ပြိုကျသွားခြင်း
Vol. 5 Ch. 63
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၆၃ - ပြိုကျသွားခြင်း
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမို၏ လှုပ်ရှားပုံက လူအများကို သိပ်ပြီး မဆွဲဆောင်နိုင်ပေ။
မောက်မာဟန်ရသောလူ၊ အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့်အမျိုးသမီး၊ ဖက်တီးလေးတို့နှင့်စာလျှင် သူသည် ဝတ်စားဆင်ယင်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ မလိုက်ဖက်ကာ အနည်းငယ် ထူးဆန်းနေတာကလွဲလို့ ကျန်သည့်အရာများက သာမန်လိုပင်။
ဆူဇီမိုသည် စမ်းသပ်မှု၏ အဆုံးသတ်ခါနီးထိ စောင့်ဆိုင်းနေရခြင်းမှာ သူသည် လူအများ၏ စိတ်ဝင်စားမှုကို လိုချင်သောကြောင့် မဟုတ်ပေ။
ဘာကြောင့်ဆိုသော် သူ့မှာ မူလက စိတ်ဝိညာဉ်ရင်းမြစ် မရှိသောကြောင့် ဖြစ်၏။ တျဲယွဲ့က သူ့ကိုယ်ထဲတွင် စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့သော်လည်း ကိစ္စများက ချောချောမွေ့မွေ့ ဖြစ်မလာမှာကို သူပူပန်မိနေဆဲဖြစ်၏။
ကျောက်သားဂိတ်တံခါးရှေ့မှာ ရပ်လိုက်ပြီး သူသည် ရေပြင်အကာအရံကို စူးစိုက်ကြည့်နေလိုက်၏။
ရွှစ်!
ရေပြင်အကာအရံမှ အနီရောင် အလင်းတန်းတစ်ခုက တောက်ပလာပြီး အရှိန်ပြင်းစွာ တောက်လောင်နေသော မီးတောက်များအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင် အပူချိန်က မြင့်တက်လာလေ၏။
ဆူဇီမို ရွှင်မြူးသွား၏။
မီးဒြပ်စင်.. ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်!
မောက်မာဟန်ရသောလူနှင့် အဖြူရောင်ကိုယ်ကျပ်အင်္ကျီအမျိုးသမီးမှ လွဲ၍ ကျန်သူများအားလုံး သူ့ကို လှည့်ကြည့်လိုက်ကြ၏။
လူငါးရာထဲတွင် ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ် နှစ်ခုက လွဲလျှင် ဖက်တီးလေးသည် တစ်ဦးတည်းသော မြေဒြပ်စင်ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်ပြီး ဆူဇီမိုသည် ဒုတိယမြောက် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင် ဖြစ်လေသည်။ သူသည် အမှန်တစ်ကယ် လူအများ၏ စိတ်ဝင်စားမှုကို ရသင့်ပေသည်။
ထို့အပြင် မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်က မြေဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်ထက် ပိုသာသည်ဆိုတာကို ကျင့်ကြံရေးနှင့်ပတ်သတ်သော ဗဟုသုတရှိသူအချို့က သိထားလေသည်။
အားသာချက်တစ်ရပ်မှာ မီးဒြပ်စင်သည် ဒြပ်စင်ငါးမျိုးတွင် သတ်ဖြတ်ခြင်းစွမ်းအား အမြင့်ဆုံးဖြစ်၏။
နောက်ထပ် အားသာချက်တစ်ရပ်မှာ မီးဒြပ်စင်ကို ပိုင်ဆိုင်သူများသည် နတ်ပန်းပဲဆရာ သို့မဟုတ် နတ်ဆေးဆရာ ဖြစ်လာဖို့ အခွင့်ပိုများလေသည်။
ထိုလမ်းစဉ်နှစ်ခုတွင် လျှောက်လှမ်းသောသူများသည် မီးစွမ်းအင်အပေါ် နားလည် အကျွမ်းတဝင် ရှိနေဖို့ လိုအပ်လေသည်။ ထို့ကြောင့် မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်သည် ပင်ကို သဘာဝအားဖြင့် အားသာချက်များစွာ ရှိလေသည်။
စွန်ရဲတစ်ကောင်လို စူးရဲသည့် မျက်လုံးများဖြင့် ကျောက်သားဂိတ်တံခါးကို စောင့်ကြည့်နေပြီး ဖက်တီးလေးသည် ဆူဇီမို သည်ဘက်ကို ဖြတ်ကျော်လာတာနှင့် ဆူဇီမိုကို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်လို ပွေ့ဖက် နှုတ်ဆက်ဖို့ ဟန်ပြင်နေလေ၏။
“အာ့”
ဘေးဘက်တွင် ရပ်နေသော ဝဝဖိုင့်ဖိုင့် တာအို ကလေးငယ်သည် ပုံမှန်လို အာမေဋိတ်သံတစ်ချက် ပြုလိုက်၏။ သူသည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“မဆိုးဘူး မဆိုးဘူး.. လာပါ လာပါ လူကြီးမင်း”
ပုံမှန်ဆို ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင် တစ်ယောက် ထွက်ပေါ်လာခြင်းက လုံးဝ အံ့အားသင့်စရာ ဖြစ်သော်လည်း ဆူဇီမို အရှေ့က ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင် နှစ်ယောက်၏ လွှမ်းမိုးမှုကြောင့် သူ့အပေါ် စိတ်အားထက်သန်မှုက လျော့ကျသွားခဲ့လေသည်။
ဤအချိန်တွင် ဆူဇီမို ရင်ဆိုင်နေရသော အခက်အခဲကို မည်သူမျှ မသိကြသေးပေ။
သူသည် ကျောက်သားဂိတ်တံခါးကို ဖြတ်ကျော်လာရမည့်အစား မလှုပ်မယှက် ရပ်တန့်နေ၏။
ဤအရာမှာ ဆူဇီမိုသည် ဂိတ်တံခါးကို မဖြတ်ချင်သောကြောင့် မဟုတ်ပေ။ ဂိတ်တံခါးကို သူ့ကို တားထားသောကြောင့်သာ ဖြစ်လေသည်။
သူသည် ဂိတ်တံခါးကို ဖြတ်ဖို့ ကြိုးစားချိန်တွင် အားကောင်းသော ခုခံအားတစ်ရပ်က ပြန်လှန်တွန်းကန်ထားသည်ကို ခံစားသိရှိလိုက်ရ၏။
သီအိုရီကျကျ ပြောရလျှင် ရေပြင်အကာအရံက စိတ်ဝိညာဉ်ရင်းမြစ်မရှိသူ၊ အဆင့်နိမ့်နှင့် သာမန်အဆင့် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကိုသာ တာဆီးရပေမည်။ ယခုတော့ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူ ဆူဇီမိုကို အနီရောင် ရေပြင်အကာအရံက ပိတ်ပင်တားဆီးထား၏။
သူ၏ လွန်မင်းစွာ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် သူသည် ပထမဆုံး ချီစုဖွဲ့စစ်သည်တော်လို ပြန်ကန်လွင့်နေလောက်ပေပြီ။
“ဘယ်လိုများ ဖြစ်ရတာလဲဟ”
ဆူဇီမိုသည် ရေပြင်အကာအရံကို ဘယ်လိုဖြတ်ကျော်ရမလဲ အကွက်ချစဉ်းစားနေ၏။
သူသည် အခြားသူများထက် သူ့နောက်ခံကို ကောင်းကောင်းသိ၏။
သူသည် အစကတည်းက စိတ်ဝိညာဉ်ရင်းမြစ် မရှိသော လူတစ်ယောက် ဖြစ်၏။
ကျောက်သားဂိတ်တံခါးက သူ့ကို အဖြတ်မခံသည်မှာ သဘာဝမကျတာတော့ မဟုတ်ပေ။
သို့သော်လည်း အခုလေးတင် ပြသခဲ့သော မီးဒြပ်စင်ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ကရော ဘာလဲ။ အစစ်အမှန် မဟုတ်ဘူးလား။
ဤအတိုင်းသာ ဆက်လက်လွန်ဆွဲနေလျှင် လူများသည် တစ်ခုခု လွဲမှားနေတာကို သတိထားမိလာပြီး ဆူဇီမို၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်ရပေတော့မည်။
ဆူဇီမိုသည် မချင့်မရဲ ဖြစ်လာ၏။
ဘာလို့လဲ!
သူသည် သည်အထိတောင် လျှောက်လာခဲ့ပြီးမှ ကျောက်သားဂိတ်တံခါးလေးတစ်ခုကြောင့် ရပ်တန့်ပစ်ရတော့မှာလား။
မှုန်ကုပ်နေသော မျက်နှာထားနှင့် ဆူဇီမိုသည် ရေပြင်အကာအရံဆီသို့ အားထည့်၍ ခြေစလှမ်းလိုက်၏။
ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် စတင်ခြေတစ်လှမ်း လှမ်းလိုက်၏။ ချက်ခြင်းဆိုသလိုပင် ကြောက်စရာကောင်းသော အော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး ကျောက်သားဂိတ်တံခါးကို စောင့်ကြပ်နေသော ဝဝဖိုင့်ဖိုင့် ကလေးပင် တုန်လှုပ်စွာဖြင့် ထခုန်လိုက်၏။
“အမ့်”
တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား မောက်မာဟန်ရသောလူက ကျောက်သားဂိတ်တံခါးဆီသို့ မျက်လုံးဖွင့်ကြည့်လိုက်၏။
သူမ၏ ဦးခေါင်းကို ငဲ့ကြည့်၍ အဖြူရောင်ကိုယ်ကျပ်အင်ကျီနှင့် အမျိုးသမီးသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
လူတိုင်းက အထူးဆန်းမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသလိုပင်။
ဆူဇီမိုသည် ကျောက်သားဂိတ်တံခါးတစ်ခုလုံးနီးပါးကို ဖြတ်လာခဲ့ပြီဖြစ်သော်လည်း အနီရောင် ရေပြင်အကာအရံက လုံးဝ ပျောက်ကွယ်မသွားသေးပေ။ ၎င်းသည် ချုံ့နိုင်ဆန့်နိုင်သော သားရေပါးလွှာတစ်ခုလို ဆူဇီမိုကို ရစ်ပတ်လွှမ်းခြုံထားပြီး သူ့ကို တားဆီးဖို့ အကောင်းဆုံး ကြိုးစားနေလေ၏။
ရှိနေသော လူအားလုံး အံ့သြမှင်တက်သွားကြ၏။
ဘာဖြစ်နေတာလဲဟ။
မီးဒြပ်စင်.. ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်.. ဟုတ်တယ်မလား။
အဲ့ဒါဆို ကျောက်သားဂိတ်တံခါးက ဒီလူကို ဘာလို့ တားဆီးနေရတာလဲ။
ဆူဇီမိုနှင့် ရေပြင်အကာအရံကြား လွန်ဆွဲအားပြိုင်နေကြ၏။
ရုတ်တရတ်ဆိုသလို..
ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ တစ်ဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာပြီး သူခန္ဓာကိုယ်တစ်ခုလုံးက ပွယောင်းလာသယောင် ထင်လာရလေ၏။ သူ၏ အရွတ်များ အရိုးများမှ အသံများ ထွက်ပေါ်လာပြီးနောက် သူသည် ခပ်တိုးတိုး အော်သံတစ်ချက်ပြုကာ ရှေ့သို့ ဆက်လှမ်းလိုက်လေ၏။
ရွှစ်!
ရေပြင်အကာအရံက ကြေမွသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားလေသည်။
ကျောက်သားဂိတ်တံခါးကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့ပြီးနောက် ဆူဇီမို၏ အမူအယာက ပြေလျော့သွားပြီး စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် သူသည် ဝဝဖိုင့်ဖိုင့်ကလေးဆီသို့ လမ်းလျှောက်သွားလိုက်၏။
သူစကားပြောမလို့ လုပ်နေတုန်းမှာပင် ကလေးငယ်က သူ့အနောက်ကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် စူးစိုက်ကြည့်နေပြီး ထူးဆန်းသော အမူအယာဖြင့် ရှိနေသည်ကို တွေ့လိုက်ရ၏။
ဂျိုင်း!
ရုတ်တရတ် ဆူဇီမို၏ အနောက်မှ အသံတစ်သံကို ထွက်ပေါ်လာ၏။
သူအနောက်ကို လှည့်ကြည့်လိုက်ချိန်တွင် ပေသုံးဆယ်လောက်အချင်းရှိသော ကျောက်သားဂိတ်တံခါးကြီးပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရ၏။
ချပ်! ချပ်! ချပ်!
ဘာတွေဖြစ်နေတာလဲ သေချာ မသိရသေးခင်မှာပင်၊ အက်ကွဲကြောင်းကြီးက လျှင်မြန်စွာ ကျယ်ပြန့်၊ ပျံ့နှံ့လာပြီး ကျောက်သားဂိတ်တံခါးကြီးတစ်ခုလုံး အက်ရာများဖြင့် ပြည့်နှက်ကာ ကြောက်လန့်စရာ အက်ကွဲသံများက မြည်နေလေ၏။
ဆူဇီမို ရင်ထဲ ထိတ်သွား၏။
ဘန်း! ဘုန်း! ဘုန်း! ဝုန်း!
လူတိုင်း၏ မျက်ရှိရှေ့မှာပင် ကျောက်သားဂိတ်တံခါးကြီး ဘုန်းဘုန်းလဲ ပြိုကျသွားပြီး ကျောက်တုံးပုံကြီး ဖြစ်သွားကာ ဖုန်မှုန့်များက လုံးကနဲ ထလာလေတော့၏။
ထို့နောက် ကြောက်စရာကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
လူတိုင်းသည် ကျောက်ရုပ်လို ရပ်နေကြ၏။
မောက်မာဟန်ရသောလူက အံ့အားသင့်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးသည်လည်း ပါးစပ်အဟောင်းသားလေးနှင့် သူမ၏ စောစောက အေးစက်စက် အမူအယာက ပျောက်ဆုံးသွားလေ၏။
ဖက်တီးလေးသည်လည်း မျက်လုံးအပြူးသားနှင့် လွန်စွာ အံ့သြထိတ်လန့်သွားလေ၏။
“ပြို.. ပြိုကျသွားပြီလား”
ဝဝဖိုင့်ဖိုင့်ကလေးလေးသည် အံ့အားတသင့်နှင့် စိတ်လွတ်သွားလေ၏။
စမ်းသပ်ပွဲတွင် ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ် နှစ်ခု ပေါ်လာခြင်းက သူတို့နှစ်ယောက်ကို လွန်စွာ စိတ်လှုပ်ရှား အံ့အားသင့်သွားစေပြီး သူ့စီနီယာအစ်ကိုက တောင်ထွတ်သခင်ကို သတင်းပိုဖို့ ထွက်သွားခဲ့ရလေသည်။
သို့သော် ယခု သူ့ရှေ့မှ စာပေသမားက ဘာလုပ်လိုက်ပြန်ပြီလဲ။
သူသည် စိတ်ဝိညာဉ်ရင်းမြစ် စမ်းသပ်မှု ခံယူသည့် လုပ်ဆောင်ချက်လေးတစ်ခုဖြင့် ကျောက်သားဂိတ်တံခါးကြီး တစ်ခုလုံးပင် ပြိုကျပျက်ဆီးသွားစေခဲ့ပေပြီ။
ဘာမှသိပ်မထူးခြားသလိုပင် ဆူဇီမိုသည် ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဝဝဖိုင့်ဖိုင့် ကလေးငယ်ကို ရင်းနှီးဖော်ရွေစွာ ပြုံးပြလိုက်၏။
“တာအိုရောင်းရင်းလေး.. ကျုပ်ထင်တာတော့ ဒီကျောက်တုံးဂိတ်တံခါးက ဒီနေရာမှာထားတာ တော်တော်လေးကြာမြင့်နေပြီ ထင်တယ်နော်”
“အာ အာ.. ဟုတ်တာပေါ့ ဟုတ်တာပေါ့” ဝဝဖိုင့်ဖိုင့် ကလေးငယ်က ချက်ခြင်းပင် အလိုအလျောက် ပြန်ဖြေလိုက်မိ၏။
“အဲ့ဒါက အခုဆို နှစ် နှစ်ထောင်ကျော်လောက်တောင် ကြာပြီလေ”
“အင်း အဲ့လိုပဲ ဖြစ်မှာပါလေ”
ဆူဇီမိုက အတည်ပေါက်ကြီးနှင့် ခေါင်းတဆတ်ဆတ်ညိတ်၍ ဆက်ပြောလိုက်၏။
“ဒီဂိတ်တံခါးက ဒီနေရာမှာ လာထားတာ ဒီလောက်တောင် ကြာမြင့်နေပြီဆိုတော့လဲ .. သူ့ခမျာ လေဒဏ်မိုးဒဏ်၊ ရာသီဥတုဒဏ်ကို နှစ်တွေတောက်လျှောက် ကြိတ်မှိတ်ပြီး ခံစားလာခဲ့ရမှာပဲ.. အခုလိုမျိုး ပြဿနာ ပေါ်ပေါက်လာရတာ သိပ်တော့ မဆန်းပါဘူးလေ.. ဒီလိုအချိန်နဲ့မှ တည့်တည့် လာတိုးရတာ ကျုပ်က ကံဆိုးတာပဲ”
“အမ်” ဝဝဖိုင့်ဖိုင့်ကလေး၏ ပါးစပ်က ဆင်တစ်ကောင် ဝင်လို့ရလောက်အောင် အဟောင်းသား ဖြစ်သွား၏။
ဆူဇီမိုသည် ဝဝဖိုင့်ဖိုင့် ကလေးငယ်၏ ပုခုံးကို ပုတ်၍ စေတနာအပြည့်ဟန်ပန်ဖြင့် သတိပေးစကား ပြောလိုက်လေ၏။
“အခုလို ဖြစ်သွားတာကလဲ လုံးလုံး မကောင်းတာတော့ မဟုတ်ပါဘူးလေ.. အနည်းဆုံးတော့ မိတ်ဆွေလေးတို့ရဲ့ ဂိုဏ်းမှာ အိုမင်းရင့်ရော်နေတဲ့ နေရာတွေ၊ အဆောက်အုံတွေ၊ လက်မှုတွေကို မကြာခဏ ပြန်လည်ပြင်ဆင် ထိန်းသိမ်းသင့်တယ်ဆိုတဲ့ သင်ခန်းစာတစ်ခု ရသွားတာပေါ့.. ဟုတ်တယ်မလား.. တစ်ကယ်တော့ ပြိုကျပျက်ဆီးမှ ထပြင်တာထက်စာရင် ကြိုတင်ထိန်းသိမ်းစောင့်ရှောက်တာက ပိုကောင်းတာပေါ့ဗျာ”
ဝဝဖိုင့်ဖိုင့်ကလေးငယ်သည် အံ့အားသင့်စရာများ ဆက်တိုက်ကြုံတွေရပြီးနောက် သူ့စိတ်က ရှုပ်ထွေးနောက်ကျိနေပေပြီ။ ယခု ဆူဇီမို၏ ရှင်းပြချက်များကို ကြားရသောအခါ အစက ကြောင်အနေသော်လည်း ပြီးနောက် လက်ခံယုံကြည်သွားလေ၏။
တစ်ကယ်တော့ ကျောက်သားဂိတ်တံခါးသည် မူလက အလွန်ကြီးမားလှသည့် စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကြီးတစ်တုံး ဖြစ်လေသည်။ ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ထိုကျောက်တုံးကြီး၏ အလယ်သားများကို ထွင်းကာဖယ်ထုတ်လိုက်ပြီးနောက် ဒီနေ့မြင်တွေ့ခဲ့ရသော စိတ်ဝိညာဉ်စမ်းသပ်ပေးသည့် ကျောက်သားဂိတ်တံခါးအဖြစ် အသုံးပြုလာခဲ့ကြတာ ဖြစ်လေသည်။
စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးသည် စကြာဝဠာလုံးဆိုင်ရာ စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်ပြီး စိတ်ဝိညာဉ်ရင်းမြစ်ကို အကောင်းဆုံး အာရုံခံစမ်းသပ်ပေးနိုင်လေသည်။ ၎င်းသည် ပြုပြင်ထိန်းသိမ်းမှု နည်းသောကြောင့် ပျက်ဆီးသွားနိုင်စရာ အကြောင်းမရှိပေ။
ဘယ်သူကမှ ထိုအရာကို တမင်သွားပြီး မဖျက်ဆီးလျှင် ၎င်းသည် နှစ်ပေါင်းသန်းချီ၍ပင် ကြာရှည်ခံလေ၏။
ဝဝဖိုင့်ဖိုင့် ကလေးငယ်သည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ စဉ်းစားတွေးတောနေပြီးနောက် ဆူဇီမိုကို ကြည့်ကာ လက်မထောင်ပြလိုက်လေ၏။
ဆူဇီမို၏ အနေအထားနှင့် ဆိုပါက ဤသို့သော အကြောင်းအရာကို ရုပ်တည်ကြီးနှင့် အဓိပ္ပါယ်မရှိ ပေါက်တတ်ကရ လျှောက်ပြောနေစရာ အကြောင်းမရှိပေ။ သူသည် ဆူဇီမို၏ သုံးသပ်ချက်များအပေါ် အထင်ကြီးလေးစားမိသွားလေသည်။
ဆူဇီမိုကတော့ သူ့ဟာသူ ပြောပြီး လိပ်ပြာမလုံသလို ခံစားနေရလေ၏။
အရာအားလုံးက အားလုံး၏ စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေလေ၏။ သူသည် လောလောဆယ် အဆင်ပြေစေဖို့ ကလေးငယ်အား လိမ်ညာလှည့်စားလိုက်ရသော်လည်း ထိုအရာက သူ့နောက်ခံအကြောင်းများ ပေါ်ပေါက်သွားမှာထက်စာလျှင်တော့ ပိုကောင်းသေး၏။