ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်
Vol. 5 Ch. 62
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၆၂ - ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်
ဘာသာပြန်သူ - သန်းတိုးအောင်
“အဆင့်နိမ့် စိတ်ဝိညာဉ်ရင်းမြစ်.. ကျရှုံး!“
“သာမန် စိတ်ဝိညာဉ်ရင်းမြစ်.. ကျရှုံး!”
“သာလွန် စိတ်ဝိညာဉ်ရင်းမြစ်.. အောင်မြင်!”
. . .
လူတိုင်းနီးးပါး ကျောက်သားဂိတ်တံခါးကို ဖြတ်ကျောက်လိုက်ကြပြီး သူတို့ထဲက ထက်ဝက်ကျော်မှာ ပယ်ချခံလိုက်ရ၏။
သာလွန်အဆင့်နှင့်အထက် စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်သူများသာ စိတ်ဝိညာဉ်စမ်းသပ်အဆင့်ကို အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့ကြလေ၏။
တစ်ခဏအတွင်းမှာပင် ဂိတ်တံခါးအပြင်ဘက်၌ မောက်မာပုံရသောလူ၊ အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီး၊ ဖက်တီးလေးနှင့် ဆူဇီမို အပါအဝင် လူနှစ်ဒါဇင်လောက်သာ ကျန်ရှိတော့၏။
စမ်းသပ်ပြီးသာ လူများထဲတွင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူ တစ်ယောက်မျှ ထွက်ပေါ်မလာသေးပေ။
မြေကမ္ဘာစိတ်ဝိညာဉ်ရင်းမြစ်က ဆယ်ယောက်ကျော်ကျော်လောက်ရှိပြီး ကျန်သူများအားလုံးမှာ သာလွန်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များသာ ဖြစ်ကြလေ၏။
ကလေးနှစ်ယောက်က ရလဒ်နှင့် ပတ်သတ်၍ စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး သူတို့၏ မျှော်လင့်ချက်ကို လက်ကျန်လူ နှစ်ဒါဇင်အပေါ်သာ ပုံအပ်ထားရလေတော့၏။
ထိုအချိန်မှာပင် ဖက်တီးလေးက ပြုံးရွှင်သော မျက်နှာထားနှင့် ကျောက်သားဂိတ်တံခါးရှေ့ ဖြတ်လျှောက်လာလေ၏။
ကျောက်သားဂိတ်တံခါးသို့ သူရောက်လာချိန်တွင် မာန်ဖီဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး လူတိုင်းကို ကြောက်လန့်သွားစေ၏။
ဘန်း! ဘုန်း! ဘုန်း!
ရေပြင်အကာအရံမှ ဝါညိုရောင် အလင်းတန်းများက ထွက်ပေါ်လာ၏။ ထို့နောက် ထိုဝါညိုရောင် အလင်းတန်းများသည် ပုံသဏ္ဍာန်တစ်ခုအဖြစ် စုဖွဲ့သွားပြီးနောက် မာကျောခိုင်ခံသည့် ရွံမြေတံတိုင်းတစ်ခုက ဖြစ်ပေါ်လာလေ၏။
မြေဒြပ်စင်.. ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်!
ဝင်ရောက်ရွေးချယ်ခံသူ အယောက်ငါးရာမှာ နောက်ဆုံးတော့ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင် တစ်ယောက်က ထွက်ပေါ်လာခဲ့ပေပြီ။
ကလေးနှစ်ယောက်သည် ဖက်တီးလေးကို ကြင်နာစွာ ပြုံးပြ၍ ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်ကြ၏။ သူတို့မျက်လုံးများက အရောင်တစ်ဖျတ်ဖျတ် လက်သွားလေ၏။
ဖက်တီးလေးသည် ကျောက်သားဂိတ်တံခါးကို သက်တောင့်သက်သာ ဖြတ်ကျော်လာခဲ့ပြီး ကလေးနှစ်ယောက်အနားသို့ ရောက်လာခဲ့၏။ သူသည် သူတို့၏ လက်များကို မတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဟောင်းဆွေဟောင်းနှင့် ပြန်တွေ့ရသလို့ ဆွဲဆုပ်ကိုင်လိုက်ပြီး ထွေရာလေးပြား စကားများ တောက်လျှောက်စပြောလေတော့၏။
ကလေးနှစ်ယောက်သည် အငိုက်မိကြောင်အသွားပြီး သူတို့အကြောင်း အိတ်သွန်ဖာမှောက် ကုန်စင်အောင် ပြန်ပြောမိတော့မလို့ပင်။
ဤသည်ကို ကြည့်၍ ဆူဇီမိုသည် စိတ်ထဲကနေ ကျိတ်ရယ်လိုက်၏။ ဖက်တီးလေးသည် အပြင်ဘက်ပန်း၌ ရင်းနှီးဖော်ရွေတတ်ပြီး လူတိုင်းကို အောက်ကျို့ခံလိုက်ပေါင်းနေသော်လည်း သူသည် အားလုံးထက် ပို၍ ထက်မြက်ပုံ ရလေ၏။
သိပ်မကြာခင်မှာပင် ပိန်ပိန်ပါးပါးကလေးသည် ပထမဆုံ သတိပြန်ဝင်လာပြီး သူသည် ခေါင်းတစ်ချက်ဟန့်၍ ဖက်တီးလေး၏ လုံးတစ်နေသော လက်ကို ခါထုတ်လိုက်ကာ လေးနက်စွာ ပြောလိုက်လေ၏။
“တာအိုရောင်းရင်း.. ကျေးဇူးပြု၍ ကိုယ့်ကိုယ်ကို လေးစားမှု ရှိပေးပါ.. ကျုပ်တို့လုပ်ရမယ့် အလုပ်ကို မနှောင့်ယှက်ပါနဲ့”
“ဒါပေါ့ ဒါပေါ့... ကိုယ့်ကိုယ်ကို လေးစားမှု ရှိရမှာပေါ့.. ကျုပ်ကိုယ်ကျုပ် အကြီးကြီး လေးစားမှုထားရမယ်ဆိုတာ ကျုပ်သဘောပေါက်ပါပြီ” ဖက်တီးလေးက အနည်းငယ်ပင် အိုးတိုးအမ်းတမ်း ရှိမနေဘဲ တစ်ခစ်ခစ်နှင့် ရယ်မောလိုက်လေ၏။
ပိန်ပိန်ပါးပါးကလေးသည် ဖက်တီးလေးကို မျက်လုံးပေကလယ်ဖြင့် ကြည့်လိုက်ပြီးနောက် ကျောက်သားဂိတ်တံခါးဘက်သို့ လှည့်ကာ အော်လိုက်လေ၏။
“နောက်တစ်ယောက်!”
တစ်စုံတစ်ယောက်က ကြိုးစားလိုက်ပြီး ကျရှုံးသွားပြန်၏။
ကျန်ရှိနေသေးသော လူအရေအတွက်က တစ်ဖြည်းဖြည်း နည်းပါးလာ၏။
နောက်ဆုံးမှာတော့ မောက်မာဟန်နှင့်လူသည် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး မလှမ်းမကမ်းရှိ အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်၏။ သူသည် တစ်ချက် သွားဖြဲရယ်ပြလိုက်ပြီးနောက် ကျောက်သားဂိတ်တံခါးဆီသို့ ဦးတည်လိုက်လေ၏။
သူ့အပြုအမူက လူတိုင်း၏ အာရုံကို ဖမ်းစားသွား၏။
သူ့လှုပ်ရှားဟန်တိုင်းက အုပ်ချုပ်သူအရှင်တစ်ယောက်လို ဝင့်ကြွားနေပြီး လူတိုင်းသည် အာရုံစိုက်ကြည့်လိုက်ကြ၏။
ဖက်တီးလေးသည်လည်း ရယ်နေတာကို ရပ်လိုက်ပြီး ကျောက်သားဂိတ်တံခါးကို ကြည့်နေလိုက်၏။
အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးသည် မျက်မှောင်အနည်းငယ်ကြုတ်၍ ခေါင်းမော့လိုက်ပြီး သူမ၏ အကြည့်က မောက်မာဟန်နှင့်လူနောက်သို့ အေးစက်စွာ ကပ်ပါသွားလေ၏။
မောက်မာဟန်နှင့်လူက ကျောက်သားဂိတ်တံခါးရှေ့တွင် ရပ်လိုက်သောအခါ ရေပြင်အကာအရံမှ မည်သည့်အလင်းရောင်မျှ ထွက်ပေါ်မလာပေ။
“ဟီးဟီး”
ခဏမျှ တိတ်ဆိတ်နေပြီးနောက် လူအုပ်ကြီးထဲမှ ရယ်သံများက အလျှိုအလျှို ထွက်ပေါ်လာလေ၏။
“သူ့ကြည့်တော့ စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိဘဲနဲ့ ဘာတွေ လာပြီး မောက်မာပြနေလဲ မသိဘူးကွာ”
“ဒီလူက တော်တော် သရုပ်ဆောင် ကောင်းတာပဲဟ”
“ငါထင်သားပဲ ဒီလူက သက်သက်လူအထင်ကြီးအောင် ဟိတ်ဟန်ထုတ်နေတာပါလို့”
“နေပါဦး နေပါဦးဟ.. တစ်ခုခုတော့ လွဲနေပြီ.. စိတ်ဝိညာဉ်ရင်းမြစ် မရှိဘဲနဲ့ သူက ဘယ်လိုလုပ် ချီစုဖွဲ့အဆင့်ကို ရောက်လာမှာလဲဟ”
ထိုစကားသံထွက်ပေါ်လာချိန်တွင် လူတိုင်းသည် ငြိမ်ကျသွား၏။
လှောင်ပြောင်ရယ်မောနေကြသော လူများ၏ ပါးစပ်ပေါက်များသည် မမြင်ရသော လက်ကြီးဖြင့် ပိတ်ခံလိုက်ရသလို ယတိပြတ် တိတ်ကြသွားပြီး ပါးစပ်အဟောင်းသားနှင့် စဉ်းစားငေးမောသွားကြ၏။
ကလေးနှစ်ယောက်သည်လည်း တည်ကြည်တင်းမာသော မျက်နှာထားနှင့် ရှိနေကြ၏။
ဖက်တီးလေးက လေးနက်စွာ တွေးတောနေ၏။ သူသည် တစ်စုံတစ်ရာကို အတွေးပေါက်သွားဟန်ရပြီး သူ၏ လုံးတစ်နေသော လက်များက တစ်ဆတ်ဆတ် တုန်ယင်လာလေ၏။
ဟူး! ဟူး!
ထိုအချိန်မှာပင် ကျောက်သားဂိတ်တံခါးကို လေးရူးများက ပြင်းထန်စွာ တိုက်ခတ်လာပြီး ရေပြင်အကာအရံက လင်းလက်တောက်ပလာကာ ထူးဆန်းသည် တစ်ဟူးဟူး လေတိုးသံများက ထွက်ပေါ်လာလေ၏။
“လေဒြပ်စင်.. ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်!”
ကလေးနှစ်ယောက်က အော်ဟစ်လိုက်ကြ၏။
ထိုအသံကို ကြားရသည့်အခါ ဆူဇီမို၏ နုလုံးသည်လည်း ဆတ်ခနဲ တုန်သွားလေ၏။
စိတ်ဝိညာဉ်ရင်းမြစ် ငါးမျိုးထဲတွင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်သည် အကောင်းဆုံးနှင့် အရှားပါးဆုံး ဖြစ်၏။ သို့သော်လည်း ထိုထက် ပို၍ ရှားပါးသော စိတ်ဝိညာဉ်ရင်းမြစ် တစ်ခု ရှိသေး၏။ ၎င်းမှာ လေ၊ မိုးကြိုး၊ ရေခဲ၊ အလင်း၊ အမှောင် စသည့် ဒြပ်စင်များ ပါဝင်သော ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်လေ၏။
ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်က လူတစ်သောင်းမှာ တစ်ယောက်သာ တွေ့ရသည်ဟု ပြောလျှင် ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်က ထိုထက် ဆယ်ဆ ပိုရှားလေသည်။
ပုံမှန်အားများတော့ ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်မှာလည်း ဒြပ်စင်တစ်မျိုးသာ ပါရှိပြီး ကောင်းကင်စိတ်ဝိညာဉ်အမျိုးအစားပင် ဖြစ်လေသည်။ သို့သော်လည်း ၎င်းသည် အခြေခံဒြပ်စင်ငါးမျိုးထက် ပို၍ သန်မာအားကောင်းသည်ဟုတော့ မဆိုနိုင်ပေ။ ၎င်းသည် ပို၍ ရှားပါးရုံသာ ဖြစ်လေသည်။
မောက်မာဟန်နှင့်လူက ပြုံး၍ ကျောက်သားဂိတ်တံခါးကို သက်တောင့်သက်သာ ဖြတ်ကျော်လာခဲ့၏။
ပိန်ပိန်ပါးပါးနှင့် ကလေးက စိတ်လှုပ်ရှားရင်ဖိုစွာနှင့် တိုးတိုး ပြောလိုက်လေ၏။
“ဂျူနီယာညီငယ်.. ဒီမှာ စောင့်နေချေဦး.. ငါ အခုပဲ တောင်ထွတ်သခင်ကို သွားပြီး သတင်းပို့ရမယ်”
“ဒါပေါ့ ဒါပေါ့ သတင်းပို့သင့်တာပေါ့.. မြန်မြန် မြန်မြန်သွား စီနီယာအစ်ကို” ဝဝဖိုင့်ဖိုင့် ကလေးငယ်က ပြန်ပြောလိုက်၏။
ထိုအချိန်မှာပင် အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးက ကျောက်သားဂိတ်တံခါးဆီသို့ လျှောက်လာလေ၏။
“စီနီယာအစ်ကို ခဏနေပါဦး.. ကျုပ်တို့ ဒီတစ်ယောက်ကိုလဲ တစ်ခါတည်း စောင့်ကြည့်သင့်တယ်ထင်တယ်” ဝဝဖိုင့်ဖိုင့်နှင့်ကလေးက ပိန်ပိန်ပါးပါးနှင့်ကလေးကို ပြန်လှမ်းခေါ်လိုက်၏။
ပိန်ပိန်ပါးပါးနှင့်ကလေးက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးကို သေချာစွာ စူးစိုက်၍ ကြည့်နေလေ၏။ သူသည် သူမထက်ပင် ပို၍ စိတ်လှုပ်ရှားနေဟန်ရ၏။
သူမ ကျောက်သားဂိတ်တံခါးသို့ ရောက်သို့ရောက်သောအခါ စောစောကလိုပင် ရေပြင်အကာအရံမှ မည်သည့် အလင်းရောင်မျှ ထွက်ပေါ်မလာပေ။
သည်တစ်ကြိမ်မှာတော့ မည်သူမျှ လှောင်ပြောင်ရယ်မောမှု မလုပ်ကြတော့ပေ။
“နောက်ထပ် ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်ပဲလား” ကလေးနှစ်ယောက်၏ မျက်လုံးသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာ၏။
လူတိုင်း ကျောက်သားဂိတ်တံခါးကို အသက်ပင် ရဲရဲ မရှုဝံ့ကြဘဲ မမှိတ်မသုန် ကြည့်နေကြလေ၏။
ချပ်! ချပ်! ချပ်!
ရုတ်တရတ်ဆိုသလို ရေပြင်အကာအရံပေါ်တွင် မြူလွှာများ ရစ်သိုင်းလာပြီးနောက် စတင်အေးခဲလာကာ ရေခဲများ အဖြစ်သို့ ပြောင်းသွားလေ၏။
“ရေခဲဒြပ်စင်.. ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်!
လူတိုင်း အံ့သြတုန်လှုပ်သွားကြပြန်၏။
“ဆန်းကြယ်တောင်ထွတ် တပည့်ရွေးပွဲမှာ ဗီဇပြောင်းစိတ်ဝိညာဉ် ပေါ်မလာတာ ဆယ်နှစ်ကျော်ခဲ့ပြီကွ.. အခုကျတော့လဲ တစ်ခါတည်းနဲ့ နှစ်ယောက်.. နှစ်ယောက်တောင်မှ.. အာ.. မဖြစ်ဘူး.. တောင်ထွတ်သခင်ဆီကို ငါ မြန်မြန်သွားပြီး သတင်းပို့ရမယ်”
ပိန်ပိန်ပါးပါး ကလေးသည် ဓါးပျံတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး တောင်ထွတ်အနောက်ဘက်သို့ ပျံသန်း ပျောက်ကွယ်သွားလေ၏။
လူတိုင်းသည် မောက်မာဟန်လူနှင့် အဖြူရောင်ကိုယ်ကျပ်အမျိုးသမီးကို ချီးကျူးခြင်း၊ လေးစားခြင်းများဖြင့် အားကျစွာ ငေးကြည့်နေကြလေ၏။
ဖက်တီးလေးသည် ပြုံးရွှင်သော မျက်နှာထားနှင့် အဖြူရောင်ကိုယ်ကျပ်အမျိူးသမီးနားသို့ ချည်းကပ်သွားလိုက်ပြီး
“ဒီက အမိက အရမ်း လှတာပဲဗျာ.. ကျုပ်ဘဝမှာ ဒီလောက် လှရက်နိုင်တဲ့ မိန်းကလေးမျိုး တစ်ယောက်မှကို မမြင်ဖူးခဲ့ဘူး.. အမိက ကျုပ်တို့ရွာက ကွမ်းတောင်ကိုင်အလှလေး ညီမချိုက်ဖုန့်ထက်ကို ပိုလှတာဗျို့”
လူတိုင်းသည် ကြက်သေသေမှင်တက်သွားကြ၏။
ဒီဖက်တီးက စကားလုံးကို ဘယ်လိုရွေးချယ်ပြောရမလဲဆိုတာ တစ်ကယ်မသိတာလား။ သူက အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးကို သူ့ရွာက မိန်းကလေးတစ်ယောက်နှင့်ပင် နှိုင်းယှဉ်လိုက်သေး၏။
သူပြောတာက မှားနေတာတော့ မဟုတ်ပေ။ အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးက တစ်ကယ်ကို လှရက်ပါပေ၏။ သို့သော်လည်း မည်သူမျှ သူ့လိုမျိုး စကားကို လက်လွတ်စပယ် မပြောရဲကြပေ။
အံ့သြဖို့ကောင်းတာက ဖက်တီးလေး၏ ပါးစပ်မှ ထွက်လာသော စကားများသည် သဘာဝအတိုင်း ရိုးသားပွင့်လင်းစွာ ပြောနေသည်ဟု ထင်ရပြီး သူကိုယ်တိုင်ကလည်း နည်းနည်းကလေးမျှ အိုးတိုးအိုးတမ်း အမူအယာ ရှိမနေပေ။
အခြားသော အမျိုးသမီးများသာ ဤကဲ့သို့သော အရှက်မရှိ မျက်နှာပြောင်တိုက်သည့် စကားများကို ကြားရလျှင် သေချာပေါက် ရှက်ရွံ့စွာ နေရခက်သွားပေလိမ့်မည်။ သို့သော် ဤအမျိုးသမီးသည် မလှုပ်မရှား တည်ငြိမ်နေပြီး ဖက်တီးလေးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း မည်သို့မျှ မပြောချေ။
ဖက်တီးလေးသည် နောက်တစ်ဖန် မောက်မာဟန်ရသောလူနားသို့ ချည်းကပ်သွားပြန်ပြီး
“ဒီက လူကြီးမင်းက အရမ်းကို ကြည့်ကောင်းတာပဲ.. ကျုပ်တော့ တစ်ကယ်ကို အားကျမိပါရဲ့ဗျာ”ဟု အံ့သြလေးစားစွာ ပြောလိုက်လေ၏။
“သွားစမ်းပါကွာ”
မောက်မာဟန်ရသောလူက တိုတိုတုတ်တုတ်ပင် အော်ထုတ်လိုက်၏။
“အာ.. ကောင်းပါပြီ.. ကောင်းပါပြီဗျ”
ဖက်တီးလေးသည် နာခံစွာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ပေကျံမည်ကို ဂရုမထားဘဲ မြေပြင်တွင် လှိမ့်ကာ ထွက်သွားလေ၏။
သူ့ပုံစံက အစကတည်းက ဘောလုံးတစ်လုံးလို ဖြစ်နေပြီး ယခု လှိမ့်သွားသောအခါ လူနှင့်ပင် မတူတော့ပေ။
ဤကဲ့သို့သော ရယ်ရွှင်ဖွယ်ပုံစံကို မြင်ပြီးနောက် အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီး၏ နှုတ်ခမ်းသည် အနည်းငယ် တွန့်ကွေးသွားပြီး သူမ၏ အေးစက်စက်အမူအယာက အနည်းငယ် လျော့ကျသွားလေ၏။
ဖက်တီးလေးက သူမ၏ ပြောင်းလဲသွားသော အမူအယာကို ခိုးကြည့်လိုက်ပြီးနောက် မူးဝေနေဟန် ယိုင်ထိုးယိုင်ထိုးဖြင့် အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့်အမျိုးသမီးနားသို့ ရောက်လာ၏။ သူ့မျက်လုံးများက မီးပွားလေးများလို တစ်ဖျတ်ဖျတ်လက်နေပြီး ချီးမွမ်းလိုက်လေ၏။
“ဝိုး.. မင်း ပြုံးလိုက်တဲ့အခါ တစ်ကယ်ကို ပစ်စလက်ခတ် လှတာပဲ မိန်းကလေးရယ်”
မိန်းကလေ၏ မျက်လုံးထဲမှ ရင်းနှီးဖော်ရွေဟန်က ချက်ခြင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။ သို့သော်လည်း သူမသည် နူးညံ့လှပသည့် လက်တစ်ဖက်ကို ထုတ်လိုက်ပြီး ဖက်တီးလေးကို ခေါင်းကို အယာအယာ ပုတ်လိုက်လေ၏။
မျက်လုံးကို မှေးစင်း၍ ပြုံးနေပြီး ဖက်တီးလေးက ကျေနပ်ပျော်ရွှင်နေလေ၏။
“လောကမှာ ဒီလောက် အရှက်မဲ့တဲ့သူလဲ ရှိသေးတယ်ပေါ့” ထိုစကားလုံးမှာ လူတိုင်း၏ ခေါင်းထဲသို့ ဝင်လာလေ၏။
ဝဝဖိုင့်ဖိုင့် ကလေးသည် ကျန်ရှိနေသေးသော လူဆယ်ယောက်ကျော်ကျော်ကို လှမ်းကြည့်လိုက်ပြီး ထူးထူးခြားခြား တစ်ယောက်မှကို မမြင်မိသောအခါ သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်လေ၏။
“လာမယ်ဟေ့ .. နောက်တစ်ယောက် .. မြန်မြန်လေး လုပ်ပေးကြပါ”
ဆူဇီမိုသည် အဝတ်အစားကို သေသပ်အောင် လုပ်လိုက်ပြီး ထရပ်လိုက်၏။