သူမ... ရောက်လာသေးတာပဲ
Vol. 4 Ch. 50
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၀ - သူမ... ရောက်လာသေးတာပဲ
ပျော်ရွှင်ဖွယ်ကလန်က လူများလည်း အပေါ်သို့ မော့ကြည့်လိုက်ကြ၏။ ကြီးမားသော ခရမ်းရောင်တောင်ပံတစ်စုံ ပါရှိသည့် ဧရာမလင်းယုန်ကြီးတစ်ကောင်သည် တောင်ကြားအထက် ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းလာသည်ကို တွေ့လိုက်ကြရ၏။ သူသည် ကြီးမားသော တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်ထားကြပြီး နေရောင်ကို ပိတ်ဆို့ကာ အရိပ်မည်းကြီးက အုပ်မိုးကြလာလေ၏။
ထိုခရမ်းရောင်လင်းယုန်၏ အတောင်ပံများက မထိုးဖောက်နိုင်လောက်အောင် မာကျောပြီး သတ္တုရောင်လို တစ်ဖျတ်ဖျတ်လက်နေလေ၏။ သူ၏ ခြေသည်းတစ်စုံက တောင်ကုန်းတစ်ခုလုံးကိုပင် ဖြိုချနိုင်လောက်သည် ထင်ရအောင်ပင် သန်မာအားကောင်းနေ၏။
သူသည် ခရမ်းရောင်တောင်ပံလင်းယုန်ငှက်များက ခေါင်းဆောင်ဆိုသည်မှာ ထင်ရှားလေသည်။ သူ၏ မျက်လုံးနှစ်ဖက်က အကန့်အသတ်မဲ့ ဒေါသများ၊ သတ်ဖြတ်လိုစိတ်များဖြင့် အရောင်တောက်နေလေ၏။
“စိတ်..စိတ်ဝိညာဉ်.. သားရဲ..လား”
အကြီးအကဲချမ့်၏ အသံက တုန်ယင်နေပြီး သူ့မျက်နှာက သွေးမရှိတော့ချေ။
ကျင့်ကြံသူများ၏ အမြင်တွင် စိတ်ဝိညာဉ်သားရဲများကို နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ၎င်းတို့မှာ အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲနှင့် ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲ ဟူ၍ ဖြစ်လေသည်။
ယခု သူတို့ရှေ့ရှိ ခရမ်းရောင်တောင်ပံလင်းယုန်မှာ အခြေတည်အဆင့်သာ ဖြစ်လေ၏။ သို့သော်လည်း သူသည် အကြီးအကဲချမ့်ထက် ပို၍ သန်မာခွန်အားကြီးသည်မှာ ထင်ရှားလေသည်။ ပိုဆိုးတာက ဤစိတ်ဝိညာဉ်သားရဲက ပျံနိုင်သော သတ္တဝါ အမျိုးအစား ဖြစ်လေသည်။
ဂီး! ဂီး! ဂီး!
တောင်ကြားပတ်ပတ်လည်ရှိ လိုဏ်ဂူများထဲမှ အုန်းအုန်းကျက်ကျက် ငှက်အော်သံများက ထပ်မံ ထွက်ပေါ်လာပြန်၏။ များစွာသော ခရမ်းရောင်တောင်ပံလင်းယုန်များသည် လိုဏ်ဂူများထဲကနေ ပျံသန်းထွက်လာကြလေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ငှက်များက ရာနှင့်ချီနေတာကို တွေ့နိုင်လေ၏။
ယခုထွက်ပေါ်လာသော ဤခရမ်းရောင်တောင်ပံလင်းယုန်များက စိတ်ဝိညာဉ်တောကောင်များသာ ဖြစ်ကြသော်လည်း သူတို့၏ အရေအတွက်က ပျော်ရွှင်ဖွယ်ကလန်သားများကို တစ်စစီဆုတ်ဖြဲဖို့ရာ လုံလောက်တာထက်ပင် ပိုနေသေး၏။
ခရမ်းရောင်တောင်ပံလင်းယုန်များက အဘက်ဘက်ကနေ ထွက်လာကြတာဖြစ်ပြီး သူတို့မှာ ပြေးစရာ နေရာပင် ရှာမတွေ့နိုင်တော့ချေ။
စောစောက ဆူဇီမို ပြောခဲ့သော စကားသံက သူတို့နားထဲတွင် ပဲ့တင်ပြန်ထပ်လာလေ၏။
ထိုအခါမှသာလျှင် သူတို့သည် ဆူဇီမိုပြောခဲ့သော စကား၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာကြလေ၏။
ဆူဇီမိုသည် ကန်းလန်ရိုးမရှိ ခရမ်းရောင်တောင်ပံလင်းယုန်များ၏ ခွန်အားကို ငှားရမ်းအသုံးချ၍ သူတို့အားလုံးကို ရှင်းပစ်ရန် ဤနေရာသို့ သူတို့ကို ဖြားယောင်းခေါ်ဆောင်လာခြင်း ဖြစ်လေ၏။
ဤနေရာက သူတို့၏ သင်္ချိုင်းနေရာ ဖြစ်လာပေတော့မည်။
“မဟုတ်ဘူး မဟုတ်ဘူး.. အဲ့ငှက်ကို သတ်တာ ကျုပ်တို့ မဟုတ်ဘူးနော်.. တစ်ကယ်သတ်တဲ့ကောင်က ဟို.. လိုဏ်ဂူထဲကို ပြေး..ပြေး ဝင်သွားပြီ.. သူ့နောက်ကို လိုက်.. ကျုပ်.. ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူးလေ”
ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့နှင့် ကြောက်လန့်တကြား ရှင်းပြနေ၏။
သူ၏ ရှင်းပြချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်နေလေ၏။
စိတ်ဝိညာဉ်သားရဲများသည် နေရာပိုင်ဆိုင်မှုနှင့် ပတ်သတ်လျှင် ဆတ်ဆတ်ထိ မခံသော စိတ်မျိုး ရှိကြ၏။
သူတို့နေထိုင်ရာ အသိုက်အမြုံနေရာသို့ အခြားသော စိတ်ဝိညာဉ်တောကောင်များ၊ သားရဲများ ကျူးကျော်ဝင်ရောက်လာလျှင်ပင် သူတို့သည် အညှာအတာမဲ့စွာ တိုက်ခိုက်ကြပေလိမ့်မည်။ လူသားမျိုးနွယ်များဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
စောစောကငှက်ကို သတ်ခဲ့သူမှာ ဆူဇီမိုပင် ဖြစ်သော်လည်း ခရမ်းရောင်တောင်ပံလင်းယုန်ငှက်များ၏ မျက်လုံးထဲတွင် ပျော်ရွှင်ဖွယ်ကလန်သားများနှင့် ဆူဇီမိုသည် လူသားမျိုးနွယ်ဟူသော ခေါင်းစဉ်အောက်မှာသာဖြစ်ပြီး တစ်ဖက်တည်းသာ ဖြစ်လေသည်။
ဒီလို မုန်းတီးစက်ဆုပ်စရာကောင်းတဲ့ လူသားတွေ!
ဂီး!
ခရမ်းရောင်တောင်ပံလင်းယုန်များသည် ကောင်းကင်အထက် ပျံသန်းလှည့်ပတ်ရင်း အော်ဟစ်လိုက်ကြ၏။ ထို့နောက် ရာပေါင်းများစွာသော ခရမ်းရောင်တောင်ပံလင်းယုန်များသည် ပျော်ရွှင်ဖွယ်ကလန်သားများဆီသို့ သတ်ဖြတ်လိုစိတ်များဖြင့် ပြေးဝင်ချလာလေ၏။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်တောင်ပံလင်းယုန်များ၏ ခေါင်းဆောင်သည် ထိုးဆင်းချလာပြီး သူ၏ ထက်ရှသော ခြေသည်းများကို လှစ်ဟပြကာ အကြီးအကဲချမ့်၏ ဦးခေါင်းကို လှမ်းကုတ်လိုက်လေ၏။
ပျော်ရွှင်ဖွယ်ကလန်မှ လူများအားလုံး စိတ်ပျက်အားငယ်မှုကို ခံစားလာကြရ၏။
ဤအရာသည် သူတို့အားလုံး အသေဆိုးဖြင့် သေကြရတော့မည့် အခြေအနေပင် ဖြစ်လေသည်။
တောင်ကြားထဲသို့ ခြေချဝင်လာချိန်မှစ၍ သူတို့၏ ထွက်လမ်းက မရှိတော့ပြီလေ။
လိုဏ်ဂူ၏ အပြင်ဘက်တွင် လေများက အေးစက်ပျံ့နှံ့နေသော်လည်း လိုဏ်ဂူထဲမှာတော့ နွေးနေလေ၏။
အေးစက်သော မြေသားပြင်ပေါ်တွင် ထူထဲသော ကောက်ရိုးမျှင်များကို ခင်းကျင်းထားလေ၏။ ထိုအပေါ်မှာ လှဲနေရင်းနှင့် ဆူဇီမိုသည် အပြင်ဘက်မှ ဆိုးဆိုးရွားရွား အော်ဟစ်သံများကို ကြားနေရ၏။ သူ့နှုတ်ခမ်းက တွန့်ကွေးသွားပြီး အပြုံးတစ်ခုက ပေါ်လာလေ၏။
“ငမျောက်.. မင်းကြားရလား.. မင်းကို ထိခိုက်အောင် လုပ်ခဲ့တဲ့ သူတွေလေ.. သူတို့လဲ အခု အကုန် သေကုန်ကြတော့မှာကွ” ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။
စိတ်ဝိညာဉ်မျောက်သည် ဆူဇီမို၏ ဘေးဘက်တွင် လဲကျနေ၏။ သူ့မျက်လုံးက မှိတ်နေပြီး မည်သို့မျှ ပြန်မတုံ့ပြန်ပေ။
ကန်းလန်ရိုးမမှာ ခြောက်လကြာ နေလာခဲ့ပြီးနောက် ဆူဇီမိုသည် ဤနေရာကို သူ့မြို့သူ့ရွာလို ကောင်းကောင်း သိလေသည်။ သူနှင့် စိတ်ဝိညာဉ်မျောက် နှစ်ယောက်လုံးသည် ဘယ်နေရာကတော့ စိတ်ဝိညာဉ်သားရဲများ လာတတ်ပြီး ဘယ်နေရာကတော့ လွန်မင်းစွာ အန္တရာယ်များတတ်သည်ဆိုတာကို သိထားလေ၏။
ဆူဇီမိုသည် ဤအရာကို အရင်ကတည်းက ကြိုတင်ကြံစည်ထားခြင်း ဖြစ်၏။
ဤအရာက သူသည် ကန်းလန်ရိုးမကို တိုက်ပွဲမြေအဖြစ် ရွေးချယ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်လေ၏။
နွေးနေသော ကောက်ရိုးများပေါ်တွင် ဘဲဥသဏ္ဍာန် ငှက်ဥအချို့ ရှိနေပြီး ၎င်းဥခွံတို့အပေါ်တွင် ခပ်ဖျော့ဖျော့ ခရမ်းရောင်သန်းနေသော အရစ်လေးများ ရှိနေ၏။ ၎င်းတို့က လွန်စွာ လှပနေလေ၏။
ဆူဇီမိုသည် ဥနှစ်လုံးကို ကောက်ယူလိုက်ပြီး သူ၏ လက်ကျန်ခွန်အားလေးဖြင့် တစ်လုံးနှင့်တစ်လုံး ထုရိုက်လိုက်လေ၏။
ချပ်! ချပ်!
ဥနှစ်လုံးအပေါ်တွင် အက်ကွဲရာများက ပေါ်လာပြီး ရွှေခရမ်းရောင် အရည်များက စီးကျလာလေ၏။ မွှေးကြိုင်သော ရနံ့ပြင်းပြင်းက ထွက်ပေါ်လာလေ၏။
ဆူဇီမိုသည် ဥတစ်လုံးကို စိတ်ဝိညာဉ်မျောက်၏ ပါးစပ်နားတွင် တေ့ထားလိုက်ပြီး နောက်တစ်လုံးကိုတော့ သူ့ပါးစပ်နားတွင် တေ့ထားလိုက်လေ၏။ သူသည် ထွက်ကျလာသော အရည်များကို တစ်မျှင်ချင်း ဆုပ်ယူလိုက်လေ၏။ သူသည် အလိုအလျောက် ပြုံးမိသွားပြီး ပြောလိုက်လေ၏။
“ငမျောက်.. ဒီဥတွေကို မင်းသောက်ချင်နေတာ ကြာပြီမလား.. ငါ ဒီနေ့တော့ မင်းကို ဒီနေရာကို ရောက်အောင် ခေါ်လာနိုင်ခဲ့ပြီလေကွာ”
ခရမ်းရောင်တောင်ပံလင်းယုန်များ၏ ငှက်ဥက လွန်စွာ အာဟာရဓါတ် ပြည့်ဝ၍ အရသာရှိလှကြောင်း စိတ်ဝိညာဉ်မျောက်က ဆူဇီမိုကို မကြာခဏ ပြောပြလေ့ရှိ၏။ သို့သော်လည်း ဤနေရာကို စိတ်ဝိညာဉ်သားရဲတစ်ကောင်က စောင့်ကြပ်နေ၏။ ပုံမှန်နေ့တွေမှာဆို သူတို့နှစ်ယောက်သည် ဤနေရာသို့ ချဉ်းကပ်ကြဖို့ရာ ဝံ့ရဲကြလိမ့်မည် မဟုတ်ပေ။
စိတ်ဝိညာဉ်မျောက်သည် တစ်ခါက ဤနေရာသို့ ရောက်လာပြီး ခရမ်းရောင်တောင်ပံလင်းယုန်ငှက်ဥ တစ်လုံးကို တိတ်တဆိတ် ခိုးစားခဲ့ကာ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်ထွက်လာနိုင်ခဲ့၏။ ဤသည်ကို စိတ်ဝိညာဉ်မျောက်က သူ့ဘဝ၏ ဂုဏ်အယူရဆုံး အရာတစ်ခုလို မကြာခဏ ပြန်ပြောင်းပြောပြနေလေ့ ရှိခဲ့၏။
ခရမ်းရောင်တောင်ပံလင်းယုန်များသည် ရှားပါးသော ငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး သူတို့သည် ဆောင်းရာသီတွင် အပြင်မထွက်ဘဲ ပုန်းခိုနေကြလေ့ရှိ၏။
ဆောင်းရာသီသို့ ရောက်လာပြီး ခရမ်းရောင်ငှက်များ ဆောင်းခိုတာနှင့် လူတစ်ယောက်နှင့် မျော်တစ်ကောင်သည် ဤနေရာသို့ ခိုးဝင်ကြပြီး ငှက်ဥများကို ဝင်ခိုးဖို့ တိုင်ပင်ထားခဲ့ကြ၏။ ထိုအချိန်တွင် ခရမ်းရောင်တောင်ပံလင်းယုန်များသည် အပြင်ဘက်ကို အာရုံသိပ်စိုက်လေ့ မရှိကြပေ။
ကံဆိုးစွာဖြင့် ဆောင်းရာသီကို စဝင်ကာစမှာပင် ဆူဇီမိုက ကန်းလန်ရိုးမကနေ ထွက်ခွာခဲ့လေ၏။
စိတ်ဝိညာဉ်မျောက်၏ နှုတ်ခမ်းများက တင်းကြပ်စွာ စေ့ပိတ်ထား၏။ သူ့နှုတ်ခမ်းထောင့်ကနေ ရွှေခရမ်းရောင် အရည်များက စီးကျလာပြီး ကောက်ရိုးများပေါ်သို့ ကျသွားလေ၏။ စိတ်ဝိညာဉ်မျောက်သည် နည်းနည်းကလေးမျှ တုံ့ပြန်မှု မရှိတော့ချေ။
ဤသည်ကို ကြည့်၍ ဆူဇီမို၏ မျက်လုံးများက အရောင်မှိန်သွား၏။
သူ့ပါးစပ်ထဲက မွှေးပျံ့နေသော အရည်များသည် အရသာမဲ့လာလေသည်။
အပြင်ဘက်က နာကျင်စူးရှစွာအော်ဟစ်သံများသည် တစ်ဖြည်းဖြည်းနှင့် တိုးညင်းလာလေ၏။
အကြီးအကဲချမ့်သည် နာကျည်းမုန်းတီးစွာနှင့် လှမ်းအော်လိုက်လေ၏။
“ဆူဇီမို.. မင်း သိပ်ပြီး ပျော်မနေနဲ့ဦးကွ သိလား.. ငါသေရရင်တောင် .. မင်းလဲ သိပ်မကြာဘူး လိုက်လာရမှာပဲ.. အား.....”
အကြီးအကဲချမ့်သည် နောက်ဆုံး နာကျင်စွာ တစ်ချက်အော်ဟစ်လိုက်ပြီးနောက် မည်သည့်အသံမျှ ထွက်မလာနိုင်တော့ချေ။
ဆူဇီမိုက ပြုံးလိုက်၏။
သူသည် ဒီနေရာကို ရောက်လာပြီးမှတော့ အသက်ရှင်လျှက် ထွက်သွားနိုင်ဖို့ အစကတည်းက စိတ်ကူး မရှိချေ။
သူ့အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အားလုံး အတူတကွ ပျောက်ကွယ်သွားဖို့ ဖြစ်လေသည်။ ထိုအစီအစဉ်ထဲတွင် စိတ်ဝိညာဉ်မျောက်ပါ ရောပါလာလိမ့်မည်ဟု ဆူဇီမို မျှော်လင့်မထားခဲ့မိပေ။
ဆူဇီမိုသည် ရုန်းကန်၍ ထရပ်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်သို့ လှမ်းထွက်လိုက်၏။ ခရမ်းရောင်တောင်ပံလင်းယုန်များ၏ ကုတ်ဆွဲကိုက်ဖြတ် စားသောက်မှုကြောင့် အပိုင်းပိုင်း အပြတ်ပြတ်နှင့် လူရုပ်မပေါ်တော့သော အလောင်းငါးဆယ်ကို ကြည့်၍ သူသည် ခေါင်းခါလိုက်၏။ သူ့မျက်လုံးအိမ်ထဲတွင် မထီတရီ လှောင်ပြောင်လိုရိပ်က ဖြစ်ပေါ်လာလေ၏။
သူတို့က အခြေတည်အဆင့် ကျင့်ကြံသူတွေဆိုတော့ရော ဘာဖြစ်သလဲ..
သူတို့က အင်မော်တယ်ကလန်က လူတွေဆိုတော့ရော ဘာဖြစ်သလဲ...
နောက်ဆုံးမှာတော့ သူတို့လဲ ကန်းလန်ရိုးမရဲ့ ထောင့်တစ်နေရာမှာ လူမသိ၊ သူမသိ လာသေရတာပဲ မဟုတ်ဘူးလား..
တစ်ကယ်တော့ ပျော်ရွှင်ဖွယ်ကလန်သားများသည် ခရမ်းရောင်တောင်ပံလင်းယုန်များ၏ တိုက်ခိုက်မှုကြောင့် သေရသည် ဖြစ်သော်ငြားလည်း ဆူဇီမို၏ ထောင်ချောက်ထဲကို သက်ဆင်းမိသောကြောင့် သေရသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ပျော်ရွှင်ဖွယ်ကလန်သားများသည် ကန်းလန်ရိုးမအတွင်းသို့ စတင်ဝင်ရောက်လာကတည်းက သူတို့သည် မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခုအတွင်းသို့ ကျဆင်းမိခဲ့ပြီးသား ဖြစ်နေပေပြီ။ သူတို့သည် ဆူဇီမိုနောက်သို့ လိုက်ရင်းနှင့် သူတို့၏ ခြေလှမ်းတိုင်းက မရဏချောက်နက်ကြီးဆီသို့ ဦးတည်သွားနေသည်ဆိုတာကို မသိခဲ့ကြပေ။
လေထဲရှိ ခရမ်းရောင်တောင်ပံလင်းယုန်ခေါင်းဆောင်သည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ရုတ်တရတ် သူ့ခေါင်းကို ဆူဇီမိုဘက်သို့ လှည့်လိုက်သောအခါ ရေခဲတမျှ အေးစက်နေသောအကြည့်က ဆူဇီမိုအပေါ်သို့ ကျဆင်းလာလေ၏။ သူ၏ သတ်ဖြတ်လိုစိတ်က တစ်ဖန် ပြန်လည် ထကြွလာလေ၏။
ဆူဇီမိုသည် ထိုလင်းယုန်ကို ကန်းလန်ရိုးမသို့ စတင်ရောက်ရှိခဲ့သော ပထမဆုံးညကတည်းက မြင်တွေ့ခဲ့ဖူး၏။
များစွာသော ခရမ်းရောင်တောင်ပံလင်းယုန်များသည် ရုပ်အလောင်းများအား ထိုးဆိတ်စားသောက်နေခြင်းကို တစ်ဖြည်းဖြည်း ရပ်တန့်လိုက်ကြ၏။ လေထဲတွင် သူတို့၏ တောင်ပံများကို တစ်ဖျတ်ဖျတ်ခတ်လိုက်ပြီး သူတို့၏ အကြည့်များက ဆူဇီမိုအပေါ်သို့ ကျရောက်လာကာ ခေါင်းဆောင်ထံမှ အမိန့်ကို စောင့်ဆိုင်းရင်း သူတို့သည် ဆူဇီမိုကို တစ်စစီ ဆုတ်ဖြဲဖို့ အဆင်သင့် ဖြစ်နေကြလေ၏။
“ဂီး”
စိတ်ဝိညာဉ်သားရဲအဆင့် ခရမ်းရောင်တောင်ပံလင်းယုန်ခေါင်းဆောင်က စူးရှကျယ်လောင်စွာ အော်လိုက်၏။
ရွှစ်!
နောက်တစ်ခဏ၌ ခရမ်းရောင်တောင်ပံလင်းယုန်များသည် လေလှိုင်းထန်လာသော ခရမ်းရောင် ပင်လယ်ပြင်တစ်ခုလို ဆူဇီမိုထံသို့ အုံလိုက်ကျင်းလိုက် ပျံသန်းလာကြလေ၏။
သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် ထူးဆန်းစွာ တည်ငြိမ်နေ၏။ သူသည် ကြောက်လန့်နေခြင်း မရှိသလို နောက်သို့လည်း ဆုတ်မသွားချေ။
သူသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ချိန်မှစ၍ တျဲယွဲ့က သူ့ကို ပြောခဲ့ဖူး၏။ သူ့ဘဝတွင် မည်သည့်အချိန်၌မဆို မမျှော်မှန်းနိုင်သော ဘေးဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ရနိုင်၏။ ထိုအချိန်တွင် သူမက သူ့ကို လာကယ်လိမ့်မည်ဟု မျှော်လင့်မထားဖို့ ပြောခဲ့ဖူး၏။
ထိုအချိန်တုန်းက .. သေခြင်း၊ ရှင်ခြင်းဆိုတာ ကြိုတင်ပြဌာန်းထားပြီးသားပါလေ.. ဟု သူက ပြန်ပြောခဲ့လေ၏။
ဤအခိုက်အတန့်ကာလက နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပြီ။
အဲ့ဒီ အခိုက်အတန့်က ဒီလောက်မြန်မြန် ရောက်ရှိလာလိမ့်မည်ဟု ဆူဇီမို မထင်ထားခဲ့ရုံသာ..
ရုတ်တရတ်ဆိုသလို!
ဆူဇီမို၏ မြင်ကွင်းထဲသို့ .. ကမ္ဘာတစ်ခုလုံးကိုပင် နီရဲတောက်သွားစေနိုင်သော အံ့သြမှင်တက်ဖွယ်၊ တုနှိုင်းမရှိ၊ သွေးနီရောင်တစ်ခုက ခရမ်းရောင်ပင်လယ်ပြင်ကို ဖြတ်သန်း၍ ဝင်ရောက်လာလေ၏။ ၎င်းက မျက်စိမှားနေတာ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ပုံရိပ်တစ်ခုက ပေါ်လာပြီး ဆူဇီမို၏ အရှေ့ကနေ ပိတ်ရပ်လိုက်၏။
ဆူဇီမိုသည် သူ့ပါးစပ်ကို အနည်းငယ် ဟလိုက်၏။ သူသည် ပထမတော့ အံ့သြသွားပြီး ထို့နောက် အဆုံးမရှိ နှစ်ခြိုက်မှုနှင့် ဝမ်းသာပျော်ရွှင်မှုများက လိုက်ပါလာလေ၏။
ဝင်ရောက်လာသူက ရှည်လျားသည့် သွေးနီရောင် ဝတ်ရုံကြီးကို ခြုံထား၏။ ဆူဇီမိုကို ကျောပေးထားပြီး သူမသည် သေးသွယ်သော ခန္ဓာကိုယ်နှင့် နက်မှောင်သော ဆံကေသာများက လေတိုက်တိုင်း လည်တိုင်တစ်ဝိုက် ပြေလျော့လှုပ်ခါနေလေ၏။
“နင်တို့က ငါ့လူကို လာထိရဲမှတော့ .. သေဖို့သာ ပြင်ထားလိုက်တော့”
စကားသံက ပျင်းရိလေးတွဲနေဟန်ရသော်လည်း တည်ငြိမ်စွာနှင့် သာယာနာပျော်ဖွယ်ကောင်းနေသေး၏။ ူ
ဆူဇီမိုသည် သေရေးရှင်ရေးနှင့် ရင်ဆိုင်ကြုံတွေ့ရသော အကြိမ်တိုင်းတွင် တျဲယွဲ့တစ်ယောက် သူ့အနားပေါ်လာဖို့ အကြိမ်များစွာ မျှော်လင့်ခဲ့ဖူး၏။ သို့သော် နောက်ဆုံးမှာတော့ စိတ်ပျက်ခဲ့ရသည်ချည်းသာ။
ယခု သူသည် ဧကန်မုချ သေရတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သော အချိန်တွင်တော့...
“သူမက ရောက်လာသေးတာပဲ”