← Chapters

လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလို့ ထွက်ခွာသွားလေပြီ

Vol. 4 Ch. 52

လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလို့ ထွက်ခွာသွားလေပြီ

Vol. 4 Ch. 52

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၅၂ - လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလို့ ထွက်ခွာသွားလေပြီ

Translator – Than Toe Aung

“Miss တျဲ.. သင် ဘယ်ကို သွားမှာလဲ”

ဆူဇီမိုသည် သူမနှင့် ခွဲခွာရမည်ကို နှမြောတမ်းတစိတ်ဖြင့် ခြံဝန်းအပြင်ဘက် အမီပြေးလိုက်လာပြီး ကျယ်လောင်စွာ လှမ်းအော်ခေါ်လိုက်လေ၏။

“ပြောရမယ်ဆိုရင်.. ငါ့ကမ္ဘာကို ငါပြန်ရမှာပေါ့”

တျဲယွဲ့သည် ဆူဇီမိုကို နှစ်လိုဖွယ် ပြုံး၍ လှည့်ကြည့်လိုက်ပြီး ဟာသနှောကာ လှမ်းပြောလိုက်လေ၏။

“မင်းနဲ့ငါက မတူညီတဲ့ ကမ္ဘာတွေမှာ ရှိနေကြတာပဲ”

ဤစကားသည် ရှန်မန်းကီ ထွက်ခွာသွားခါနီး ဆူဇီမိုကို ပြောခဲ့သောစကား ဖြစ်လေသည်။

ယခု တူညီသော စကားကိုပင် တျဲယွဲ့က ထပ်ပြောလိုက်ပြန်၏။ သို့သော် တျဲယွဲ့ပြောသောလေသံတွင် အထင်အမြင်သေးဟန် အနည်းငယ်မျှ ပါရှိမနေချေ။ အဲ့ဒါက အချိန်အတော်ကြာ သိကျွမ်းခဲ့ကြသော မိတ်ဆွေရင်းချာများ တစ်ယောက်နှင့်တစ်ယောက် စနောက်နေကြသည့်ပုံစံမျိုး ဖြစ်နေလေသည်။ တစ်ကယ်တော့ ထိုစကားသံထဲတွင် ဆွတ်ပျံ့လွမ်းဆွေးဟန်တစ်စွန်းတစ်စကလည်း ကပ်ငြိပါနေလေ၏။

တျဲယွဲ့သည် ဤလေသံ အနေအထားမျိုးဖြင့် ဆူဇီမိုကို တစ်ခါမျှ စကားမပြောခဲ့ဖူးပေ။ သူမသည် သူ့ကို ပြုံးပြခဲ၏။ ယခုအခါမှသာ တျဲယွဲ့က အမှန်တစ်ကယ် ထွက်ခွာတော့မည်ဆိုတာ ဆူဇီမို သဘောပေါက်လာ၏။

“သင် ကျုပ်ကို .. ကျန်နေသေးတဲ့ အန္တိမ နတ်ဆိုး ကျင့်ကြံခြင်း နည်းစနစ်တွေကို .. သင်မပေးရသေးဘူးလေ.. ပညာရပ်တစ်ခုတောင် ကုန်စင်အောင် သင်မပေးရသေးဘဲနဲ့ အဲ့လို ထွက်သွားလို့ မရဘူးလေ” ဆူဇီမိုသည် ဦးနှောက်ခြောက်မတတ် စဉ်းစားပြီးနောက် နောက်ဆုံး အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွား၏။

တျဲယွဲ့က ခေါင်းခါလိုက်ပြီး

“မင်းမှာ အခုဆို စိတ်ဝိညာဉ်ရင်းမြစ်လဲ ရှိနေပြီပဲ.. မင်းလုပ်သင့်တာက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်ဖို့ပဲ.. မင်းရဲ့ နတ်ဆိုးသားရဲ ကျင့်ကြံခြင်း နည်းစနစ်တွေကို လေ့ကျင့်မနေနဲ့တော့” ဟု ပြောလိုက်၏။

“ဘာလို့လဲ မရဘူးလား”

ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေ၏။

“ကျုပ် အင်မော်တယ်ကျင့်စဉ်တွေကိုလဲ ကျင့်မယ်.. နတ်ဆိုးသားရဲကျင့်စဉ်ကိုလဲ လက်မလွှတ်ချင်ဘူး”

“အင်မော်တယ်နဲ့ သားရဲကျင့်ကြံသူလုပ်ချင်နေတာလား”

တျဲ့ယွဲ့သည် သူမ၏ လှပသော မျက်ခုံးနှစ်ဖက်ကို ပင့်တင့်လိုက်ရင်း ပြုံးလိုက်လေ၏။

“မင်းက တော်တော် ရည်မှန်းချက်ကြီးတာပဲ”

တျဲယွဲ့သည် တစ်ခဏမျှ ရပ်နားလိုက်ပြီး‌နောက် ဆက်ပြောလိုက်၏။

“စိတ်ဝိညာဉ်ချီက ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးပြီး ကြံ့ခိုင်လာစေတယ်.. လူတွေရဲ့ ခန္ဓာကိုယ်က သားရဲမျိုးနွယ်တွေလောက် မကြံ့ခိုင်ပေမယ်လို့ .. လေ့ကျင့်ယူမယ်ဆို အတော်လေး သန်မာလာနိုင်တာပဲ.. ကျင့်ကြံသူတွေ အများစုက ဘာလို့ အာနည်းတဲ့ ခန္ဓာကိုယ်ရှိနေရတာလဲ မင်းသိလား”

“ဘာလို့လဲ”

“ဘာလို့လဲဆို‌တော့ လူတစ်ယောက် စွမ်းအင်က အကန့်အသတ် ရှိလို့ပဲ.. အင်မော်တယ်ကျင့်ကြံသူပဲဖြစ်ဖြစ်၊ သားရဲကျင့်ကြံသူပဲဖြစ်ဖြစ်.. ဘယ်သူမှ ထာဝရ အသက်မရှင်နိုင်ကြဘူး.. ဘယ်သူမှ သေဆုံးခြင်းနဲ့ တစ်ဖန်ပြန်လည် မွေးဖွားခြင်းကနေ မလွတ်မြောက်နိုင်ကြဘူး.. တစ်ယောက်ယောက်က အင်‌မော်တယ်ကျင့်ကြံခြင်းနဲ့ သားရဲကျင့်ကြံခြင်းကို အတူရောနှော ကျင့်ကြံမယ်ဆိုရင် အဲ့ဒီသူက သူ့ရဲ့ ကျင့်ကြံရေး ခရီးလမ်းစဉ်ကို သိပ်ဝေးဝေးရောက်အောင် လျှောက်နိုင်လိမ့်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ခေါင်‌မော့၍ ပြောလိုက်၏။

“ကျုပ် အဲ့ဒါကို ကြိုးစားကြည့်ချင်တယ်”

တျဲယွဲ့က ပြန်ပြောလိုက်၏။

“မင်းက အင်မော်တယ်နဲ့ ဗုဒ္ဓလမ်းစဉ်ကို အတူရောကျင့်မယ်ဆိုရင်တောင် ငါတားမှာ မဟုတ်ဘူး.. ဒါပေမယ့် အင်မော်တယ်နဲ့ သားရဲဆိုတာကတော့ မတူညီတဲ့လောကသက်ရှိတွေပဲ.. အင်မော်တယ်က အင်မော်တယ်ပဲ.. သားရဲက သားရဲပဲ.. သွားရောလို့ မရဘူး.. မင်းသာ အင်မော်တယ်နဲ့ သားရဲလမ်းစဉ်ကို အတူရောနှော ကျင့်ကြံမယ်ဆိုရင် ဘယ်ဘက်အဖွဲ့အစည်းကမှ မင်းကို လက်ခံကြမှာ မဟုတ်ဘူး.. မင်းက အခုမှ သားရဲကျင့်ကြံခြင်းကို စတင်ရုံပဲ ရှိသေးတာ.. အခုချိန်မှာ မင်း အဲ့ဒါကို လက်လွှတ်လိုက်သင့်ပြီ”

“ကျုပ် လက်မလျှော့ချင်ဘူးဗျာ” ဆူဇီမိုက ခေါင်းမာစွာ ငြင်းဆန်လိုက်၏။

“တစ်ကမ္ဘာလုံးကလူတွေက မင်းနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေမယ် ဆိုရင်ရော”

“တစ်ကမ္ဘာလုံးက ကျုပ်နဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတော့ရော ဘာဖြစ်လဲဗျာ.. ကျုပ်ဂရုမစိုက်ဘူး”

ဆူဇီမိုအတွက်တော့ ဤကျင့်ကြံခြင်း နည်းစနစ်က တျဲယွဲ့ကိုယ်တိုင် သူ့ကို သင်ကြားပေးခဲ့သော နည်းစနစ် ဖြစ်၏။ အဲ့ဒါက သူ့အတွက်တော့ အရမ်းကို အရေးပါလေသည်။ အဲ့ဒါကို ကျင့်ကြံဖို့ တစ်ကမ္ဘာလုံးက သူ့ကို လာတားကြလျှင်တောင် သူဆက်လုပ်နေဦးမှာပင်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် တျဲယွဲ့က ပြောလိုက်၏။

“အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်က နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ ပိုခက်လာပြီ.. မင်းဘေးမှာ ငါမရှိဘဲနဲ့ မင်းအဲ့ဒါကို ဆက်ပြီးလေ့ကျင့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

တျဲယွဲ့သည် ပေကပ်ကပ် လုပ်နေသော ဆူဇီမိုကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ဆုံး အလျှော့ပေးလိုက်ရ၏။

တျဲယွဲ့၏ မျက်လုံးထဲတွင် သားရဲဆန်သော အလင်းများက တစ်ဖျတ်ဖျတ်လက်လာ၏။ ထို့နောက် ဆူဇီမို၏ စိတ်အာရုံထဲတွင် များစွာသော ဂါထာမန္တန်သုတ္တန်များက တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။

တျဲယွဲ့သည် ဆူဇီမိုက နူးညံ့စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။

“အဲ့ဒါတွေက ကျန်ရှိနေတဲ့ သုတ္တန်တွေပဲ.. သေချာမှတ်ထားပါ.. အဲ့ဒါတွေက ကျင့်ကြံဖို့ရာ အရမ်းခက်ခဲတယ်.. မင်းမလုပ်နိုင်ဘူးဆိုရင်လဲ အဲ့ပေါ်မှာ သိပ်အာရုံစိုက်မနေနဲ့.. ပြီးတော့ ကန်းလန်ရိုးမက မျောက်ကိုလဲ.. အနာဂတ်မှာ သူ အန္တရာယ်နဲ့ ကြုံ့တွေ့ရတဲ့အခါ ကူညီစောင်မပေးလိုက်ပါ”

သူမ၏ စကားများကို ကြားရချိန်တွင် ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။

သူ့ကို ကန်းလန်ရိုးမတွင် တစ်နှစ်တာ လေ့ကျင့်ဖို့ စေလွှတ်ရာတွင် တျဲယွဲ့မှာ အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိပေလိမ့်မည်။

စိတ်ဝိညာဉ်မျောက်နှင့်သာ မဆုံခဲ့လျှင် သူသည် မျှော်လင့်ချက်မျောက်ဝံ ကိုယ်ဟန်သုံးသွယ်ကို တစ်နှစ်အတွင်း ရအောင်လေ့ကျင့်နိုင်မည် မဟုတ်ချေ။

စိတ်ဝိညာဉ်မျောက်နှင့်သာ မဆုံတွေ့ခဲ့လျှင် သူသည် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကို ရအောင် ပုံဖော်နိုင်ခဲ့မည် မဟုတ်ချေ။

သူ ကန်းလန်ရိုးမမှာ ကျင်လည်ခဲ့သော တစ်နှစ်တာ ကာလအတွင်း တျဲယွဲ့သည် တစ်ကြိမ်မျှ ပေါ်မလာခဲ့သော်လည်း သူမသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတာ ဖြစ်ရပေမည်။ အဲ့လိုမဟုတ်ပါက နောက်ဆုံး သူသေရတော့မည့် အချိန်တွင် သူမက သူ့ဘေးမှာ ပေါ်လာလိမ့်မည် မဟုတ်ပေ။

ဘာပဲပြောပြော တျဲယွဲ့က သူ့ကို အတော်ကလေး ဂရုစိုက်ခဲ့ပေသည်။

ဆူဇီမိုသည် တျဲယွဲ့ကို တိတ်တဆိတ် ‌ငေးကြည့်နေ၏။ သူ့အကြည့်က ပိုမို ပြင်းထန်လာပြီး လိုက်လျောညီထွေမှု သိပ်မရှိတော့ချေ။ သူသည် တျဲယွဲ့၏ ပုံပန်းသဏ္ဍာန် အရေးအကြောင်းတစ်ခုချင်းစီကို သေချာစွာ စိုက်ကြည့်နေပြီး သူ့မှတ်ဉာဏ်ထဲသို့ နက်ရှိုင်းစွာ ရိုက်သွင်းနေသလိုပင်။

“မင်းအနေနဲ့ အင်မော်တယ်နဲ့ သားရဲ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် မင်းဘဝမှာ မမျှော်မှန်းနိုင်တဲ့ ဒုက္ခသုက္ခတွေ အများကြီး တွေ့ကြုံခံစားရလိမ့်မယ်.. ဒါပေမယ့် မင်းသိထားဖို့က .. အဲ့ဒီ ဒုက္ခသုက္ခတွေကပဲ မင်းကို ပိုပြီး သန်မာလာစေလိမ့်မယ်.. ဟွားယန်ကျောင်းတော်က အဗန္တန်စက္ကသုတ္တန်မှာ အဆိုအမိန့်တစ်ခု ရှိတယ်.. ငါတို့ ခွဲခွာခါနီး နောက်ဆုံးစကားလက်ဆောင်အနေနဲ့ အဲ့ဒါကို မင်းကို ပြောပြခဲ့မယ်.. ‘ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်.. အရင်ဆုံး အောက်ခြေခိုင်အောင် လုပ်ပါ.. ဆင်းရဲဒုက္ခတွေကိုလဲ လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားသူတွေကိုလဲ ကူညီစောင်မပါ’တဲ့..”

ထိုသို့ပြောပြီးတာနှင့် တျဲယွဲ့သည် ဆူဇီမိုကို လက်ပြနှုတ်ဆက်၍ လှည့်ထွက်လိုက်လေ၏။

တျဲယွဲ့သည် ခြေလှမ်းငယ် တစ်လှမ်း လှမ်းလိုက်ပြီး လေထဲသို့ ရောက်သွားလေ၏။ ဆူဇီမို၏ မယိမ်းမယိုင်သော အကြည့်အောက်မှာပင် လှပတင့်တယ်သော သူမ၏ ပုံရိပ်က တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ တောင်ပံနှစ်ဖက်ပေါ်တွင် လင်းလက်တောက်ပနေသော လခြမ်းကွေးသဏ္ဍာန် ပုံရိပ်နှစ်ခုကို ရိုက်နှိပ်ထားလေ၏။

“ငါ.. မင်းအတွက် လက်ဆောင် သုံးခု ချန်ထားပေးခဲ့တယ်.. ပထမလက်ဆောင်ကတော့ မင်းကိုယ်ထဲက စိတ်ဝိညာဉ်ရင်းမြစ်ပဲ.. နောက်ထပ် ကျန်တဲ့ နှစ်ခုကတော့ အချိန်တန်လို့ အသုံးလိုလာတဲ့အခါ မင်းသိလာလိမ့်မယ်”

တျဲယွဲ့သည် သူမ၏ တောင်ပံနှစ်ဖက်ကို ခတ်လိုက်သောအခါ ပတ်ဝန်းကျင် လေထုသည် အစိတ်အပိုင်းများအဖြစ် ပြိုလဲကျသွား၏။ လေထုတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီးနောက် အေးစက်စက်လေများ ဝဲကတော့ထိုးနေသော နက်မှောင်နေသည့် လေဟာနယ်တစ်ခုက ဖြစ်ပေါ်လာလေ၏။ ၎င်းသည် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်လေသည်။

လိပ်ပြာတျဲယွဲ့က အမှောင်ထု လေဟာနယ်ထဲသို့ တိုးဝင်သွားပြီး တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

“တျဲယွဲ့!”

ဆူဇီမိုသည် တျဲယွဲ့ ပျံသန်းသွားရာဘက်သို့ ပြေးလိုက်သွားရင်း လှမ်းအော်လိုက်လေ၏။

“ကျုပ် တစ်နေ့ ခင်ဗျားကို လာရှာမယ်”

ပတ်ဝန်းကျင် လေထုက ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး အက်ကွဲကြောင်းများလည်း မရှိတော့ပေ။

ထိုအချိန်မှာပင် ပျောက်ကွယ်သွားပြီဖြစ်သော လေဟာနယ်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာလေ၏။

“ဒါပေါ့.. ငါလဲ မင်းကို စောင့်နေမှာ”

တျဲယွဲ့သည် လိပ်ပြာတစ်ကောင်‌အဖြစ်‌ ပြောင်းလဲသွားပြီးနောက် ထွက်ခွာသွားပေပြီ။

. . .

တျဲယွဲ့ထွက်ခွာသွားသောအခါမှသာ ဆူဇီမိုသည် သူမအပေါ် သူဘယ်လောက် အားထားမှီတွယ်၊ သံယောဇဉ် ရှိနေမိကြောင်း နားလည်လာလေ၏။

ဆူဇီမိုသည် မြေပြင်ပေါ်တွင် အမြစ်တွယ် ရပ်နေမိလေ၏။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလမှစ၍ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စီကာရီကာ ပြန်လည် စဉ်းစားပုံဖော်နေရင်း သူသည် သတိလက်လွတ်သွားလေ၏။

နေက မြင့်တက်လာပြီး အမှောင်ထုက ပြိုကွဲသွားပေပြီ။

မသိလိုက်မသိဖာသာနှင့်ပင် ဆူဇီမိုသည် မက်မွန်ပင်ကြီးအောက်၌ မလှုပ်မယှက်နှင့် တစ်ညလုံး မတ်တပ်ရပ်နေမိလေ၏။

နောက်ဆုံးမှာတော့ ဆူဇီမိုသည် ခေါင်းမော့လိုက်ပြီး နေရာတစ်ခုသို့ လှမ်းမျှော်ကြည့်ကာ အသိစိတ် ပြန်ဝင်လာလေသည်။ တျဲယွဲ့နှင့် ခွဲခွာရခြင်းကြောင့် ခံစားခဲ့ရသော နှမြောတမ်းတခြင်း၊ ဝမ်းနည်းလွမ်းဆွတ်ခြင်းများကို ပြန်လည် ဖုံးဖိလိုက်ပြီး သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လှည့်ထွက်လိုက်လေ၏။

. . .

ဆူဇီမိုသည် ဆူမိသားစုအိမ်တော်ရှေ့ လှမ်းလျှောက်မိသောအခါ သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။

သူထင်ထားသည့်အတိုင်းဆို ဆူမိသားစုမှ လူများသည် ရတနာကောင်းကင်အရောင်းပြခန်းမှာ သွားပုန်းခိုနေတာ ဖြစ်ရပေမည်။ သို့သော်လည်း ယခုအခါမှာတော့ ဆူမိသားစု ခြံတံခါးသည် ပွင့်နေပြီး အတွင်းထဲမှ အသံဗလံများကိုလည်း ဝိုးတဝါး ကြားနေရလေ၏။

ဆူဇီမို ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး စစ်ဆေးကြည့်ရှုဖို့ အထဲသို့ လှမ်းဝင်လိုက်၏။

“ဒုတိယ သခင်လေးလား”

“ဒုတိယသခင်လေး ပြန်ရောက်လာပြီဟေ့”

ဆူမိသားစုမှ လူများသည် ဆူဇီမိုကို မြင်ရသောအခါ ဝမ်းသာရွှင်မြူးသွားကြ၏။ ဆူဟုန်သည် အခြားသူများနှင့် လှမ်းထွက်လာပြီး ဆူဇီမိုကို ကြိုဆိုလိုက်၏။

“ဇီမို.. မင်း အဆင်ပြေရဲ့လား”

ဆူဟုန်သည် ရှေသို့ လှမ်းထွက်လာပြီး ဆူဇီမို၏ ပုခုံးကို ကိုင်ကာ သေချာစွာ လေ့လာအကဲခတ်နေ၏။

“ကျတော် အဆင်ပြေပါတယ်” ဆူဇီမိုသည် ခေါင်းခါ၍ ပြန်မေးလိုက်၏။

“ခင်ဗျားတို့ အကုန်လုံးက ရတနာကောင်းကင် အရောင်းပြခန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား”

စုန့်ချီက ဝင်ပြောလိုက်၏။

“ကျုပ်တို့ ပင်ယန်းမြို့ကနေ ထွက်ခွာတော့မယ့် အချိန်မှာပဲ.. အနီရောင်ဝတ်ရုံကို ခြုံထားတဲ့ အမျိုးသမီးတစ်‌ယောက်က ရုတ်တရတ် ကျုပ်တို့ရှေ့ကို ရောက်ချလာတာပဲ”

စုန့်ချီသည် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်လည်စဉ်းစားရင်း သူတွေ့ကြုံခံစားခဲ့ရသော တုန်လှုပ်မှုများကို ဖုံးကွယ်မထားနိုင်ချေ။

“အဲ့အမျိုးသမီးက သိပ်စွမ်းတာပဲ.. သူမက ဘာပြင်ပ အထောက်အပံ့မှ မရှိဘဲနဲ့ကို လေထဲမှာ ပျံနိုင်တယ်ဗျာ.. အနည်းဆုံးတော့ သူမက ရွှေအူတိုင်အဆင့်မှာပဲ.. သူမက ကျုပ်တို့ကို ပြောခဲ့တယ်.. ဒီနေရာကနေ စောင့်နေဖို့နဲ့.. သူမက ဒုတိယသခင်လေးကို ပြန်ခေါ်လာခဲ့မယ်တဲ့”

“အဲ့ဒါ ပြောပြီးတာနဲ့ သူမက ကျုပ်တို့ရှေ့ကနေ ဗြုန်းစားကြီး ပျောက်ကွယ်သွားတော့တာပဲ”

ထိုအမျိုးသမီးအကြောင်းကို ပြန်ပြောပြချိန်တွင် ဆူမိသားစုမှ လူတိုင်း၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားသော အမူအယာနှင့် ရှိနေကြလေ၏။

ဆူဇီမိုသည် ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေ၏။ သူ့မျက်လုံးထဲမှ အထီးကျန်၊ ဝမ်းနည်းမှုများကို မည်သူမျှ သတိမထားမိကြပေ။

“ဇီမို အဲ့အမျိုးသမီးက မင်းရဲ့ ဆရာလား”

ဆူဇီမိုသည် ဤနှစ်အတွင်း အကြီးအကျယ် ပြောင်းလဲသွားတာကို ဆူမိသားစုမှ လူတိုင်း သိထားကြ၏။ သူသည် ပျော့တိပျော့ဖတ် စာပေသမားလေးတစ်‌ယောက်ကနေ ချီစုဖွဲ့အဆင့်များကိုပင် သတ်ဖြတ်နိုင်သော စစ်သည်တော်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ဤအရာသည် လျှို့ဝှက်ဆန်းကြယ်သော ထိုအမျိုးသမီးနှင့် ကျိန်းသေပေါက် ပတ်သတ်နေရပေမည်။

“သူမက ကျုပ်ဆရာ မဟုတ်ပါဘူး”

ဆူဇီမိုက ခေါင်းခါလိုက်၏။

တျဲယွဲ့က သူ့အား သားရဲကျင့်ကြံခြင်းနည်းစနစ်ကို သင်ကြားပေးခဲ့သော်လည်း ဆူဇီမိုသည် တျဲယွဲ့ကို သူ့ဆရာတစ်ယောက်လို ဘယ်တုန်းကမှ ပြုမူမဆက်ဆံခဲ့ပေ။

“အဲ့အမျိုးသမီးရော အခု ဘယ်မှာလဲ.. ငါတို့က သူမကို ကျေးဇူးတင်စကား‌တောင် မပြောရသေးဘူး.. သူမကို ဒီတိုင်း မေ့ထားလို့ ဘယ်ရမလဲ” ဆူဟုန်က ဆက်တိုက်ပြောလိုက်၏။

“သူမက .. သွားပြီ”

ဆူဇီမိုက တိုးညင်းစွာ ဆိုလိုက်၏။

လူတိုင်း တိတ်ဆိတ်ကြသွား၏။

ဆူဇီမိုသည် သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်ကာ ပြုံးပြလိုက်၏။

“အစ်ကိုကြီး .. နောက်ထပ် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ”

ဆူမိသားစုက လုံခြုံစိတ်ချရသော အနေအထားမှာ ရှိမနေသေးပေ။ သူတို့သည် ယန်တိုင်းပြည်ကို ပြန်လို့ မရသလို၊ ဒါကီတိုင်းပြည်ထဲမှာ ဆက်နေဖို့ကလည်း အဆင်ပြေမနေတော့ပေ။ သူတို့သည် ဇာတိမြေကို စွန့်ခွာ၍ အခြားတိုင်းပြည်တစ်ခုသို့ ပြောင်းရွှေ့ရပေတော့မည်။

“ငါလည်း ဘာလုပ်ရမလဲ မသိတော့ဘူး”

ဆူဟုန်က သက်ပြင်းချလိုက်၏။ သူသည် အဝေးတစ်နေရာရှိ ယန်တိုင်းပြည်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ပြီး

“ငါ အဲ့နေရာကနေ အဝေးကို ထွက်မသွားချင်ဘူးကွာ” ဟု တိုးတိတ်စွာ ပြောလိုက်လေ၏။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ မဟူရာချပ်ဝတ်မြင်းစစ်သည် တစ်စုသည် ဒုန်းစိုင်းချလာပြီး အနားကို မရောက်ခင်မှာပင် လှမ်းအော်ပြောလိုက်ကြ၏။

“သခင်လေးကို အစီရင်ခံပါတယ်.. ယန်တိုင်းပြည်က စစ်တပ်ကြီးက ချည်းကပ်လာနေပါပြီ.. အဲ့မှာ အနည်းဆုံး စစ်သည် တစ်သိန်းအထက် ပါလာပါတယ်.. ကျင့်ကြံသူတွေ‌ရောပဲ ပါလာပါတယ်”

All Chapters