တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခြင်း
Vol. 4 Ch. 56
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၆ - တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခြင်း
Author – Snow-filled Bow Saber
Translator – Than Toe Aung
နောက်တစ်နေ့ မနက်ခင်းတွင် ....
ဆူမိသားစုဝင်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများသည် ပင်ယန်းမြို့လေး၏ လမ်းမရှည်ထက်တွက် စီတန်းရပ်နေကြကာ နှုတ်ဆက်နေကြလေ၏။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် မျက်နှာချင်းဆိုင်ရပ်နေကြ၏။ အမျိုးသားသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည်လင်ရှင်းသန့်၍ ချောမောလှပသော ရုပ်ရည်သွင်ပြင် ရှိလေ၏။ အမျိုးသမီးကတော့ မြေကြီးထိတိုင်ရှည်သော အဝါရောင်ဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆံကေသာများက ကျောပြင်အထက် ဖြာကျနေလေ၏။ သူမ၏ အသားအရေက ပြစ်မျိုးမှဲ့မထင်ဖြစ်၏။ တစ်ဖျတ်ဖျတ်လက်နေသော သူမ၏ မျက်လုံးများထဲတွင် ဝမ်းနည်းလွမ်းဆွေးမှုတို့ကို တွေ့နိုင်လေ၏။
“ဇီမို.. ရှင်က ကျမနဲ့အတူ မလိုက်ခဲ့တော့ဘူးပေါ့.. ရှင်အနေနဲ့ အဇူရာနှင်းမြူလွှာဂိုဏ်းကို မဝင်ရောက်နိုင်ဘူးဆိုရင်တောင် ရှင့်ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ဆို မဟာကျိုးအင်ပါယာမှာ အောင်မြင်လာအောင် လုပ်နိုင်မှာပါ” ကျိယောင်ရွှယ်က ညင်သာစွာ ပြောလိုက်၏။
“မဖြစ်နိုင်ပါဘူးဗျာ”
ဆူဇီမိုက ပြုံးလိုက်၏။
“ကျုပ်က ပေပေတေတေ နေရတဲ့ဘဝမှာ အသားကျနေပါပြီဗျာ.. နန်းတွင်းထဲက စည်းမျဉ်းစည်းကမ်းတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ကျုပ်အသားကျနေတတ်လိမ့်မှာ မဟုတ်ဘူးဗျ”
“ဇီမို.. ရှင်က ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ဖို့ စိတ်ဝင်စားနေတာမလား” ကျိယောင်ရွှယ်က ဉာဏ်ကောင်း၏။ ဆူဇီမိုသည် တမင်သက်သက် သူမနှင့် ဝေးဝေးခွာနေလိုတာကို ရိုးတိုးရိပ်တိတ်တော့ ခန့်မှန်းသိရှိလိုက်၏။
“အမ်” ဆူဇီမို၏ မျက်လုံးထဲတွင် အံ့အားသင့်မှုက ပေါ်လာသော်လည်း ခွန်းတုံ့ပြန်မှုတော့ မရှိပေ။
ကျိယောင်ရွှယ်ကပင် ဆက်ပြောလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ဖို့က အခြားကလန်တွေထက် ပိုခက်တယ်.. အဲ့ဒီမှာ ဖြတ်ကျော်ရမယ့် စမ်းသပ်ချက်တွေက အဆင့်ဆင့်ပဲ.. စိတ်ဝိညာဉ်ရင်းမြစ်ကတော့ အဲ့စမ်းသပ်ချက်တွေထဲက တစ်ခုပေါ့.. ကျမကြားဖူးတာတော့ အဆင့်မြင့် ချီစုဖွဲ့စစ်သည်တော်တွေတောင် ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်နိုင်ဖို့ ခဲယဉ်းတယ်လို့ ပြောကြတယ်.. ရှင်ကတော့......”
ကျိယောင်ရွှယ်၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုတို့ကို မြင်တွေ့ရသောအခါ ဆူဇီမိုက သက်ပြင်းချလိုက်မိ၏။
ကျိယောင်ရွှယ်သည် သူ့အပေါ် စိတ်ရင်းအမှန်နှင့် တစ်ကယ်ကောင်းမွန်စွာ ဆက်ဆံပေးလေ၏။ အဲ့ဒါက သူမအသက်ကို ကယ်ခဲ့သောကြောင့်လား၊ အခြားအကြောင်းတစ်ခုခုကြောင့်လားဆိုတာတော့ သူလဲ သေချာ မပြောတတ်ပေ။
မည်သို့ပင်ဖြစ်စေ.. သူသည် ကျိယောင်ရွှယ်နောက်သို့ လိုက်လို့ မဖြစ်ချေ။
သိုင်ရှုသည် သူ၏ ရန်လိုစိတ်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားသော်လည်း.. သူသည် ဆူဇီမို၏ အာရုံခံသတိစိတ်ကိုတော့ ညာလို့ မရချေ။
ထိုလူက သူ့အပေါ်မှာ သတ်ဖြတ်လိုစိတ် ပြင်းထန်စွာ ရှိနေ၏။
သူ့ကို သတ်ချင်နေတာက သိုင်ရှုပဲသာဆိုလျှင် အဲ့ဒါက အဆင်ပြေနေသေး၏။ သို့သော်လည်း သူ့ကို သေစေချင်တာက မဟာကျိုးဧကရာဇ်ဆိုလျှင်တော့ အဲ့ဒါက ဆူဇီမိုအတွက်သာမက၊ ဆူမိသားစုအတွက်ပါ ကပ်ဆိုးဖြစ်လာနိုင်ပေသည်။
အင်ပါယာအမိန့်ပြန်တမ်းက ကောင်းချီးဆုလာဒ်တစ်ခု ဖြစ်သော်လည်း တစ်ဖက်ကကြည့်လျှင် ဧကရာဇ်၏ သတိပေးချက် တစ်ခုလည်း ဖြစ်၏။
မဟာကျိုးဧကရာဇ်သည် ဆူဟုန်ကို နန်းတင်ပေးနိုင်စွမ်း ရှိမှတော့ သူသည် ဆူမိသားစုကိုလည်း အလွယ်တကူ ရှင်းပစ်နိုင်စွမ်း ရှိလေ၏။
ဧကရာဇ်၏ စွမ်းအားက အားကောင်းပြီး အဆုံးမရှိ ကျယ်ပြန့်လေသည်။ သူ ဘာကို တွေးနေမည်၊ နောက်ထပ် မည်သို့ လှုပ်ရှားမည် ဆိုတာက မည်သူမျှ မခန့်မှန်း မသိရှိနိုင်ပေ။
တျဲယွဲ့သည် ဆူဇီမိုကို ကန်းလန်ရိုးမအတွင်း စေလွှတ်ခဲ့တုန်းက အညှာတာမဲ့ ရက်စက်လှသည်ဟု ဆိုလို့ရသော်လည်း.. တစ်ချိန်တည်းမှာပင် သူမသည် သူ့ကို လောကအကြောင်း သင်ပေးလိုက်ခြင်း ဖြစ်လေသည်။ မော်တယ်လောကမှာဖြစ်စေ၊ ကျင့်ကြံရေးလောကမှာဖြစ်စေ.. အဲ့ဒါက ကန်းလန်ရိုးမနှင့် သိပ်မကွာခြားပေ။ သန်မာသည့်သူများက အားနည်းသည့်သူများကို အုပ်ချုပ်လေသည်။ အသန်မာဆုံးသူများသာလျှင် ရှင်သန်နိုင်ကြလေသည်။
လူတစ်ယောက်သည် ကျင့်ကြံရေးလောကထဲသို့ စွန့်စားသွားလာလိုလျှင် အရင်ဆုံး ကန်းလန်ရိုးမထဲမှာ ရှင်သန်နေနိုင်စွမ်းရှိဖို့ လိုလေသည်။
လူတစ်ယောက်သည် လုံလောက်အောင် သန်မာမှု မရှိသည့်အခါ သူသည် အခြားသူများ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံရချိန်တွင် ခုခံနိုင်စွမ်း မရှိဘဲ ပြုသမျှ နုရပေတော့မည်။
“ဇီမို.. ရှင်နောက်ထပ် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ” ကျိယောင်ရွှယ်က ဆက်မေးလိုက်၏။
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“မိုင်တစ်ထောင် ခရီးသွားခြင်းက စာအုပ်တစ်ထောင်ဖတ်ရတာထက် ပိုကောင်းတယ်တဲ့.. ကျုပ်အပြင်လောကကို စွန့်စားသွားလာမယ်”
ဆူဇီမိုသည် ခဏရပ်လိုက်ပြီးနောက် ယောင်ရွှယ်ကို လက်သီးဆုပ်၍ လေးစားဟန်ပြ ဦးညွှတ်လိုက်ပြီး
“Miss ကျိ.. ကျုပ်တို့ ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့.. ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်” ဟု ပြောလိုက်၏။
ကျိယောင်ရွှယ်သည် ဆူဇီမို၏ ‘Miss ကျိ’ဟူသော သုံးနှုန်းခေါ်ဝေါ်ပုံကို ကြားရချိန်တွင် အနည်းငယ် တုန်လှုပ်သွား၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် ခေါင်းညိတ်လိုက်၏။
“သခင်လေးဆူ.. လဲပဲ.. ဂရုစိုက်ပါနော်”
ကျိယောင်ရွှယ်သည် ရထားလုံးပေါ် တက်လိုက်ပြီး ပုတီးစေ့လိုက်ကာက မြင်ကွင်းကို ပြန်လည် ဖုံးအုပ်သွား၏။ သူတို့နှစ်ယောက်သည် ကမ္ဘာခြားသွားသလို ခံစားလိုက်ရ၏။ တစ်ယောက်နှင့် တစ်ယောက် နောက်တစ်ကြိမ် ပြန်တွေ့ဖို့ဆိုတာ မသေချာ မရေရာတော့ပေ။
ဆူရှောင်းနင်သည် ရထားလုံးထဲတွင် ဝင်ထိုင်လိုက်ပြီး အပြင်ဘက်ကို မျှော်ငေးကြည့်နေ၏။ သူမ၏ ပါးပြင်တွင် မျက်ရည်များက လိမ့်ဆင်းလာလေ၏။ ကျိယောင်ရွှယ်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဆူရှောင်းနင်ကို ပွေ့ဖက်ထားလိုက်၏။ သူမက ညင်သာစွာ ပြောလိုက်လေ၏။
“သွားကြစို့”
ရထားလုံးက လေထဲသို့ လွင့်မျော ပျံတက်သွား၏။ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ထောင်သည် ဓါးပျံများကို ထိန်းချုပ်၍ ရထားလုံးကို ဝန်းရံကာ မင်းသမီးကို ကာကွယ်စောင့်ရှောက်ရင်း နောက်ကနေ လိုက်ပါသွားကြ၏။
အနောက်မှာရှိသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သည် သိုင်ရှုနားသို့ တိုးကပ်လာပြီ တိုးတိတ်စွာ မေးလိုက်လေ၏။
“ခေါင်းဆောင်သိုင်.. ကျုပ်တို့ ဆူဇီမိုကို သတ်ဖို့ လိုသေးလား”
“ရပြီ မလိုတော့ဘူး.. ဘာပဲဖြစ်ဖြစ် သူက အလိုက်သိတယ်ကွ.. ဘယ်အချိန်မှာ နောက်ကို ပြန်ဆုတ်ရမယ်ဆိုတာ နားလည်သားပဲ”
သိုင်ရှုက လှောင်ရယ်လိုက်၏။ “သူက မော်တယ်တစ်ယောက်ပါပဲ.. သူက ရေတွင်းထဲက ဖားတစ်ကောင်ပဲ.. သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးထားလိုက်စမ်းပါကွာ”
ရထားလုံးထဲတွင်..
ဆူရှောင်းနင်က ပင်ပန်းသွားပုံရ၏။ သူမသည် ကျိယောင်ရွှယ်၏ ရင်ခွင်ထဲတွင် အိပ်မောကျသွားလေ၏။ သူမ၏ ပါးပြင်ထက်က မျက်ရည်များက မခြောက်သေးပေ။
ကျိယောင်ရွှယ်သည် ဝမ်းနည်းလွမ်းမောဟန်ဖြင့် လိုက်ကာစကို ငေးမောကြည့်နေ၏။ သူမသည် မျက်ခုံးကို အနည်းငယ် တွန့်ထားပြီး လွမ်းဆွေးစိတ်မကောင်းမှုများက သူမမျက်နှာတွင် ထင်ဟပ်လာလေ၏။
“မင်းသမီး.. အဲ့လူနဲ့ ပတ်သတ်ပြီး အဲ့လောက်လဲ စိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ.. မလွမ်းလောက်ပါဘူး” သိုင်ရှုကနေ ရထားလုံး အပြင်ဘက်ကနေ ခပ်တိုးတိုး လှမ်းပြောလိုက်၏။
ကျိယောင်ရွှယ်က ထိုစကားသံကို ကြားရပုံ မပေါ်ချေ။
သိုင်ရှုက ဆက်ပြောလိုက်၏။ “မင်းသမီး.. သင်က မြင့်မြတ်စွာ မွေးဖွားတဲ့သူပဲ .. ပြီးတော့ သင်က တော်ဝင်မိသားစုဝင်.. သူက ဘာမဟုတ်တဲ့ကောင်ပဲကို .. အဲ့လောက်ထိ ဖြစ်နေဖို့ မထိုက်တန်ပါဘူး”
ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ရင်ခွင်ထဲတွင် အိပ်မောကျနေသော ဆူရှောင်းနင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမခေါင်းကိုငဲ့ကာ ပြောလိုက်လေ၏။
“သူက ဘာကောင်မှ မဟုတ်ဘူးဆိုရင်.. နင်ကရော ဘာကောင်လဲ.. ငါလုပ်နေတဲ့ ကိစ္စကို နင်ဝင်ပြောစရာ အကြောင်းမရှိဘူး.. နင့်မှာ အဲ့လိုပြောနိုင်တဲ့ အဆင့် မရှိဘူး”
ကျိယောင်ရွှယ်၏ မျက်နှာက တင်းမာခက်ထန်လာသော်လည်း သူမသည် ဆူရှောင်းနင် နိုးသွားမည်ကို စိုးသောကြောင့် အသံကိုတော့ နှိမ့်ထား၏။
“မင်းသမီး.. ဝင်စွက်ဖက်တယ်လို့ မထင်ပါနဲ့ဗျာ.. အနာဂတ်မှာ သင်က သေချာပေါက် ရွှေအူတိုင်အဆင့်ကို ရောက်မှာပဲ.. သက်တမ်းကလဲ နှစ်ငါးရာ ဖြစ်လာလိမ့်မယ်.. သူကတော့ မော်တယ်တစ်ယောက်ပဲကို .. သူ့သက်တမ်းက အလွန်ဆုံး နှစ်တစ်ရာပေါ့.. သူ့ကို သင့်ရဲ့ တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အဲ့ဒါကို တော်တော့်ကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်ဗျာ” သိုင်ရှုက ဆက်ပြောလိုက်၏။
ကျိယောင်ရွှယ်၏ မျက်နှာက သုန်မှုန်လာပြီး ရုတ်တရတ် မေးလိုက်လေ၏။
“နင့်ကို ငါ့အဖေက တစ်ခုခု မှာကြားလိုက်တာများ ရှိလား”
“မရှိပါဘူး.. မရှိပါဘူး” သိုင်ရှုက အလျှင်အမြန် ငြင်းပယ်လိုက်၏။
ကျိယောင်ရွှယ်သည် တိတ်တဆိတ် လက်သီးဆုပ်၍ အေးစက်စွာ ပြောလိုက်၏။
“သိုင်ရှု.. နင့်ကိုငါ တစ်ခါတည်း သတိပေးထားလိုက်မယ်နော်.. ဆူဇီမိုနဲ့ ဆူမိသားစုကို တစ်ခုခု လုပ်မယ် ကြံလို့ကတော့.. နင့်အကြောင်းမကောင်းဘူး ဖြစ်သွားလိမ့်မယ်”
သိုင်ရှုသည် မျက်နှာ အနည်းငယ်ပျက်သွားသော်လည်း တိတ်တိတ်သာ နေလိုက်လေ၏။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ကျိယောင်ရွှယ်သည် ညင်သာစွာ သက်ပြင်းချလိုက်၏။
“နှစ်တစ်ရာဆိုတာ ဘာမှ ကြာလိုက်မှာ မဟုတ်ဘူး.. ငါတို့ နောက်တစ်ကြိမ်တောင် ပြန်တွေ့နိုင်ပါတော့မလား”
ဤအသံကို ကြားပြီးနောက် သိုင်ရှုသည် နောက်ဆုံး စိတ်အေးသွားပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
နောက်ဆုံးမှာတော့ ကျိယောင်ရွှယ် နားလည်သွား၏။ သူမသာ ဆူဇီမိုကို နီးကပ်စွာ ခေါ်ထားလျှင် အဲ့ဒါက ဆူဇီမိုကို ကူညီရာရောက်မည် မဟုတ်ဘဲ.. သူ့အတွက် ဘေးအန္တရာယ်များကိုသာ ဖြစ်ပေါ်လာစေပေလိမ့်မည်။
ကျိယောင်ရွှယ်၏ ပုံစံက ဝမ်းနည်းပက်လက်ဖြစ်နေပြီး သူမသည် ရင်ခွင်ထဲမှာ အိပ်နေသာ ဆူရှောင်းနင်က မျက်တောင်လှုပ်သွားတာကို သတိမထားမိလိုက်ပေ။
. . .
ပင်ယန်းမြို့တွင်..
ဆူဟုန်နှင့် အခြားသူများသည် ယန်တိုင်းပြည်သို့ ထွက်ခွာကြရန် ပြင်နေကြပေပြီ။
“ဇီမို.. မင်း ငါတို့နဲ့အတူ မင်းနေပြည်တော်မြို့ကို ခဏလောက် လိုက်မနေတော့ဘူးလား”
ယခုအခါ ဆူဟုန်က မင်းနေပြည်တော်မြို့ကို ထွက်ခွာတော့ပေမည်။ သူသည် ပင်ယန်းမြို့ကို တော်တော်နှင့် ပြန်လာနိုင်တော့မည် မဟုတ်ပေ။ သူသည် ဆူဇီမိုကို တစ်ယောက်တည်းထားခဲ့ရမှာကို စိတ်မချနိုင်ဖြစ်နေ၏။
“အစ်ကိုကြီး သွားပါ.. ကျတော် ပင်ယန်းမြို့မှာ ခဏလောက် နေလိုက်ဦးမယ်.. ပြီးရင်တော့ အပြင်လောကကို စွန့်စားသွားလာမယ်.. ကျတော်နဲ့ပတ်သတ်ပြီး ဘာမှ ပူမနေပါနဲ့” ဆူဇီမိုက ပြောလိုက်၏။
ဆူဟုန်က မျက်မှောင်ကြုတ်လိုက်၏။
“ဆူမိသားစုက လူတွေက အကုန်သွားကြတော့မှာ.. ပင်ယန်းမြို့ထဲမှာ ငါတို့ အသိအကျွမ်းတွေရယ်လို့ မရှိလှပါဘူး.. မင်းတစ်ယောက်တည်...”
“ကျတော် တစ်ယောက်တည်း မဟုတ်ပါဘူး” ဆူဇီမိုက ပြုံးလိုက်၏။
“အမ်” ဆူဟုန်က အံ့အားသင့်သွား၏။
ဆူဇီမိုက အထူးတလည် ရှင်းပြမနေတော့ပေ။ သူသည် ဆူဟုန်ကို ရင်ဘတ်ကို လှမ်းပုတ်လိုက်ပြီး ပြုံးပြလိုက်၏။
“အစ်ကိုကြီးက မြို့တော်ကို သွားသင့်နေပြီ.. ကျတော့်ကို ပူမနေနဲ့တော့.. အခါအခွင့်သင့်တာနဲ့ ကျတော် အစ်ကိုကြီးတို့ဆီကို လာလည်ပါ့မယ်”
“ကောင်းပါပြီလေ.. ဒါဆို ငါတို့ သွားတော့မယ်”
ဆူဟုန်သည် မြင်းပေါ်တက်လိုက်ပြီး ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။ ယန်တိုင်းပြည်၏ စစ်တပ်ကြီး၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ဆူဟုန်နှင့် အခြားသူများသည် ဒုန်းစိုင်းကာ ထွက်သွားကြလေတော့၏။
အေးစက်စက်လေစိမ်းများက တိုးဝေ့တိုက်ခတ်လာ၏။ ဆူဇီမိုသည် မည်သူမျှ မရှိတော့သော လမ်းမထက်တွင် လေများနှင်းများကြားကနေ အထီးကျန်ခြောက်ကပ်စွာဖြင့် လျှောက်လှမ်းကာ လှည့်ပြန်လာခဲ့၏။
ဆူရှောင်းနင်လည်း ထွက်ခွာသွားပြီ.. ဆူဟုန်လည်းပဲ သွားပြီ။
တစ်ရက်တည်းနှင့် လူတိုင်းက သူ့ကို ခွဲခွာသွားခဲ့ကြပေပြီ။
ဆူဇီမိုသည် သူနေထိုင်ရာအိမ်သို့ ပြန်ရောက်လာပြီး ခြံတံခါးကို တွန်းဖွင့်လိုက်၏။ သူသည် နွေးထွေးမှုကို ပြန်လည် ခံစားလိုက်ရ၏။
သွေးနီရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်က မက်မွန်ပင်ကြီးအောက်တွင် မတ်တပ်ရပ်နေသည်ဟု ထင်ရလေသည်။ ၎င်းသည် အစစ်အမှန်ဟု ထင်ရပြီး သူ့ကို ကြည့်၍ ပြုံးပြနေ၏။
ဆူဇီမိုသည် တစ်ယောက်တည်း အထီးကျန်နေသည်ဟု မခံစားရတော့ပေ။
သူအိမ်သို့ ပြန်လာသည့်အခါတိုင်း တျဲယွဲ့က အမြဲတမ်း သူ့ဘေးမှာနေ၍ သူကျင့်ကြံလေ့ကျင့်တာကို ထိုင်ကြည့်နေခဲ့၏။ ရံဖန်ရံခါ သူအမှား လုပ်မိရင် သူမက သူ့ကို လှမ်းကန်ပေလိမ့်မည်။
ဆူဇီမိုသည် ပြုံး၍ တံခါးကို ပြန်ပိတ်လိုက်၏။
ဆူဇီမိုသည် ပင်ယန်းမြို့ကနေ အလောတကြီး ထွက်ခွာသွားဖို့ စိတ်ကူး မရှိသေးပေ။
သူသည် စောင့်ဆိုင်းရပေမည်။
သူသည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းရပေဦးမည်။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲ အချိန်ကာလက ညလိုပင်....။