ဆူဟုန်က ဘုရင် ဖြစ်လာသည်
Vol. 4 Ch. 53
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၃ - ဆူဟုန်က ဘုရင် ဖြစ်လာသည်
Translator – Than Toe Aung
“ယန်တိုင်းပြည်က စစ်တပ်ကြီးလား”
ဆူဟုန်သည် စဉ်းစားရကြပ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“ယန်တိုင်းပြည်က အခုချိန် ခေါင်းဆောင်မဲ့နေတာလေ.. သူတို့အရင်ဆုံး လုပ်သင့်တာက မင်းသစ်တစ်ပါး တင်မြှောက်ပြီးတော့ စစ်သည်တွေကို ပြန်လည်စုစည်းရမယ်.. အရာရှိတွေရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးရမယ် မဟုတ်လား.. သူတို့က ငါတို့ဆီလာပြီး အချိန်ဖြုန်းနေဖို့မှ မလိုတာကို”
“အဲ့ဒါက သိပ်တော့ အဓိပ္ပါယ် ရှိမနေဘူး”
ဦးလေးကျန့်ကလည်း ခေါင်းခါလိုက်၏။
“စစ်သည်တစ်သိန်းကျော်ဆိုတာ ယန်တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ စစ်သား အရေအတွက်ပဲ.. ဆူမိသားစုကို ကိုင်တွယ်ဖို့အတွက်ဆို အဲ့လောက်ထိ လိုလို့လား.. ငါတော့ အဲ့လို မထင်ဘူး”
“ကျင့်ကြံသူတွေ့တဲ့လား”
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်ခက်ထန်မှုများက ပေါ်လာ၏။
“အဲ့ဒါ ပျော်ရွှင်ဖွယ်ကလန်က လူတွေပဲ ဖြစ်ရမယ်”
လွန်ခဲ့သည့် ဆယ်ရက်က ပျော်ရွှင်ဖွယ်ကလန်သည် ဆူဇီမိုကို လိုက်လံဖမ်းဆီးဖို့ရာ ကျင့်ကြံသူ တစ်ရာကျော်ကို စေလွှတ်ခဲ့၏။ အဆုံးသတ်မှာတော့ သူတို့အားလုံးသည် ကန်းလန်ရိုးမအတွင်း မြှပ်နှံခြင်း ခံလိုက်ရ၏။ ထိုကိစ္စကို ပျော်ရွှင်ဖွယ်ကလန်က ဒီအတိုင်း ခေါင်းငုံ့ငြိမ်ခံနေမည့်ပုံ မပေါ်ချေ။
ဒါ့အပြင် ဆူမိသားစုနှင့် ဆူဇီမိုသည် ကျင့်ကြံရေးလောကနှင့် သိပ်ပြီး ပတ်သတ်ဆက်နွယ်မှု မရှိကြပေ။ သူတို့၏ တစ်ခုတည်းသော ရန်သူမှာ ပျော်ရွှင်ဖွယ်ကလန်သာ ရှိလေသည်။
“အစ်ကိုကြီး .. ဆူမိသားစုဝင်တွေကို ကန်းလန်မြို့ကို အရင် ခေါ်သွားလိုက်.. ကျတော်က နောက်ကနေ လိုက်လာခဲ့မယ်” ဆူဇီမိုက လေးနက်စွာ ပြောကြားလိုက်၏။
ဆူဇီမိုသည် သူ့စကားကို ပြောပြီးရုံသာ ရှိသေးသည်၊ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ခပ်လှမ်းလှမ်း တစ်နေရာသို့ လှမ်းကြည့်လိုက်လေ၏။
ကောင်းကင်ထက် တစ်နေရာတွင် အရေအတွက် တစ်ထောင်လောက်ရှိမည်ဖြစ်သော လူတစ်အုပ်စုသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် အပြင်းနှင်လာကြလေ၏။ သူတို့အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပြီး လေထဲကနေ ဓါးပျံများကို စီးနင်းလာကြ၏။
ဆူဇီမို၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး သေချာစွာ စူးစိုက်ကြည့်လိုက်၏။
ကျင့်ကြံသူများသည် အလွန်မြန်သောနှုန်းဖြင့် ရွေ့လျားလာကြပြီး သူတို့အားလုံးသည် အခြေတည်အဆင့်များ ဖြစ်ကြလေ၏။
ဤလူအုပ်စုတစ်ခုလုံးသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့်ချည်း ဖွဲ့စည်းထားလေ၏။ ပျော်ရွှင်ဖွယ်ကလန်က အဲ့လောက်တောင် အင်အားကြီးတာလား။
“သွားပြီ.. နောက်ကျသွားပြီ” စုန့်ချီ၏ မျက်နှာက တင်းမာခက်ထန်နေပြီး ခေါင်းခါလိုက်၏။
ဆူဟုန်က လက်သီးကို ဆုပ်ကာ အေးစက်သော အသံနေထားဖြင့် ပြောလိုက်လေ၏။
“မဟူချပ်ဝတ် မြင်းစစ်သည်တွေကို ငါ ဆင့်ခေါ်ရလိမ့်မယ်.. သူတို့ လာသတ်မှာကို ငါတို့ ဒီတိုင်းတော့ ထိုင်စောင့်မနေနိုင်ဘူး”
“နေပါဦး နေပါဦး ခဏလောက် စောင့်ပါဦး”
ဆူဇီမိုက ဆူဟုန်ကို ခေါင်းခါ၍ တားလိုက်၏။
“ရူးရူးမိုက်မိုက် လျှောက်လုပ်လို့ မဖြစ်ချေဘူး.. ကျတော်တို့ အခြေအနေကို ကြည့်ပြီး မီးစင်ကြည့်ကဖို့လိုတယ်”
ဆူဟုန်ဖြစ်စေ၊ စုန့်ချီဖြစ်စေ.. သူတို့သည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် တစ်ခါမျှ ရင်မဆိုင်ခဲ့ဖူးချေ။ သို့သော် ဆူဇီမိုကတော့ အခြေတည်အဆင့်ကျင့်ကြံသူများ၏ အစွမ်းကို ကောင်းကောင်းသိလေသည်။
အခြေတည်အဆင့် ကျင့်ကြံသူ တစ်ထောင်သာ တစ်ကယ်တမ်း တိုက်ခိုက်လာမည်ဆိုလျှင် မဟူရာချပ်ဝတ်မြင်းစစ်သည် ငါးထောင်ကို မဆိုထားနှင့်၊ ငါးသောင်းဆိုလျှင်ပင် ဖွတ်ဖွတ်ညက်ညက် သေကြေရပေလိမ့်မည်။
နောက်ပြီး ဤနေရာက ကန်းလန်ရိုးမ မဟုတ်ပေ။ ယခုအခြေအနေတွင် ဆူဇိမိုသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် နိုင်အောင်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ထောင်ကျော်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
စောင့်ကြည့်ရုံမှတစ်ပါး သူတို့လုပ်နိုင်တာ တစ်ခြား မရှိတော့ပေ။
အခြေတည်အဆင့် ကျင့်ကြံသူ တစ်ထောင်သည် ပင်ယန်းမြို့သို့ ချက်ခြင်းဆိုသလို ရောက်ချလာကြ၏။ သူတို့သည် ဆင်တူ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ခက်ထန်သော သတ်ဖြတ်ခြင်းအော်ရာများက ထွက်ပေါ်နေ၏။ သူတို့သည် ကျင့်ကြံသူများနှင့် မတူဘဲ.. နိုင်ငံစစ်တပ်တစ်တပ်နှင့် သွားတူနေလေ၏။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ထောင်၏ အရှေ့ဆုံးတွင် လှပတင့်တယ် ခမ်းနားထည်ဝါသော ရထားလုံးတစ်စင်းက လေထဲတွင် မျောလွင့်နေလေ၏။ ၎င်းကို တောက်ပထည်ဝါသော ကျောက်မျက်ရတနာများ၊ ပုလဲလုံးများဖြင့် တန်ဆာဆင် စီခြယ်ထားပြီး လေထဲတွင် တစ်ဖျတ်ဖျတ်၊ တစ်လက်လက်နှင့် တောက်ပနေလေ၏။ ရထားလုံးသည် အခြားမည်သည့် အထောက်အပံ့မျှ မပါရှိဘဲ လေထဲတွင် တည်ငြိမ်စွာ လွင့်နေလေ၏။
ရထားလုံး၏ အရှေ့ဘက်တွင် တစ်ဖျတ်ဖျတ်လက်နေသော ရောင်စုံပုတီးစေ့များနှင့် သီကုံးထားသော လိုက်ကာတစ်ခု ပါရှိလေသည်။ ရထားလုံးထဲတွင် လူတစ်ယောက်ကတော့ ထိုင်နေပုံရ၏။ ထိုလိုက်ကာကြောင့် အထဲကလူ၏ ပုံပန်းသဏ္ဍာန်ကို မည်သူမျှ မြင်နိုင်ခြင်း မရှိကြပေ။
“ဒါက...”
ဆူမိသားစုမှ လူများအားလုံး တုန်လှုပ်ကုန်ကြလေ၏။
ချီစုဖွဲ့စစ်သည်တော်ဖြစ်သော စုန့်ချီပင်လျှင် ဤမျှ အင်အားကြီးမားလှသော စစ်တပ်အစုအဖွဲ့ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ။ သူသည်လည်း ကြက်သေ,သေနေ၏။
“သိပ်တော့ မူမမှန်ဘူးနော်”
ဦးလေးကျန့်က ခပ်တိုးတိုး ပြောလိုက်၏။
“အဲ့ဒီကျင့်ကြံသူတွေရဲ့ အဆောင်အယောင်အဝတ်အစားတွေပေါ်က အမှတ်အသားက မဟာကျိုးအင်ပါယာရဲ့ အမှတ်အသားနဲ့ သွားတူနေသလိုပဲ”
လေထဲရှိ အခြေတည်အဆင့် ကျင့်ကြံသူတိုင်း၏ အင်္ကျီလက်မောင်းပေါ်တွင် ပြောင်မြောက်လှပသော လက်သည်းငါးခုရွှေနဂါး၏ ပုံကို လက်ရာသေသပ်စွာ တံဆိပ်ရိုက်ခတ်နှိပ်ထားလေ၏။ ၎င်းသည် လွန်စွာ ခမ်းနားထည်ဝါပြီး အသက်ဝင်လှ၏။
ဤအချိန်မှာပင် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ခေါင်းဆောင်က လူအုပ်ကြီးထဲကနေ ရှေ့သို့ ထွက်လာလေ၏။ သူသည် ရွှေရောင်တာအိုဝတ်ရုံကို ခြုံထားပြီး လေထဲတွင် ရပ်လိုက်၏။ သူ၏ အကြည့်က ဆူမိသားစုမှ လူတိုင်းအပေါ်ကို ဖြတ်သွားပြီး ဆူဇီမိုကို မြင်သောအခါ ခဏကြာ ရပ်တန့်သွား၏။
သူသည် သိုလှောင်အိတ်ထဲကနေ ရွှေရောင်ပိုးထည်အလိပ် တစ်ခုကို ဆွဲထုတ်လိုက်ပြီး ဖြန့်ချလိုက်၏။
ဆူဟုန်နှင့် ဦးလေးကျန့်သည် ထိုရွှေရောင်ပိုးထည်စကို မြင်တွေ့ရချိန်တွင် လွန်မင်းစွာ တုန်လှုပ်သွားကြပြီး အံ့အားတသင့်ဖြင့် လန့်အော်လိုက်ကြ၏။
“ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းစာလွှာ”
မဟာကျိုးအင်ပါယာနိုင်ငံတော်ကြီးသာလျှင် ဤကဲ့သို့သော ရွှေရောင်ပိုးထည်စဖြင့် အမိန့်ထုတ်ပြန်နိုင်သော အခွင့်အာဏာ ရှိလေသည်။ ၎င်းသည် မဟာကျိုးအင်ပါယာနိုင်ငံတော်၏ ဧကရာဇ်အရှင်မင်းမြတ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
မဟာကျိုးအင်ပါယာနိုင်ငံတော်၏ ဧကရာဇ်ဆိုသည်မှာ...
သူသည် မဟာကျိုးအင်ပါယာတစ်ခုလုံး၏ တစ်ဦးတည်းသော သက်ဦးဆံပိုင် အရှင်မင်းမြတ် ဖြစ်လေသည်။
ဧကရာဇ်အရှင်ကို အမျက်ထွက်အောင် လုပ်မိလျှင် လူသန်းပေါင်းများစွာသည် ယခုချက်ခြင်းလက်ငင်း သေကြေပျက်ဆီးသွားနိုင်လေသည်။
ဧကရာဇ်၏ အမိန့်ပြန်တမ်းလွှာတစ်ခု ထွက်ပေါ်လာတာနှင့် မဟာကျိုးအင်ပါယာရှိ တိုင်းပြည်တိုင်း၊ ပြည်နယ်တိုင်းသည် ထိုအမိန့်ကို အများပြည်သူများ သိရှိအောင် ထုတ်ပြန်တင်ပြပေးရပေမည်။ သို့မဟုတ်ပါက ၎င်းသည် ဧကရာဇ်ကို တော်လှန်ပုန်ကန်သည့် အဓိပ္ပါယ်မျိုး သက်ရောက်ပြီး မဟာကျိုးအင်ပါယာ၏ အပြစ်ပေးဒဏ်ခတ်ခြင်းကို ခံရပေလိမ့်မည်။
“ယန်ဘုရင်ချန်သည် မသမာသော နည်းလမ်းများကို သုံး၍ သစ္စာရှိ အမှုထမ်းများကို မဟုတ်မမှန် စွပ်စွဲသတ်ဖြတ်ကာ တိုင်းပြည်အတွင်း မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေပြီး အုပ်ချုပ်ရေး ယန္တရားများကို ပျက်ပြားစေခဲ့လေသည်.. ယခုသူ့အား ပလ္လင်ထက်မှ ဖယ်ရှားခံရခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်လေသည်.. ဆူဟုန်သည် ဆူမူ၏ သားတစ်ယောက် ဖြစ်သည်ဟု သိခဲ့ရ၏.. သူသည် လူချစ်လူခင် ပေါများပြီး သူကလည်း တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးကာ လက်ရုံးရည်၊ နုလုံးရည်နှင့် ပြည့်ဝသော သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရ၏.. သူသည် ယန်တိုင်းပြည်၏ လစ်လပ်နေသော အုပ်ချုပ်သူဘုရင်နေရာကို ဆက်ခံရယူရန် အရည်အချင်း ပြည့်မီလေသည်.. ဤအကြောင်းအရာများကြောင့် ကျွန်ုပ်သည် ဆူဟုန်အား ဤအမိန့်ပြန်တမ်းလွှာနှင့်အတူ ယန်တိုင်းပြည်၏ ဘုရင်အဖြစ် တင်မြှောက်လိုက်ရပေသည်.. ဤအမိန့်ကို ကြားသိရသော လူတိုင်းသည် ထပ်မံဖြန်ဝေပေးရပေမည်.. အမိန့်ပြန်တမ်းပါ သတင်းစကားအား ဖြန့်ဝေခြင်းကို မည်သူမျှ တားဆီးပိတ်ပင်ခြင်း မပြုစေရ”
လေထဲရှိ ရွှေရောင်ချပ်ဝတ်နှင့်ခေါင်းဆောင်သည် ဧကရာဇ်၏ အမိန့်ပြန်တမ်း ပိုးစစာလွှာကို ပြန်လိပ်လိုက်၏။ သူသည် ဆူဟုန်ကို ကြည့်လိုက်ပြီး လေးနက်သော အသံအနေအထားဖြင့် ပြောလိုက်၏။
“ဆူဟုန်.. ဧကရာဇ် အမိန့်ပြန်တမ်းလွှာကို လက်ခံရယူပါ”
“ဒါက....”
ဆူဟုန်သည် အံ့အားသင့်စွာဖြင့် မလှုပ်မယှက် ဖြစ်နေ၏။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုကို ဖော်ပြနေ၏။
မဟာကျိုးအင်ပါယာသည် အခြားသော တိုင်းပြည်၊ ပြည်နယ်များ၏ အရေးကိစ္စများတွင် ဝင်ပါခဲ၏။ တစ်စုံတစ်ယောက်ကို ဘုရင်အဖြစ် တင်မြှောက်ပေးဖို့ မဆိုထားနှင့် ရိုးရိုးသာမန် အမိန့်ပြန်တမ်းတစ်ခုကိုပင် ထုတ်ပြန်ပေးလေ့ မရှိခဲ့ပေ။
ဆူဟုန်သည် ဘုရင်မဖြစ်ချင်ခဲ့တာတော့ မဟုတ်ပေ။
သည့်အရင်တုန်းက သူသည် ဗိုလ်ချုပ်ဝေမင်းချန်၏ ဘုရင်လုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ခြင်းမှာ ယန်တိုင်းပြည်အတွင်း စစ်မက်များ ဖြစ်ပွားပြီး အပြစ်မဲ့ပြည်သူများ သေကြေပျက်ဆီးကြမည်ကို မလိုချင်သောကြောင့် ဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ ဧကရာဇ်၏ အမိန့်ပြန်တမ်းနှင့် ဆိုပါက ဆူဟုန်သည် ဘုရင်အဖြစ် ထီးနန်းကို လွယ်ကူစွာ တက်နိုင်ပြီး ယန်တိုင်းပြည်အတွင်း စစ်မက်များ ဖြစ်ပွားစရာလဲ လိုတော့မည် မဟုတ်ပေ။
တစ်စုံတစ်ယောက်သည် ကျေနပ်မှုမရှိ၍ စစ်ခင်းမည် ဆိုပါသည် ထိုသူသည် ဆူဟုန်နှင့်သာ ရင်ဆိုင်ရမည် မဟုတ်ဘဲ ဧကရာဇ် အမိန့်ပြန်တမ်းနှင့်ပါ ရင်ဆိုင်ရပေလိမ့်မည်။
မည်သူမျှ ဤကဲ့သို့ ရူးမိုက်ကြလိမ့်မည် မဟုတ်ပေ။
ပိုပြီးတော့ အဆင်ပြေသွားတာက ဆူမိသားစုမှ လူတိုင်းသည် ဇာတိမြေကို စွန့်ခွာစရာ မလိုတော့ဘဲ မဟူရာချပ်တတ်မြင်းတပ်ကိုလည်း ကောင်းမွန်စွာ နေရာချပေးနိုင်ပေတော့မည်။
“သခင်လေး.. မြန်မြန် လက်ခံလိုက်လေ” ဦးလေးကျန့်က စိတ်လှုပ်ရှားစွာဖြင့် လောဆော်လိုက်၏။
“ဒါပေမယ့်...”
ဆူဟုန်သည် ချီတုံချတုံ ဖြစ်နေ၏။ သူသည် မဟာကျိုးအင်ပါယာ၏ ဧကရာဇ်ကို တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ ယခုအခါ ဧကရာဇ်၏ အမိန့်ပြန်တမ်းက ရုတ်တရတ်ဆိုသလို ရောက်ချလာ၏။ သူ့စိတ်ထဲတွင် ထင့်၍ သင်္ကာမကင်း ဖြစ်နေလေ၏။
ဆူဟုန်သည် ဆူဇီမိုကို အလိုအလျောက် လှမ်းကြည့်မိလိုက်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ ခေါင်းယမ်းပြလိုက်၏။
သူသည် မဟာကျိုးအင်ပါယာမှ လူတစ်ဦးတစ်ယောက်မျှနှင့် သိကျွမ်းခဲ့ဖူးခြင်း မရှိပေ။ ဖြစ်နိုင်ခြေရှိတာကတော့ တျဲယွဲ့စီစဉ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်၏။
တျဲယွဲ့သည် မထွက်ခွာခင်က ဆူဇီမိုအား သူ့အတွက် လက်ဆောင်သုံးခု ချန်ထားပေးခဲ့သည်ဟု ပြောခဲ့၏။ တစ်ခုမှာ စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်၏။ သို့သော် ကျန်သည့်နှစ်ခုကိုတော့ သူမသည် ပြောမပြခဲ့ပေ။ အဲ့ထဲက တစ်ခုက သူ့အစ်ကြီးကို နန်းတင်ပေးတာ ဖြစ်နေမလား။
ဒါကလည်း သိပ်တော့ အဓိပ္ပါယ် ရှိမနေပေ။
ဆူဇီမိုလည်း ခေါင်းခြောက်နေ၏။ သူသည် သူ့အစ်ကိုကြီးအား တိုးတိုးလေး ကပ်ပြောလိုက်၏။
“အစ်ကိုကြီး အမိန့်ပြန်တမ်းကို အရင်ဆုံး လက်ခံလိုက်ပါ”
ဆူဟုန်သည် ခေါင်းညိတ်၍ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ ထို့နောက် သူသည် ဒူးတစ်ဖက်ထောက်၍ ဦးညွှတ်လိုက်ပြီး “ဆူဟုန်သည်.. ဧကရာဇ်၏ အင်ပါယာအမိန့်ပြန်တမ်းအား လက်ခံပါသည်” ဟု ခပ်တိုးတိုး ပြောလိုက်၏။
ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်က သူလက်ကို ဝေ့ယမ်းလိုက်သောအခါ အင်ပါယာအမိန့်ပြန်တမ်းသည် ဆူဟုန်၏ လက်တွင်းသို့ အသာအယာ ဆင်းသက်သွားလေ၏။ ၎င်းသည် ရွှေရောင်မီးပွင့်လေးများဖြင့် တစ်ဖျတ်ဖျတ်လက်နေပြီး ခမ်းနားထည်ဝါသောအော်ရာက ထွက်ပေါ်နေကာ ဧကရာဇ်ကိုယ်တိုင် ကြွချီလာသလိုပင်။
ထိုအချိန်မှာပင် မလှမ်းမကမ်းအရပ်မှ ဖုန်များ တစ်ထောင်းထောင်းထလာပြီး ကျယ်လောင်သော မြင်းခွာသံများက ထွက်ပေါ်လာလေ၏။ ယန်တိုင်းပြည်၏ စစ်တပ်ကြီး ရောက်ချလာပေပြီ။ သူတို့ကို ယန်တိုင်းပြည်၏ အထင်ကရ စစ်ဗိုလ်ချူပ်များက ဦးဆောင်လာလေ၏။ ထိုသူတို့ထဲတွင် ကျန့်အန်မြို့၏ စစ်ဗိုလ်ချုပ် ဝေမင်းချန်လည်း ပါဝင်လာလေ၏။
စစ်သည်တစ်သိန်းကျော်သည် ဒုန်းစိုင်းချလာပြီး လူအုပ်ကြီးက များပြားလှကာ မျက်စိတစ်ဆုံးကြည့်လို့ မကုန်နိုင်ပေ။
ဆူဟုန်ကို မြင်သောအခါ ရှေ့ဆုံးမှ စစ်ဗိုလ်ချုပ်များသည် မြင်းပေါ်မှ ဆင်း၍ ဒူးတစ်ဖက်ထောက်လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေ၏။
“အရှင်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်”
စစ်သည်တစ်သိန်းကျော်သည် သံပြိုင်အော်ဟစ်လိုက်ကြပြီး အသံများက ကျယ်လောင်စွာ ဟိန်းထွက်လာလေ၏။
ဆူမိသားစုမှ လူများသည် နောက်ဆုံးနားလည်လိုက်ကြ၏။ စစ်သည်တစ်သိန်းကျော်သည် လက်စားချေဖို့ ရောက်လာကြခြင်း မဟုတ်ဘဲ ယန်တိုင်းပြည်၏ ဘုရင်အသစ်ကို ကြိုဆိုနှုတ်ဆက်၊ အရိုအသေပေးကာ မင်းနေပြည်တော်သို့ စောင့်ရှောက်ကာ ခေါ်သွားကြဖို့ ရောက်လာကြခြင်း ဖြစ်လေသည်။
ဤအရာသည် သတင်းကောင်း ဖြစ်သော်လည်း ဆူမိသားစုများသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။ အရာရာတိုင်းက စိတ်ကူးယဉ်ဆန်လွန်းနေပြီး အိပ်မက် မက်သလို ခံစားနေကြရ၏။
ဆူဇီမိုသည် လေထဲတွင် မျောလွင့်နေသော ရထားလုံးကို လှမ်းမျှော်ကြည့်လိုက်၏။ သူသည် အထဲသို့ ဖောက်ဝင်သွားမတတ် မမှိန်မသုန် စူးစိုက်ကြည့်နေ၏။
ရွှစ်!
ကြွေသားလို ဖြူဖွေး ချောမွတ်နေသော လက်တစ်စုံသည် ပုတီးစေ့လိုက်ကာကို မ,တင်ကာ ရထားလုံးအတွင်းကနေ ထွက်ပေါ်လာ၏။ သူမသည် အဝါရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ဖဲကြိုးတစ်ခုကို စည်းနှောင်ထားကာ သူမ၏ လှပတင့်တယ် လက်ရာမြောက်လှသော ပုံစံလေးက အထင်းသား ပေါ်လွင်နေလေ၏။
ဤအမျိုးသမီး၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေ၏။ သူမ၏ ပုံစံသည် နှစ်လိုဖွယ်ရာနှင့် ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိလေသည်။ သူမ ရထားလုံးထဲမှ ထွက်လာချိန်တွင် လှပတင့်တယ်ပြီး ခမ်းနားထည်ဝါနေသော ရထားလုံးက အရောင်မှိန်သွားလေသည်။
“ဇီမို.. ငါမပြောခဲ့ဘူးလား.. ငါတို့က သေချာပေါက် ပြန်ဆုံရမှာပါလို့” အမျိုးသမီးက ဆူဇီမိုကို လက်ပြနှုတ်ဆက်၍ ပြုံးပြလိုက်၏။