← Chapters

ဂိုဏ်းကြီး ငါးဂိုဏ်း

Vol. 4 Ch. 55

ဂိုဏ်းကြီး ငါးဂိုဏ်း

Vol. 4 Ch. 55

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၅၅ - ဂိုဏ်းကြီး ငါးဂိုဏ်း

ဆူဇီမိုသည် စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ငေးကြည့်နေ၏။ သူသည် လက်ကို ဆန့်မထုတ်သေးဘဲ စဉ်းစားချင့်ချိန်နေ၏။

တျဲယွဲ့က ထွက်မသွားခင် သူအတွက် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့၏။ ၎င်းက ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်များထက် အောက်မကျကြောင်း သူသိထား၏။ ထိုအရာက တျဲယွဲ့ ပြောခဲ့သောစကား ဖြစ်သောကြောင့် ယုံမှားသံသယ ရှိစရာ မလိုပေ။

ဆူဇီမိုသည် အခုလေးတင် ကျိယောင်ရွှယ်ပြောလိုက်သော အရာကို နားထောင်ပြီးနောက် သူ့မှာ နောက်ထပ်အတွေးတစ်ခု ရှိနေ၏။

ဆူဇီမိုသည် သူမ၏ ဂိုဏ်းနှင့်ပတ်သတ်၍ ဘာမျှ မသိရသေးသောကြောင့် သူ့လက်ကို ဆန့်ထုတ်ဖို့ ဝန်လေးနေတာ ဖြစ်ရမည်ဟု ကျိယောင်ရွှယ်က တွေးလိုက်၏။ သူမကပင် စတင်၍ ရှင်းပြလိုက်၏။

“မဟာကျိုးအင်ပါယာရဲ့ နယ်မြေထဲမှာ အစွမ်းအထက်ဆုံး ဂိုဏ်းကြီး ငါးဂိုဏ်းရှိတယ်.. ဇီမို.. ဘာမှ မပူနဲ့ ကျမဝင်ရောက်ထားတဲ့ အဇူရာနှင်းမြူလွှာဂိုဏ်းက ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ”

ဆူဇီမိုသည် ရုတ်တရတ် စိတ်ဝင်စားဟန်ပြလာပြီး မေးလိုက်၏။

“နောက်ထပ် လေးဂိုဏ်းကရော ဘာတွေလဲ”

“နောက်ထပ်လေးဂိုဏ်းက ရောင်ဝါလင်းလက်တိမ်နန်းတော်ရယ်.. တောင်ပိုင်းတောင်တန်းကလန်ရယ်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရယ်.. ဆန်းကြယ်တောင်ထွတ်ရယ်တို့ပဲ”

ဆူဇီမိုသည် ခေါင်းကိုငုံ့၍ လ္ဘက်ရည်ခွက်ကို မှုတ်သောက်နေ၏။ ရောင်ဝါလင်းလက်တိမ်နန်းတော်ဟူသော အသံကို ကြားရချိန်တွင် သူ့မျက်လုံးထဲတွင် အေးစက်ခက်ထန်မှုများက ဖြတ်ပြေးသွား၏။

ဆူဇီမို ‌ခေါင်းပြန်မော့လိုက်သောအခါ သူ့အမူအယာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မေးလိုက်လေ၏။

“ကျုပ်ထင်တာတော့ ဂိုဏ်းကြီးငါးဂိုဏ်းကို ဝင်‌ရောက်နိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က အတော်အတန် အဆင့်မြင့်နေဖို့ လိုတယ်မလား”

“အမ်း”

ကျိယောင်ရွှယ်က ခေါင်းညိတ်လိုက်၏။

“ရှင့်အနေနဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲကို ဝင်‌ရောက်နိုင်ဖို့ဆိုရင် အနည်းဆုံး သာလွန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ် ရှိနေဖို့ လိုတယ်.. အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်တို့.. သာမန်အဆင့်စိတ်ဝိညာဉ်ရင်းမြစ်တို့ ရှိတဲ့သူတွေကို လိုအပ်ချက်ကို ပြည့်မီမှာ မဟုတ်ဘူး.. ဒါပေမယ့်လို့.. ဇီမို.. ဘာမှပူမနေနဲ့.. ရှင့်မှာ ရှိနေတာက အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်ဆိုရင်တောင် ကျမ ရှင့်ကို ဂိုဏ်းထဲကို ခေါ်သွားပေးလို့ရတယ်”

စိတ်ဝိညာဉ်ရင်းမြစ်များကို အတန်းအစား ငါးမျိုး ခွဲခြားထားလေသည်။ ၎င်းတို့မှာ _ အဆင့်နိမ့် စိတ်ဝိညာဉ်ရင်းမြစ်.. သာမန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်.. သာလွန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်.. မြေကမ္ဘာအဆင့် စိတ်ဝိညာဉ်ရင်းမြစ်နှင့် အရှားပါးဆုံးဖြစ်သော ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်တို့ ဖြစ်လေ၏။

ဆူဇီမိုသည် ပြုံး၍ နားထောင်နေပြီး လ္ဘက်ရည်ကို မျှင်း၍ သောက်နေ၏။ ပြီးနောက် သူသည် သာမန်ကာလျှံကာပုံစံနှင့်ပင် မေးလိုက်၏။

“ဂိုဏ်းကြီးငါးဂိုဏ်းရဲ့အကြားမှာ တစ်ဖက်နဲ့တစ်ဖက် ရန်ငြိုးရန်စတွေရော ရှိကြလား.. ပြီးတော့ ဘယ်ဂိုဏ်းက အင်အားအကြီးဆုံးလဲဗျ”

“ရန်းငြိုးရန်းစလား”

ကျိယောင်ရွှယ်က ခေါင်းခါလိုက်၏။

“အဲ့ဒါတော့ ကျမလဲ မသိဘူး.. ဒါပေမယ့် ရောင်ဝါလင်းလက်တိမ်နန်းတော်နဲ့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကတော့ အတော်လေး နီးနီးကပ်ကပ် တည်ရှိပြီးတော့ ဆက်ဆံ‌ရေးလဲ အတော်ကောင်းမွန်ကြတယ်.. ဂိုဏ်းကြီးငါးဂိုဏ်းက စွမ်းဆောင်ရည်အရရော၊ အင်းအားအရရော.. တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း သိပ်မကွာကြပါဘူး.. အဲ့ထဲမှာမှ ဆန်းကြယ်တောင်ထွတ်ကတော့ အတော်လေးကို လျှို့ဝှက်ဆန်းကြယ်ပြီး အသိရခက်တယ်”

“မဟာကျိုးအင်ပါယာအတွင်းမှာ ကျမတို့က ဆယ်နှစ်တစ်ကြိမ် ‘ဂိုဏ်းပေါင်းစုံ ချန်ပီယံ ပြိုင်ပွဲ’ကို ကျင်းပပေးလေ့ရှိတယ်.. မဟာကျိုးအင်ပါယာရဲ့ နယ်နမိတ်အတွင်းမှာရှိတဲ့ သေးသေးကြီးကြီး မည့်သည်ဂိုဏ်းမဆို ဝင်ရောက်ယှဉ်ပြိုင်လို့ရတယ်.. အဲ့ဒီမှာ တိုက်ခိုက်စွမ်းရည်ရယ်၊ ဆေးလုံးဖော်စပ်တာရယ်၊ လက်နက်သွန်းလုပ်တာရယ်နဲ့ အဆောင်အင်းအိုင်လက်ဖွဲ့ဖန်တီးတွေရယ်နဲ့ ပတ်သတ်တဲ့ သက်ဆိုင်ရာ ပြိုင်ပွဲတွေ ပါဝင်တယ်.. များသောအားဖြင့်တော့ ထိပ်ဆုံး ဆယ်နေရာစီကို ဂိုဏ်းကြီးငါးဂိုဏ်းက ကျင့်ကြံသူတွေပဲ ရကြတာ များတယ်”

ဆူဇီမိုသည် မျက်ခုံးတွန့်၍ တစ်စုံတစ်ရာကို ချင့်ချိန်စဉ်းစားနေလေ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ရောင်ဝါလင်းလက်တိမ်နန်းတော်နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိနေမှတော့ ထိုနှစ်ဂိုဏ်းစလုံးကို သူ ဝင်ရောက်မှာ မဟုတ်ပေ။

အဇူရာနှင်းမြူလွှာဂိုဏ်းသို့ ဝင်ခွင့်အတွက်ကတော့ ဆူဇီမိုသည် ဤအခွင့်အရေးကို ဆူဟုန်နှင့် ဆူရှောင်းနင်တို့အား ပေးချင်ပေသည်။ မည်သူက ဝင်ရောက်ခွင့်ရမလဲ ဆိုသည်ကတော့ သူတို့ ကံကြမ္မာအပေါ်မှာသာ မူတည်လေသည်။

ထို့ကြောင့် ဆူဇီမိုအတွက် ရွေးချယ်စရာက တောင်ပိုင်းတောင်တန်းကလန်နှင့် ဆန်းကြယ်တောင်ထွတ် နှစ်ခုသာ ကျန်ရှိလေတော့သည်။

ဆူဇီမိုက တစ်ဖန် ထပ်မေးလိုက်၏။

“ဂိုဏ်းကြီးငါးဂိုဏ်းထဲမှာ ဘယ်ဂိုဏ်းက ယန်တိုင်းပြည်နဲ့ အနီးဆုံးလဲဗျာ”

ကျိယောင်ရွှယ်သည် သူမ၏ သိုလှောင်အိတ်ထဲကနေ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော မြေပုံတစ်ချပ်ကို ဆွဲထုတ်လိုက်၏။ သူသည် အနီးကပ်သေချာ ကြည့်လိုက်ပြီး

“အင်း.. အနီးဆုံးကတော့ ဆန်းကြယ်တောင်ထွတ်ပဲ” ဟု ဆိုလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ မည်သည့်မေးခွန်းမျှ ထပ်မမေးတော့ပေ။

“ဇီမို.. ရှင်ဘာလို့ အဲ့ဒါတွေကို မေးနေရတာလဲ.. လုပ်ပါ.. မြန်မြန်.. ရှင်ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်ကို စစ်ဆေးကြည့်ရအောင်”  ကျိယောင်ရွှယ်က ထပ်မံ ဆော်သြလိုက်၏။

ဆူဇီမိူက မသိမသာ ပြုံးလိုက်ပြီး ပြောလိုက်၏။

“ကျင့်ကြံသူတစ်ချို့က ကျုပ်ကို စစ်ပေးခဲ့ကြဖူးတယ်.. ကျုပ်မှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးတဲ့.. အဲ့ဒါကြောင့် ထပ်စစ်နေစရာ မလိုတော့ပါဘူးဗျာ”

“အာ”  ကျိယောင်ရွှယ်သည် စိတ်ပျက်လက်ပျက်ပုံ ပေါက်သွား၏။ သို့သော် သူမသည် လက်မလျှော့ချင်သေးဘဲ ထပ်မံ ဖျောင်းဖျဖို့ ကြိုးစားလိုက်၏။

“အဲ့လူက မှားပြီး ပြောမိတာလဲ ဖြစ်ရင်ဖြစ်နိုင်တာပဲလေ.. ဘာပဲဖြစ်ဖြစ် ရှင် တစ်ခေါက်လောက်တော့ ထပ်ပြီး စစ်ဆေးကြည့်သင့်တယ်မလား”

ဆူဇီမိုက ခပ်တိုးတိုးလေသံနှင့် ပြောလိုက်၏။

“ယောင်ရွှယ်.. ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ .. ဒါပေမယ့် ကျုပ် အဲ့အခွင့်အရေးကို ကျုပ်ရဲ့ ဆွေမျိုးရင်းချာနှစ်‌ယောက်ကို ပေးစေချင်တယ်.. သူတို့ တစ်‌ယောက်ယောက် အဇူရာနှင်းမြူလွှာဂိုဏ်းကို ဝင်ရောက်နိုင်တယ်ဆိုရင် ကျုပ် အတိုင်းမသိ ဝမ်းသာမိမှာပဲ”

ဆူဇီမိုသည် မတ်တပ်ရပ်၍ သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လှမ်းထွက်လိုက်ကာ ဆူဟုန်နှင့် ဆူရှောင်းနင်ကို သွားခေါ်လာပြီး လမ်းမှာပင် စိတ်ဝိညာဉ်ကျောက်တုံးနှင့် ပတ်သတ်၍ အကြမ်းဖျင်း ရှင်းပြလိုက်ကာ သူတို့ကို ကြိုးစားစမ်းသပ်ကြည့်ကြဖို့ ပြောပြလိုက်၏။

ဆူဟုန်က ချက်ချင်း လက်ကာပြ၍ ခေါင်းခါလိုက်၏။

“ငါကတော့ မလုပ်တော့ဘူး.. ငါ့မှာ စိတ်ဝိညာဉ်ရင်းမြစ် ရှိရင်တောင် ငါက ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းလို့ မရဘူး.. ငါတို့ မောင်နှမသုံးယောက်ထဲမှာ တစ်ယောက်ကတော့ အဖေ့ရဲ့ အမွေအနှစ်ကို လက်လွှဲယူမှဖြစ်မယ်လေ.. ရှောင်းနင်.. ညီမလေး သွားပြီး စမ်းကြည့်ချေ”

ဆူရှောင်းနင်က ရွံ့တွန့်တွန့်နှင့် ကြောက်နေဟန်ရပြီး အကူအညီ ရလို့ရငြား ဆူဇီမိုကို လှမ်းကြည့်လိုက်၏။

ဆူဇီမိုက ပြုံးလိုက်၏။ သူသည် သူ့ညီမလေး၏ လက်ကို ကိုင်ပြီး စားပွဲဝိုင်း ရှိရာသို့ ဆွဲခေါ်သွားလိုက်၏။ သူက နူးညံ့ညင်သာြဖင့် ဆိုလိုက်၏။

“ဘာမှ မကြောက်နဲ့.. ညီမလေး လုပ်ရမှာက အဲ့ကျောက်တုံးလေးကို ခဏလောက်လေး လက်ထဲမှာ ကိုင်ထားရုံပဲ.. ဟုတ်ပြီလား”

ဆူရှောင်းနင်က ကြောက်ရွံ့နေသေးသော်လည်း စိတ်ပိုင်းဖြတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ သူမသည် ‌ရှေ့သို့ လှမ်းတက်ကာ စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ဆွဲယူဆုပ်ကိုင်လိုက်၏။

ဆူရှောင်းနင် ကျောက်တုံးကို ကိုင်လိုက်သည့် ခဏမှာပင် စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးမှ မတူညီသော အရောင်များနှင့် အလင်းတန်းငါးခုက ဖြာထွက်လာလေ၏။

ဆူရှောင်းနင်လည်း မြင်ရသည်ကို ကြည့်၍ ကြောက်လန့်တုန်လှုပ်သွားပြီး ကျောက်တုံးကို အလိုအလျောက် လွှတ်ပစ်လိုက်မိ၏။

မတူညီသော အလင်းတန်းငါးခုက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော အခြေခံဒြပ်စင်ငါးမျိုးကို ကိုယ်စားပြုလေ၏။ ၎င်းမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခု ဖြစ်လေ၏။ အားလုံးထဲမှာမှ အဆင့်အနိမ့်ဆုံး စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်လေ၏။

ဆူဇီမိုသည် စိတ်ထဲမှာ ကျိတ်ပြီး ပျော်သွား၏။

ဘာပဲဖြစ်ဖြစ် ဆူရှောင်းနင်မှာ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခု ရှိမှတော့ သူမသည် ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ခုဖြစ်သော အဇူရာနှင်းမြူလွှားဂိုဏ်းသို့ ဝင်ရောက်ခွင့် ရပေတော့မည်။

တစ်ကယ်တမ်း ပြောရလျှင် ကျိယောင်ရွှယ်၏ အကူအညီကို မယူလျှင်တောင် ဆူဇီမိုသည် တျဲယွဲ့ပေးထားခဲ့သော စိတ်ဝိညာဉ်ရင်းမြစ်ကြောင့် အဇူရာနှင်းမြူလွှားဂိုဏ်းသို့ ဒီအတိုင်း ဝင်ရောက်နိုင်လေ၏။

သို့သော် ဆူဇီမိုသည် တစ်ခုခု လွဲမှားနေတာကို သတိထားမိလိုက်ပြီး ကျိယောင်ရွှယ်နှင့် ဝေးဝေးခွာနေဖို့ ဆုံးဖြတ်လိုက်၏။

ကျိယောင်ရွှယ်၏ အဆင့်အတန်းက ဘယ်လိုဆိုတာ အထူးတလည် ရှင်းပြနေရန် လိုမည် မထင်ပေ။

သူမသည် မဟာကျိုးအင်ပါယာ၏ တတိယမင်းသမီးဖြစ်ပြီး မြင့်မြတ်စွာ မွေးဖွားလာခြင်းဖြစ်၏။

ကျိယောင်ရွှယ်နှင့် ယခု တွေ့ဆုံချိန်တွင် သူမနောက်ရှိ ခေါင်းဆောင်လူက လွန်စွာ ကျွဲမြီးတိုနေပြီး သူသည် ဆူဇီမိုအား ရန်လိုနေဟန်ရ၏။ သူသာ ကျိယောင်ရွှယ်နှင့် နီးကပ်စွာ ဆက်နေလျှင် ပြဿနာများက မဖိတ်ခေါ်ဘဲ ရောက်လာပေလိမ့်မည်။

သူသည် ပြဿနာများကို ကြောက်နေတော့ မဟုတ်ပေ။ သို့‌သော် အခုချိန်မှာ သူသည် သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်‌လောက်အောင် သန်မာမှု မရှိသေးသောကြောင့် ဖြစ်လေသည်။

သို့သော် ဆူရှောင်းနင်ကတော့ မတူပေ။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး အခြားသူများ၏ ရန်လိုမှုကို ဖိတ်ခေါ်မိလိမ့်မည် မဟုတ်ပေ။

ဤသည်ကို ကြည့်ရှုနေပြီးနောက် ရွှေရောင်ချပ်ဝတ်ခေါင်းဆောင် သိုင်ရှု၏ မျက်လုံးထဲတွင် ကျေနပ်နှစ်ခြိုက်မှုတို့က ဝင်ရောက်လာ၏။ သူသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဆူဇီမိုသည် ကျိယောင်ရွှယ်ကို ကြည့်လိုက်ပြီး တည်ကြည်သော အမူအယာနှင့် လေးနက်စွာ ပြောလိုက်လေ၏။

“အခြေအနေက ဒီလိုမျိုး အကြောင်းဖန်လာတော့လဲ.. ကျေးဇူးပြပြီး.. ရှောင်းနင်ကို သင်နဲ့ အတူ ခေါ်သွားပေးပါနော်.. သူမက နည်းနည်း ကြောက်တတ်တယ်.. ဝေးဝေးလံလံလဲ ဘယ်နေရာမှ သွားခဲ့ဖူးတာ မဟုတ်ဘူး.. အဇူရာနှင်းမြူလွှာဂိုဏ်းကို ရောက်တဲ့အခါ သူမကို စောင့်ရှောက်ပေးလို့ ရမလားဗျာ”

“ရှင် စိတ်ချလက်ချသာ နေပါလေ.. ကျမ ရှောင်းနင်ကို သေချာ‌‌ပေါက် ဂရုစိုက်ပေးမှာပါ”  ကျိယောင်ရွှယ်က ပြောလိုက်၏။

“အစ်ကိုကြီး.. ညီမလေး အစ်ကိုကြီးတို့နဲ့ မခွဲနိုင်ဘူး.. ဆူမိသားစုမှာပဲ နေချင်တယ်” ဆူရှောင်းနင်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး မျက်ရည်များက ကျလာလေ၏။ သူမသည် ချက်ခြင်းပဲ ငိုချတော့မလိုပင်။

ဆူဟုန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။  “ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကောင်းတဲ့အရာပဲလေ.. အဲ့ဒါက တစ်ကယ့် မဟာအခွင့်အရေးပဲ.. ညီမ‌လေးက အဲ့ဒါကို လက်မလွှတ်သင့်ဘူးလေ.. တစ်နေ့ ညီမလေးက သန်မာလာတဲ့အခါ .. အစ်ကိုကြီးက ညီမလေးဆီလာပြီး အကူအညီလာတောင်းမှာနော်”

ဆူဟုန်၏ ကျီစယ်‌နေသော စကားကို ကြားလိုက်ရချိန်တွင် ဆူရှောင်းနင်သည် ပြုံး‌ယောင်သန်းလာလေ၏။ သူမသည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

“အမ်း.. ညီမလေး ကြိုးကြိုးစားစားနဲ့ ကျင့်ကြံလေ့ကျင့်ပါ့မယ်.. တစ်နေ့ကျရင် အစ်ကိုကြီးဆီကို ပြန်လာပြီး အကူအညီပေးမယ်နော်”

“သွားသွား.. ညီမလေး ပစ္စည်းပစ္စယတွေ သွားထုပ်ပိုးချေ.. ပြီးရင် ဦးလေးကျန့်နဲ့ တခြားသူတွေကိုလဲ လိုက်နှုတ်ဆက်လိုက်ဦး”

ဆူဟုန်နှင့် ဆူရှောင်းနင်သည် လိုအပ်သည်များ ထုပ်ပိုးပြင်ဆင်ရန်အတွက် ထွက်သွားကြလေ၏။ ဆူဇီမိုသည် သူတို့ထွက်သွားသည်ကို ပြုံးပြုံးကြီး ကြည့်နေလေ၏။

“ဇီမို.. ရှင်ကရော....” ကျိယောင်ရွှယ်သည် တစ်ခုခုကို ပြောချင်နေဟန်ရသော်လည်း ပြန်လည် ထိန်းချုပ်ထား၏။

ဆူဇီမိုသည် ပြုံး၍ မတ်တပ်ထရပ်ကာ သူမဘက်သို့ ဦးညွတ်လိုက်၏။

“ဒီတစ်ကြိမ် ကူညီခဲ့တာတွေအတွက် ကျုပ် သင့်ကို ကျေးဇူးတင်ရမှာပဲ.. သင့်ကြောင့်ပဲ.. ဆူမိသားစုက အခြေချနေထိုင်ဖို့ အဆင်ပြေသွားသလို.. ဆူရှောင်းနင်ကလဲ အဇူရာနှင်းမြူလွှာဂိုဏ်းကို ဝင်ရောက်ခွင့် ရခဲ့ပြီ.. နောက်အနာဂတ်မှာ သင် အကူအညီလိုတဲ့အခါ ကျုပ်ကို ပြောပါလေ.. ကျုပ်တတ်စွမ်းသမျှ ကူညီပေးပါ့မယ်”

“ဟမ့်”

သိုင်ရှုက အထင်အမြင်သေးဟန်ဖြင့် မထီတရီ လှောင်ပြုံးလိုက်၏။

“ဘယ်လိုတောင် အရှက်မရှိ ပြောရဲတာပါလိမ့်.. သူမက မဟာကျိုးအင်ပါယာက တတိယမင်းသမီးပဲ.. သူမက ဘယ်လိုကြောင့် မင်းဆီက အကူအညီကို လိုပါ့မလဲ”

ဆူဇီမိုသည် ပြုံးရုံသာ ပြုံးနေလိုက်ပြီး ခွန်းတုံ့ပြန်မနေတော့ပေ။

ယနေ့ ဆူဇီမို ပေးခဲ့သော ကတိသည် နောက်တစ်ချိန်တွင် ဘယ်လောက်ထိ အရေးပါအရာရောက်လာမလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြသေးပေ။

All Chapters