မင်းတို့ရဲ့ သင်္ချိုင်း
Vol. 4 Ch. 49
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၄၉ - မင်းတို့ရဲ့ သင်္ချိုင်း
ဖလပ်! ဖလပ်!
အကြီးအကဲချမ့်၏ အနောက်ဘက်မှ နှင်းချပ်လွှာများ ပြုတ်ကျသံများက ထွက်ပေါ်လာ၏။
“အမ်”
အကြီးအကဲချမ့် ကြောင်အသွားပြီး အနောက်သို့ အနောက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်၏။
သူ့နောက်တွင် လွန်စွာ မြင့်မားသည့် သစ်ပင်အိုကြီးတစ်ပင် ရှိနေ၏။ ၎င်းသည် ခိုင်ခံ့မာကျောပုံရပြီး ပင်စည်က ဖြောင့်တန်းနေလေ၏။ အပင်အမြင့်က ပေ၇၀/၈၀ လောက် ရှိပေမည်။ ခြေလက်များကို သုံး၍ ဆူဇီမိုသည် သစ်ပင်ကြီးပေါ်သို့ ဧရာမ မျောက်ဝံကြီး တစ်ကောင်လို ပေါ့ပါးသွက်လက်စွာ ဖက်တက်သွားနေလေ၏။ သူသည် ပေ၅၀လောက် အမြင့်သို့ပင် ရောက်ရှိနေလေပြီ။
အကြီးအကဲချမ့်က ဓါးပျံဖြင့် လေပေါ်သို့ ထိုးတက်နေသည့်အချိန်တွင် ဆူဇီမိုကလည်း သစ်ပင်အိုကြီးပေါ်သို့ ဖက်တက်နေပြီး ဖြစ်၏။ သူတို့နှစ်ယောက်၏ အမြန်နှုန်းက သိပ်ကွာခြားမှု မရှိလှပေ။
အကြီးအကဲချမ့် လှည့်ကြည့်လိုက်ချိန်တွင် ဆူဇီမိုက သစ်ပင်အိုကြီးကို ခြေဖြင့်ကန်၍ သူရှိရာသို့ လှမ်းခုန်အုပ်လိုက်လေသည်။ သူ၏ မျက်လုံးထဲရှိ သွေးနီရောင်က ပိုမို အရောင်တောက်လာပြီး သတ်ဖြတ်ခြင်းအော်ရာကလည်း မိုးထိတိုင် ထိုးတက်လာလေ၏။ သူသည် ကလန်ကလား ကြီးမားသော လက်ကြီးကို ဆန့်ထုတ်လိုက်ပြီး အကြီးအကဲချမ့်ကို လှမ်းပြီးဖမ်းဆုပ်ဖို့ လုပ်လိုက်၏။
ဆူဇီမို၏ လက်ဖဝါးက လျှာတစ်ချောင်းလို နူးညံ့ညင်သာနေ၏။ သူသည် အကြီးအကဲချမ့်ကို လက်ဖြင့် အသာအယာ ရစ်ပတ်လိုက်ပြီးနောက် လှုပ်ခါလိုက်သောအခါ ကြီးမားသော ခွန်အားများက လက်ဖဝါးကြားမှ ရုန်းကြွထွက်ပေါ်လာလေ၏။ ၎င်းသည် အလွန့်အလွန် ရက်စက်ကြမ်းတမ်းပုံ ရလေ၏။
ဖောက်!
အကြီးအကဲချမ့်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်လှုပ်သွားပြီး ကာကွယ်ရေးအဆောင်က ချက်ခြင်းပင် ကြေမွပျက်ဆီးသွားလေ၏။
“သွား”
အကြီးအကဲချမ့်၏ အမူအယာက ကြီးမားစွာ ပြောင်းလဲသွား၏။ သူသည် ဓါးပျံပေါ် လှမ်းတက်လိုက်ပြီး သူ့ခန္ဓာကို ဟန်ချက်ညီစေရန် ကြိုးစားလိုက်၏။ ကြောက်ကြောက်လန့်လန့်နှင့်ပင် သူသည် လက်ထဲက အဝိုင်းသဏ္ဍာန် လက်နက်ဖြင့် ဆူဇီမို၏ ရင်အုပ်ဆီကို ပစ်ပေါက်လိုက်လေ၏။
နှစ်ဖက်စလုံးက လွန်စွာ နီးကပ်သော အနေအထားမှာ ရှိနေ၏။ ဆူဇီမို၏ ခန္ဓာကိုယ်သည် လေထဲမှာ ရောက်နေပြီး သူ့မှာ မှီတွယ်ဖို့ရာ တစ်စုံတစ်ရာ တစ်ခုမျှ ရှိမနေပေ။ တိုးဝင်လာသော အဝိုင်းသဏ္ဍာန် လက်နက်ကို ရှောင်ဖို့ဆိုလျှင် သူသည် မျက်နှာကို မော့၍ ကျောကို အနောက်သို့ လှန်ချပစ်လိုက်ရပေမည်။
ထိုသို့ ရှောင်လိုက်ပြီဆိုလျှင် ဆူဇီမိုသည် လေထဲကနေ ပြုတ်ကျရပေတော့မည်။
ဆူဇီမို၏ မျက်လုံးများက ရက်စက်မှုများဖြင့် ပြည့်နှက်နေ၏။ ဝင်လာသော အဝိုင်းသဏ္ဍာန် လက်နက်ကို ကြည့်၍ သူသည် နောက်လည်း မဆုတ်သလို မည်သို့မျှလည်း ရှောင်မနေတော့ချေ။ သူလက်ဝါးကို လက်သီးပုံစံ ပြန်ပြောင်းလိုက်၏။ လက်သီးကို ချိတ်စည်းတစ်ခုလို သုံးပြီး သူ့ဘယ်ဘက်လက်ဖြင့် လေထဲတွင် စက်ဝန်းသဏ္ဍာန် ရစ်ပတ်ဝိုင်းလိုက်လေ၏။
ဝုန်း! ကြီးမားသော အချိတ်အပိတ်စည်းတစ်ခုက ကျဆင်းလာပေပြီ။
ဆူဇီမိုသည် နွာရိုင်းလျှာဆေဘာကို အသုံးပြုပြီးနောက် မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်းကို ဆက်တိုက်ပုံဖော်လိုက်၏။
အကြီးအကဲချမ့်တစ်ယောက် အမှန်တစ်ကယ် တုန်လှုပ်ခြောက်ခြားလာပေပြီ။
အဝိုင်းသဏ္ဍာန်လက်နက်ကို ပစ်လွှတ်ပြီးနောက် အကြီးအကဲချမ့်သည် နှစ်ခါစဉ်းစားမနေဘဲ သူ့သို့လှောင်အိတ်ထဲကနေ နောက်ထပ် ကာကွယ်ရေးအဆောင် အသစ်တစ်ခုကို ထပ်ထုတ်လိုက်ပြီး လက်ညိုးလက်မဖြင့် ညှစ်ချေလိုက်လေ၏။
အကြီးအကဲချမ့်၏ မျက်နှာက နှမြောတမ်းသစိတ်ဖြင့် ရှုံ့မဲ့ကျသွားလေ၏။
သူ့အတွက်တော့ ကာကွယ်ရေးအဆောင်တိုင်းက အသက်တစ်မျှ တန်ဖိုးကြီးလေသည်။
၎င်းသည် အကြီးအကဲချမ့်၏ နောက်ဆုံးအရေးပေါ် အသက်ကယ်ထွက်ပေါက်တစ်ခု ဖြစ်လေသည်။ ၎င်းသည် ပကတိအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အားကုန်တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်စွမ်း ရှိလေသည်။ သို့သော်လည်း ယခုအခါမှာတော့ သူသည် မော်တယ်တစ်ယောက်ကို လိုက်ဖမ်းဖို့ရာ အတွက်နှင့် ကာကွယ်ရေးအဆောင်နှစ်ခုကို ဆက်တိုက်အသုံးပြုလိုက်ရပေပြီ။
ဘုန်း!
အဝိုင်းသဏ္ဍာန်လက်နက်က ဆူဇီမို၏ ရင်အုပ်ကို တည့်တည့် ပစ်ဝင်သွားလေသည်။
အရိုးကျိုးသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။
ဆူဇီမို၏ ရင်အုပ်သည် နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး သွေးများ အသားစများက ဖွာလန်ကျဲသွားလေသည်။
အကြီးအကဲချမ့်သည် ကာကွယ်ရေးအဆောင်ကို ချိုးဖျက်ဖို့အတွက် သူ့အာရုံကို ခွဲဝေမပေးခဲ့ရဘူးဆိုလျှင် သူ၏ အားကုန်တိုက်ခိုက်မှုနှင့်ဆိုပါက ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကို ပုံဖော်ထားလျှင်ပင် နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်လေသည်။
တစ်ပြိုင်တည်းဆိုသလိုပင် ဆူဇီမို၏ လက်သီးက အချိတ်အပိတ်စည်းတစ်ခု သဏ္ဍာန် ပြောင်းလဲသွားပြီး အကြီးအကဲချမ့်၏ ဦးခေါင်းဆီကို ဝုန်းကနဲ ပစ်ဝင်သွားလေသည်။
ဘုန်း!
ကြီးမားသော ချိတ်စည်းကြီးက အကြီးအကဲချမ့်၏ ကာကွယ်ရေးအဆောင်အသစ်မှ အလင်းဒိုင်းကာနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာလေ၏။ ထွက်ပေါ်လာသော တုန်ခါလှိုင်းကြောင့် ကျဆင်းနေသာ နှင်းပွင့်များက ချက်ခြင်း အငွေ့ပျံသွားလေ၏။
“ငါ အဲ့ဒါကို ကာကွယ်နိုင်လိုက်ပြီကွ”
အကြီးအကဲချမ့်သည် သိပ်ပြီး အောင်ပွဲခံနေမအားဘဲ ဓါးပျံကို စီးကာ နေရာကနေ ချက်ခြင်း ပြေးထွက်လိုက်လေ၏။
တစ်ဖက်မှာတော့ ဆူဇီမို၏ ခန္ဓာကိုယ်က လေထဲကနေ ပြုတ်ကျလာလေ၏။ သူ့ပါးစပ်ထဲမှ သွေးများက ဖူးကနဲ ထွက်ကျလာသော်လည်း သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ် အရောင်အဝါကတော့ လျော့ကျသွားခြင်း မရှိချေ။ သူ့မျက်လုံးများက ပိုမြင့်မားသော နေရာသို့ ထွက်ပြေးနေသော အကြီးအကဲချမ့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေဆဲ ဖြစ်၏။
ဘုန်း!
ဆူဇီမိုသည် မြေပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။ များမကြာမီ သူသည် ပြန်ကျုံးထလိုက်ပြီး မောပန်းစွာနှင့် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေလေ၏။ သူအသက်ရှူလိုက်တိုင်း ပြင်းထန်စူးရှသော သွေးရနံ့က ကပ်ငြိပါလာ၏။
ဒါက သူ့ကိုယ်တွင်း အင်္ဂါများသည် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရကုန်ပြီဆိုသော လက္ခဏာပင် ဖြစ်လေသည်။
အရိုးများနှင့် အရွတ်များ၏ ဒဏ်ရာက သုံးလေးလလောက် အနားယူလိုက်လျှင် ပြန်ကောင်းလာနိုင်၏။
သို့သော်လည်း ကိုယ်တွင်း အင်္ဂါများ၏ ဒဏ်ရာကတော့ ကုသဖို့ရာ အရမ်းခက်ခဲလေ၏။
ဆူဇီမိုသည် သူ့ခန္ဓာကိုယ်၏ အခြေအနေကို သူကောင်းကောင်း သိလိုက်၏။
စောစောက အကြီးအကဲချမ့်၏ တိုက်ခိုက်မှုက သူ့ကိုယ်တွင်းအင်္ဂါများကို ဆိုးဆိုးရွားရွား ပျက်ဆီးကုန်စေလေ၏။
သူ သိပ်ကြာကြာ အသက်ဆက်ရှင်နိုင်တော့မည် မထင်ချေ။
အကြီးအကဲချမ့်သည် လေထဲတွင် ယောင်လည်ယောင်လည်နှင့် ပုန်းခိုနေပြီး လုံးလုံး ထွက်မသွားခဲ့ချေ။
ကန်းလန်ရိုးမတွင် စောစောက သစ်ပင်လောက် မြင့်မားသော အပင်က သိပ်အများကြီး ရှိမနေချေ။ အကြီးအကဲချမ့်သည် ဆူဇီမိုက နောက်တစ်ကြိမ် သူ့အနားကပ်နိုင်ဖို့ အခွင့််အရေး ပေးတော့မည် မဟုတ်ချေ။
ဆူဇီမိုသည် ရုတ်တရတ်ဆိုသလို သေသည်ရှင်သည် မသိရသော စိတ်ဝိညာဉ်မျောက်ကို သူ့ကျောထက် ကောက်တင်လိုက်ပြီး အရပ်မျက်နှာတစ်ခုသို့ ကမူးရှူးထိုး ပြေးထွက်သွားလေ၏။
မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းက သူ့ခွန်အားကို အချိန်အတိုင်းအတာ တစ်ခုအထိ တိုးမြှင့်ပေးထားနိုင်သော်လည်း သူ့ဒဏ်ရာများကိုတော့ ကုသပေးနိုင်စွမ်း မရှိချေ။
ဆူဇီမိုသည် သည့်အရင်ကတည်းက ဒဏ်ရာများ ရထားပြီးဖြစ်ကာ စောစောက တိုက်ပွဲအပြီးတွင် သူ့အခြေအနေက ဆိုးသထက်ပိုဆိုးလာလေ၏။
မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းက ဆူဇီမိုကို မှုန်ယိုနေသော စိတ်အခြေအနေတစ်ခုသို့ ကျရောက်သွားစေ၏။ သူ့အာရုံကြောများက ထုံထိုင်းနေပြီး မည်သည့် နာကျင်မှုကိုမျှ ခံစားနေရခြင်း မရှိချေ။
ဆူဇီမိုတွင် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားဟန်များ ရှိသော်လည်း သူ့ခန္ဓာကိုယ်က အတွင်းရော အပြင်ပါ ဂျုံးဂျုံးကျနေပြီ ဖြစ်လေသည်။ သူသည် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကနေ ရုန်းကြွထွက်ပေါ်လာသော ခွန်အားများကိုသာ မှီခိုနေရ၏။
မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း ပျောက်ကွယ်သွားသည်နှင့် ဆူဇီမိုသည် မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး သူ့အခြေအနေက အရင်ကထက်ပင် ပိုဆိုးလာပေလိမ့်မည်။
ဆူဇီမို ထွက်ပြေးသွားသည်ကို ကြည့်၍ အကြီးအကဲချမ့်သည် ဓါးပျံကို စီး၍ အနောက်ကနေ လျှင်မြန်စွာ ပြေးလိုက်သွားလေ၏။
ပျော်ရွှင်ကလန်သည် သည်တစ်ကြိမ် စစ်ဆင်ရေးတွင် အများကြီး ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရ၏။ အတူလာခဲ့သော အကြီးအကဲငါးယောက်တွင် သူတစ်ယောက်သာ အသက်ရှင်ကျန်ရစ်လေတော့သည်။ သူသာ ဒီနေရာမှာ ဆူဇီမိုကို မသတ်နိုင်ခဲ့လျှင် ကလန်ကို ပြန်ရောက်သည့်အခါ မည်သို့ ရှင်းပြရမည် သူမသိတော့ချေ။
အကြီးအကဲချမ့်သည် ကျင့်ကြံရေးလောကတွင် ကျင်လည်လာသည်မှာ ဆယ်စုနှစ်နှင့်ချီနေပေပြီ။ ဆူဇီမိုသည် ပျံသန်းမှု အရှိန်အဟုန် ကုန်ဆုံးတော့မည့် မြားတစ်စင်းသာ ဖြစ်ကြောင့် သူကောင်းကောင်း သိလေသည်။
ကျန်ရှိနေသာ ချီစုဖွဲ့စစ်သည်တော်များသည် ဆူဇီမိုနောက်သို့ ပြေးလိုက်လာကြသော်လည်း သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ပြီး ဆူဇီမိုအနား သိပ်မကပ်ရဲဘဲ အကွာအဝေးတစ်ခု ခွာထားကြလေ၏။
ဆူဇီမို၏ အရှိန်အဟုန်က တစ်ဖြည်းဖြည်း လျော့ကျလာလေ၏။ သူ့ခန္ဓာကိုယ်က စတင်ကျုံ့ဝင်လာပြီး မူလပုံစံသို့ တစ်ဖြည်းဖြည်းနှင့် ပြန်ပြောင်းလာပေပြီ။
သူ့ခန္ဓာကိုယ်နှင့်စိတ်က ပင်ပန်းနွမ်းလျလာပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးမှ နာကျင်မှုများက ပြင်းထန်အားကောင်းလာနေလေ၏။
ဆူဇီမိုသည် အံကို တင်းတင်းကြိတ်၍ ရှေ့သို့သာ ဆက်လက်ပြေးနေလေ၏။
အရှေ့ဘက် မလှမ်းမကမ်းတွင် တောင်ချိုင့်ကြားတစ်ခု ရှိလေသည်။ ၎င်းကို မတ်စောက်သော တောင်များက ဝန်းရံထားပြီး မြင့်မားကြမ်းတမ်းသော တောင်နံရံများဖြင့် ပိတ်ဆို့ ကာရံထားလေ၏။ ထိုနေရာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သာမန်နေရာတစ်ခုဟုသာ ထင်ရလေသည်။
ဆူဇီမိုသည် တောင်ချိုင့်ကြား အလယ်နေရာသို့ ရောက်ရှိလာပြီးနောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်လာလေ၏။
ဤအချိန်တွင် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကလည်း အာနိသင် ကုန်ဆုံးတော့မည့်ဆဲဆဲသို့ ရောက်ရှိနေပေပြီ။ ဆူဇီမိုသည် တောင်ချိုင့်ကြားထဲသို့ ရောက်လာပြီးနောက် သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် စိတ်ဝိညာဉ်မျောက်ကို ကျောတွင် သယ်ပိုးထားလျှက်နှင့်ပင် ကျောက်သားနံရံများကို ဖက်တွယ်တက်လိုက်လေ၏။
တောင်ချိုင့်ကြား၏ ဘေးပတ်ပတ်လည်ရှိ ကျောက်သားနံရံများတွင် များစွာသော လိုဏ်ဂူပေါက်ဝများ ရှိနေ၏။ ၎င်းတို့၏အတွင်းပိုင်းသည် ပိန်းပိတ်အောင် မှောင်မည်းနေပြီး အလင်းရောင် အနည်းငယ်မျှ မမြင်တွေ့ရချေ။
ပျော်ရွှင်ဖွယ်ကလန်က လူများသည် ဒဏ်ရာများ ဗရပွနှင့် တောင်နံရံကို ဖက်တွယ်တက်နေသော ဆူဇီမိုကို ကြည့်ကာ နောက်ကနေ ဆက်လိုက်ဖို့ရာ တွန့်ဆုတ်နေကြ၏။
သူတို့သည် ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်နေကြရင်း နောက်ဆုံး သည်းမခံနိုင်တော့ဘဲ ဓါးပျံများကို စီးကာ တောင်ကြားထိပ်သို့ ပျံတက်လိုက်လာကြလေ၏။
ပတ်ပတ်လည် ကျောက်သားနံရံများရှိ လိုဏ်ဂူပေါက်ဝများစွာကို ကြည့်ရင်း အကြီးအကဲချမ့်သည် မျက်မှောင်ကြုတ်လိုက်၏။ ရုတ်တရတ်ဆိုသလို သူ့ရင်ထဲ ထိတ်ကနဲဆိုသလို ခံစားလိုက်ရ၏။
ဤအချိန်မှာပင် ဆူဇီမိုသည် ခရမ်းရောင် ငှက်ကြီးတစ်ကောင်ကို လက်ထဲတွင် ဆုပ်ကိုင်ကာ လိုဏ်ဂူတစ်ခု၏ အပေါက်ဝတစ်နေရာတွင် ပြန်ပေါ်လာ၏။ သူသည် အကြီးအကဲချမ့်ကို ကြည့်ကာ စတင်၍ အားရပါးရ ရယ်မောလေတော့၏။
ထိုရယ်သံက အနည်းငယ် ကျောချမ်းစရာ ကောင်းနေပြီး လူတိုင်း၏ နုလုံးသားကို လက်အေးကြီးဖြင့် ဆုပ်ကိုင်ခံလိုက်ရသလို ခံစားလိုက်ရ၏။
ဂျွတ်!
ဆူဇီမိုသည် လက်ထဲက ခရမ်းရောင်ငှက်၏ လည်ပင်းကို လက်ဖြင့် ဖျစ်ညှစ်၍ သတ်ပစ်လိုက်၏။ သွေးများက ပန်းထွက်လာပြီး တစ်မူထူးခြားသည့် သွေးရနံ့က လေထုထဲတွင် ပျံ့နှံ့သွားလေ၏။
“ဂီး! ဂီး! ဂီး! ဂီး!”
ရုတ်တရတ်ဆိုသလို ငှက်အော်သံများက တောင်ကြားတစ်ခွင် ဟိန်းထွက်လာလေ၏။ အသံများက တစ်ခဏအတွင်း ပိုပိုနီးလာပြီး အသံလှိုင်းများက ပိုပိုမြင့်တက်လာလေ၏။
ထိုအုန်းအုန်းကျက်ကျက်အသံများသည် အရွယ်အစား အမျိုးမျိုးရှိသော ကျောက်နံရံများရှိ လိုဏ်ဂူများထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ဤအချိန်မှာပင် ဆူဇီမို၏ အသံကို အားလုံး ကြားလိုက်ရ၏။ သူ့အသံက လွန်စွာ တည်ငြိမ်နေသလောက် လူတိုင်း၏ နုလုံးသားကတော့ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ကြရ၏။
“ငါ ပြောခဲ့သားပဲ.. ကန်းလန်ရိုးမက .. မင်းတို့ရဲ့ သင်္ချိုင်းပါလို့!”
ထိုစကားကို ပြောပြီးပြီးချင်းမှာပင် ဆူဇီမိုသည် လက်ထဲက ငှက်သေကောင်ကို ပျော်ရွှင်ဖွယ် ကလန်သားများရှိရာ အပြင်ဘက်သို လှမ်းပစ်ထုတ်လိုက်ပြီး လိုဏ်ဂူထဲသို့ ပြန်လှိမ့်ဝင်သွားလေ၏။
တောင်ချိုင့်ကြား၏ ပတ်ပတ်လည်ရှိ လိုဏ်ဂူများထဲက အမှောင်ထုထဲတွင် ခရမ်းရောင် အလင်းစက်များက တောက်ပလာလေ၏။ သူတို့၏ သက်ဝင်လှုပ်ရှားလာသော မျက်လုံးများက အဆုံးအရှိ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသပေးနေလေ၏။
“ဂါး!”
နောက်ထပ် ငှက်အော်သံများက ထပ်မံထွက်ပေါ်လာပြန်၏။ အစတုန်းကတော့ ထိုအသံများသည် အဝေးကလာသည်ဟု ထင်ရလေ၏။ သို့သော် ပျော်ရွှင်ဖွယ်ကလန်သားများ သတိပြန်ဝင်လာချိန်တွင် သူတို့ဦးခေါင်းအထက်၌ ကြီးမားသော အရိပ်ကြီးတစ်ခုက လွှမ်းခြုံလာပြီး တောင်ကြားတစ်ခွင်ကို အုပ်မိုးသွားလေတော့၏။