← Chapters

တမလွန်သို့ ပို့ဆောင်ပေးမည့် ဝိုင်တစ်ခွက်

Vol. 4 Ch. 57

တမလွန်သို့ ပို့ဆောင်ပေးမည့် ဝိုင်တစ်ခွက်

Vol. 4 Ch. 57

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၅၇ - တမလွန်သို့ ပို့ဆောင်ပေးမည့် ဝိုင်တစ်ခွက်

ဘာသာပြန်သူ - သန်းတိုးအောင်

ဆောင်းရာသီက ကုန်ဆုံးသွားပြီး နွေဦးရာသီသို့ပင် ရောက်ရှိလာခဲ့ပေပြီ။

လွန်ခဲ့သည့်နှစ်နှစ်က ပကတိကန်းလန်သည် ပင်ယန်းမြို့ကို အမှတ်တမဲ့ ဖြတ်သွားပြီးနောက် ပင်ယန်းမြို့မှ လူနှစ်ယောက်ကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့၏။ သူသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း များစွားသောလူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့လေ၏။

သူတို့က တစ်ယောက်မှာ ဇောင်ဒင်းယွမ်ပင် ဖြစ်လေ၏။

ရောင်ဝါလင်းလက်တိမ်နန်းတော်မှာ နှစ်နှစ်ကြာ ကျင့်ကြံလေ့ကျင့်ပြီးနောက် ဇောင်ဒင်းယွမ်းသည် မကြာခဏ‌ တွေးမိ၏။ ပကတိကန်းလန်ကြောင့်သာ မဟုတ်လျှင် သူသည် ပင်ယန်းမြို့က အကျဉ်းထောင်မှာပင် ရှိနေဦးမှာဖြစ်ပြီး တောင့်ခဲနေသောဘန်းမုန့်ကိုဝါး၊ အေးစက်စက်ရေတွေကိုသောက်၊ အကျဉ်းထောင်စောင့်များကို တောင်းပန်ခယကာ အသက်ရှင်နေရပေလိမ့်မည်။

ယခုအခါမှာတော့ သူသည် ရောင်ဝါလင်းလက်တိမ်နန်းတော်၏ တပည့်သားတစ်ယောက် ဖြစ်လာကာ ချီစုဖွဲ့စစ်သည်တော်အဆင့်သို့ပင် ရောက်ရှိလာခဲ့ပေပြီ။

သူသည် အပြင်စည်းတပည့်တစ်ယောက်သာ ဖြစ်သော်လည်း မော်တယ်လောကသို့ သူခရီးထွက်သည့်အခါ လူတိုင်းက သူ့ကို အားကျရိုသေလေးစားစွာ ဆက်ဆံကြရလေ၏။

သူသည် ‌မော်တယ်များ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်ပေးနိုင်လေ၏။

သူသည် အပြင်စည်းတပည့်တစ်ယောက်သာ ဖြစ်သော်လည်း ရောင်ဝါလင်းလင်တိမ်နန်းတော်၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသောအခါ အခြားဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်နေလျှင်တောင် သူနှင့်တွေ့သည့်အခါ သူ့ကို လေးစားမှု ပြပေးကြရလေ၏။(ဂိုဏ်း၏ အရှိန်အဝါကြောင့်)

ဇောင်ဒင်းယွမ်သည် ဤခံစားချက်ကို လွန်စွာ နှစ်သက်သဘောကျလေ၏။

သို့သော် တစ်ခုခုတော့ လိုနေသေး၏။

ဇောင်ဒင်းယွမ်သည် သူရရှိနေသော ခံစားခွင့်များနှင့် ပတ်သတ်၍ ကျေနပ်သဘောကျမိသည့် အခါတိုင်း မြင်ကွင်းတစ်ခုက သူ့စိတ်အာရုံထဲသို့ အလိုအလျောက် ဝင်ရောက်လာလေ၏။

ထိုညက လမသာခဲ့ပေ။ သူသည် အစိမ်းရောင်ဝတ်စုံနှင့် စာပေသမား‌လေး၏ အရှေ့တွင်  ဒူးထောက်နေရပြီး မျက်ရည်များရွှဲကာ သနားညှာတာပေးဖို့ တောင်းပန်ခဲ့ရ၏။

ဤမြင်ကွင်းက ဇောင်ဒင်းယွမ်၏ ရင်ထဲတွင် နက်ရှိုင်းစွား စူးနစ်ဝင်နေသာ စူးတစ်ချောင်းပင် ဖြစ်လေသည်။ ၎င်းသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူ့ကို နေမထိထိုင်မသာနှင့် လွန်စွာ ခံရခက်အောင် ဒုက္ခပေးနေခဲ့၏။

ဇောင်ဒင်းယွမ်း၏ ကျင့်ကြံမှုအဆင့်က မြင့်လာလေလေ ထိုမြင်ကွင်းက သူ့စိတ်အာရုံထဲတွင် ထပ်ကာထပ်ကာ ပေါ်လာလေ ဖြစ်လာ၏။

သူသည် မည်သည့်‌အောင်မြင်မှုများကို ရရှိလာပါစေ၊ စာပေသမားလေးက သူ့အား အရှက်ခွဲခဲ့သော ထိုညက အဖြစ်အပျက် မှတ်ဉာဏ်များကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ပေ။

ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို ရောက်လာပြီးနောက် ဇောင်ဒင်းယွမ် သိလာရသည်မှာ သူသည် ဤစူးကို ရအောင် မနုတ်နိုင်ပါက သူ့စိတ်သည် မိစ္ဆာအခြေအနေသို့ ကျရောက်သွားနိုင်ပေသည်။

ဖြေရှင်းဖို့ကတော့ ရိုးရှင်း၏။ သူသည် ပင်ယန်းမြို့သို့ ပြန်သွားရမည်ဖြစ်ပြီး ထိုစာပေသမားလေးနှင့် သူ့တစ်မိသားစုလုံးကို ရှင်းပစ်ရပေမည်။

ယခုမှာတော့ ထိုအချိန်အခါက ကျရောက်လို့လာပေပြီ။

ဇောင်ဒင်းယွမ်မှာ မြေကမ္ဘာအဆင့် စိတ်ဝိညာဉ်ရင်းမြစ်ရှိ၏။ သူသည် အဆင့်၈ ချီစုဖွဲ့စစ်သည်တော်အဖြစ်ကို နှစ်နှစ်အတွင်း ရောက်ရှိခဲ့‌၏။ သူ၏ ကျင့်ကြံမှု အမြန်နှုန်းက သူတို့ဂိုဏ်းရှိ အခြား‌သော ကျင့်ကြံသူများကြားမှာပင် ထိပ်တန်းအဆင့်မှာ ရှိလေ၏။

သူနှင့်အတူ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ရှမ်မန်းကီမှာက ‌ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ် ရှိလေသည်။ သူမသည် ယခုအခါ ပကတိချီစုဖွဲ့စစ်သည်တော်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး အခြေတည်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

“ငါက စီနီယာအစ်ကရှမ်ကိုတော့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ဆိုတာလဲ မဆိုးပါဘူးလေ.. ဟဲဟဲ.. ငါထင်တာတော့ ပင်ယန်းမြို့တစ်မြို့လုံးမှာ ချီစုဖွဲ့စစ်သည်တော် တစ်ယောက်တောင် ရှိမှာ မဟုတ်လောက်ဘူး”

သူ့‌ရှေ့မှ တည်ရှိနေသော ပင်ယန်းမြို့ကို လှမ်းကြည့်၍ ဇောင်ဒင်းယွမ်၏ သွေးများက ဆူပွက်လာ၏။ သူသည် အလိုလို ရယ်မိလာလေ၏။

ဇောင်ဒင်းယွမ် ဤနေရာသို့ ရောက်လာခြင်းမှာ ဆူမိသားစုကို ရှင်းလင်းပစ်ဖို့ရုံသာမက ဆူဇီမိုကို သူ့ရှေ့တွင် ဒူးထောက်ခိုင်းပြီး ကောင်းကောင်းနှိပ်စက်ရပေလိမ့်မည်။ ဒါ့အပြင် ပင်ယန်းမြို့၏ အကျဉ်းထောင်ကို ဖျက်ဆီးပစ်ပြီး သူ့ကို အရှက်ခွဲ နှိပ်စက်ခဲ့သော အကျဉ်းထောင်စောင့်ကိုလည်း သတ်ရပေမည်။

“ဒါနဲ့.. ဆူဇီမိုရဲ့ ညီမလေးက အတော်လေး ကြည့်ကောင်းသား.. ဒီကောင်မလေးကိုတော့ သတ်လို့မဖြစ်ဘူး.. ဟီးဟီး”  ဇောင်ဒင်းယွမ်သည် တဏှာစိတ်များ ထကြွလာပြီး ရယ်ချလိုက်လေ၏။

ပင်ယန်းမြို့သို့ ဇောင်ဒင်းယွမ် ရောက်ရှိချိန်တွင် ညသန်းခေါင်အချိန်ကို ရောက်နေပေပြီ။

ညက မှောင်မိုက်နေပြီး လေရူးများက တိုက်ခတ်နေ၏။ ၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက ညနှင့် သိပ်ကွာခြားမှု မရှိလှပေ။

လမ်းမထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ပေ။ ဇောင်ဒင်းယွမ်သည် ဓါးပျံကို ထိန်းချုပ်လိုက်ပြီး ဆူဇီမို၏ အိမ်ရှေ့သို့ ရောက်လာခဲ့၏။

လွန်ခဲ့တဲ့နှစ်နှစ်.. ဆူဇီမိုကို လုပ်ကြံသတ်ဖြတ်ဖို့ လာတုန်းက သူသည် အိမ်ထဲကို ဝင်ဖို့ အတွက်ကို အုတ်တံတိုင်းကို ခိုးကြောင်ခိုးဝှက်ဖြင့် ကျော်တက်ခဲ့ရ၏။ ယခုအခါမှာတော့ သူသည် အိမ်ထဲသို့ ပြောင်ပြောင်တင်းတင်းပင် ကျော်ဝင်လိုက်၏။

ပိုပြီး သိကျအောင် ပြောရလျှင် သူသည် အိမ်ထဲသို့ ပျံသန်း၍ ဝင်ရောက်လိုက်ခြင်း ဖြစ်လေ၏။

ဓါးပျံစီးနင်းလာသော သူ့ကို မြင်တွေ့ရလျှင် ဆူဇီမိုတစ်ယောက် မည်သို့ မည်ပုံ ဖြစ်သွားမည်ဆိုတာကို သူသိချင်လှပေသည်။

သူ ကြောက်လန့်ပြီးတော့ ကြက်သေ,သေသွားမလား။

သူ ဒူးထောက်ချပြီးတော့ သနားညှာတာပေးဖို့ ရှိခိုးတောင်းပန်နေမလား။

ဇောင်ဒင်းယွမ်သည် တစ်စိမ့်စိမ့်တွေးရင် ပီတိဖြာနေလေ၏။

ဇောင်ဒင်းယွမ်သည် ခြံဝန်းထဲသို့ ရောက်လာပြီး ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။

၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ကလိုပင်။ နွေးဦးရာသီ ဖြစ်၏။ မက်မွန်ပင်ကြီးကလည်း ခြံဝန်းထဲတွင် အရင်ပုံစံအတိုင်း ရှိနေ၏။ ပန်းများက ဖူးပွင့်နေပြီး ပွင့်ဖတ်ပွင့်ခတ်များက မြေပေါ်သို့ ပြန့်ကျဲကျနေ၏။

တစ်ခုတည်းသော ပြောင်းလဲမှုမှာ မက်မွန်ပင်ကြီး၏အောက် ကျောက်စားပွဲပေါ်တွင် ဆေဘာတစ်ချောင်းနှင့် လေးတစ်လက်ကို တင်ထားခြင်း ဖြစ်လေ၏။

ထိုအချိန်တွင် ကျီကနဲ မြည်သံတစ်ခု ထွက်ပေါ်လာ၏။

အခန်းများထဲမှ အခန်းတစ်ခန်း၏ တံခါးချပ်က ပွင့်သွားပြီး အစိမ်းရောင်ဝတ်စုံနှင့် စာပေသမားလေးတစ်ယောက်က ထွက်လာ၏။

အစိမ်းရောင်ဝတ်စုံနှင့်စာပေသမားသည် တည်ငြိမ်အေးချမ်းသောပုံစံနှင့် ဝိုင်တစ်ပုလင်းကို လျှောက်လာ၏။ သူသည် ခြံဝန်းထဲရှိ ကျောက်စားပွဲရှိရာသို့ သွား၍ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး ပုဂံလုံးလေးနှစ်ခွက်ထဲသို့ ဝိုင်များကို ငှဲ့ထည့်လိုက်၏။ သူသည် လေထဲတွင် ရပ်နေသော ဇောင်ဒင်းယွမ်ကို ကြည့်၍ တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။

“လာထိုင်ဗျာ.. ကျုပ် ခင်ဗျားကို ဝိုင်နဲ့ ဧည့်ခံပါ့မယ်”

ဇောင်ဒင်းယွမ်သည် မှင်တက်သွား၏။

သူတို့နှစ်ယောက် တွေ့ဆုံမှုမြင်ကွင်းကို သူအမျိုးမျိုး ပုံဖော်စဉ်းစားခဲ့၏။ သို့သော် ယခု သူ့ရှေ့မှ မြင်ကွင်းက သူစဉ်းစားထားတာ တစ်ခုမျှနှင့် မတူချေ။

သူ မတုန်လှုပ်ဘူးလား။

သူ မကြောက်ဘူးလား။

သူ သနားညှာတာပေးဖို့ အသနား မခံဘူးလား။

အစိမ်း‌ရောင်ဝတ်စုံနှင့်စာပေသမားလေး၏ ထူးမခြားနားအမူအယာနှင့် အေးဆေးတည်ငြိမ်မှုက သူ့စိတ်ကို ဆွပေးနေပြီး သတ်ဖြတ်ချင်စိတ်က ပြင်းပြလာ၏။

“မင်း ဘာတွေ လာပြီး ဟန်‌ဆောင်ပြနေတာလဲ”

ဇောင်ဒင်းယွမ်သည် ပမာမခန့် ရယ်လိုက်၏။ သူသည် ဆူဇီမိုကို စစ်ဆေးကြည့်ရှုပြီးသွားပေပြီ။ သူမှာ စိတ်ဝိညာဉ်ချီ ရှိမနေပေ။

အဲ့ဒါက နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့သော်လည်း ဆူဇီမိုသည် မော်တယ်တစ်ယောက်အဖြစ်နှင့်သာ ရှိနေသေးသည်ဟု ဆိုလိုလေသည်။

ဇောင်ဒင်းယွမ်သည် အကြောက်အလန့်မရှိ ခြံဝန်းထဲသို့ ဆင်းသက်လိုက်ပြီး ကျောက်စားပွဲနားကို လျှောက်လာကာ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်၏။

“မင်းက တစ်နေ့နေ့ ငါပြန်လာမယ်ဆိုတာ ကြိုသိနေသလိုပဲ.. ဟုတ်တယ်မလား”

“ဒါပေါ့” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်နှစ် .. ငါမင်းကို လွှတ်ပေးလိုက်တဲ့ အချိန်ကတည်းက တစ်ရက် မင်းပြန်လာမယ်ဆိုတာ ငါသိသားပဲ”

“ဟားဟား.. စာပေပညာရှင်တွေက တစ်ကယ် ဉာဏ်ကောင်းတာပဲ”

ဇောင်ဒင်းယွမ်က ရယ်ချလိုက်ပြီး သူ့မျက်လုံးများက သရော်မှုကို ဖော်ပြနေ၏။ ထို့နောက် သူသည် လေသံကို ပြန်ပြောင်းလိုက်ပြီး

“သို့ပေမယ့်လဲပဲ.. မင်းတို့ ပြောပြောနေတဲ့ အဲ့ဒီဉာဏ်ရည်တွေက ငါအတွက်တော့ ကလေးကလားဆန်လွန်းတယ်ကွာ” ဟု လှောင်ပြောင်လိုက်၏။

ဇောင်ဒင်းယွမ်သည် ဆူဇီမိုတစ်ယောက် ဘယ်အချိန်မှာ မျက်နှာပျက်ယွင်းလာမလဲဟု သတိထား ကြည့်နေ၏။

နောက်ဆုံး သူသာလျှင် စိတ်ပျက်သွားရ၏။

ဆူဇီမိုက တစ်ချိန်လုံး တည်ငြိမ်နေ၏။ သူ့မျက်လုံးများက ကြည်လင်ရှင်းသန့်နေပြီး အနည်းငယ်တောင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားတာမျိုး မရှိပေ။

‌ဇောင်ဒင်းယွမ်းက ခြောက်ကပ်စွာ ပြုံလိုက်၏။

“ကံကြမ္မာက တစ်ကယ် အံ့သြဖို့ ကောင်းတယ်ကွ သိလား.. လွန်ခဲ့တဲ့ နှစ်နှစ်က.. ပင်ယန်းမြို့က လူမိုက်တစ်‌ယောက်က အကြီးအကျယ် ပြောင်းလဲသွားပြီး ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ဖြစ်လာမယ်လို့ ဘယ်သူက တွေးမိမှာလဲ.. အို ဒါနဲ့.. ချီစုဖွဲ့စစ်သည်တော်ဆိုတာ ဘာလဲဆိုတာရော မင်းသိရဲ့လား”

ဇောင်ဒင်းယွမ်သည် ဆူဇီမိုကို သွေးတိုးစမ်း ရန်စသလို ကြည့်နေလိုက်၏။

ဆူဇီမိုသည် စိတ်ခံစားချက်တစ်ချို့ဖြင့် သက်ပြင်းချ၍ ခေါင်းညိတ်လိုက်၏။

“ဒါပေ့ါ.. အကြီးအကျယ် ပြောင်းလဲသွားတာပဲ”

“အခုအချိန်မှာ ငါ ဘာလို့ ပြန်လာခဲ့တာလဲ မင်းသိလား”  ဇောင်ဒင်းယွမ်က မျက်ခုံးပင့်၍ မေးလိုက်၏။

“ပြောပါဦး ဘာလို့ပါလိမ့်”

“လွန်ခဲ့တဲ့နှစ်နှစ်.. ဒီလိုရာသီ ဒီလိုည ဒီနေရာမှာပဲ..  ငါတို့နှစ်ယောက်ပဲ.. ဒါပေမယ့်....”

ဇောင်ဒင်းယွမ်သည် သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်ကို ဆက်လက်ဖုံးကွယ်မထားတော့ဘဲ အေးစက်စွာ ပြောလိုက်လေ၏။

“ဒီည ရလဒ်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်လာလိမ့်မယ်”

ဆူဇီမိုသည် ပြုံး၍ ဝိုင်ခွက်ကို ရုတ်တရတ် ဇောင်ဒင်းယွမ်ဘက်သို့ တွန်းပို့ပေးလိုက်၏။ သူသည် ခေါင်းညိတ်ပြ၍ ပြောလိုက်လေ၏။

“လုပ်ပါ သောက်လိုက်ပါဦး”

“အမ်”

ဇောင်ဒင်းယွမ်တစ်ယောက် အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်လာ၏။ ဆူဇီမိုသည် ဤမျှလောက်ထိ တည်ငြိမ်နေစရာ အကြောင်းမရှိပေ။

သူ့ရှေ့မှ ဝိုင်ခွက်ကို ကြည့်ပြီး ဇောင်ဒင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုက ဝင်လာလေ၏။ သူသည် ရုတ်တရတ် ပြုံးလိုက်ပြီး

“ဒုတိယသခင်လေးဆူ.. ကျူပ်ထင်တာတော့ ဒီဝိုင်ခွက်က တစ်ခုခုပဲလို့ ထင်တယ်”

“မင်းရဲ့ အားကိုးက ဒါပေါ့လေ.. ဟီးဟီး.. စိတ်တောင်မကောင်းဘူး.. ငါ အဲ့ဒါကို သတိထားမိသွားပြီ”

ဇောင်ဒင်းယွမ် တွေးမိသည်မှာ ဆူဇီမိုသည် ဝိုင်ထဲတွင် အဆိပ်ခတ်ထားပြီး သူ့ကို သောက်ဖို့ အတင်းလောဆော်နေတာဟုပင်။

“ဝိုင်က ပုံမှန်ပါပဲ.. ဒါပေမယ့် ဝိုင်ရဲ့ နာမည်ကတော့ တစ်ခုခုပဲ”  ဆူဇီမိုက ခေါင်းခါလိုက်၏။

“ဘာနာမည်မို့လဲ”  ဇောင်ဒင်းယွမ်သည် အလိုအလျောက် မေးလိုက်မိ၏။

“တမလွန်သို့ သွားရာလမ်း”

ဆူဇီမိုသည် ခေါင်းကို မတ်လိုက်ပြီး ဇောင်ဒင်းယွမ်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်၏။

“အဲ့ ဝိုင်တစ်ခွက်သောက်ပြီးတာနဲ့ ငါမင်းကို တမလွန်ကို ပို့ပေးပါ့မယ်”

ဤအသံကို ကြားရပြီးနောက် ဇောင်ဒင်းယွမ် ကျောရိုးတစ်လျှောက် ချမ်းသွား၏။ ယခု ဆူဇီမို သူ့ကို ကြည့်နေပုံက လွန်ခဲ့သည့် နှစ်နှစ်တုန်းကညကို ပြန်လည် အမှတ်ရလာစေ၏။

All Chapters