စိတ်ဝိညာဉ်ရင်းမြစ် စမ်းသပ်အဆင့်
Vol. 5 Ch. 61
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၆၁ - စိတ်ဝိညာဉ်ရင်းမြစ် စမ်းသပ်အဆင့်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
သုံးရက်အတွင်း ကျောက်သားဂိတ်တံခါးရှေ့တွင် လူငါးရာကျော် စုဝေးရောက်ရှိလာကြ၏။ အများစုမှာ ကျင့်ကြံရေးလမ်းကြောင်းပေါ်ကိုပင် စတင်ခြေမချရသေးသော မော်တယ်များဖြစ်ကြပြီး ချီစုဖွဲ့စစ်သည်တော်များကတော့ နှစ်ဒါဇင်လောက် ပါလေ၏။
သုံးရက်ကြာပြီးနောက် သူတို့နောက်ရှိ မြူလွှာများသည် ထူထပ်အုံ့မှိုင်းရစ်ဆိုင်းလာလေ၏။
အခုချိန် အပြင်ဘက်မှ လူတစ်ယောက်က ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ချင်သည်ဆိုလျှင် နောက်တစ်နှစ် ဒီလိုအချိန်ကို ရောက်အောင် ပြန်စောင့်ရပေဦးမည်။
သုံးရက်တာ စောင့်ဆိုင်းကြပြီးနောက် အတော်များများသည် ပင်ပန်းနွမ်းနယ် ပျင်းရိနေကြလေပြီ။ ကျောက်သားဂိတ်တံခါးကို စောင့်ကြပ်နေသော ကလေးနှစ်ယောက်သည် ထွေရာလေးပါး စကားစမြည် ပြောဆိုနေကြ၏။
“စီနီယာအစ်ကို .. ဒီလူတွေထဲက ဘယ်လောက်များများ ဂိုဏ်းထဲကို ဝင်နိုင်မလဲဗျ”
“အများဆုံး ငါးယောက်ပေါ့”
တောအုပ်က ကျယ်ပြန့်လှပြီး ငှက်ကလေးများက တေးဆိုနေကာ စမ်းချောင်းများက တသွင်သွင် စီးဆင်းနေ၏။ ကလေးနှစ်ယောက် စကားပြောဆိုနေသော အသံသည် သဘာဝအသံများအောက်တွင် တိုးညင်းပျောက်ကွယ်နေပြီး မည်သူမျှ ထိအသံကို မကြားရပေ။
ထိုအချိန် လူအုပ်ကြီးထဲတွင် လေးနှင့်ဆေဘာကို ဆောင်ထားသော စာပေသမားသည် မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် အံသြတုန်လှုပ်မှုက ဖြတ်ပြေးသွား၏။
မဟာအရိုင်းကမ္ဘာက အန္တိမနတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေရုံမျှသာ မဟုတ်ပေ။ ခန္ဓာကြံ့ခိုင်မီးဆေးခြင်းသည် အနံ့ခံအာရုံကို များစွာကောင်းလာစေ၏။ အရွတ်အသွင် ပြောင်းလဲခြင်းကတော့ အမြင်အာရုံကို တိုးမြှင့်ပေးနိုင်ပြီး အရိုးကြံ့ခိုင်စေခြင်းကို လေ့ကျင့်ပြီးနောက် အကြားအာရုံက ထက်ရှလာလေ၏။
ဆူဇီမိုသည် လူသားမျိုးနွယ်တစ်ယောက်သာ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်၏ အာရုံငါးပါးက စိတ်ဝိညာဉ်တောကောင်များထက်ပင် ထက်ရှနေသေး၏။
ကလေးနှစ်ယောက်၏ အသံက တိုးညင်းလှသော်လည်း ဆူဇီမိုသည် အားလုံးကို ပြတ်ပြတ်သားသား ကြားနေရ၏။
လူအယောက်ငါးရာမှာ ငါးယောက်ပဲ ဂိုဏ်းကို ဝင်နိုင်မှာတဲ့လား။
ဤအချိုးအစားက တစ်ရာမှာ တစ်ယောက် ဖြစ်လေသည်။ ဘယ်သူကများ စဉ်းစားမိမှာလဲ။
မူလက ဆူဇီမို တွေးမိသည်မှာ သူသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်၏ အားကိုးဖြင့် ဆန်းကြယ်တောင်ထွတ်ကို အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည် ဟူ၍ပင်။ သို့သော် အခြေအနေက ထိုအရာကိုပဲ အားကိုးနေလို့ ရတော့မည့်ပုံ မပေါ်ပေ။
ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်နိုင်ခွင့်က အလွန်အမင်း တင်းကြပ်ထားပုံရပြီး လူအများစုမှာ ပယ်ချခံရပေလိမ့်မည်။
ဆူဇီမိုသည် ဘာလုပ်သင့်သလဲ စဉ်းစားတွေးတောနေစဉ်မှာပင် ကလေးနှစ်ယောက်က ဆက်ပြောလိုက်တာကို ကြားလိုက်ရ၏။
“စီနီယာအစ်ကို ဘယ်သူတွေကများ ဖြစ်နိုင်ချေ ပိုများမယ်လို့ မင်းထင်သလဲ”
“လူတွေနဲ့ ကွဲထွက်နေတဲ့ ဟိုစုံတွဲက သိပ်တော့ မဆိုးဘူးကွ.. သူတို့နှစ်ယောက်စလုံးက အဆင့်၅ ချီစုဖွဲ့စစ်သည်တော်တွေဆိုပေမယ့်လဲ သူတို့ရဲ့ အော်ရာက ထူးခြားတယ်.. အို ပြီးတော့ ဟိုဖက်တီးလေးရောပဲ.. သူက အတော်လေး ပါးရည်နပ်ရည်ရှိပြီး ဉာဏ်ကောင်းမယ့်ပုံပဲ.. ဂျူနီယာညီငယ် သူက မင်းထက်တောင် ပိုဝနေသလိုပဲ..ဟဟ”
ဆူဇီမိုက တစ်ချက် လှမ်းကြည့်လိုက်၏။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် လူအုပ်ကြီးနှင့် ရောနှောမနေဘဲ အနည်းငယ် ကွာသော နေရာတွင် ခွဲ၍ ရပ်နေကြ၏။
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ဆူဇီမို၏ အသက်အရွယ်လောက်ပင် ဖြစ်ပြီး ဓါးတစ်ချောင်းလို ပြတ်သားသော မျက်ခုံးမွှေးနှင့် သွယ်လျသောမျက်နှာပေါက် ရှိလေ၏။ သူ့ပုံစံက မောက်မာထောင်လွှားဟန်ရပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်လုံးနှစ်လုံးကို မှိတ်၍ ရပ်နေလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သူနှင့် တူသည့်တန်သည့်လူ မရှိသလိုပင်။
‘
အမျိုးသမီးကတော့ လွန်စွာသေသပ်သည့် အဖြူရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားကာ နတ်သမီးတစ်ပါးလို ချောမောလှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားလေ၏။ သူမသည် အေးစက်စက် မျက်နှာထားနှင့် အလှပဂေးလေး ဖြစ်ပြီး ခပ်လှမ်းလှမ်းကပင်လျှင် သူမထံမှ အေးစက်မှုကို ခံစားရနိုင်လေ၏။
ဆူဇီမိုအထင်တော့ သူတို့နှစ်ယောက်၏ အေးစက်သော အမူအယာသည် အနည်းငယ် ခြားနားနေ၏။ အမျိုးသားသည် လူတိုင်းကို အဖက်မတန် အထင်သေးဟန်ဖြင့် သဘောထားပြီး အမျိုးသမီးကတော့ သူမ၏ အကျင့်ကိုက လူတွေနှင့် ရောနှောမနေချင်ရုံဟု ထင်ရလေ၏။
ဖက်တီးလေးကတော့..
ပြောရရင် သူသည် သိပ်တော့ ငယ်ပုံမရဘဲ ဆယ့်ခြောက်နှစ်ဝန်းကျင်လောက် ရှိပေမည်။ သူ့လည်ပင်းနှင့် ခါးသည် ခွဲခြားဖော်ပြ၍ မရနိုင်ဘဲ သူသည် ခြေထောက်ပေါက်နေသော ရေပုံးတစ်ပုံးနှင့် ဆင်တူနေလေ၏။ သူသည် လူအုပ်ကြီးထဲတွင် မရပ်မနားဘဲ လှည့်ပတ်လျှောက်သွားနေလေ၏။
“စီနီယာအစ်ကို.. ဟို လေးနဲ့ဆေဘာကို ဆောင်ထားတဲ့ စာပေသမားကရော.. သူ့မှာရော အခွင့်အရေး ရှိတယ်လို့ ထင်လား” ဝဖိုင့်ဖိုင့်ကလေးလေးက မေးလိုက်၏။
ကလေးနှစ်ယောက်၏ စကားဝိုင်းက သူ့အကြောင်းကို ရောက်လာသောအခါ ဆူဇီမိုသည် သိချင်သွားမိ၏။ ပိန်ပိန်ပါးပါးကလေးက သူ့ကို ဘယ်လိုမှတ်ချက်ပေးမလဲ သူအာရုံစိုက်လိုက်၏။
“ဒီလူကတော့ .. အင်း.. သူက နည်းနည်းတော့ ထူးတယ်.. သူက စာပေသမားပုံပေါက်ပေမယ့် လေးနဲ့ဆေဘာကို ကိုင်ထားတယ်.. ငါထင်မိတာတော့ သူ့လက်နက်တွေက တစ်ခုခုပဲ...”
ထိုအချိန်မှာပင် နူးညံ့ထွေးအိနေသော နေရောင်ခြည်က တောအုပ်ကို ဖြတ်၍ ကျရောက်လာ၏။
နေထွက်လာပေပြီ။
ကလေးနှစ်ယောက်သည် သူတို့၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ကျောက်သားဂိတ်တံခါးဝတွင် တင်းမာသော မျက်နှာထားနှင့် မတ်တပ်ရပ်လိုက်ကြ၏။ ပိန်ပိန်ပါးပါးကလေးက ပြောလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ရဲ့ တပည့်သား တစ်ယောက် ဖြစ်လာဖို့ဆိုရင် အဆင့်သုံးဆင့်ကို ဖြတ်ကျော်နိုင်ရမယ်.. ပထမအဆင့်ကတော့ လူကြီးမင်းတို့ သိခဲ့တဲ့အတိုင်း အင်မော်တယ် အထုံရေစက်ပါပဲ.. အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းဖို့ဆိုရင် အဲ့ဒီလူက အင်မော်တယ်လမ်းစဉ်နဲ့ အထုံရေစက်ပါလာဖို့ လိုတယ်.. လူကြီးမင်းတို့က မြူနှင်းလွှာကို ဖြတ်ကျော်ပြီး ဒီနေရာထိ ရောက်လာနိုင်ပြီဆိုတော့ အထုံရေစက်ကတော့ ပါလာပါပြီ”
“ဒုတိယအဆင့်ကတော့ စိတ်ဝိညာဉ်စမ်းသပ်အဆင့်ပဲ.. သာလွန်အဆင့်၊ မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်ရှိတဲ့ သူတွေကတော့ ဒီကျောက်သားဂိတ်တံခါးကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်.. ဖြတ်ကျော်နိုင်တဲ့ သူတွေကတော့ တတိယအဆင့်စမ်းသပ်ချက်မှာ ပါဝင်နိုင်ပါပြီ”
“တတိယအဆင့်ကိုတော့ သေခြင်းရှင်ခြင်းအဆင့်လို့ အမည်ပေးထားတယ်.. ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူတွေက ကျုပ်အနောက်မှာရှိတဲ့ ဟော့ဒီ့ ကျောက်လှေကားကို တက်ရောက်ရလိမ့်မယ်.. တောင်ထွတ်အထိ ရောက်အောင် တက်နိုင်ပြီဆိုတာနဲ့ စမ်းသပ်ချက်ကို အောင်ပြီပဲ.. အဲ့ သတိတော့ ပေးလိုက်မယ်နော်.. ဒါက အရမ်းအန္တရာယ်များတဲ့ တောင်ထွတ်ပဲ.. ခြေလှမ်းတစ်ချက်မှားသွားနဲ့ အဆုံးမဲ့ ချောက်ကြီးထဲကို ပြုတ်ကျပြီး အလောင်းတောင် ပြန်ရှာရမှာ မဟုတ်ဘူး.. ဂရုစိုက်ကြပါ နောင်ကြီးတို့.. မဖြစ်နိုင်တော့ဘူးထင်ရင် ကိုယ့်ကိုယ်ကို အရမ်းဖိအား မပေးကြပါနဲ့”
လူတိုင်းသည် ရင်ထိတ်သွားကြပြီး အကြောအခြင်များ တောင့်တင်းသွားကြလေ၏။
ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ဖို့ သူတို့ ကြိုးစားရခြင်းမှာ မသေမျိုးတစ်ယောက် ဖြစ်လိုခြင်းကြောင့် ဖြစ်လေသည်။ ဂိုဏ်းကို ဝင်ရောက်ဖို့ ကြိုးစားရင်း သူတို့ အသက်ပါ ပေးလိုက်ရမည်ဆိုလျှင် ဘယ်လိုလုပ် မသေမျိုးတစ်ယောက် ဖြစ်လာပါလိမ့်ဦးမည်နည်း။
တောင်ထွတ်၏ ထိပ်ဖျားက မြူခိုတိမ်များဖြင့် ဖုံးအုပ်နေပြီး မမြင်ကြရပေ။
ဤတောင်ထွတ်က တက်ရောက်ဖို့ မလွယ်ကူသည်မှာ သေချာလေသည်။
ချီစုဖွဲ့စစ်သည်တော်များက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကြလေ၏။
သူတို့သည် ဓါးပျံစီး၍ လေထဲတွင် ပျံသန်းနိုင်ပြီး တောင်ထွတ်ကို တက်ရောက်ဖို့က ငှက်ပျောသီး အခွံနွာ စားရသလိုပင်။
လူအုပ်ကြီးထဲမှ မော်တယ်တစ်ယောက်က မကျေမနပ်ဖြင့် စောဒက တက်လိုက်လေ၏။
“အဲ့ဒါက ဘယ်လိုလုပ် တရားပါ့မလဲ.. ချီစုဖွဲ့စစ်သည်တော်တွေက တောင်ထွတ်ကို အေးဆေး ပျံတက်သွားလို့ရပြီး ကျုပ်တို့ကတော့ တစ်လှမ်းချင်း လှမ်းတက်နေရမှာပေါ့”
“ဟမ့်”
ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က နှာမှုတ်လိုက်ပြီး ကြိမ်းမောင်းလိုက်လေ၏။
“ဒီကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာ နဂိုတည်းက မရှိဘူးကွ.. တရားမျှတမှုစကားကို ပြောချင်ရင် မင်းကိုယ်တိုင် ချီစုဖွဲ့စစ်သည်တော်အဆင့် ရောက်အောင် အရင် လေ့ကျင့်လိုက်လေ.. ပြီးမှ လာပြန်ပြောလိုက်”
“မင်း..” စောစောက မော်တယ်က မချင့်မရဲနှင့် ပြောစရာစကားမဲ့သွားရ၏။
ဆန်းကြယ်တောင်ထွတ်၏ ကလေးနှစ်ယောက်က အနည်းငယ်ပင် စိတ်ရှုပ်ဟန်မရဘဲ ဝဖိုင့်ဖိုင့်နှင့်ကလေးက ရယ်စစဖြင့် ပြောလိုက်လေ၏။
“အားလုံးက အတွေးလွန်နေကြတာပဲ.. တောင်တက်လမ်းက လူတိုင်းအတွက် မျှတအောင် လုပ်ထားပေးပြီးသားပါ.. ချီစုဖွဲ့စစ်သည်တော်တွေတောင်မှပဲ.. အဲ့.. သူတို့လဲ တောင်ထွတ်ကို ရောက်ချင်မှ ရောက်ကြမှာပါ.. သူတို့လဲ တစ်ချက်မှားသွားရင် အသက်ဆုံးပါးသွားနိုင်တာပဲ”
သူသည် စကားမှားသွားမှာကို တွေးမိလိုက်ပြီး ဝဖိုင့်ဖိုင့်ကလေးက ကပျာကယာ စကားလမ်းကြောင်း ပြောင်းလိုက်၏။
လူအများစုကတော့ ဝဖိုင့်ဖိုင့်ကလေးသည် မတော်တဆ လျှာခေါက်၍ စကားမှားသွားသည်ဟုသာ ထင်လိုက်ကြ၏။
များစွာသော မော်တယ်များသည် ဤသည်ကို ကြားရပြီးနောက် ကျေနပ်စွာ သက်ပြင်းချလိုက်ကြ၏။
သို့သော်လည်း စောစောက ယုံကြည်မှုအပြည့်နှင့် ရှိနေသော ချီစုဖွဲ့စစ်သည်တော်များကတော့ အနည်းငယ် ရင်ထိတ်သွားကြ၏။
သူတို့ထဲမှ အချို့ဆိုလျှင် အဆင့်၉ ချီစုဖွဲ့စစ်သည်တော်အဆင့်ကိုပင် ရောက်နေကြပေပြီ။ သူတို့သာ ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ချင်ရုံမျှနှင့် အသက်ရှုံးရမည်ဆိုလျှင်...
ဆူဇီမိုသည် ဘေးဘက်ကို တစ်ချက် အကဲခတ်လိုက်၏။
ခရမ်းရောင်ဝတ်ရုံနှင့် မောက်မာသော လူသည် သူမျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး ကလေးများ ပြောခဲ့သော စကားက သူ့အတွက် မည်သို့မျှ အရေးမပါဟန်ပင်။
အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးကတော့ သူမ၏ အေးစက်စက် အမူအယာနှင့်ပင် ရှိနေပြီး အကြည့်များက လေထုက အေးခဲသွားလောက်၏။
လူအုပ်ကြီးထဲမှ ဖက်တီးလေးကတော့ ရယ်မောနေဆဲဖြစ်ပြီး အေးဆေးတည်ငြိမ်နေ၏။
“အရင်ဆုံး တစ်ယောက် လာခဲ့ပါ” ပိန်ပိန်ပါးပါးကလေးက လက်မြှောက်၍ လူတစ်ယောက်ကို ညွှန်လိုက်ပြီး ကျောက်သားဂိတ်တံခါးကို ဖြတ်ကျော်ခိုင်းလိုက်၏။
သူသည် အဆင့်၇ ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ဖြစ်လေသည်။
ထိုလူသည် အကြောအခြင်များ တောင့်တင်းနေပြီး ကျောက်သားဂိတ်တံခါးရှေ့မှာ ရပ်တန့်လိုက်၏။ သူသည် ကလေးနှစ်ယောက်ကို ဦးညွှတ်၍ ပြုံးပြလိုက်ပြီး မေးလိုက်လေ၏။ “
“ဒီက ရောင်းရင်းလေးတို့.. သာမန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်ဆိုရင်ရော အဲ့ဒါကို ဖြတ်ကျော်နိုင်ပါ့မလား”
ကလေးနှစ်ယောက်က ခေါင်းခါပြလိုက်၏။
သူသည် ကျောက်သားဂိတ်တံခါးနားကို ရောက်ချိန်တွင် သူ့ရှေ့၌ ရေပြင်လို အတားအဆီးတစ်ခုက ပေါ်လာပြီး အလင်းရောင် လေးခုက ဖြာထွက်လာလေ၏။
ဒြပ်စင်လေးခု.. သာမန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်။
သူသည် ကျောက်သားဂိတ်တံခါးကို အားသုံး၍ အတင်းဖြတ်ကျော်ဖို့ ကြိုးစားလိုက်၏။ သို့သော် ရေပြင်လို အကာအရံတစ်ခုက သူ့ကို တားဆီးထားလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အနောက်သို့ ပြန်ကန်ထွက်လာလေ၏။
ကျရှုံး!
ဝဖိုင့်ဖိုင့်ကလေးက ထိုလူကို တောင်းပန်သလို ခေါင်းညိတ်ပြလိုက်ပြီး အသံကို မြှင့်၍ အော်ပြောလိုက်လေ၏။
“နောက်တစ်ယောက် လာမယ်”