← Chapters

အမြစ်ပြတ် ရှင်းလင်း သုတ်သင်ခံရခြင်း

Vol. 4 Ch. 54

အမြစ်ပြတ် ရှင်းလင်း သုတ်သင်ခံရခြင်း

Vol. 4 Ch. 54

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၅၄ - အမြစ်ပြတ် ရှင်းလင်း သုတ်သင်ခံရခြင်း

Translator – Than Toe Aung

ထိုအမျိုးသမီး ပြောလိုက်သော စကားသံကို ‌ကြားလိုက်ရသောအခါ လူတိုင်းသည် သိချင်စိတ် ပြင်းပြသွားကြ၏။

ရွှစ်..ရွှစ်.. ရွှစ်

လူတိုင်း၏ အကြည့်သည် ဆူဇီမိုအပေါ်သို့ ကျရောက်လာကြ၏။

ဆူမိသားစုဝင်များလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ ထိုအမျိုးသမီးသည် ထူးခြားမြင့်မြတ်သည် မိသားစုမျိုးနွယ်မှ ဖြစ်ပြီး အတော်အတန် အင်းအားကြီးမားသည့် နောက်ခံ ရှိလိမ့်မည်ဆိုတာ လူတိုင်း ပြောနိုင်လေသည်။ သူမသည် မဟာကျိုးအင်ပါယာ၏ တော်ဝင်မိသားစုဝင် တစ်ယောက်တောင် ဖြစ်နိုင်လေသည်။

ဆူမိသားစုဝင်များကို ပိုပြီးတော့ အံ့အားသင့်စေသည်မှာ ထိုအမျိုးသမီး‌ ပြောလိုက်သော လေသံက ဒုတိယသခင်လေးဆူနှင့် သူမသည် လွန်စွာ ရင်းနှီးကျွမ်းဝင်မှုရှိပုံ ရလေသည်။

ထိုအမျိုးသမီး၏ အနောက်ဘက်ရှိ အခြေတည်အဆင့် ကျင့်ကြံသူများသည် ဆူဇီမိုကို အားကျခြင်း၊ မနာလိုခြင်းများနှင့် ငေးကြည့်နေကြလေသည်။

ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်လူ၏ မျက်လုံးထဲတွင် ရန်လိုသော အရိပ်အယောင် တစ်စွန်းတစ်စက ပေါ်လာလေ၏။

ယောင်ရွှယ်သည် အံ့အားသင့်နေသော ဆူဇီမိုကို ငေးကြည့်ရင်းနှင့် ဓါးပျံကို ထိန်းချုပ်၍ မြေပေါ်သို့ ဆင်းသက်လိုက်၏။ သူမသည် နှုတ်ခမ်းကို အနည်းငယ်စူ၍ ပြုံးလိုက်၏။

“ဘာလဲ.. ရှင်က ကျမကိုတောင် မမှတ်မိတော့ဘူးလေ”

“သင်လား”

ဆူဇီမိုသည် နောက်ဆုံး သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်လိုက်ပြီး ပြုံးလိုက်လေ၏။

“သင်က အဇူရာ နှင်းမြူလွှာဂိုဏ်းက ဂိုဏ်းသားတစ်ယောက် မဟုတ်ဘူးလား”

“ဟုတ်တယ်လေ”

ယောင်ရွှယ်က ခေါင်းညိတ်၍ ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“ကျမက အဇူရာနှင်းမြူလွှာဂိုဏ်းသားဆိုလဲ ဟုတ်တယ်.. ပြီးတော့ မဟာကျိုးအင်ပါယာက မင်းသမီးတစ်ပါးဆိုလဲ ဟုတ်တယ်.. ကျမရဲ့ မျိုးရိုးနာမည်က ကျိ ပဲ.. အရင် ကျမတို့ တွေ့ဆုံခဲ့တုန်းက ရှင့်ကို မပြောပြဘဲ ထိန်ချန်ထားမိခဲ့တယ်.. ရှင် ကျမကို အပြစ်တင်မှာလား”

ဆူဇီမိုသည် ပြုံးရင်း ခေါင်းခါပြလိုက်၏။

ကျိ ဆိုတာက သာမန် မျိုးရိုးနာမည်တစ်ခု မဟုတ်ပေ။ ယောင်ရွှယ်သာ သူမ၏ မျိုးရိုးနာမည်ကို အရင်က ‌ထုတ်ဖော်ပြောခဲ့လျှင် ထိုမျိုးရိုးနာမည်မှတစ်ဆင့် သူမ၏ နောက်ခံကို ခန့်မှန်းသိရှိမိသွားနိုင်လေသည်။

သူသည် ယခုအခါမှ ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ သူမ၏ အဆင့်အတန်းကို ဖော်ပြပေးနေသော သဲလွန်စများ များစွာ ရှိခဲ့ကြောင်း သူသိလိုက်ရ၏။

ကျိယောင်ရွှယ်သည် ရတနာကောင်းကင် အရောင်းပြခန်းနှင့် ပတ်သတ်၍ အတော်နှံ့နှံ့စပ်စပ် သိနေပြီး ရတနာကောင်းကင် ရွှေတံဆိပ်ပြားကိုလည်း သူ့အား သာမန်ကာလျှံကာ ပုံစံနှင့်ပင် ဒီအတိုင်း ထိုးထည့်ပေးသွားခဲ့၏။ ထိုအရာသည် တော်ရုံတန်ရုံ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သောအရာ မဟုတ်‌ပေ။

“ကျမတို့က မိတ်‌ဟောင်းဆွေဟောင်းတွေပဲကို.. ရှင်က လ္ဘက်ရည်တစ်ခွက်လောက်တောင် တိုက်ဖို့ စိတ်ကူး မရှိတော့ဘူးလား”  ကျိယောင်ရွှယ်က သူမခေါင်းကိုငဲ့၍ သူ့ကို မျက်စိမှိတ်ပြလိုက်၏။

“အာ တိုက်ရမှာပေါ့ .. ကျုပ်နေတဲ့နေရာကို လိုက်ခဲ့ပါလား”

ဆူဇီမိုသည် ဆူဟုန်ကို ခေါင်းညိတ်ပြ၍ ဘာမျှ စိတ်မပူဖို့ ပြောလိုက်ကာ ယောင်ရွှယ်ကို သူနေထိုင်ရာအိမ်သို့ ခေါ်သွားလိုက်၏။ ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်လူသည် အခြေတည်အဆင့် ကျင့်ကြံသူ အတော်များများကို ခေါ်ဆောင်ကာ နောက်ကနေ လိုက်ပါလာ၏။ သူသည် ဆူဇီမိုနှင့် ယောင်ရွှယ်တို့ နှစ်ဦးတည်း ရှိနေမှာကို မလိုလားသလိုပင်။

ဆူဇီမိုနှင့် ယောင်ရွှယ်သည် ခြံဝန်းထဲရှိ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြ၏။ စားပွဲပေါ်တွင် အငွေ့တစ်ထောင်းထောင်းထနေသော မွှေးပျံနေသည့် လ္ဘက်ရည်နှစ်ခွက် ရှိနေ၏။ ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်နှင့် ကျန်လူများသည် ယောင်ရွှယ်၏ အနောက်တွင် မတ်တပ်ရပ်နေကြ၏။

ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်လူက ဆူဇီမိုကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ရန်လိုမှုကို ဖော်ပြနေ၏။

ဆူဇီမိုသည် ၎င်းကို သတိထားမိသော်လည်း အရေးလုပ် မနေပေ။

“ယောင်ရွှယ်.. ဘာလို့များ.....”

“ရိုင်းစိုင်းလိုက်တာ!”

ဆူဇီမိုသည် သူ့ရင်ထဲက သိချင်နေသော သံသယများကို ယောင်ရွှယ်အား မေးမလို့ စကားစရုံ ရှိသေးသည်၊ ရွှေရောင်ချပ်ဝတ်ခေါင်း‌ဆောင်လူက ဖြတ်‌အော်ငေါက်လိုက်လေ၏။

“မော်တယ်တစ်ယောက်က မင်းသမီးကို နာမည်တပ်ခေါ်ခွင့် မရှိဘူးဆိုတာ မင်းနားမလည်ဘူးလား!”  ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်လူသည် စိတ်ထဲကနေ ကျိတ်ပြီး လှောင်ရယ်နေ၏။ သူသည် ဆူဇီမိုကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်၏။

“သိုင်ရှု!”

ဆူဇီမို ဘာမျှ မပြောရသေးခင်မှာပင် ကျိယောင်ရွှယ်က လှမ်းအော်လိုက်၏။

“ဇီမို ငါ့ကို ဘယ်လိုပဲခေါ်ခေါ် အဲ့ဒါ နင့်အပူမပါဘူး.. နင်မကြားချင်ရင် ဝေးဝေးသွားနေလိုက်”

“တတိယမင်းသမီး.. ဧကရာဇ်က သင့်လုံခြုံရေးအတွက် ကျွန်ုပ်ကို ထည့်ပေးလိုက်တာပါ.. ကျွန်ုပ် သင့်အနားမှာပဲ နေရပါလိမ့်မယ်”  သိုင်ရှုက လက်သီးဆုပ် ဂါဝရပြု ဦးညွှတ်၍ ပြောလိုက်၏။

“အဲ့ဒါဆိုလဲ နင့်ပါးစပ်ကို ပိတ်ထားတာ ကောင်းလိမ့်မယ်”  ကျိယောင်ရွှယ်က သတိပေးသည့်အနေဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်၏။

“ကောင်းပါပြီ မင်းသမီး”

သိုင်ရှု၏ မျက်နှာက ပုပ်သိုးသွားပြီး ဆူဇီမိုကို စိန်းစိန်းဝါးဝါး တစ်ချက်လှမ်းကြည့်ကာ ဖြေလိုက်လေ၏။

ဆူဇီမိုက တည်ကြည်သော ကိုယ်နေဟန်ထားနှင့်ပင် ရှိနေပြီး သိုင်ရှု၏ ရန်စခြင်းကို လျစ်လျူရှုထားကာ လှည့်ပင် မကြည့်ချေ။

ကျိယောင်ရွှယ်က ဆူဇီမိုကို တောင်းပန်သလို ပြုံးပြလိုက်ရင်း ပြောလိုက်၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က ရတနာကောင်းကင် အရောင်းပြခန်းကို လျှို့ဝှက်အစီရင်ခံစာတစ်ခု ရောက်လာခဲ့တယ်.. တိုက်တိုက်ဆိုင်ဆိုင်နဲ့ အဲ့အချိန် ကျမလည်း အဲ့ကို ရောက်နေခဲ့တာ.. အဲ့အစီရင်ခံစာကို ဖတ်ကြည့်လိုက်တော့ သိလိုက်ရတာက.. ယန်ဘုရင်က အသတ်ခံလိုက်ရတယ်ဆိုတာပဲ.. အဲ့ဒါနဲ့ ကျမလည်း အဖေ့ကို အင်ပါယာအမိန့်ပြန်တမ်းတစ်ခု ထုတ်ပေးဖို့ တောင်းဆိုပြီး အခုလို ရောက်လာခဲ့တာပဲ”

“ကျမ စီစဉ်လာတာတွေနဲ့ ပတ်သတ်ပြီး ‌ရှင်ကျေနပ်ရဲ့လား”  ကျိယောင်ရွှယ်က ပြုံး၍ မေးလိုက်၏။

“အဲ့ဒါက.. တော်တော်လေးကို မိုက်ပါတယ်” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဤအင်ပါယာ အမိန့်ပြန်တမ်းနှင့် ဆိုပါက ဆူဟုန်သည် သွေး‌ချောင်းစီးစရာ မလိုဘဲနှင့် နန်းတက်နိုင်မည် ဖြစ်ပြီး ပတ်ဝန်းကျင်တိုင်းပြည်များကလည်း ယန်တိုင်းပြည်ကို နယ်နမိတ်ကို လာရောက်ထိပါးရဲတော့မည် မဟုတ်ချေ။

သူ့အတွက်တော့ ဒါက လုံးဝ ကောင်းချီးပင်။

သို့သော် ဆူဇီမိုသည် တစ်ဖက်လူကို အောက်ကျို့ခံ မျက်နှာချိုသွေးနေမည့် လူစားမျိုးတော့ မဟုတ်ပေ။ ဤကြင်နာမှုကို သူ့ရင်ထဲတွင် နက်ရှိုင်းစွာ မှတ်သားထားပေလိမ့်မည်။

“ယောင်ရွှယ်က ဘာလို့ အခြေတည်အဆင့် ကျင့်ကြံသူတွေကို ဒီလောက်အများကြီး ခေါ်လာရတာလဲ”  ဆူဇီမိုက ဆက်မေးလိုက်၏။

ကျိယောင်ရွှယ်သည် မျက်ခုံးအနည်းငယ် တွန့်လိုက်ပြီး ပြောပြလိုက်၏။

“ဂိုဏ်းကနေ ကျမပြန်လာပြီးတော့ စုံစမ်းသိရှိခဲ့ရတာက ပျော်ရွှင်ဖွယ်ကလန်က မကောင်းမှုဒုစရိုက်အမှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်ဆိုတာပဲ.. သူတို့က အမြဲတမ်း အမျိုးသမီးတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး သူတို့ရဲ့ ယန်စွမ်းအင်ကို ဖြည့်စွက်လေ့ကျင့်ဖို့ အမျိုးသမီးတွေဆီက ယင်စွမ်းအင်ကို ထုတ်ယူအသုံးချနေကြတာပဲ.. အဲ့ဒါကြောင့် အဲ့ဒီကလန်ကို သုတ်သင်ရှင်းလင်းဖို့ ကျမ ဆုံးဖြတ်ချက်ချခဲ့တာ.. ဒါပေမယ့်လို့.. “

ကျိယောင်ရွှယ်သည် အနည်းငယ် ရပ်နားလိုက်ပြီး သူမ၏မျက်လုံးထဲတွင် သံသယအရိပ်များက ဝင်လာလေ၏။

“ဒါပေမယ့် ဘာဖြစ်လို့လဲ”  ဆူဇီမိုသည် အဖြစ်အပျက်များကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သော်လည်း ဘာကိုမှတော့ ထုတ်ပြောမနေချေ။

ကျိယောင်ရွှယ်က ဆက်ပြောလိုက်၏။

“ဒါပေမယ့်.. ကျမ သိလိုက်ရတာက ပျော်ရွှင်ဖွယ်ကလန်က ကျင့်ကြံသူ တစ်ရာကျော်က ကန်းလန်ရိုးမထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ပြီး အကုန်လုံးသတ်ခံလိုက်ရတယ်တဲ့.. ပြောကြတာတော့ သူတို့က လူတစ်ယောက်ကို သွားပြီး အမဲလိုက်ကြတာတဲ့.. ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့ပဲ အသတ်ခံလိုက်ရတာပဲ”

ဤစကားကို ပြောနေရင်းနှင့် ကျိယောင်ရွှယ်သည် ဆူဇီမိုကို မော့ကြည့်လိုက်၏။

အရင်က ပျော်ရွှင်ကလန်က ချီစုဖွဲ့စစ်သည်တော်များ ဆူဇီမိုနောက်ကို လိုက်ကြတုန်းက တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ယန်တိုင်းပြည်၏ မင်းနေပြည်တော်တစ်မြို့လုံးက ဤအကြောင်းအရာကို သိထားကြ၏။

“အိုး ဟုတ်လား”  ဆူဇီမိုသည် ယောင်ရွှယ်ပြောသော သတင်းကို ကြားရသောအခါ တုန်လှုပ်အံ့သြသွားဟန် ပြလိုက်၏။ သူ့အမူအယာက လုံးဝ ပီပြင်နေပြီး သံသယဝင်စရာ မရှိ‌ပေ။

ကျိယောင်ရွှယ်သည် စိတ်ထဲကနေ တွေးလိုက်၏။

‘ဇီမိုက အတော်လေး စွမ်းတယ်ဆိုပေမယ့်လည်း သူက အနီးကပ်တိုက်ခိုက်ရည်လောက်ပဲ ကောင်းတာပါ.. အခြေတည်အဆင့်တွေကို သူဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ.. အဲ့ဒါက သူ မဟုတ်လောက်ပါဘူးလေ.. အခြားတစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ နေမှာပါလေ’

ခဏမျှ တိတ်သွားပြီးနောက် ကျိယောင်ရွှယ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများက ပေါ်လာပြန်၏။

“အဲ့ဒါက သိပ်အံ့သြစရာတော့ မဟုတ်သေးဘူး.. ကျမတို့ ‌ပျော်ရွှင်ဖွယ်ကလန်ရဲ့ အခြေချနေထိုင်ရာ နေရာကို ရောက်သွားတဲ့အခါ .. ကလန်တစ်ခုလုံးကို အပျက်အဆီးပုံကြီး ဖြစ်နေပြီ.. အလောင်းတွေ၊ အရိုးတွေကလည်း နေရာတိုင်းမှာ ပျံ့ကျဲလို့.. အသက်ရှင်ကျန်ရစ်သူ တစ်‌ယောက်မှကို မရှိတော့ဘူး”

“အာ”

သည်တစ်ကြိမ်တွင်တော့ ဆူဇီမို အမှန်တစ်ကယ် အံ့သြတုန်လှုပ်သွားပေပြီ။

ဆူဇီမိုသည် ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူတစ်ရာကျော်ကို သတ်နိုင်ခဲ့သော်လည်း ကလန်ကတော့ တည်ရှိနေတုန်း ဖြစ်၏။ ပျော်ရွှင်ဖွယ်ကလန်သည် အခွင့်အရေးရတာနှင့် သူ့ကို လက်စားလာချေပေလိမ့်မည်။

ဆယ်ရက်ကြာသွားပြီ ဖြစ်သော်လည်း ပျော်ရွှင်ဖွယ်ကလန်မှ မည်သည့်သတင်းစကားမျှ ရောက်မလာသော‌ကြောင့် ဆူဇီမိုသည် ရင်တမမနှင့် စောင့်ဆိုင်းနေရ၏။

ကလန်တစ်ခုလုံးက အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံလိုက်ရတာ ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“အဲ့ဒါကို လုပ်ခဲ့တဲ့သူက ပျော်ရွှင်ဖွယ်ကလန်က လူတွေထက် အများကြီး ပိုပြီး အစွမ်းထက်လို့ပဲ.. ပျော်ရွှင်ဖွယ်ကလန်က လူတွေက ခုခံချိန်၊ ထွက်ပြေးချိန်တောင် မရလိုက်ဘဲ.. ချက်ခြင်းဆိုသလို တန်းပြီး အသတ်ခံလိုက်ရတာလို့ ပြောလို့ရတယ်.. ပြီးတော့ အဲ့ဒီလူနဲ့ ကန်လန်ရိုးမက လူကလဲ တစ်ယောက်တည်း လုံးဝ မဖြစ်နိုင်ဘူး”

ဆူဇီမိုသည် အေးစက်မောက်မာသော မျက်နှာထားနှင့် ဝတ်ရုံနီကို ခြုံထား‌သော အမျိုးသမီးတစ်ယောက်ကို မြင်ယောင်မိလာ၏။

ဤကဲ့သို့သော ကိစ္စကို လုပ်နိုင်သောသူမှာ သူမသာလျှင် ဖြစ်နိုင်ချေ ရှိလေသည်။

တျဲယွဲ့က ထွက်မသွားခင်.. ပျော်ရွှင်ဖွယ်ကလန်ကလူများ သူ့အား လက်စားလာချေမည်ကို စိုးရိမ်ခဲ့ပေလိမ့်မည်။ ထို့ကြောင့်ပင် သူမသည် နောက်ထပ်ပြဿနာများ ဖြစ်ပေါ်မလာစေရန် ကလန်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် ဤအကြောင်းအရာအား မည်သူ့ကိုမျှ ပြောပြလိမ့်မည် မဟုတ်ချေ။

ကျိယောင်ရွှယ်က သက်ပြင်းတစ်ချက်ချလိုက်၏။ သူမသည် ပြုံးရင်း ပြောလိုက်၏။

“ထားလိုက်တာ့ အဲ့ဒါကို မပြောတော့ဘူး.. ဒီကို လာရာမှာ ဘုရင်အသစ်ကို နန်းတင်ပေးတာအပြင် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်.. အဲ့ဒါက ရှင့်ကြောင့်ပဲ.. ကျမ ဒီခရီးကို လိုက်လာခဲ့ရတာ”

“ဘာပါလိမ့်”  ဆူဇီမိုက မေးလိုက်၏။

ကျိယောင်ရွှယ်သည် သူမ၏ သိုလှောင်အိတ်ထဲကနေ လက်သီးဆုပ်လောက်ရှိသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်လိုက်၏။ သူမသည် ပြုံးစစနှင့် မေးလိုက်လေ၏။

“ဇီမို.. အဲ့ဒါ ဘာလဲ သိလား”

စိတ်ဝိညာဉ်ကျောက်တုံးများလား။

သိပ်တော့ မတူသလိုပါပဲ။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဒါကို စိတ်ဝိညာဉ် စမ်းသပ်‌ကျောက်တုံးလို့ ခေါ်တယ်.. အဲ့ဒါက လူတစ်ယောက်မှာ စိတ်ဝိညာဉ်ရင်းမြစ် ရှိ၊ မရှိ ဆိုတာရယ်.. အဲ့စိတ်ဝိညာဉ်ရင်းမြစ်က ဘယ်အဆင့်လဲ ဆိုတာကို ပြောပြပေးနိုင်တယ်”

ကျိယောင်ရွှယ်က ဆက်ပြီး ရှင်းပြလိုက်၏။

“ဇီမို.. ရှင့်ရဲ့  အရည်အချင်းနဲ့ဆို.. ရှင့်မှာ ရှိတာက ရိုးရိုးသာမန် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခု ဆိုရင်တောင် .. ရှင်က အနာဂတ်မှာ ‌ထူးခြားအောင်မြင်ကျော်ကြားလာမယ့်သူပဲ”

“ဂိုဏ်းက ကျမကို ကတိပေးထားတယ်.. စိတ်ဝိညာဉ်ရင်းမြစ်ရှိတဲ့ လူတစ်ယောက်ကို ကျမ ဂိုဏ်းကို ခေါ်လာလို့ ရတယ်တဲ့.. အဲ့ဒါက ရိုးရိုးသာမန် စိတ်ဝိညာဉ်ရင်းမြစ်ဆိုရင်တောင် ကိစ္စမရှိဘူး.. ဇီမို.. ရှင် စမ်းမကြည့်ချင်ဘူးလား”

All Chapters