နုလုံးကို မြားပေါင်းများစွာ ဖောက်ဝင်ခြင်း
Vol. 4 Ch. 58
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၈ - နုလုံးကို မြားပေါင်းများစွာ ဖောက်ဝင်ခြင်း
ဘာသာပြန်သူ - သန်းတိုးအောင်
ဇောင်ဒင်းယွမ်သည် အကြီးအကျယ် တုန်လှုပ်သွားပြီး ထခုန်လိုက်၏။ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး ခါးမှ သိုလှောင်အိတ်ဆီသို့ လက်က ရောက်သွားကာ သုန်မှုန်သော မျက်နှာထားနှင့် ရှိနေလေ၏။
“စိတ်လျှော့ စိတ်လျှော့စမ်း”
ဇောင်ဒင်းယွမ် သူ့ကိုယ်သူ ပြန်လည် အားပေးလိုက်၏။
“ငါက အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ပဲ.. ငါက အကြီးအကျယ် ပြောင်းလဲသွားပြီ.. လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကနဲ့ ဘာမှ မဆိုင်တော့ဘူး.. ငါက စာပေသမားလေးက ခြိမ်းခြောက်တာကို မခံရသင့်ဘူးလေ.. သူက မော်တယ်တစ်ယောက်ပဲကို .. ဘာများ လုပ်နိုင်စွမ်း ရှိမှာမို့လဲ”
“မင်း မသောက်တော့ဘူးလား”
ဆူဇီမိုက ခေါင်းခါပြီး ပြုံးလိုက်၏။
“မင်း အခု မသောက်ဘူးဆိုရင် နောက်ဘယ်တော့မှလဲ သောက်နိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး”
“မင်းက ငါ့ကို လာပြီး ဖြဲခြောက်နေတာပဲ”
ဇောင်ဒင်းယွမ်က တစ်ချက်အော်လိုက်ပြီး သိုလှောင်အိတ်ကို လက်ဖြင့် တစ်ချက်ပုတ်လိုက်၏။ ဓါးပျံတစ်ချောင်းက ထွက်လာပြီး သူ့လက်ချောင်းထိပ်ကနေ ဝိညာဉ်ချီတစ်ချို့ ပို့လွှတ်လိုက်သောအခါ ဓါးပျံက လင်းလက်တောက်ပလာ၏။
အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်။
“ဇီ!”
ဇောင်ဒင်းယွမ်သည် ဓါးပျံလက်ထဲ ရောက်လာသောအခါ အနည်းငယ် ပြန်လည်တည်ငြိမ်သွားပြီး ရှေ့သို့ လက်ဖြင့် ညွှန်လိုက်၏။ ဓါးပျံက အလင်းတန်းတစ်ခုလို ဆူဇီမိုထံ ပြေးဝင်သွားလေ၏။
ဆူဇီမို တစ်လက်မမျှ လှုပ်ရှားမှု မရှိပေ။ သူက တရားဘာဝနာ ပွားများနေသော ဘုန်းတော်ကြီး တစ်ပါးလိုပင်။
ဓါးပျံက ဆူဇီမို၏ နဖူးရှေ့ တစ်လက်မလောက်အကွာတွင် ရပ်တန့်သွား၏။ ဆူဇီမိုကတော့ အေးဆေးတည်ငြိမ်စွာပင် ရပ်နေပြီး မျက်တောင်ပင် တစ်ချက်ခတ်မသွားပေ။
ဆူဇီမိုသည် အကြောက်လွန်ပြီး ကြက်သေ,သေနေတာ ဖြစ်ရမည်ဟု ဇောင်ဒင်းယွမ်က တွေးလိုက်၏။ သူက ကြောက်စရာကောင်းစွာ သွားဖြဲရယ်လိုက်ပြီး
“ဆူဇီမို မင်းအခုနေ ငါ့ကို ခြေသလုံးဖက်ပြီး တောင်းပန်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးလို့ရသေးတယ်နော်” ဟု ခြိမ်းခြောက်ကြည့်လိုက်၏။
“ဒီနေရာမှာ မင်းအတွက်မှားနေတာ တစ်ခုရှိနေတယ်လို့ ငါထင်တယ်”
ဆူဇီမိုက သူ့လက်ကို ဆန့်ထုတ်၍ သူရှေ့က ဓါးပျံကို ဆုပ်ကိုင်လိုက်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေ၏။ “တူညီတဲ့နေရာ.. တူညီတဲ့ရာသီ.. တူညီတဲ့ည.. ငါတို့နှစ်ယောက်ပဲ.. ပြီးတော့ ရလဒ်ကလဲ သိပ်အများကြီး ခြားနားသွားမှာ မဟုတ်ဘူး”
ထက်ရှသော အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်ကို ဆူဇီမိုက လက်ဝါးဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင် ဇောင်ဒင်းယွမ်၏ မျက်လုံးထဲတွင် မလိုမုန်းထား အငြိုးများက ဝင်ရောက်လာလေ၏။
သူက အရူးပဲ။
ဆူဇီမိုက ဆက်ပြောလိုက်၏။
“အဲ့ဒီမှာ ပြောင်းလဲမှု ရှိမယ်ဆိုရင်တောင် .. အဲ့ဒါက.. လွန်ခဲ့တဲ့ နှစ်နှစ်က ငါ မင်းကို လွှတ်ပေးခဲ့တယ်.. ဒီညတော့ ငါ မင်းကို ထွက်သွားခွင့်ပေးမှာ မဟုတ်တော့ဘူး”
“လခွမ်းပဲ.. မင်းက အခုချိန်ထိ သောက်အဓိပ္ပါယ်မရှိ၊ ပေါက်တတ်ကရတွေ ပြောနေသေးရဲတယ်ပေါ့.. မင်းလက်တစ်ဖက်ကို ငါအရင် နုတ်နုတ်စင်းပြမယ်”
ဇောင်ဒင်းယွမ်သည် အော်ဟစ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ရက်စက်မှုများက ပေါ်ပေါက်လာ၏။ သူသည် ဆူဇီမို၏ ဓါးပျံကို ကိုင်ထားသောလက်ကို အပိုင်းပိုင်းပြတ်ကျသွားစေရန် ဓါးပျံကို လည်ပတ်သွားစေဖို့ စိတ်ဝိညာဉ်ချီဖြင့် ထိန်းချုပ်၍ အားစိုက်ထုတ်လိုက်၏။
ထိုအချိန်မှာပင် ဆူဇီမို၏ လက်ဖဝါးက ဓါးပျံကို ရစ်ပတ်ဆွဲလိုက်၏။
ဖောက်!
ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီး ဇောင်ဒင်းယွမ်သည် တုန်လှုပ်သွားလေ၏။
အဲ့ဒီမှာ သူမျှော်လင့်ထားသလို အသားစများ သွေးများက ထွက်ပေါ်မလာပေ။
ဆူဇီမို၏ လက်က အကောင်းပကတိပင် ရှိနေ၏။
ဇောင်ဒင်းယွမ်ကို ပိုပြီး အံ့အားသင့်စေတာက သူသည် ဓါးပျံကို ထိန်းချုပ်လို့ မရတော့ခြင်းပင်။
ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
နောက်တစ်ခဏ၌ ဇောင်ဒင်းယွမ်သည် တုန်လှုပ်နေရာက ထိတ်လန့်သွေးပျက် ကြောက်ရွံ့ခြင်းသို့ ရောက်လာလေ၏။
ဆူဇီမိုက လက်ဝါးကို တင်းတင်းကြပ် ဆုပ်လိုက်သောအခါ ဓါးပျံက သူ့လက်ထဲတွင် ငြိမ်သက်စွာ ဝပ်နေပြီး အက်ကွဲရာများက ပေါ်လာလေ၏။
ဆူဇီမိုသည် သူ့လက်ကို ဖြန့်ထုတ်လိုက်သောအခါ ဓါးပျံသည် အပိုင်းပိုင်း ကျိုးပဲ့သွားပြီး မြေပေါ်သို့ ပြန့်ကျဲကျသွားလေ၏။
အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခုက ဘာမှ သုံးစားမရတော့ပေ။
ဇောင်ဒင်းယွမ်သည် တစ်ဖြည်းဖြည်း အေးစက်ခက်ထန်လာသော ဆူဇီမို၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ့နုလုံးသားက ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
နောက်ဆုံး သူနားလည်လိုက်၏။ နှစ်နှစ်တာ ကာလက ကုန်ဆုံးသွားခဲ့၏။ သူသည် အဆင့်၈ ချီစုဖွဲ့စစ်သည်တော် တစ်ယောက် ဖြစ်လာခဲ့သလို၊ သူ့ရှေ့က ဒုတိယသခင်လေးဆူကလည်း အရင်တုန်းကလို နုနုနယ်နယ် စာပေသမားလေးတစ်ယောက် မဟုတ်တော့ပေ။
သူသည် ရုတ်တရတ် ဆူဇီမို စောစောပြောခဲ့သော အကြီးအကျယ် ပြောင်းလဲသွားပြီ ဟူသော စကားကို နားလည်သဘောပေါက်လာ၏။ ဆူဇီမို၏ ထိုစကားက သူ့ကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ဆူဇီမိုက သူ့ကိုယ်သူ ရည်ညွှန်းနေခြင်း ဖြစ်ပေလိမ့်မည်။
ကျောက်စားပွဲပေါ်က ဝိုင်ခွက်က တစ်ကယ်ပဲ သူ့ကို တမလွန်သို့ ပို့ပေးပေတော့မည်။
ဆူဇီမိုသည် သူ၏ အသွေးအသားလက်ဝါးဖြင့် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို ဘယ်လိုကြောင့် ချိုးဖျက်နိုင်စွမ်း ရှိတာလဲ သူ ဘယ်လိုမှ စဉ်းစားလို့ မရချေ။
ယခု သူ့မှာ ထိုအရာကို စဉ်းစားနေချင်စိတ်လဲ မရှိချေ။
အခုလောလောဆယ် သူ့တွင် ရှိနေသော တစ်ခုတည်းသော အတွေးမှာ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ဖို့ပင်။
ဇောင်ဒင်းယွမ်သည် သူ့သိုလှောင်အိတ်ထဲကနေ နောက်ထပ် ဓါးပျံတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ဤတစ်ခုက စိတ်ဝိညာဉ်လက်နက်တုတစ်ခုသာ ဖြစ်လေသည်။
ရောင်ဝါလင်းလက် တိမ်နန်းတော်၏ အပြင်စည်းတပည့်တစ်ယောက် အနေနှင့် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်နိုင်ခြင်းမှာပင် တော်တော် ကံကောင်းလှနေပေပြီ။ ယခုတော့ ထိုလက်နက်မှာ ဆူဇီမို၏ လက်ချက်ဖြင့် ပျက်ဆီးသွားချေပြီ။
ဇောင်ဒင်းယွမ်သည် ဓါးပျံပေါ်ကို တက်၍ လေထဲသို့ ပျံတက်လိုက်၏။
သူထွက်သွားရင်းနှင့် ဇောင်ဒင်းယွမ်သည် အနောက်ကို တစ်ချက် ပြန်လှည့်ကြည့်လိုက်၏။
ဆူဇီမိုသည် အေးအေးဆေးဆေးပင် ထိုင်နေပြီး ကျောက်စားပွဲပေါ်က ဝိုင်ခွက်ကိုယူသောက်လိုက်၏။ ထို့နောက် သူသည် ဆေဘာရှည်ကို ခါးတွင် ချိတ်လိုက်ပြီး မြားကျည်တောက်ကို ကျောမှာ လွယ်လိုက်ကာ မျှော်လင့်ချက်လေးကို လက်ထဲမှာ ဆုပ်ကိုင်လိုက်၏။
ဇောင်ဒင်းယွမ်သည် တံတွေးကို မျိုချလိုက်ပြီး အကြောအခြင်များက တောင့်တင်းလာ၏။ သူသည် အားအင်ကို အစွမ်းကို အသုံးချ၍ ဓါးပျံကို ထိန်းချုပ်မောင်းနှင်လိုက်ပြီး မြန်မြန်ဝေးဝေး ရောက်စေရန် အရှိန်တင်လိုက်၏။
သူ့နားထဲတွင် လေတိုးသံများက တဝီတီမြည်လာ၏။ လေများက တိုးဝေ့တိုက်ခတ်လာသောအခါ သူသည် ချမ်းတုန်လာလေ၏။ ဘယ်အချိန်တည်းကပင် မသိတော့ဘဲ အေးစက်စက်ချွေးများက ထွက်နေလေ၏။
ဇောင်ဒင်းယွမ်သည် ပင်ယန်းမြို့ထဲကနေ ချက်ခြင်း ထွက်လာခဲ့၏။
ရှေ့ခပ်လှမ်းလှမ်းတွင် ကန်းလန်ရိုးမ ရှိလေသည်။ ၎င်းသည် ပိန်းပိတ်အောင် မှောင်မိုက်နေပြီး စိတ်ဝိညာဉ်တောကောင်များ၏ ဟိန်းဟောက်သံများကိုပင် ဝိုးတဝါး ကြားနေရ၏။
ဇောင်ဒင်းယွမ်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စိတ်အေးလက်အေး ပြန်ဖြစ်လာ၏။
ဤအချိန်မှာပင် ဇောင်ဒင်းယွမ်သည် သူ့အနောက်ဘက်မှ အေးစက်သောအသံတစ်သံကို ကြားလိုက်ရ၏။
“မင်း မှတ်မိသေးရဲ့လား.. လွန်ခဲ့တဲ့နှစ်နှစ်.. မင်းဒူးထောက် အသနားခံနေတုန်းက .. ကျိန်ဆိုခဲ့တာကိုလေ”
ဇောင်ဒင်းယွမ်သည် ဤအသံကို ကြားရချိန်တွင် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူသည် ဓါးပျံထိန်းးချုပ်မှုတွင် သတိလက်လွတ်ဖြစ်သွားပြီး ဟန်ချက်ပျက်ကာ လေထဲကနေ ပြုတ်ကျတော့မလို့ပင်။
ဆူဇီမို!
ဒါ ဆူဇီမိုရဲ့ အသံပဲ!
ဘယ်လို ဖြစ်ရတာလဲ။
သူက ဘယ်လိုဖြစ်လို့ မီအောင် လိုက်လာနိုင်ရတာလဲ။
ဇောင်ဒင်းယွမ်၏ မျက်နှာက သွေးဆုတ်သွားပြီး ချွေးစေးများက စီးကျလာလေ၏။ သူသည် ရှိသမျှအားကုန်ထည့်၍ ဓါးပျံကို မြန်သထက်မြန်စေရန် ထိန်းချုပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်လေ၏။
ဆူဇီမိုက သူ့အနောက်တည့်တည့်မှာပင်။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေပြီး ဒီအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်လာသလိုပင်။ သို့သော်လည်း သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေ ၂၀ / ၃၀ လောက်ကို ရောက်လာလေ၏။
“သူ.. သူက ခွန်အားအပြည့်ကို သုံးလာနေတာတောင် မဟုတ်ဘူးပဲ”
ဤသည်ကို တွေးတောလိုက်ပြီးနောက် ဇောင်ဒင်းယွမ်သည် ရေခဲမြစ်ထဲနှစ်မြုပ်သွားသလို တစ်ကိုယ်လုံး ချမ်းတုန်လာလေ၏။
ဆူဇီမို၏ အသံက တစ်ဖန် ထွက်ပေါ်လာပြန်လေ၏။
“လွန်ခဲ့တဲ့ နှစ်နှစ် ညက.. မင်းကျိန်ဆိုခဲ့တယ်လေ.. မင်းက ကံကောင်းလို့ အင်မော်တယ်ဂိုဏ်းထဲကို ဝင်ရောက်ခွင့် ရခဲ့ရင်တောင် .. ငါ့ကို လက်စားလာမချေပါဘူးလို့လေ.. ကတိဖောက်ဖျက်ခဲ့ရင်.. မင်းနုလုံးသားကို မြားအစင်းပေါင်းများစွာ ဖောက်ဝင်ပြီး အသေဆိုးနဲ့ သေရပါစေလို့ ကျိန်ဆိုခဲ့တယ်မလာ”
“ကောင်းပြီလေ.. အဲ့လိုဆိုမှတော့လဲ.. ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့”
ဤစကားသံကို ကြားပြီးနောက် ဇောင်ဒင်းယွမ်းသည် ကျောက်စားပွဲမှာ ဘာကြောင့် လေးတစ်လက် တင်ထားရသလဲဆိုတာ နောက်ဆုံး နားလည်သွားလေတော့၏။
“မ..မလုပ်ပါနဲ့”
ဇောင်ဒင်းယွမ်သည် အနောက်ကို လျှင်မြန်စွာ လှည့်ကြည့်လိုက်၏။ သူ့ပါးစပ်က စကားဟရုံ ရှိသေးသည်၊ အရိပ်မည်းများက သူ့ရှေ့မှောက်သို့ ရောက်ချလာပေပြီ။
ဝျှစ် ဝျှစ် ဝျှစ် !
မြားဆယ့်လေးငါးချောင်းက လေထဲကနေ တစ်ချောင်းပြီးတစ်ချောင်း ဖြတ်သန်းလာလေ၏။
ဖောက်!
ဇောင်ဒင်းယွမ်၏ ရင်ဘတ်က စူးရှစွာ နာကျင်သွားပြီး သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးက ခွန်အားများ ယုတ်လျော့သွားပြီး လေထဲကနေ ပြုတ်ကျလာလေ၏။
ဇောင်ဒင်းယွမ်သည် မြေပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားပြီး ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။ သူသည် ရွှံဖုန်များဖြင့် လူးသွားပြီး သူ့ပြုတ်ကျရာ မြေပြင်က သွေးများဖြင့် ရဲသွားလေ၏။
“အီ..”
ဇောင်ဒင်းယွမ်သည် ခေါင်းငုံ့ပြီး သူ့ရင်အုပ်ကို ကြည့်လိုက်၏။
သွေးများက ပေကျံလူးနေ၏။ သူ့ရင်အုပ်တွင် ပုဂံလုံးအရွယ်လောက် အပေါက်ကြီးတစ်ပေါက် ရှိနေ၏။ သူ့နုလုံးက မြားဆယ့်လေးငါးချောင်း၏ လက်ချက်ဖြင့် စုတ်ပြတ်ပေါက်ထွက်ကာ မရှိတော့ပြီလေ။
နုလုံသားကို မြားအစင်းပေါင်းများစွာ ဖောက်ဝင်ခြင်း!
အရာအားလုံးကို ကံကြမ္မာကို ကြိုတင် ပြဌာန်းသတ်မှတ်ထားသလိုပင်။
လေပြည်လေညင်းလေးများက တိုက်ခတ်နေ၏။ ဇောင်ဒင်းယွမ်သည် သူ့ရှေ့တွင် အစိမ်းရောင်ဝတ်ရုံစ တစ်စက လေညင်းလေးများကြောင့် တစ်ဖျတ်ဖျတ်လွင့်ခါနေတာကို တွေ့လိုက်ရ၏။
ဇောင်ဒင်းယွမ်သည် မြေပြင်တွင် လဲနေပြီး သူ့ရှေ့က ဆူဇီမိုကို မော့ကြည့်လိုက်၏။ သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးက ပေါ်လာ၏။ ထို့နောက် သူ၏ ဗလုံးဗထွေး စကားသံများက ထွက်ပေါ်လာလေ၏။
“ငါ.. ငါက ရောင်ဝါလင်းလက်.. တိမ်နန်းတော်ကပဲ.. မင်း ငါ့ကို သတ်လိုက်တဲ့အတွက်.. မင်းလဲ ပြေးလို့လွတ်မှာ မဟုတ်ဘူး.. တစ်..နေ့.. ပကတိကန်းလန်က .. မင်းကို လာရှာလိမ့်မယ်”
ဆူဇီမိုက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြုံးပြလိုက်၏။
“သူ င့ါကို လာမရှာခင်.. ငါ သူ့ကို အရင်သွားရှာမှာပါ.. မင်းကတော့ အရင်ပေါ့.. ပြီးမှ ပကတိကန်းလန်ကို ထပ်ပို့ပေးလိုက်မယ်”
ဤစကားကို ကြားပြီးနောက် ဇောင်ဒင်းယွမ်သည် ဇာတ်လည်ကျသွားကာ အသက်ပါသွားလေတော့၏။
ဆူဇီမိုသည် ဇောင်ဒင်းယွမ်၏ ခါးမှ သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်ပြီး သိမ်းထားလိုက်၏။ ထို့နောက် သူသည် အလောင်းကို ဆွဲယူကာ ရှေ့သို့ အနည်းငယ် သွားလိုက်ပြီး ကန်းလန်ရိုးမအတွင်းသို့ ပစ်ထည့်လိုက်လေ၏။
ဇောင်ဒင်းယွမ်၏ အလောင်းကို စိတ်ဝိညာဉ်တောကောင်များ ဝါးမျိုစားသောက်သွားဖို့ နေ့တစ်ဝက်တောင် ကြာလိုက်မှာ မဟုတ်ပေ။
အလောင်းကို ရှင်းပစ်လိုက်သည့်အတွက် ဤအမှု၏ သဲလွန်စသည် ဘာတစ်ခုမျှ မကျန်တော့ပေ။
ယနေ့ည ဖြစ်ခဲ့သော အရာကို မည်သူမျှ သိနိုင်တော့မှာ မဟုတ်ပေ။