မြူခိုးဝေဝေ စမ်းသပ်ချက်
Vol. 4 Ch. 59
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၅၉ - မြူခိုးဝေဝေ စမ်းသပ်ချက်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမိုတစ်ယောက် ပင်ယန်းမြို့ကနေ ချက်ခြင်းထွက်မသွားရခြင်းမှာ ဇောင်ဒင်းယွမ်အလာကို စောင့်နေသောကြောင့် ဖြစ်လေသည်။
ဇောင်ဒင်းယွမ်သည် ပင်ယန်းမြို့သို့ ပြန်လာပြီး ဆူဇီမိုကို ရှာမတွေ့ခဲ့လျှင် သူသည် သေချာပေါက် ဆူမိသားစုကို သွားပြီး ပြဿနာရှာပေလိမ့်မည်။
အင်ပါယာအမိန့်ပြန်တမ်းက ပတ်ဝန်းကျင်တိုင်းပြည်များကိုသာ ဟန့်တားခြိမ်းခြောက်နိုင်ပေလိမ့်မည်။ သို့သော် ၎င်းသည် ချီစုဖွဲ့စစ်သည်တော်များကိုတော့ မသေချာပေ။ ထို့အပြင် ဇောင်ဒင်းယွမ်သည် ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ရောင်ဝါလင်းလက်တိမ်နန်းတော်က ဖြစ်လေသည်။
ဇောင်ဒင်းယွမ် မသေသေးသရွေ့ ဆူဇီမိုသည် စိတ်အေးသက်သာစွာ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက ဇောင်ဒင်းယွမ်ကို ပြောခဲ့သလိုပင်၊ သူသည် ဇောင်ဒင်းယွမ်ကို လွှတ်ပေးလိုက်ကတည်းက တစ်နေ့ သူပြန်လာမည်ဆိုတာကို သိထားလေသည်။
ဆူဇီမို မသိတာက ဇောင်ဒင်းယွမ် ဘယ်အချိန်မှာ ပြန်လာမည် ဆိုတာကိုပင်။
ဘာပဲဖြစ်ဖြစ် သူစောင့်နေခဲ့၏။ အဲ့ဒါက သူသည် ဇောင်ဒင်းယွမ်၏ အန္တရာယ်ကို စိတ်ပူနေတာ ဖြစ်နိုင်သလို... သည်အိမ်၊ သည်ကျင့်ကြံရေးကွင်းနှင့် တစ်ယောက်ယောက်ကို လွမ်းဆွတ်တမ်းတ နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူသည် နှစ်ဝက်ကြာအောင် စောင့်ဆိုင်းခဲ့ရ၏။
သည်နှစ်ဝက်အတွင်း ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုး ဘုရင်၁၂ပါးရဲ့ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း၏ လေးပိုင်းမြောက်ဖြစ်သော ခြင်ဆီရှင်းလင်းခြင်း အပိုင်းကို အလောသုံးဆယ် မလေ့ကျင့်သေးပေ။ ထို့အစား သူသည် ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်းနှင့် အရိုးကြံ့ခိုင်စေခြင်းဟူသော အပိုင်းသုံးပိုင်းကိုသာ ပြန်လည် လေ့ကျင့်နေလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်သိုလှောင်ထားသော ကြက်သွေးရောင်မီးလျှံသစ်သီး၏ အဆီအနှစ်များကို ဆုပ်ယူသန့်စင်နေခဲ့၏။
ဆူဇီမိုသည် အဆင့်တစ်ခုသို့ တိုးတက်ရောက်ရှိလာပြီး ပထမဆုံး အပိုင်းသုံးပိုင်းစလုံးတွင် သာလွန်အောင်မြင်မှုကို ရရှိလုနီးပါး ဖြစ်လာခဲ့၏။
ဆူဇီမိုသည် အချိန်ရရင် ရသလို ကျင့်ကြံရေးကွင်းထဲသို့ ဝင်ရောက်ပြီး လေးပစ်လေ့ကျင့်ခဲ့သေး၏။
လေးပစ်ခြင်းမှာ နှစ်ဝက်လောက် အားသွန်ခွန်စိုက် လေ့ကျင့်ပြီးနောက် ဆူဇီမိုသည် မြားဆယ့်လေးငါးချောင်းကို တစ်နေရာထဲသို့ တိကျစွာ ပစ်လွှတ်နိုင်လာလေ၏။
ယခုအခါ ဇောင်ဒင်းယွမ်ကို သတ်ပြီးပြီ ဖြစ်သောကြောင့် ဆူဇီမိုသည် ပင်ယန်းမြို့မှာ ထပ်နေစရာ မလိုတော့ပေ။ ဘာကြောင့်ရယ်မသိ.. သူသည် တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။
ဆူဇီမိုသည် သူ့အိမ်သို့ ပြန်သွားခဲ့၏။ သူသည် တံခါးရှေ့၌ ရပ်နေပြီး မလှမ်းမကမ်းမှ မက်မွန်ပင်ကြီးကို ကြည့်ကာ သူ့မျက်လုံးများက ဝေဝါးလာ၏။ သူသည် အဲ့ဒီနေရာမှာ အချိန်အတော်ကြာသည့်အထိ မတ်တပ်ရပ်နေမိ၏။
တိမ်ညိုတိမ်မည်းများက မျောလွင့်သွားပြီး လရောင်က ကြည်လင်တောက်ပလာ၏။ မက်ပွန်ပင်ကြီးမှ ပွင့်ဖတ်ပွင့်ခတ်များက တစ်ဖွားဖွားလွင့်ကျနေ၏။ ညက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလိုပင်၊ သို့သော်လည်း သူမကတော့ မရှိတော့ပြီလေ။
ဆူဇီမိုသည် ထိုနေ့ညကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ သူ့ဘဝ၏ အနိမ့်ပါးဆုံးအချိန် ဒုက္ခများ ဝေနေချိန်တွင် ပွင့်ဖတ်ပွင်ခတ်များ ကျဆင်းနေသော မက်မွန်ပင်ကြီး၏ အောက်တွင် အမျိုးသမီးတစ်ယောက်သည် မတ်တပ်ရပ်နေပြီး သူ့ကို ကျင့်ကြံရေးလောကထဲသို့ ဆွဲခေါ်လာခဲ့၏။
ဆူဇီမိုသည် ပြုံးလိုက်၏။ သူသည် ခြံတံခါးကို လေးကွေးစွာဖြင့် ပိတ်လိုက်လေ၏။
ဆူဇီမိုသည် ခြံတံခါးကို ပိတ်လိုက်သလို သူ့စိတ်ထဲ တစ်ဝဲဝဲလည်လည် ဖြစ်နေသော သူ့ရဲ့ အဖိုးတန်မှတ်ဉာဏ်တံခါးကိုလည်း ယာယီ ပိတ်ထားလိုက်လေတော့၏။
သူသည် ထိုပုဂ္ဂိုလ်နှင့် ပြန်ဆုံတွေ့ရမှာသာလျှင် ထိုမှတ်ဉာဏ်တံခါးကို ပြန်ဖွင့်ရပေလိမ့်မည်။
ဆူဇီမိုသည် ထိုနေ့ကို စောင့်မျှော်ရပေဦးမည်။
အတန်ကြာသွားပြီးနောက် ကောင်းကင်က တစ်ဖြည်းဖြည်း လင်းလက်တောက်ပလာ၏။ ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်လုံးများကို ပွတ်သပ်ရှင်းလင်းလိုက်၏။ သူသည် သူ့အင်္ကျီကြားမှ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော မြေပုံတစ်ချပ်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူသည် မြေပုံကို သေချာစူးစိုက်ကြည့်လိုက်ပြီးနောက် ဦးတည်ဘက်တစ်ရပ်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းထွက်သွားလိုက်လေ၏။
သူ့အနောက်ဘက် ကောင်းကင်မှ အလင်းရောင်က ဖြာထွက်လာ၏။
နေ့သစ်တစ်နေ့က စတင်လာလေပြီ။
. . .
မဟာကျိုးအင်ပါယာ၏ အနောက်တောင်ဘက်တွင် လွန်စွာ နာမည်ကြီး ကျော်ကြားသော နေရာတစ်ခု ရှိလေသည်။
ထိုနေရာတစ်ဝိုက်တွင် တစ်နှစ်ပတ်လုံး မြူများက အုံ့ဆိုင်းနေ၏။ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်မည်ဆိုလျှင် ထိုနေရာသည် မရေမတွက်နိုင်သော ခန့်မှန်းမရသည့် တိမ်လွှာများဖြင့် လွှမ်းခြုံထားသည်ဟု ထင်ရလေ၏။ ၎င်းသည် သိမ့်မွေ့နက်နဲနေပြီး မော်တယ်ကမ္ဘာနှင့် မတူပေ။
စူးစမ်းချင်ကြသော လူများသည် တစ်ခါက ထိုမြူများထဲသို့ ဝင်ရောက်ရှာဖွေခဲ့ကြ၏။ သို့သော် နောက်ဆုံးမှာတော့ ထိုလူများသည် သူတို့ စဝင်ခဲ့သော နေရာသို့သာ ပြန်ရောက်လာခဲ့၏။
အချိန်ကြာသည်နှင့်အမျှ အနားနားရှိ ရွာများသည် ထိုနေရာက အင်မော်တယ်များ အခြေစိုက်နေထိုင်ရာ နေရာတစ်ခုဖြစ်ပြီး မော်တယ်များကို ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားကြောင်း သိရှိလိုက်ရ၏။
နှစ်စဉ်နှစ်တိုင်းတွင် အနီးနားရှိရွာသားများသည် ထူထဲသော မြူလွှာများကြားမှ တောင်ထွတ်တစ်ခုကို ရက်အနည်းငယ်ကြာ မြင်ရလေ့ ရှိကြ၏။ ၎င်းသည် မိုးထိတိုင် ငွားငွားစွင့်စွင့် မြင့်မားနေပြီး ခမ်းနားတင့်တယ်လှပနေလေ၏။
ထိုရက်များအတွင်းတွင် ရွာသားများသည် တောင်ထွတ်ရှိရာဘက်သို့ ဒူးထောက်ထိုင်ချ၍ ရာသီဥတုမှန်ဖို့၊ သီးနှံများ အထွက်တိုးဖို့၊ ကျန်းမာရေးကောင်းဖို့ စသည်ဖြင့် ဆုတောင်းလေ့ ရှိကြလေ၏။
ဤနေ့တွင် အစိမ်းရောင်ဝတ်ရုံနှင့်စာပေသမားတစ်ယောက်သည် ထိုနားက ရွာတစ်ရွာသို့ ရောက်လာခဲ့၏။
သူ့ကို စာပေသမားလို့ သေချာပေါက် ခေါ်လို့တော့ မရချေ။
ထိုလူ၏ ရုပ်ရည်က ချောမောလှပ၏။ သို့သော် သူ၏ ခါးတွင် ဆေဘာတစ်လက်ရှိနေပြီး ကျောတွင် လေးတစ်လက်ကို လွယ်ထား၏။ သူ၏ အသွင်အပြင် အဆင်အယင်က နည်းနည်းတော့ ကြောင်တောင်တောင် နိုင်လေသည်။
ဤအစိမ်းရောင်ဝတ် စာပေသမားက ပင်ယန်းမြို့ကနေ ထွက်လာခဲ့သော ဆူဇီမိုပင် ဖြစ်လေတော့၏။
ကျိယောင်ရွှယ် ထင်မိတာ မှန်လေ၏။ ဆူဇီမိုသည် တစ်ကယ်လည်း ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ဖို့ တွေးနေခဲ့တာပင်။
တစ်ဖက်မှာ ကျိယောင်ရွှယ်က ဆန်းကြယ်တောင်သည်သည် လျှို့ဝှက်အသိရခက်သည်ဟု ပြောခဲ့သောကြောင့် ၎င်းက သာမန်ထက် ထူးခြားရပေမည်။
အခြားတစ်ဖက်မှာတော့ ဆန်းကြယ်တောင်ထွတ်သည် ယန်တိုင်းပြည်နှင့် အနီးဆုံးဖြစ်သောကြောင့် အရေးအကြောင်းရှိလာလျှင် ဆူဇီမိုသည် သူ့အစ်ကိုကြီးကို သွားရောက် အကူအညီပေးနိုင်ပေမည်။
မြေပုံထဲတွင် ဆန်းကြယ်တောင်ထွတ်၏ တည်နေရာသည် ခန့်မှန်းခြေ အကြမ်းဖျင်းသာ ရေးမှတ်ထားလေ၏။ ဆူဇီမိုသည် ထိုနေရာသို့ ရောက်လာသည်နှင့် မြူနှင်းများက ထူထပ်စွာ ရစ်သိုင်းနေပြီး တိကျသော တည်နေရာကို မရှာဖွေနိုင်တော့ပေ။
ဆူဇီမိူသည် တစ်နေကုန် လျှောက်နေသော်လည်း နောက်ဆုံး နေရာတစ်ခုတည်းကိုသာ ပြန်၍ ရောက်လာခဲ့၏။ သူသည် လမ်းစပျောက်နေပေပြီ။
ဆူဇီမိုသည် ထူထပ်သောမြူများကို ထွင်းဖောက်မမြင်နိုင်ပေ။ သူ၏ အမြင်အာရုံအရ ဆယ်မီတာလောက်ထိသာ မြင်ရလေသည်။
ဤနေရာက ဝင်္ကပါတစ်ခုလိုပင်။ သူသည် မြူနှင်းများကြား လှည့်ပတ်လျှောက်သွားနေရပြီး ထွက်ပေါက်ကို ရှာမတွေ့နိုင်ပေ။
“ထူးဆန်းတယ်”
ကျိယောင်ရွှယ်က သူ့ကို ပြောခဲ့ဖူး၏။ ဆန်းကြယ်တောင်ထိတ်ကို ဝင်ရောက်ဖို့ ကြိုးစားရခြင်းသည် အခြားသောဂိုဏ်းများကို ဝင်ရောက်ရခြင်းထက် ပိုခက်လေ၏။ အဆင့်မြင့်သော စိတ်ဝိညာဉ်ရင်းမြစ် ရှိရမည့်အပြင် များစွာသော စမ်းသပ်ချက်များကို ဖြတ်ကျော်ဖို့လည်း လိုလေသည်။ အဆင့်မြင့် ချီစုဖွဲ့စစ်သည်တော် အတော်များများပင် ဆန်းကြယ်တောင်ထွတ်ကို မဝင်ရောက်နိုင်ကြပေ။
သို့သော်လည်း ထိုအရာကပင် ဆန်းကြယ်တောင်ထွတ်သည် ဆူဇီမို၏ စိတ်ကို ဆွဲဆောင်နေခြင်း ဖြစ်လေသည်။
ရောင်ဝါလင်းလက်တိမ်နန်းတော်လိုမျိုး စိတ်ဝိညာဉ်ရင်းမြစ် တစ်ခုတည်းကိုသာ ကြည့်ပြီး ရွေးချယ်မည်ဆိုလျှင် ဆူဇီမိုအတွက် ထိုဂိုဏ်းက ဘာမျှ ထူးခြားတာ မရှိဟု ခံစားမိပေမည်။
“ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်နိုင်ဖို့ ငါ နဲနဲတော့ အားပိုစိုက်ရမယ် ထင်ပါရဲ့”
ဆူဇီမိုသည် ခပ်ရေးရေး ခန့်မှန်းမိလိုက်၏။ ယခု သူ့ရှေ့မှ မြူလွှာသည် ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ဖို့အတွက် မဖြစ်မနေ ဖြတ်ကျော်ရမည့် ပထမဆုံး စမ်းသပ်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။
သူသည် ဤစမ်းသပ်ချက်ကိုမှ မဖြတ်ကျော်နိုင်လျှင်၊ ဆန်းကြယ်တောင်ထွတ်ကိုမှ မြင်အောင် မကြည့်နိုင်လျှင် ဂိုဏ်းကို ဝင်ရောက်နိုင်ဖို့လည်း မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။
အချိန်ကလင့်လာပြီ ဖြစ်သောကြောင့် ဆူဇီမိုသည် ညဘက် နားနေအိပ်စက်ဖို့ နေရာတစ်ခု ရှာရပေတော့မည်။ မြူခိုးလွှာကို ဖြတ်ကျော်ဖို့အတွက်ကတော့ မနက်ဖြန်ရောက်မှ တစ်မျိုးတစ်ဖုံ ထပ်မံ စဉ်းစားရပေတော့မည်။
သူ့ရှေ့က မြူလွှာကို ဖြတ်သန်းနိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှိရပေမည်။ အစီအစဉ်မရှိဘဲ စွတ်ရမ်းသွားနေလို့ကတော့ အချိန်ကုန်လူပန်းတာသာ အဖတ်တင်ပေလိမ့်မည်။
ရှေ့မလှမ်းမကမ်းတွင် ရွာငယ်လေး တစ်ရွာရှိ၏။ အမျိုးသမီးတစ်ယောက်သည် ညစာအတွက် ချက်ပြုတ်ပြင်ဆင်နေပြီး အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်က ထင်းခွဲနေ၏။ မုဆိုးတစ်ယောက်က သားကောင်ကို ထမ်း၍ အိမ်ကို ပြန်လာနေပြီး အကြီးအကဲနှစ်ယောက်က ရွာအဝင်ဝတွင် ငုတ်တုတ်ထိုင်နေကြ၏။ သူတို့ ရှေ့တွင် စားပွဲတစ်လုံးချထားပြီး ထိုအပေါ်တွင် စစ်တုရင်ခုံတစ်ခုံ ရှိနေ၏။ ရွာထဲက ကလေးများကတော့ ဟိုဟိုသည်သည် ပြေးလွှားဆော့ကစားနေကြလေ၏။
ဤအရာသည် ပျော်ရွှင်ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
ဆူဇီမိုသည် ဤမြင်ကွင်းကို ကြည့်၍ ရင်ထဲတွင် နွေးထွေးသွားသလို ခံစားရ၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုက ပေါ်လာပြီး သူသည် ရွာဘက်သို့ ခပ်သွက်သွက် လျှောက်လှမ်းသွားလိုက်၏။
“အဖိုးတို့.. ကျတော်ကတော့ ဆူဇီမိုပါ.. ယန်တိုင်းပြည်က လာပါတယ်.. ကျတော်မှာ ဒီညအတွက် နားခိုစရာနေရာ မရှိလို့ အဖိုးတို့ရွာမှာ တစ်ညလောက် တည်းခိုခွင့်ပြုပါလားခင်ဗျာ” ဆူဇီမိုသည် ရွာထိပ်သို့ ရောက်သောအခါ စစ်တုရင်ကစားနေသော အကြီးအကဲနှစ်ယောက်ကို ဂါဝရပြု ဦးညွှတ်၍ ခွင့်တောင်းလိုက်လေ၏။
အကြီးအကဲနှစ်ယောက်က သူပြောတာကို ကြားရဟန်မတူချေ။ သူတို့၏ အာရုံကို စစ်တုရင်ကစားပွဲတွင်သာ စိုက်ထားကြလေ၏။
ဆူဇီမိုသည် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ ခွင့်တောင်းလိုက်၏။
အကြီးအကဲနှစ်ယောက်က သူ့ကို လှည့်ပင် မကြည့်ပေ။ သူတို့နှစ်ယောက်သည် စစ်တုရင်ကောင် တစ်ကောင်စီကို လက်ထဲတွင် ကိုင်ထားကြပြီး စစ်တုရင်ခုံကို အာရုံစူးစိုက်ကြည့်နေကြ၏။ သူတို့သည် လုံးဝ အတည်ပေါက်ကြီးဖြင့် ရံဖန်ရံခါမှသာ တစ်ကွက်ထရွှေ့ကြလေလ၏။
ဆူဇီမိုသည် အိုးတိုးအမ်းတမ်း ဖြစ်သွား၏။
အကြီးအကဲနှစ်ယောက်က ပြန်မဖြေသောကြောင့် ဆူဇီမိုသည် ရွာထဲသို့ အတင်း ဝင်ရောက်လိုက်လျှင် ရိုင်းရာကျပေလိမ့်မည်။
ဆူဇီမိုသည် ပြုံးလိုက်ပြီး လှည့်ထွက်ဖို့ လုပ်လိုက်၏။
သူ့စွမ်းရည်အရ ကြုံရာနေရာမှာ တစ်ညတာ အိပ်စက်ဖို့က ဘာမျှ မပြောပလောက်ပေ။
ဒီည ဒီရွာမှာ သူတည်းခိုလိုရခြင်းမှာ ဆူဇီမိုသည် မခံစားရတော့သည်မှာ ကြာပြီဖြစ်သော နွေထွေးမှုကို ဤရွာလေးတွင် သူ ခံစားရမိသောကြောင့် ဖြစ်လေသည်။
ဆူဇီမို ထွက်သွားတော့မည့်ဆဲဆဲမှာပင် သူ့မျက်လုံးက စစ်တုရင်ခုံပေါ်သို့ အလိုအလျောက် ကြည့်မိသွား၏။
ကစားပွဲက ပြင်းထန်နေ၏။ နှစ်ဖက်စလုံးသည် အနိုင်အရှုံး လွန်ဆွဲနေသော အခြေအနေမှာ ရောက်နေ၏။ တစ်ချက်မှားသွားတာနှင့် ချက်ခြင်းရှုံးနိမ့်သွားနိုင်လေသည်။
ဆူဇီမိုသည် သူ့မှာ တစ်ခြား ဘာမှလဲ လုပ်စရာ မရှိတာကြောင့် ဤကစားပွဲကို ပြီးအောင်ကြည့်ပြီးမှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ဘေးကနေ ရပ်၍ သူတို့ ကစားတာကို ကြည့်နေလေ၏။