၏ မျက်လုံးထဲတွင် ချီစုဖွဲ့စစ်သည်တော်များနှင့် ထူးမခြားနားတော့ပေ။
အကြီးအကဲချန်သည် ကြောက်လန့်တကြားနှင့် မျက်နှာက သွေးဆုတ်သွား၏။ သူသည် ဓါးပျံကို သုံး၍ နေရာကနေ ချက်ခြင်း ပြေးထွက်တော့မည် လုပ်နေတုန်းမှာပင် နောက်ထပ် ခြေဖဝါးတစ်ဖက်က သူ့အပေါ်သို့ ထပ်မံကျဆင်းလာပြန်လေ၏။ ခြေဖဝါးနှစ်ဖက်က တစ်ခုပြီးတစ်ခု ဆက်တိုက်ကျဆင်းလာခြင်း ဖြစ်၏။
ဒီတစ်ကြိမ်က ပိုလို့ပင် ဒေါမာန်ပြင်းထန် အားကောင်းနေသေး၏။
နတ်မြင်း နင်းခြေခြင်း!
ခြေတစ်လှမ်းပြီးတစ်လှမ်း.. ခွန်အားက ပိုပိုတိုးလာပြီး ပြင်းထန်အားကောင်းလာလေ၏။
ချွတ်!
ကာကွယ်ရေးအဆောင်က ပျက်ဆီးသွားချေပြီ။
နောက်ထပ်ခြေတစ်လှမ်းက ထပ်မံ ကျဆင်းလာပြန်၏။
ဖောက်!
အကြီးအကဲချန်သည် မြေပေါ်သို့ ကျဆင်းသွားပြီး ဆူဇီမို၏ နင်းခြေသတ်ဖြတ်ခြင်းကို ခံရကာ လူရုပ်ပင် မပေါ်တော့ဘဲ အသားပြားကြီး ဖြစ်သွားလေပြီ။
တစ်ခဏလေးအတွင်းမှာပင် ပျော်ရွှင်ဖွယ်ကလန်၏ အကြီးအကဲသုံးယောက်ထဲမှ နှစ်ယောက်က သေသွားလေပြီ။ အလယ်အလတ်-အခြေတည်အဆင့် အကြီးအကဲချမ့်တစ်ယောက်သာ ကျန်ရှိလေတော့သည်။
ဆူဇီမို၏ နောက်ထပ်ပစ်မှတ်က သူဖြစ်လာမည်ဆိုတာ အကြီးအကဲချမ့်တစ်ယောက် ကောင်းကောင်း သိလိုက်၏။
ရွှစ်!
အကြီးအကဲချမ့်သည် ဓါးပျံကို ထိန်းချုပ်၍ လေပေါ်သို့ ဆက်တိုက် ထိုးတက်လိုက်၏။ သူသည် ဆူဇီမိုနှင့် တတ်နိုင်သမျှ ဝေးဝေးခွာနေလိုပေသည်။
ဆူဇီမိုတစ်ယောက် ဘယ်လောက်သန်သန်၊ ဘယ်လောက်ပြင်းထန်သည့် ခွန်အားများ ရုန်းကြွလာပါစေ၊ သူသည် လေထဲကိုတော့ ပျံတက်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာက သူ၏ အားနည်းချက် ဖြစ်ပေသည်။
ပေ၃၀.. ပေ၄၀..
တစ်ခဏအတွင်းမှာပင် အကြီးအကဲချမ့်သည် ပေ၅၀ အမြင့်သို့ ရောက်ရှိသွားပေပြီ။
ထိုအခါမှသာလျှင် အကြီးအကဲချမ့်၏ မျက်နှာက စိတ်အေးလက်အေးပုံစံ ပေါက်လာပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
“အမ်.. ဘာလဲဟ”
အကြီးအကဲချမ့် မှင်တက်သွား၏။ သူသည် တစ်အံ့တစ်သြနှင့် ရေရွတ်လိုက်၏။
“သူ.. ဘယ်ရောက်သွားတာလဲဟ”
ဆူဇီမိုသည် တိုက်ပွဲဖြစ်ပွားရာ နေရာကနေ အမှန်တစ်ကယ်ကြီး ပျောက်ကွယ်သွားချေပြီ။
သူသည် တစ်ခဏလေးအတွင်း ဒီနေရာကနေ အပြီးထွက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဤအချိန်တွင် မလှမ်းမကမ်းမှ ချီစုဖွဲ့စစ်သည်တော်များသည် အကြီးအကဲချမ့် ရှိရာဘက်သို့ ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားစွာဖြင့် လက်ညိုးလှမ်းထိုးလိုက်ကြလေ၏။ သူတို့သည် လွန်စွာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသလိုပင်။