← Chapters

သေခြင်း ရှင်ခြင်း အဆင့်

Vol. 5 Ch. 64

သေခြင်း ရှင်ခြင်း အဆင့်

Vol. 5 Ch. 64

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၆၄ - သေခြင်း ရှင်ခြင်း အဆင့်

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ဝဝဖိုင့်ဖိုင့်ကလေးငယ်သည် ဆူဇီမိုကြောင့် စိတ်က ရှုပ်ထွေးနေပြီး အချိန်အတော်ကြာသည့် အထိ ကြောင်ရပ်နေကာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ဖြစ်နေလေသည်။ ထို့နောက် သူသည် ဆူဇီမိုကို လက်ညိုးထိုး၍ အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ခင်..ခင်ဗျား.. ခဏနေဦး.. ကျုပ်.. ကျုပ် တောင်ထွတ်သခင်ဆီကို သတင်းသွား.. သွားပို့မှ ဖြစ်မယ်”ဟု ပြောလိုက်လေ၏။

သူ့ခေါင်းကို ဆတ်ကနဲ ဆတ်ကနဲ လှုပ်ခါ၍ ဝဝဖိုင့်ဖိုင့်ကလေးငယ်သည် စိတ်ကို ရှင်းလင်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်ချောင်းကို ထုတ်ယူကာ တောင်ထွတ်အနောက်ဘက်သို့ ဦးတည် ပျံသန်းသွားလေ၏။

ဝဝဖိုင့်ဖိုင့်ကလေးငယ်သည် အထိတ်ထိတ်အလန့်လန့်ဖြင့် မည်သည့် စကားမျှ မဆိုဘဲ ဒီအတိုင်း ထွက်သွားခဲ့၏။

ဖက်တီးလေးသည် ဆူဇီမိုကို အလွန်အမင်း စိတ်ဝင်စားသွား၏။ သူသည် ရွှန်းလဲတောက်ပသော မျက်လုံးများဖြင့် ဆူဇီမိုအနားသို့ တလှုပ်လှုပ်ဖြင့် ‌ရောက်လာပြီး ဦးညွတ်လိုက်၏။

“လူကြီးမင်း.. ခင်ဗျား အဲ့ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ.. ကျုပ်ကို သင်ပေးပါလားဗျ”

မ‌ပြောင်းမလဲသော အမူအယာနှင့်ပင် ဆူဇီမိုသည် ခေါင်းခါလိုက်၏။

“အဲ့ဒါက ကျုပ်နဲ့မှ ဘာမှ မဆိုင်တာကို”

သူသည် ဟန်လုပ်၍ ထိုသို့ ပြောလိုက်ရသော်လည်း သူ့ရင်ထဲမှာတော့ နောက်ထပ်လေသံတစ်မျိုးဖြင့် တိုးတိုး ရေရွတ်နေလေ၏။

ကျောက်တုံးဂိတ်တံခါးက သူ့ကို တားရသည့် အကြောင်းမှာ အဖြေနှစ်မျိုးရှိ‌၏။

ပထမတစ်မျိုးမှာ သူသည် အစကတည်းက စိတ်ဝိညာဉ်ရင်းမြစ် မရှိသောကြောင့် ဖြစ်လေသည်။

ဒုတိယတစ်မျိုးမှာ ၎င်းသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်‌သော်လည်း တျဲယွဲ့ သူ့ကို ပေးခဲ့သော မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်မှာ ပုံမှန်မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်များနှင့် မတူကွဲပြားနေ‌သောကြောင့် ဖြစ်ရပေမည်။

ဘယ်တစ်ခုက အဖြေမှန်ဆိုတာ‌တော့ ဆူဇီမိုလည်း မပြောတတ်ပေ။

စိတ်ဝိညာဉ်စမ်းသပ်ခြင်း အဆင့် ပြီးသွားပြီးနောက် လူငါးရာမှာ ရှစ်ဆယ်သာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လေ၏။ ထိုအထဲတွင် ချီစုဖွဲ့စစ်သည်တော်က အယောက်နှစ်ဆယ်ကျော် ပါလာ၏။

ရွေးချယ်ပွဲကို ပုံမှန်အတိုင်း ဆက်သွားရမည်ဆိုလျှင် စိတ်ဝိညာဉ်စမ်းသပ်အဆင့်ကို ဖြတ်ကျော်လာခဲ့သော လူရှစ်ဆယ်သည် တတိယအဆင့်ဖြစ်သော သေခြင်းရှင်ခြင်းအဆင့်ကို ဆက်လက်ဖြတ်‌ကျော်ဖို့ လုပ်ရပေမည်။

သို့သော်လည်း ဆန်းကြယ်တောင်ထွတ်မှ ပွဲကြီးကြပ်သူ ကလေးငယ်နှစ်ယောက်က ထွက်ခွာသွားပေပြီ။ လူတိုင်းသည် မူလအစီအစဉ်အတိုင်း သူတို့ဘာသာ ဆက်လက်လုပ်ဆောင်သင့်သလား.. ကလေးနှစ်ယောက် ပြန်အလာကို စောင့်သင့်သလား ဝေခွဲမရ ဖြစ်ကုန်ကြ၏။

ထိုအချိန်မှာပင် ‌မောက်မာဟန်ရသောလူက ‌ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီး တောင်ထွတ်ဆီသို့ စတင်တက်ရောက်လေတော့၏။

သူ၏ အပြုအမူက လူတိုင်းကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေ၏။

ကလေးနှစ်ယောက် စောစောက ပြောခဲ့သလိုဆိုလျှင် တတိယအဆင့်သည် တောင်တက်လမ်းမှတစ်ဆင့် တောင်ထွတ်ပေါ်သို့ တက်ရောက်ရုံသာ ဖြစ်လေသည်။ သို့သော် ဤအချိန်တွင် လူတိုင်း တွေးမိကြသည်မှာ တောင်ထွတ်ကို အရင်ရောက်သောသူက ဂိုဏ်းသို့ ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ပိုကောင်းလာမလား ဆိုတာပင်။

‌အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီးက ဒုတိယလူအဖြစ် စတင် တက်ရောက်လိုက်၏။

အကြည့်ချင်း ဖလှယ်ကြပြီးနောက် လူတိုင်းသည် ချက်ခြင်း နောက်ကနေ လိုက်ပါကုန်ကြ၏။

တောင်တက်လမ်းကို အစိမ်းရောင်ကျောက်တုံးများဖြင့် ၎င်းက မာကျောခက်ထန်ကြမ်းတမ်းမှု လုံးဝ မရှိပေ။ ထို့အစား ခရီးစဉ်သည် စိမ်းစိုနေသော တောင်တန်းတောအုပ်၊ ငှက်ကလေးများ၏ တေးဆိုသံ စသည်ဖြင့် လွန်စွာ ကြည်နူးဖွယ်ကောင်း မျက်စိပသာဒဖြစ်နေပြီး လုံးဝ ချောမွေ့နေလေ၏။

သူတို့သည် ခရီးစဉ်တစ်လျှောက် သာယာဖွယ်ရှုခင်းများများနှင် မြူခိုးတိမ်လွှာများကို ဖြတ်သန်းလာခဲ့ရပြီး သုခဘုံတစ်ခုသို့ ရောက်ရှိလာသလို ခံစားနေရ၏။ လူတိုင်းသည် ကြောက်မက်ဖွယ်ရာ သေခြင်းရှင်ခြင်းအဆင့်ကို ဖြစ်ကျော်နေရခြင်းနှင့် မတူဘဲ လွန်စွာ သာယာအေးဆေးနေကြ၏။

ဆူဇီမိုသည် အ‌လောတကြီး ရှိမနေဘဲ လူအုပ်ကြီး၏ အနောက်ကနေ အေးဆေး ကပ်ပါလာ၏။

ဆန်းကြယ်တောင်ထွတ်က ဤအဆင့်ကို ချမှတ်ထားမှတော့ အရင်ရောက်သူ အရင်ဝင်ရမည်ဆိုသော ကလေးကလား သတ်မှတ်ချက်မျိုးတော့ ထားရှိမည် မဟုတ်လောက်ပေ။

နောက်ဆုံး အဲ့လောက်ထိ ရိုးရှင်းနေလျှင် ဤအဆင့်ကို သေခြင်းရှင်ခြင်းအဆင့်ဟု ခေါ်ဆိုသမုတ်ထားစရာကို အကြောင်းမရှိပေ။

ဆူဇီမိုသည် စိတ်ဝိညာဉ်စမ်းသပ်ရုံကလေးနှင့် ကျောက်တုံးဂိတ်တံခါးကို ဖျက်ဆီးစေလိုက်မိပြီးနောက် ဖက်တီးလေးသည် မောက်မာဟန်ရသောလူနှင့် အဖြူရောင်ကိုယ်ကျပ်အင်္ကျီဝတ်အမျိုးသမီးအစား ဆူဇီမိုအနားကိုသာ ရစ်သီရစ်သီလုပ်ကပ်နေပြီး လာရာလမ်းတစ်လျှောက် စကားများကို မရပ်မနား ပြောလာခဲ့လေ၏။

သူ့နောက်ခံနှင့် ပတ်သတ်၍ စကားမှားမည်ကို စိုးရိမ်သောကြောင့် ဆူဇီမိုသည် မေးခွန်းတိုင်းကို တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်၏။

“ဘရို.. လူတိုင်းရဲ့ စိတ်ဝိညာဉ်ရင်းမြစ် စမ်းသပ်မှုက ပုံမှန်ပါပဲ.. ဒါပေမယ် ဘရိုရဲ့ အလှည့်က‌တော့ သဘာဝမိခင်ကို မျက်ခွက် ဖြတ်ရိုက်လိုက်သလိုပဲ”

“မင်း ဘာကြောင့် အဲ့လို ပြောရတာလဲ”

“ဘာလို့လဲဆိုတော့ အဲ့ဒါက ဖြောင်းကနဲဆို အသံအကျယ်ကြီး မြည်ဟည်းသွားလို့‌လေ”

“. . .”

“ဘရို.. သင်ပုံစံကြည့်ရတာ တော်တော်လေးကို တင့်တယ်ခမ်းနားတဲ့ အမူအယာရှိတာပဲ.. ကျုပ်ထင်တာတော့ သင်က ဆွေကြီးမျိုးကြီးနဲ့ ထူးခြားတဲ့နောက်ခံရှိရမယ် ဟုတ်တယ်မလား”

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိကို ကျုပ်က စာပေတွေပဲ လေ့လာနေခဲ့တာ”

“အို ဒါမှ ငါ့ဘရိုကွ.. သင်က စာပေပညာလဲတတ်တယ် တိုက်လဲတိုက်နိုင်တယ်.. မိုက်တယ်ကွာ”

“. . .”

ဆူဇီမိုသည် နောက်ဆုံးမှာ ဖက်တီးလေး၏ စူပါပါဝါကို နားလည်သွားပြီး လူအုပ်ကြီးနှင့် ဝင်ရောဖို့အတွက် ရှေ့သို့ မြန်မြန်တက်လိုက်၏။

ထိုအချိန်မှာပင် ရှေ့မှ သွားနေကြသော လူများသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြ၏။

ဆူဇီမိုသည် မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ထိုနေရာသည် တောင်တက်လမ်း၏ အဆုံးဖြစ်လေသည်။ တောင်တက်လမ်း၏ အဆုံး၌ မိုးထိတိုင် ငွားငွားစွင့်စွင့် မြင့်မားနေသော လွန်စွာ မတ်စောက်လှသည့် တောင်ထွတ်တစ်ခု ရှိနေလေသည်။

အမှန်တစ်ကယ် စမ်းသပ်ချက်က ယခုမှ ရောက်ရှိလာခြင်းပင်။

ချောမွေ့သော တောင်တက်လမ်းက သူတို့ကို သွေးနွေးပေးရုံမျှသာ ဖြစ်လေသည်။

မော်တယ်များက တောင်ထွတ်ပေါ်ကို သုန်မှုန်စွာ မော့ကြည့်လိုက်ကြ၏။

သူတို့အနေဖြင့် တောင်ထွတ်ထိပ်သို့ တက်ရောက်လိုလျှင် ဒီအတိုင်း ခြေလက်များဖြင့်သာ ကုပ်တွယ်တက်ရပေမည်။ သို့သော် တောင်ထွတ်သည် မတ်စောက်လွန်းပြီး ကုပ်တွယ်စရာ ချိုင့်အထစ်များက တက်လို့ရရုံသာ ရှိလေသည်။

တောင်တက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နက်ရှိုင်းသော ချောက်ကြီး ရှိနေပြီး ခြေတစ်ချက်ချော်သွားတာနှင့် သေရွာသို့ ဦးတည်သွားနိုင်၏။

လူတိုင်းသည် ကလေးနှစ်ယောက်ပြောခဲ့သော စကားများကို နားထဲတွင် ပြန်လည် ကြားယောင်လာ၏။ ဤအဆင့်သည် အရင်အဆင့်များနှင့် မတူဘဲ အလွန်ကြောက်စရာကောင်းသည့် အဆင့် ဖြစ်လေသည်။ ခြေတစ်လှမ်းမှားသွားတာနှင့် အလောင်းတောင်ရှာမရဘဲ အသက်ဆုံးပါးသွားနိုင်၏။ ထို့ကြောင့် သူတို့သည် အလွန်သတိထားဂရုစိုက်ဖို့ လိုပြီး မဖြစ်နိုင်ဘူးထင်လျှင် ကိုယ့်ကိုယ်ကို အတင်းဖိအားမပေးဖို့ပင် ဖြစ်လေသည်။

များစွာသော မော်တယ်များသည် ကြောက်ရွံ့ထိတ်လန့်မှုများကို ဖုံးကွယ်မထားနိုင်တော့ဘဲ စိတ်ထဲမှာတော့ အလျှော့ပေးလိုက်ကြပေပြီ။

အချို့ဆို တိုးတိုး တိုးတိုးနှင့် မကျေမနပ် ရေရွတ်ပြောဆိုကုန်ကြလေ၏။

“ဆန်းကြယ်တောင်ထွတ်က တော်တော်လွန်သွားပြီ.. ငါတို့က သူတို့ဂိုဏ်းထဲကို ဝင်ချင်တာနဲ့ပဲ.. သူတို့က ငါတို့ကို သတ်ဖို့ လုပ်နေတာပဲ”

“ငါတို့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေက ဟင်းရွက်ကန်စွန်းလောက်တောင် အဖိုးမတန်တော့ဘူးလား.. သူတို့က ဒီလောက်ထိ ကြီးကျယ်နေပြမှတော့ ငါတို့ကလဲ တစ်ခြားဂိုဏ်းကိုပဲ သွားဝင်ကြရုံပေါ့.. အဲ့ဒါက ဒီမှာ အ‌ချောင်သေရတာထက်စာရင်တော့ အများကြီး ပိုကောင်းသေးတယ်”

“ဒီတောင်ထွတ်က ဘယ်လောက်ထိ မြင့်သလဲ သေချာလဲ သိရတာ မဟုတ်ဘူး.. လမ်းတစ်ဝက်မှာတင် ငါတို့ အားပြတ်သွားရင် ဘယ်လိုလုပ်မလဲ”

မော်တယ်တွေနှင့် မတူဘဲ.. ချီစုဖွဲ့စစ်သည်တော် နှစ်ဆယ်ကျော်ကတော့ စိတ်အေးသက်သာစွာ ရှိနေကြ၏။

ဤတောင်ထွတ်ကို တက်ဖို့သည် မော်တယ်များအတွက် မဖြစ်နိုင်သော အလုပ်တစ်ခု ဖြစ်သော်လည်း သူတို့အတွက်ကတော့ ဓါးပျံလေးစီး၍ တက်သွားရုံသာ ဖြစ်လေသည်။

ချီစုဖွဲ့စစ်သည်တော် တစ်ယောက်သည် သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဓါးပျံပေါ်သို့ ခုန်တက်လိုက်ကာ ကျေနပ်အားရနေသော အမူအယာဖြင့်

“ကောင်းပြီ ကောင်းပြီ.. ငါကတော့ တက်တော့မယ်.. မင်းတို့အားလုံးကို တောင်ထွတ်ပေါ်ကနေ ‌စောင့်နေမယ်ဝေ့” ဟု လှောင်ရယ်မောက ပြောလိုက်လေ၏။

ပြောနေရင်းနှင့်ပင် သူသည် လေထဲသို့ ပျံတက်သွားပြီး တစ်ခဏအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။

အခြားသော ချီစုဖွဲ့စစ်သည်တော်များလည်း သူ့ထက်ငါ နောက်မကျစေရဘဲ သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ထုတ်ယူကာ နောက်ကနေ လိုက်ကြကုန်လေတော့၏။

ထူးဆန်းသည်မှာ ယခုအချိန်ထိ မောက်မာဟန်ရသောလူက လှုပ်ရှားမှု မပြုသေးပေ။ သူသည် တိမ်လွှာများကြားသို့ မျက်မှောင်ကြုတ်၍ ငေးမောကြည့်နေပြီး တစ်စုံတစ်ရာကို ချင့်ချိန်စဉ်းစားနေလေ၏။

အဖြူရောင်ကိုယ်ကျပ်အင်္ကျီဝတ် အမျိုးသမီးသည်လည်း ထို့နည်းတူစွာပင် အတွေးနက်၍ ရပ်တန့်နေ၏။

အချို့သော မော်တယ်များသည်လည်း ရှိသမျှ သတ္တိလေးများကို ခြစ်ကုပ်စုယူကာ တောင်ထွတ်ဆီသို့ စတင်တက်ကြလေ၏။ ချီစုဖွဲ့စစ်သည်တော်များနှင့် နှိုင်းယှဉ်လျှင် သူတို့သည် များစွာ နှေးကွေးလှပြီး ခြေလှမ်းတိုင်းက အန္တရာယ်များဖြင့် ပြည့်နေလေသည်။

ခြေတစ်ချက်ချော်သွားတာနှင့် ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားရပေလိမ့်မည်။

“ဘရို ခင်ဗျားရော မတက်သေးဘူးလား” ဖက်တီးလေးက ဆူဇီမိုကို ကြည့်လိုက်၏။

သူ ပြန်ဖြေမလို့ ရှိသေးသည်၊ တိမ်လွှာကြားမှ စူးစူးဝါးဝါး အော်သံတစ်ခုက ထွက်ပေါ်လာလေ၏။

“အား....!”

လူတိုင်း ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်တစ်ခုသည် အပေါ်ကနေ ပြုတ်ကျလာပြီး လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် မှောင်မည်းနေသော ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားလေ၏။

ဤသည်ကို ကြည့်၍ လူတိုင်း မျက်နှာပျက်သွားကြပြီး ကျောချမ်းသွားကြ၏။

စောစောက အပေါ်က ပြုတ်ကျလာသောသူမှာ တောင်ထွတ်ဆီသို့ ပထမဆုံး တက်ရောက်သွားသော ချီစုဖွဲ့စစ်သည်တော် ဖြစ်လေသည်။

အဲ့လိုနဲ့ပဲ ချီစုဖွဲ့စစ်သည်တော်တစ်ယောက် သေသွားရရောလား!

သူ အပေါ်မှာ ဘယ်လိုအရာများနဲ့များ ကြုံတွေ့ခဲ့ရပါလိမ့်!

တိမ်တွေက မျောလွင့်ရွေ့လျားသွားပြီး ကြောက်မက်ဖွယ်ရာ ‌အော်ရာတစ်ခုက ထွက်ပေါ်လာလေ၏။

“အား...!”

နောက်ထပ် အော်သံတစ်ခုက ထွက်ပေါ်လာ၏။

အရိပ်တစ်ခုက ပြုတ်ကျလာပြီး ချောက်နက်ကြီးထဲသို့ ကျဆင်းသွားပြန်ချေပြီ။

လူတိုင်းထံမှ တံတွေးမျိုချသံများက ထွက်ပေါ်လာ၏။

တစ်ခဏသာ အချိန်က‌လေးအတွင်းမှာပင် ချီစုဖွဲ့စစ်သည်တော် နှစ်ယောက်က ကျဆုံးသွားချေပြီ။

ကလေးနှစ်ယောက် ပြောခဲ့သော စကားက မှန်၏။ တတိယအဆင့်က လူတိုင်းအတွက် မျှတအောင် လုပ်ပေးထား၏။ ချီစုဖွဲ့စစ်သည်တော်ပင်လျှင် တောင်ထွတ်ဆီရောက်ဖို့ အာမခံချက် မရှိပေ။

အခုမှ တက်မလို့ လုပ်နေသော မော်တယ်များသည် မြင်နေရသော အဖြစ်အပျက်များကို ကြည့်ကာ ခြေဖျားလက်ဖျားများ အေးစက်လာပြီး ကြောက်ရွံ့တုန်လှုပ်လာကာ ဆက်တက်ဖို့ မဝံ့ကြတော့ပေ။

တစ်ချို့ဆို ပြန်ဆင်းလာနေကြပေပြီ။

ဘယ်လိုမျိုး ဟာသပါလိမ့်။ ချီစုဖွဲ့စစ်သည်တော်တောင် သေရပါတယ် ဆိုမှတော့ သူတို့က မျက်စိမှိတ်ပြီး ထပ်စွန့်စားဖို့ လိုပါသေးရဲ့လား။

ရုတ်တရတ်.. မောက်မာဟန်ရသောလူက ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီး ရေရွတ်လိုက်လေ၏။

“သေခြင်း ရှင်ခြင်း အဆင့်.. သေခြင်း ရှင်ခြင်း အဆင့်တဲ့.. တောင်ထွတ်က ရှင်ခြင်းကို ကိုယ်စားပြုပြီး ချောက်နက်ကတော့ သေခြင်းကို ကိုယ်စားပြုတာပေါ့လေ.. ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ.. ဒါ စိန်ခေါ်မှုပဲ!”

All Chapters