← Chapters

မြူလွှာများကို ဖောက်ထွက်ခြင်း

Vol. 4 Ch. 60

မြူလွှာများကို ဖောက်ထွက်ခြင်း

Vol. 4 Ch. 60

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၆၀ - မြူလွှာများကို ဖောက်ထွက်ခြင်း

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

အချိန်အတော်ကြာပြီးနောက် ကစားပွဲက ပြီးဆုံးသွား၏။

ရှုံးနိမ့်သွားသော တစ်ယောက်က စိတ်မပါတပါဟန်ဖြင့် လက်ကာပြလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ငါ ဒီနေ့ သိပ်စိတ်မပါဘူးကွာ.. ဒီနေ့တော့ မင်းကို အနိုင်ပေးလိုက်မယ်.. မနက်ဖြန်ကျမှ နောက်တစ်ပွဲ ထပ်ကစားကြတာပေါ့”

ထိုအကြီးအကဲသည် လက်ကို နောက်ပစ်၍ ရွာထဲသို့ စိတ်အေးသက်သာစွာဖြင့် လျှောက်ဝင်သွားလေ၏။

ကျန်ခဲ့သော အကြီးအကဲတစ်ယောက်က ပါးနီနီနှင့် တက်ကြွဟန် ပေါက်လေ၏။ သူသည် စစ်တုရင်ခုံကို ကောက်သိမ်းလိုက်ပြီး ဆူဇီမိုကို ပြုံး၍ ကြည့်လိုက်ရင်း ပြောလိုက်၏။

“အင်း.. မင်းလောက် စိတ်ရှည်တဲ့ လူငယ်တွေကတော့ မရှိသလောက်ပဲ.. လာလာ .. ရွာထဲကို ဝင်ကြရအောင်”

“ကျေးဇူးတင်ပါတယ် အဖိုး”

ဆူဇီမိုသည် သူ၏ ကျေးဇူးတင်ရှိမှုကို ပြသကာ အကြီးအကဲ၏ နောက်သို့ ပြုံး၍ လိုက်လာခဲ့၏။

လမ်းတွင် ဆူဇီမိုသည် ရွာသားအချို့ဘေးကနေ ဖြတ်ကျော်လာခဲ့၏။ သူတို့သည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူတို့ လုပ်နေလက်စကို ပြန်လုပ်နေလိုက်ကြ၏။ သူစိမ်းများ ဝင်လာတတ်ခြင်းက ဒီရွာမှာ ပုံမှန် ဖြစ်နေကြလိုပင်။

“ဒီမှာ အခန်းအပိုတော့ မရှိတော့ဘူး ကောင်လေး.. ထင်းတဲမှာ အိပ်ရမယ်ဆိုရင်ရော မင်း အဆင်ပြေပါ့မလား”  အကြီးအကဲက မေးလိုက်၏။

“ကျတော် အဆင်ပြေပါတယ်ဗျ”  ဆူဇီမိုက ပြုံး၍ ပြန်ဖြေလိုက်၏။

ကောင်းကင် တစ်ဖြည်းဖြည်း မှောင်စပြုလာ၏။ လူကြီးများသည် ညစာ စားပြီးနောက် ရွာထဲတွင် စိတ်အေးလက်အေးဖြင့် လမ်းလျှောက်နေကြ၏။ အမျိုးသမီးတစ်ချို့ကတော့ အဝတ်ချုပ်ခြင်း၊ ဖာထေးခြင်းတို့ကို ပြုလုပ်နေကြလေ၏။

သူတို့သည် လက်တွေ့ကျကျ၊ ရိုးရှင်း၊ အေးချမ်းသော ဘဝမှာ နေထိုင်ကြလေ၏။

ဤနေရာက နတ်ဝှက်ထားသော ရွာတစ်ခုလိုပင်။ မည်သည့် ခိုက်ရန် ဖြစ်ပွားမှုများလည်း မရှိဘဲ.. သူတို့၏ မျက်နှာပေါ်တွင် ကျေနပ်ရောင့်ရဲသော အပြုံးများကိုသာ ဆင်မြန်းထားကြ၏။

ဆူဇီမိုသည် ထင်းတဲပေါက်ဝနားတွင် ထိုင်နေပြီး မြင်ကွင်းများကို တိတ်တဆိတ် ကြည့်ရှုနေ၏။ သူသည် သူ့စိတ်ထဲက အတွေးများအာလုံးကို လွှတ်ချလိုက်သောအခါ ခရီးစဉ်တစ်လျှောက် သူခံစားခဲ့ရသော ပင်ပန်နွမ်းနယ်မှုများက ပြေလျော့သွားလေ၏။

ကောင်းကင်က တစ်ဖြည်းဖြည်းနှင့် မှောင်လာပေပြီ။ လရောင်က တောက်ပနေပြီး ကြယ်လေးများလည်း ရှိနေ၏။

အမျိုးသားများ၊ အမျိုးသမီးများ၊ အဖိုးအဖွားများသည် နားနေရန် သူတို့အခန်းများသို့ ဝင်ကုန်ကြပြီဖြစ်ပြီး လမ်းမထက်တွင် ကစားနေကြသော အဆော့သန်တက်ကြွသည့် ကလေးများသာ ကျန်ရှိလေတော့သည်။

ဆူဇီမိုသည် မတ်တပ်ရပ်၍ ထင်းတဲလေးထဲသို့ ဝင်လိုက်ပြီး အိပ်ဖို့ လုပ်လိုက်၏။

ထိုအချိန်မှာပင် ရွာထဲကို ပြန်ဝင်လာသော ကလေးများမှ တက်ကြွချိုမြသည့် အသံများက ထွက်ပေါ်လာလေ၏။

“အင်မော်တယ်တွေရဲ့ ခြေရာ.. ဘယ်နေရာမှာ .. ရှာမှာလဲ!  ဆန်းကြယ်တောင်ထွတ်နေရာကို ခပ်လှမ်းလှမ်းက  ကြည့်ကြ ကြည့်ကြ!  မြူတွေဆိုင်းတဲ့ အလယ်ဟာ အင်မော်တယ်တွေရဲ့ တည်နေရာ!”

“အမ်”

ဆူဇီမိုသည် တံခါးကို တွန်းဖွင့်လိုက်ပြီး အသံထွက်ရာဘက်သို့ တန်းသွားလိုက်၏။

မလှမ်းမကမ်းတွင် အသက် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်သည် သူ့ရှိရာဘက်သို့ မြူထူးခုန်ပေါက်လာ၏။

ဆူဇီမိုသည် ခဏစဉ်းစားလိုက်ပြီးနောက် ရှေ့ကို လမ်းလျှောက်သွားလိုက်၏။ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြုံး၍ မေးလိုက်၏။

“ကလေး.. မင်း စောစောအော်လိုက်တဲ့ ဆိုရိုးလေ.. အဲ့ဒါကို ဘယ်ကနေ ကြားခဲ့တာလဲ”

“ဘယ်သူက စပြောခဲ့တာလဲ”

ကလေးသည် သူ့ခေါင်းကို ဘေးဘက်ငဲ့လိုက်ပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

“ကျတော်လဲ မသိဘူးလေ.. ဒါပေမယ့် အဲ့ဒါကို ကျတော်တို့ အကုန်လုံး ရကြတယ်”

“အဲ့ဒါက ကလေးတွေ ရွတ်တဲ့ ဆိုရိုးလား” ဆူဇီမိုသည် စဉ်းစားနေ၏။

“အစ်ကိုကြီး .. အစ်ကိုကြီးက အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံချင်တာလား” ကလေးက ပြန်မေးလိုက်၏။

“ဒါပေါ့” ဆူဇီမိုက ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။ “မင်းက ဘယ်လို သိသွားရတာလဲ”

ကလေး၏ မျက်လုံးထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်များက ဖြတ်‌ပြေးသွား၏။ ကလေးသည် သူ့လျှာကို ကိုက်လိုက်ပြီး

“အစ်ကိုကြီးလိုမျိုးလူတွေ နှစ်တိုင်း ဒီနေရာကို လာနေကြတာပဲ.. ဒါပေမယ့်လဲ ဘယ်နှစ်ယောက်ကများ အင်မော်တယ်တွေဆီကို ရောက်အောင်သွားနိုင်လို့လဲ.. ဟဟ”

“သူတို့ဆီရောက်အောင် ငါ ဘယ်လိုသွားရမလဲ” ဆူဇီမိုသည် စိတ်ဝင်စားသွားပြီး မေးလိုက်၏။

“ကျတော်လဲ မသိဘူးလေ” ကလေးက နှုတ်ခမ်းစူပြီး ခေါင်းခါလိုက်၏။

ဆူဇီမိုသည် မသိမသာ ပြုံးလိုက်၏။ သူသည် ထွက်သွားတော့မလို့ မတ်တပ်ရပ်မယ် ကြံနေတုန်းမှာပင် အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်လာလေ၏။ သူသည် ကလေးကို ဆက်မေးလိုက်၏။

“အင်မော်တယ်တွေရဲ့ ခြေရာ ဘယ်နေရာမှာ ရှာမှာလဲ.. ဆန်းကြယ်တောင်ထွတ်နေရာကို ခပ်လှမ်းလှမ်းက ကြည့်ကြ ကြည့်ကြ ဆိုတော့ မြူတွေ ဒီလောက်ဆိုင်းနေတာကို ဆန်းကြယ်တောင်ထွတ်ကို ဘယ်လိုလုပ် မြင်ရမှာလဲ”

“အဲ့ဒါက လွယ်ပါတယ်”

ကလေးက ခေါင်းမော့၍ ဝင့်ကြွားစွာ ‌ပြောလိုက်၏။

“နောက်ထပ် ရက်နည်းနည်းကြာရင် မြူတွေက တစ်ဖြည်းဖြည်း ပါးသွားလိမ့်မယ်.. အစ်ကိုကြီး ဒီနေရာကနေ မတ်တပ်ရပ်ကြည့်မယ်ဆိုရင် တောင်ထွတ်တစ်ခုကို ခပ်ရေးရေး မြင်ရလိမ့်မယ်.. ဒါပေမယ့်နော် အဲ့ဒါက သုံးရက်လောက်ပဲ ရမှာ.. အစ်ကိုကြီး အဲ့ဒါကို လွဲသွားရင်တော့ ထပ်ပြီး မြင်ရတော့မှာ မဟုတ်ဘူး”

ဆူဇီမိုသည် ရွှင်မြူးသွား၏။

ဆန်းကြယ်တောင်ထွတ်ကို သူမြင်နေရသမျှ သူသည် ထိုနေရာသို့ ကြည့်၍ လျှောက်သွားနိုင်လေသည်။

မြူလွှာကို ဖြတ်ကျော်နိုင်တာနှင့် သူသည် ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်နိုင်လိမ့်မည်ဟူ၍ ဆူဇီမို မထင်ပေ။ အဲ့ဒါက အစသာ ရှိပေဦးလိမ့်မည်။

ဆူဇီမိုသည် ရွာထဲတွင် ခုနှစ်ရက်ကြာ နေခဲ့၏။

ခုနှစ်ရက်မြောက်နေ့တွင် ထူထဲနေသော မြူလွှာက တစ်ဖြည်းဖြည်း ပါးလာပြီး မိုးထိတိုင်း ငွားငွားစွင့်စွင့် မြင့်မားနေသော ခမ်းနားတင့်တယ်သည့် တောင်တစ်တောင်ကို ဝိုးတဝါး လှမ်းမြင်လိုက်ရလေ၏။

ဆူဇီမိုသည် ရွာသားများကို နှုတ်ဆက်ပြီးနောက် မြူလွှာကြားသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လိုက်လေ၏။

မြူလွှာများထဲ ရောက်သွားသောအခါ အသိစိတ် အာရုံများက လေးလံထိုင်းမှိုင်းရီဝေလာ၏။ အရှေ့အနောက်က တစ်လှည့်စီပြောင်းလဲနေသည်ဟု ဆူဇီမို ထင်လာမိ၏။ သူသည် တစ်ခါတစ်ရံ နောက်ကြောင်းပြန်လှည့်နေရသလို ခံစားရမိ၏။

မြူလွှာများက ပါးလာသည်နှင့်အမျှ သူသည် ခပ်လှမ်းလှမ်းမှ တောင်ထွတ်တစ်ခုကို ခပ်ရေးရေး မြင်လာရ၏။

ဆူဇီမိုသည် သူ့အသိစိတ်အာရုံကနေ လာ‌သော မှားယွင်းသည့် ထင်မြင်ချက်များကို ဘေးချိတ်ထားလိုက်၏။ သူသည် ခပ်ရေးရေး မြင်နေရသော တောင်ထွတ်ကိုသာ ကြည့်ကာ ဦးတည်လျှောက်လိုက်၏။

ရုတ်တရတ်ဆိုသလို..

မြူလွှာ အနက်ပိုင်း တစ်နေရာမှ တစ်ရှဲရှဲ အသံများက ထွက်ပေါ်လာ၏။ ၎င်းအသံက ကြောက်ရွံ့ထိတ်လန့်စရာပင်။ ၎င်းသည် စိတ်ဝိညာဉ်တောကောင်များ မြက်တောထဲတွင် လှုပ်ရှားသွားလာနေသော အသံနှင့် တူလှ၏။

၎င်းအသံက နီးသလက်နီးလာ၏။

ခပ်ဖျော့ဖျော့ သွေးညှီနံ့က သူ့ကို လွှမ်းခြုံလာ၏။

“အမ်”

ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ ခြေလှမ်းကို ရပ်လိုက်ပြီး အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်လိုက်၏။

သူသည် အတန်ကြာ ‌စောင့်နေသော်လည်း မည်သည့် စိတ်ဝိညာဉ်တောကောင်ကမှ ထွက်မလာခဲ့ပေ။

ထိုခံစားချက်က ထူးဆန်း၏။

ဆူဇီမို၏ အာရုံခံသတိစိတ်က အန္တရာယ်ကို မခံစားမိပေ။

သို့သော်လည်း သူသည် အသံများကို နားဖြင့် သေချာကြားလိုက်ရပြီး ထွက်‌ပေါ်လာသော တောကောင်အော်ရာကိုလည်း အာရုံခံမိ၏။ ဆူဇီမိုသည် ကန်းလန်ရိုးမတွင် တစ်နှစ်ကြာ ကျင်လည်ခဲ့၏။ ဒီလိုအသံ၊ ဒီလိုအော်ရာမျိုးက မှားစရာ အကြောင်းမရှိပေ။

“တစ်ခုခုပဲ”

ဆူဇီမိုသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ‌ရှေ့သို့ ဆက်သွားလိုက်၏။

“ဝေါင်း!”

များမကြာမီ ကျားဟိန်းသံတစ်သံက ထွက်ပေါ်လာ၏။ ၎င်းသည် နားကွဲမတတ် ကျယ်လောင်နေပြီး ကြောက်မက်စရာ အော်ရာက ထွက်ပေါ်နေ၏။ ၎င်းစိတ်ဝိညာဉ်တောကောင်က လွန်စွာ စွမ်းအားကြီးပုံရ၏။ ၎င်းသည် စိတ်ဝိညာဉ်သားရဲအဆင့်သို့ပင် ရောက်နေနိုင်လေသည်။

ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

ဓမ္မဓိဌာန်ကျကျ ပြောရလျှင် စွမ်းအားကြီးသော စိတ်ဝိညာဉ်တောကောင် သို့မဟုတ် စိတ်ဝိညာဉ်သားရဲသည် သူ့‌ရှေ့တွင် ရှိနေပါက ထိုအရာကို သူ့အာရုံခံသတိစိတ်က သေချာ‌ပေါက် သတိထားမိပေလိမ့်မည်။

သို့သော်လည်း ထူးဆန်းစွာဖြင့် သူ့အာရုံခံသတိစိတ်က ဘာကိုမှ မထောက်လှမ်းမိပေ။ သူ့အာရုံငါးပါးကတော့ အန္တရာယ်ဟု သူ့ကို ပြောနေ၏။

ဒီလိုဆိုမှ‌တော့ ဖြစ်နိုင်ခြေက နှစ်ခုသာလျှင် ရှိတော့သည်။

ပတ်ဝန်းကျင်ရှိ ရစ်သိုင်းနေသော မြူလွှာများကြောင့် သူ့အာရုံခံသတိစိတ်က အလုပ် မလုပ်‌တော့တာ သို့မဟုတ် သူ့အာရုံငါးပါးက ရှုပ်ထွေးနောက်ကျိသွားပြီး မှားယွင်းစွာ အာရုံခံမိနေတာ ဖြစ်ရပေမည်။

အဖြေကတော့ ရှင်း၏။

ဤနည်းလမ်းများက အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ကျင့်ကြံလိုစိတ်ရှိသော်လည်း စိတ်ဓါတ်ပျော့ညံ့သူများကို ခြောက်ထုတ်လိုသော‌ကြောင့် အာရုံများကို မှားယွင်းသွားအောင် လုပ်နေခြင်း ဖြစ်ရပေမည်။

မြူလွှာ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီးနောက် ဆူဇီမိုသည် ပြုံးလိုက်၏။ သူသည် ပတ်ဝန်းကျင်မှ ကြားနေရသော အသံဗလံများကို လျစ်လျူရှုလိုက်ပြီး များစွာဂရုမစိုက်တော့ဘဲ မြူလွှာများကြားသို့ တိုးဝင်လိုက်လေ၏။

ဆူဇီမိုသာ သူ့မှာ အာရုံခံသတိစိတ် မရှိခဲ့လျှင် သူသည် ထိတ်လန့်ကြောက်ရွံ့နေပြီး ခြေတစ်လှမ်းချင်း သတိကြီးစွာထား၍ သွားနေရပေမည်။

ဆူဇီမိုသည် မြူလွှာများကြား လျှောက်လှမ်းနေရင်း သူ့အရှိန်ကို ထပ်မံတင်လိုက်ပြန်၏။ သူ့ရှေ့ရှိ သွင်ပြင်များက တစ်ဖြည်းဖြည်း ရှင်းလင်းလာလေ၏။

သူ့မျက်လုံးထဲတွင် မြင်လာရသည်မှာ သစ်ပင်ဝါးပင်က စိုပြေတောက်ပနေ၏။ ရေများက ကြည်လင်နေပြီး တောင်တန်းများက စိမ်းလန်းနေ၏။ ၎င်းသည် ရှင်သန်နိုင်စွမ်း အပြည့်နှင့်ပင်။ သူသည် အင်မော်တယ်လောကသို့ ရောက်ရှိသွားသလို ခံစားလာရ၏။

ရှေ့မလှမ်းမကမ်းတွင် ကျောက်သားဂိတ်တံခါးပေါက်တစ်ခု ရှိနေ၏။

ကျောက်သားဂိတ်တံခါး၏ အနောက်ဘက်တွင် အစိမ်းရောင်ကျောက်တုံးများဖြင့် ပုံဖော်ခင်းကျင်းထားသော တောင်တက်လမ်းတစ်ခု ရှိနေ၏။

ကျောက်သားဂိတ်တံခါး၏ တစ်ဖက်တစ်ချက်တွင် တာအိုကို ကျင့်ကြံသော လိမ်မာပါးနပ်ပုံရသည့် ကလေးနှစ်‌ယောက်က ရပ်နေကြ၏။ တစ်ယောက်က ဝဖိုင့်ဖိုင့်နှင့်ဖြစ်ပြီး တစ်ယောက်တော့ ပိန်ပါး၏။

ဆူဇီမိုကို မြင်ချိန်တွင် ဝဖိုင့်ဖိုင့်နှင့် ကလေးက ခေါင်းညိတ်ပြုံးလိုက်၏။

“သခင်လေး.. သင်က ဒီကို ပထမဆုံး ‌ရောက်လာတဲ့သူပဲ.. ကျေးဇူးပြုပြီး စောင့်ပေးပါဦး.. ‌နောက်သုံးရက်ကြာရင် ကျတော်တို့ရဲ့ ဂိတ်တံခါးက ဖွင့်လှစ်ပြီး တပည့်လက်ခံပါလိမ့်မယ်”

ဆူဇီမိုက လောမနေပေ။ သူသည် ဘေးတစ်နေရာတွင် တိတ်တဆိတ်သွား၍ စောင့်ဆိုင်းနေလေ၏။

မြူလွှာများကြားမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေ၏။ သူတို့မျက်နှာများသည် ဖြူလျော့နေကြပြီး ချွေးသီးချွေးပေါက်များက ကျနေ၏။ သူတို့သည် ခရီးစဉ်တစ်လျှောက် များစွာ တုန်လှုပ်ထိတ်လန့်လာဟန်ပင်။

သူတို့ထဲမှ အချို့သည် ချီစုဖွဲ့စစ်သည်တော်များ ဖြစ်ကြပြီး ဓါးပျံများကို ထိန်းချုပ်ကာ မြူလွှာကြားမှ ထွက်လာကြလေ၏။ သူတို့သည် ကျောက်သားဂိတ်တံခါးကို မြင်ရသောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ချီစုဖွဲ့စစ်သည်တော်အချို့၏ အကြည့်သည် ဆူဇီမိုအပေါ်သို့ ကျရောက်လာပြီး သူ့တွင် စိတ်ဝိညာဉ်ချီ မရှိမှန်း သိလိုက်သောအခါ စိတ်အေးလက်အေး ဖြစ်သွားကြ၏။

အချို့သော ချီစုဖွဲ့စစ်သည်တော်များသည် ဆူဇီမိုရှိ လေးနှင့်ဆေဘာကို ကြည့်ပြီး လှောင်ရယ်လိုက်ကြ၏။

သုံးရက်တာ ကာလက ကုန်ဆုံးသွားပေပြီ။

All Chapters