ကျားတစ်ကောင်လို စွမ်းပကားနဲ့ နုလုံးသား
Vol. 4 Ch. 51
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၁ - ကျားတစ်ကောင်လို စွမ်းပကားနဲ့ နုလုံးသား
ဆူဇီမိုသည် သူ၏ မျက်လုံးကို ဖွင့်၍ တျဲယွဲ့၏ လှုပ်ရှားမှုတိုင်းကို မလွတ်တမ်း လိုက်ကြည့်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ့တစ်ကိုယ်လုံးသည် အားအင်ချိနဲ့ နုန်းခွေလာပြီး တောင့်မခံနိုင်တော့ဘဲ လဲကျသွားလေ၏။
မင်းနေပြည်တော်တိုက်ပွဲကနေ ကျန့်အန်မြို့မှာ လောထျန်းဝူကို သတ်ဖြတ်ခဲ့သည့် အချိန်အထိ၊ ကန်းလန်ရိုးမမှာ စတင်ချုံခိုတိုက်ခိုက်ခဲ့ချိန်ကနေ အသက်လုပြေးရသည့် အချိန်အထိ၊ ဆူဇီမိုသည် လဝက်လောက်ကြာသည့်တိုင် ကောင်းကောင်းမွန်မွန် တစ်မှေးမျှ မအိပ်စက်ခဲ့ရသေးချေ။ နေ့နေ့ညည မရပ်မနား ပြေးလွှားနေရပြီးနောက် ဆူဇီမို၏ ခန္ဓာကိုယ်ထဲ၌ ခွန်အားများက တစ်မျှင်မျှလောက်ပင် ကျန်ရှိမနေတော့ချေ။
သူ့မျက်လုံးများ မှိတ်ကျတော့မည့်ဆဲဆဲတွင် တျဲယွဲ့သည် သူမ၏ နူးညံ့လှပသော လက်ဖဝါးလေးကို ဖြန့်၍ တရကြမ်း ထိုးဆင်းလာကြသော ခရမ်းရောင်တောင်ပံလင်းယုန်များကို အသာအယာနှင့်ပင် တားဆီးလိုက်လေ၏။
ထို့နောက် တျဲယွဲ့က ဖြန့်ထားသော သူမ၏ လက်ဝါးကို လက်သီးပုံစံ ဆုပ်ချလိုက်သောအခါ...
ခရမ်းရောင်တောင်ပံလင်းယုန်ငှက်များသည် တစ်စစီ ပေါက်ကွဲထွက်သွားပြီး သွေးမြူမှုန်များက နှင်းစက်များအလား ရင်သပ်ရှုမောဖွယ်ရာ ဖြာကျသွားလေ၏။
ထို့နောက် ဆူဇီမိုလည်း သတိလစ်သွားလေတော့၏။
. . .
အချိန် မည်မျှ ကြာသွားပြီပင် မသိနိုင်တော့ပြီးနောက်.. ဆူဇီမိုသည် တစ်ဖြည်းဖြည်းနှင့် သတိပြန်လည်လာလေ၏။ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်နေကျဖြစ်သော အော်ရာကို သူအာရုံခံမိလိုက်၏။
ဒါက ကျင့်ကြံရေးကွင်းပင် ဖြစ်လေသည်။
ဆူဇီမိုသည် သစ်သားစည်ထဲတွင် ဝင်စိမ်နေခြင်းဖြစ်၏။ သူသည် လွန်ခဲ့သော တစ်နှစ်တာကာလကို ပြန်လည်ရောက်ရှိသွားသလိုပင်။
တျဲယွဲ့က မလှမ်းမကမ်းရှိ အစိမ်းရောင်ကျောက်တုံး တစ်တုံးပေါ်တွင် အေးစက်မောက်မာစွာဖြင့် ထိုင်နေလေ၏။ သူမ ဘာကို စဉ်းစားနေတာလဲ သူလည်း မပြောတတ်ချေ။
“ငမျောက် ဘယ်မှာလဲ.. သူ.. သူ ဘယ်လိုနေလဲ” ဆူဇီမို သတိရ,ရခြင်း ပထမဆုံး သိချင်မိသည်မှာ စိတ်ဝိညာဉ်မျောက်၏ အခြေအနေပင် ဖြစ်လေသည်။
တျဲယွဲ့က ပြန်မဖြေပေ။
ဆူဇီမိုသည် အလောတကြီး ရှင်းပြလိုက်၏။
“အဲ့လိုဏ်ဂူထဲမှာတုန်းက အထဲမှာ လဲကျနေတဲ့ မျောက်တစ်ကောင် ရှိတယ်လေ.. သူက ကျုပ်သူငယ်ချင်းပဲ.. သူက ကျုပ်ကို ကယ်ဖို့လုပ်ရင်း အဲ့လို အခြေအနေ ဖြစ်သွားတာ.. Missတျဲ .. သင် သူ့ကို ကယ်မယ် မဟုတ်လား.. သူ ..သူက....”
ဆူဇီမိုသည် သူ့စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိလာပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။
တျဲယွဲ၏ စိတ်နေစရိုက်နှင့်ဆိုပါက သူမက သူ့ကို ကယ်ဖို့ ရောက်လာတာပင် အတော် အံ့အားသင့်စရာ ကောင်းနေပေပြီ။ စိတ်ဝိညာဉ်တောကောင် တစ်ကောင်၏ အသက်ကို သူမက ဘာကြောင့် အရေးလုပ်နေပါမည်လဲ။
အချိန်အနည်းငယ် ကြာပြီးနောက် တျဲယွဲ့က ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေ၏။
“မင်း သူ့ကိုသွားပြီး အရေးလုပ်နေစရာ မလိုပါဘူး.. သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက မင်းထက်တောင် ပိုကြံ့ခိုင်သေးတယ်”
“အာ”
ဆူဇီမိုသည် ခဏမျှ ငေးကြောင်သွား၏။ ထို့နောက် သူသည် ဝမ်းသာပျော်ရွှင်သွားလေ၏။ သူသည် စကားလှမ်းထောက်ကြည့်လိုက်လေ၏။
“အဲ့ငမျောက်က အသက်ရှင်နေတုန်းမလား”
တျဲယွဲ့က အရေးလုပ် ပြန်ပြောချင်ဟန်မရဘဲ ဆိတ်ဆိတ်သာ နေ,နေလေ၏။
ဆူဇီမို၏ မျက်နှာက ပြုံးရိပ်သန်းလာ၏။ သူသည် ခေါင်းကို ဆက်ကာဆက်ကာ ညိတ်ရင်း သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်လေ၏။
“အင်း ဟုတ်ပြီလေ.. အဲ့မျောက်ငတုံးရဲ့ ခန္ဓာကိုယ်က ငါ့ထက်တောင် ပိုကြံ့ခိုင်တယ်ဆိုတော့.. ငါတောင် မသေမှတော့ သူလဲ အသက်ရှင်ရမှာပေါ့”
စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထုတ်လိုက်ပြီးနောက် ဆူဇီမို၏ ရင်ထဲတွင် သံသယလှိုင်းများက တစ်လိပ်လိပ် တက်လာလေ၏။ သူသည် မနေနိုင်စွာ လှမ်းမေးလိုက်လေ၏။
“Miss တျဲ.. ကျုပ်က သားရဲမျိုးနွယ်ဝင်တစ်ယောက် မဟုတ်ဘူးဆိုပေမယ့်လဲ.. မဟာအရိုင်းကမ္ဘာက နတ်ဆိုးသားရဲ ဘုရင် ၁၂ပါးရဲ့ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ကို လေ့ကျင့်ပြီးတာတောင် ကျုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာက ဘာလို့ အဲ့မျောက်ငတုံးကိုတောင် ယှဉ်လို့ မရသေးတာလဲဗျ”
တျဲယွဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား၏။
“မင်းက အခုမှ ခန္ဓာကိုယ်မီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်းနဲ့ အရိုးကြံ့ခိုင်စေခြင်းဆိုတဲ့ အပိုင်းသုံးပိုင်းကိုပဲ လေ့ကျင့်ရသေးတာကို.. နောက်ထပ်လာမယ့် အပိုင်းတွေက ပိုခက်ခဲပြီး မင်းရဲ့ ခန္ဓာကိုယ်ကိုလဲ အကြီးအကျယ် ပြောင်းလဲလာစေလိမ့်မယ်.. အခုချိန်မှာတော့ အဲ့အဆင့်ကို ရောက်ဖို့ မင်း အဝေးကြီး လိုပါသေးတယ်”
ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ကို ပြန်လည် ကြည့်ရှုပြီးနောက် သုံးစားလို့ မရတော့အောင် စုတ်ပြတ်သွားသော သူ့ညာဘက်လက်က အကောင်းပကတိ ပြန်လည် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့် ဒဏ်ရာမျှ ကျန်ရှိမနေတော့ချေ။ လွန်စွာ ထူးဆန်းအံ့သြဖွယ် ကောင်းလေစွ။
“ကျုပ် သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ” ဆူဇီမိုက မေးလိုက်၏။
“ဆယ်ရက်”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
သူသည် အတော်ကို ဆိုးရွားလှသည့် ဒဏ်ရာများကို ရရှိခံစားခဲ့ရ၏။ အစကတော့ သူသည် အကောင်းပကတိ ပြန်ဖြစ်မလာရင်တောင် အသက်ရှင်လျှက် ပြန်လာနိုင်ခဲ့တာကိုပင် တော်လှနေပြီဟု တွေးထား၏။ အခုတော့ မယုံကြည်နိုင်လောက်အောင်ပင် တျဲယွဲ့ သူ့ကို ပြန်ခေါ်လာခဲ့ပြီး ဆယ်ရက်အတွင်း သူ့ဒဏ်ရာများက အလျှင်း ပျောက်ကင်းကုန်လေပြီ။
ထိုမျှသာ မကသေး.. ဤတိုက်ပွဲပြီးနောက် ဆူဇီမိုသည် သူ့န္ဓာကိုယ်က အရင်ကထက် သိသိသာသာ ပို၍ သန်မာအားကောင်းလာသည်ဟု ထင်မိလေ၏။ သူ့အရိုးများကလည်း မာကျောကြံ့ခိုင်လာ၏။ သူသည် အရိုးကြံ့ခိုင်စေခြင်း အပိုင်းတွင် စဦးအောင်မြင်မှုကို ရရှိသွားပေပြီ။
သူ့အပေါ် ဒီတစ်ကြိမ်ကုသမှုက သေရွာကနေ တစ်ဖန် ပြန်ဆွဲခေါ်လာခဲ့သည်ဟု ပြောလို့ ရပေသည်။
ဒီကမ္ဘာမှာ တျဲယွဲ့မလုပ်နိုင်တဲ့အရာ တစ်စုံတစ်ရာရော ရှိနိုင်သေးရဲ့လား။
တျဲယွဲ့သည် အစကတည်းက ဆူဇီမိုကို သူမ၏ နောက်ခံနှင့် အဆင့်အတန်းအား မစူးစမ်းဖို့ ပြောခဲ့သော်လည်း ဆူဇီမိုသည် ဤသည်ကို တစ်ယောက်တည်း ကြိတ်၍ မစဉ်းစားမတွေးတောဘဲ မနေနိုင်ချေ။
တျဲယွဲ့က ဘယ်လိုလူမျိုးပါလိမ့်..
သူမ၏ ကျင့်ကြံခြင်းကရော ဘယ်အဆင့်မှာပါလဲ..
ရုတ်တရတ် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး မော့ကြည့်လိုက်လေ၏။
အစိမ်းရောင်ကျောက်တုံးပေါ်ကနေ တျဲယွဲ့သည် ဆူဇီမိုကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သူမ၏ မျက်လုံးများသည် ရေလိုထွင်းဖောက်ကြည်လင်နေပြီး ရွှန်းရွှန်းစို လှပနေ၏။
ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် စိတ်ထဲတွင် မသက်မသာ ခံစားလာရ၏။
“Miss တျဲ.. သင်...”
“ငါ အခု သွားရတော့မယ်”
ဆူဇီမို၏ အမူအယာက တောင့်ခဲသွားပြီး သူ့စိတ်က ဗလာကျင်းသွား၏။
“သင်.. ပြန်မလာတော့ဘူးလား”
“ဟုတ်တယ်”
ဆူဇီမိုသည် တိတ်ဆိတ်သွားပြီး စိတ်က ညှိုးငယ်ကျသွား၏။ ချက်ခြင်းဆိုသလို ကပ်ဘေးမှ ရှင်သန်လွတ်မြောက်လာသည့် ဝမ်းသာပျော်ရွှင်နေသည့်စိတ်က ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားချေပြီ။
တျဲယွဲ့က ပြောလိုက်၏။
“ငါ မင်းကို နောက်ထပ် သင်ပြ မပေးနိုင်တော့ဘူး.. ဒါကြောင့်မို့.. မင်းကိုယ်ထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို ငါ မျိုးစေ့ချပေးခဲ့တယ်.. အဲ့ဒါက ဘယ်ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်ထက်မှ အောက်မကျဘူး.. မင်းရဲ့ နောက်ထပ်လျှောက်လှမ်းရမယ့် လမ်းကြောင်းကတော့.. အင်မော်တယ်ကျင့်ကြံရေးဂိုဏ်း တစ်ခုခုကို ရှာပြီး ဝင်ရောက်ဖို့ပဲ”
“စိတ်ဝိညာဉ်ရင်းမြစ်က မျိုးစေ့ချလို့ ရလို့လား”
“တခြားသူတွေဆိုရင်တော့ မလုပ်နိုင်ဘူးပေါ့.. ငါကတော့ လုပ်နိုင်တယ်”
တျဲယွဲ့သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။ သူမသည် ခပ်ရေးရေး ပြုံးလိုက်ရင်း
“အင်မော်တယ်ကျင့်ကြံရေးဂိုဏ်းထဲကို မင်းဝင်ပြီးသွားပြီဆိုရင်.. မင်းလည်းပဲ ဓါးပျံစီးနင်းလို့ ရသွားပြီ.. အဲ့လိုမျိုး အရှက်တကွဲ အကျိုးနည်းရတဲ့ အဖြစ်မျိုး မင်း ထပ်ကြုံရမှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်လေ၏။
ကျင့်ကြံသူများသည် ဓါးပျံစီးနင်းခြင်းကို လုပ်ဆောင်နိုင်ပြီး မိုင်တစ်ထောင် အကွာအဝေးအတွင်း တစ်ဖက်ရန်သူကို လှဲချနိုင်လေ၏။ သူသည် အဲ့ဒါကို အားမကျပါဘူးဟု ဆိုလျှင် လိမ်ရာကျနေပေလိမ့်မည်။
သူသည် ဤသတင်းစကားကို သည့်အရင်အချိန်က ကြားခဲ့ပါက ကျေနပ်ပီတိဂွမ်းဆီထိ၍ ဝမ်းသာပျော်ရွှင်နေပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်မှာတော့ သူ့စိတ်က ညိုးငယ်နေလေသည်။
“ဘာလို့လဲ”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက မော့ကြည့်၍ မေးလိုက်၏။
“ငါ ဘာကြောင့် မင်းကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ဆွဲတင်ခဲ့လဲဆိုတာ သိလား” တျဲယွဲ့က မေးခွန်းပြန်ထုတ်လိုက်၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆူဇီမိုသည် ချွတ်ခြုံကျပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ရချိန်တွင် တျဲယွဲ့က သူ့ရှေ့မှာ ပေါ်လာပြီး ‘မင်း ကျင့်ကြံချင်သလား’ဟု သူ့ကို မေးခဲ့၏။
ထိုမြင်ကွင်း၊ ထိုစကားလုံးများသည် ဆူဇီမိုတစ်သက် ဘယ်တော့မှ မမေ့နိုင်တော့မည့် အရာများ ဖြစ်လေ၏။
သို့သော်လည်း ဆူဇီမိုသည် တျဲယွဲ့က ဘာကြောင့် သူ့ကို သားရဲမျိုးနွယ်၏ ကျင့်ကြံခြင်းနည်းစနစ်များအား သင်ကြားပေးခဲ့သည်ကို သူသေချာ မသိခဲ့ပေ။
“အကြောင်းပြချက်က နှစ်ခု ရှိတယ်.. ပထမတစ်ချက်.. လွန်ခဲ့တဲ့သုံးနှစ်.. ငါတို့စတွေ့ခဲ့တုန်းက ငါက ငါ့ရဲ့ အားအနည်းဆုံး အခြေအနေမှာ ရောက်နေတယ်.. အဲ့တုန်းက မင်းက ငါ့ကို ဒီနေရာကို ခေါ်လာခဲ့ပြီး ငါ့အသက်ကို ကယ်ခဲ့တယ်လို့ ပြောလို့ရတယ်.. နောက်ပြီး နှစ်နှစ်တာအချိန်အတွင်း မင်းက အစားအသောက်တွေ ပြင်ဆင်ပြီးတော့ ငါ့အခန်းတံခါးရှေ့ကို နေ့တိုင်းပို့ပေးခဲ့တယ်.. တစ်ကြိမ်မှတောင် ပျက်ကွက်တာ မရှိခဲ့ဘူး.. အဲ့ဒါကို ထုတ်မပြောခဲ့ဖူးပေမယ့် ငါ့စိတ်ထဲမှာ မှတ်ထားပါတယ်”
ဤအကြောင်းအရာများကို ပြောနေရင်းနှင့် တျဲယွဲ့၏ သေးသွယ်သော ပုံရိပ်လေးက အစိမ်းရောင်ကျောက်တုံးပေါ်ကနေ ဖယ်ခွာလိုက်၏။ သူမသည် ထိုခဏအတွင်း သြဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်လို ပြောင်းလဲသွားပြီး ခမ်းနားထည်ဝါသော မာန်မာန အရှိန်အဝါများက ထွက်ပေါ်လာလေ၏။ သူမသည် လေသံကို မြှင့်၍ ဆက်ပြောလိုက်၏။
“တျဲယွဲ့ဆိုတဲ့ငါ.. ဘယ်တစ်ဦးတစ်ယောက်ကိုမှ ဘာအတွက်နဲ့မှ မတောင်းပန်ခဲ့ဖူးဘူး၊ မတောင်းဆိုခဲ့ဖူးဘူး.. ဘယ်သူ့အပေါ်မှလဲ အကြွေးမတင်ခဲ့ဖူးဘူး.. မင်းကလွဲရင်ပေါ့.. မင်းကို ကျင့်ကြံရေး နည်းစနစ်တွေ သင်ပေးခဲ့တယ်ဆိုတာ ငါတို့ရဲ့ ကံကြွေးကို ပြန်ဆပ်ခဲ့တာလို သဘောထားလို့ ရတယ်”
ဆူဇီမိုတစ်ယောက် မှင်တက်သွား၏။
သူတို့ဘဝတစ်လျှောက်လုံးမှာ မည်သူ့ကိုမျှ အသနားမခံ၊ မတောင်းဆို၊ မတောင်းပန်ဘူးဟု ဘယ်သူကများ အာမခံနိုင်ပါ့မလဲ။
အင်မော်တယ်တွေတောင် သည်လိုမျိုး ပြောဝံ့ကြလိမ့်မည် မဟုတ်ပေ။
“နောက်ထပ် အကြောင်းပြချက် တစ်ခု ရှိသေးတယ်.. အဲ့ဒါက.. မင်းဆီမှာ ငါ့ရဲ့ အရိပ်ကို ပြန်တွေ့လိုက်ရလို့ပဲ”
တျဲယွဲ့က ဆူဇီမိုကို ကြည့်ပြီး ဆက်ပြောလိုက်၏။
“မင်းရဲ့ အပြင်ပန်း ပုံသဏ္ဍာန်က နုနယ်အားနည်းပုံရပေမယ်လို့.. မင်းနုလုံးသားထဲမှာတော့ ကျားတစ်ကောင်လို စွမ်းပကားတွေ ရှိနေတယ်.. အဲ့ဒီ ဒေါမာန်ပြင်းထန်တဲ့ကျားက အိပ်မောကျနေတာလေး တစ်ခုပဲ.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်က.. မင်းရဲ့ ငယ်ကျွမ်းဆွေလေးက မင်းဘဝထဲက ထွက်ခွာသွားတာရယ်.. ပကတိကန်းလန်က မင်းကို အနိုင်ကျင့်ခဲ့တာတွေရယ်က မင်းနုလုံးသားထဲမှာ အိပ်မောကျနေတဲ့ ကျားကို နှိုးပေးလိုက်တာပဲ.. အဲ့ဒီအချိန်တုန်းက ဟိုဇောင်ဒင်းယွမ်ဆိုတဲ့ လူဆိုးကောင် မင်းကိုသတ်ဖို့ ရောက်လာတုန်းက မင်းဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာ မှတ်မိသေးလား”
ဆူဇီမိုသည် နှုတ်ခမ်းကို စေ့ထားပြီး အသံတစ်ချက်မျှ မဟပေ။
“မင်း သူ့ကို သတ်တောင်သတ်မိတော့မလို့ပဲ”
“ဘယ်သူကများ ထင်မိမှာလဲ.. ပျော့တိပျော့ဖတ် စာပေသမားလေးက လူသတ်တော့မယ်လို့ ကြံနေတဲ့အချိန်မှာ အဲ့လောက်ထိ အေးဆေးတည်ငြိမ်နေမယ်လို့.. မင်းရဲ့ လက်ကောက်ဝတ်က အဲ့တုန်းက အရမ်းကို ပိရိတည်ငြိမ်နေတာပဲ.. အဲ့အချိန်မှာ ငါသိလိုက်တာ.. မင်းက အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းတုံး တစ်တုံးပဲဆိုတာ.. မင်းက .. ရက်စက်ကြမ်းကြုတ်ပြီး သွေးလွှမ်းနေတဲ့ ကျင့်ကြံရေးလောကထဲကို စွန့်စားဝင်ရောက်ဖို့ မွေးဖွားလာတဲ့သူပဲ”
ဆူဇီမိုသည် စိတ်ခံစားချက်များ အနည်းငယ် ထကြွလာလေ၏။
တျဲယွဲ့သာ သူ့ကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ဆွဲမခေါ်ခဲ့ဘူးဆိုလျှင် သူသည် လက်ကျန်ဘဝတစ်လျှောက် စိတ်ပျက်အားငယ်စွာနှင့် အရိုးထုတ်ရပေလိမ့်မည်။ ဆူမိသားစု၏ သွေးကြွေးကို ဆပ်နိုင်ဖို့ဆိုတာ ဝေးလာဝေးပင်။
သူ့နုလုံးသားထဲမှာ ကျားတစ်ကောင် ရှိနေသည်ဆိုလျှင်တောင် သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ် ပါရှိမလာခဲ့ပေ။ ထို့ကြောင့် ထိုကျားသည် လက်သည်းမရှိသော ကျားတစ်ကောင်သာ ဖြစ်နေပေလိမ့်မည်။
ဆူဇီမို၏ အတွေးများကို သိရှိနေသည့်အလား.. တျဲယွဲ့က မျက်ခုံးအနည်းငယ်တွန့်၍ ပဟေဠိဆန်ဆန် ပြောလိုက်လေ၏။
“မင်းက.. လူတစ်သန်းမှာမှ တစ်ယောက်လောက်ပဲ ပေါ်လာတတ်တဲ့ ပါရမီရှင်မျိုးပဲ.. တစ်ကယ်တမ်း မင်းမှာ လိုအပ်နေတာက စိတ်ဝိညာဉ်ရင်းမြစ်ပဲ.. ယုတ္တိယုတ္တာကျကျ ပြောရမယ်ဆိုရင် လူတိုင်းက စိတ်ဝိညာဉ်ရင်းမြစ်နဲ့အတူ မွေးလာကြတာပဲ..အဲ့ဒီ စိတ်ဝိညာဉ်ရင်းမြစ်က အဆင့်နိမ့်တာနဲ့ အဆင့်မြင့်တာနဲ့ပဲ ကွာကြတာ.. ထူးဆန်းတယ် .. ဒီကမ္ဘာမှာ မွေးလာကြတဲ့လူ အတော်များများက စိတ်ဝိညာဉ်ရင်းမြစ် ပါမလာကြဘူး.. အဲ့ဒါ တော်တော့်ကို ထူးဆန်းနေတယ်”
တစ်ခဏကြာပြီးနောက် တျဲယွဲ့က ခေါင်းခါရင်း ပြောလိုက်ပြန်၏။
“ထားပါလေ.. လောကရဲ့ နေရာတိုင်းမှာ လျှို့ဝှက်ချက်တွေက ရှိတတ်ကြတာပဲကိုး.. အဲ့ဒါကို လေ့လာစူးစမ်းနေဖို့ ငါ့မှာလဲ အချိန်မရှိတော့ဘူး.. ငါ ပြန်ရတော့မယ်”
ထို့သို့ ပြောပြီးနောက် တျဲယွဲ့၏ ပုံရိပ်က လှုပ်ရှားလိုက်ပြီး အပြင်ဘက်သို့ ဦးတည်လိုက်လေ၏။
ဆူဇီမိုသည် အလောတကြီးဖြင့် သစ်သားစည်ထဲကနေ ထခုန်ထွက်၍ အဝတ်ပိုင်းတစ်ပိုင်းကို ကောက်ပတ်လိုက်ပြီး သူမနောက်သို့ ပြေးလိုက်,လိုက်လေ၏။