လမ်းခရီးမှာ တားဆီးနေတာ ကြိုးကြာတစ်ကောင်
Vol. 5 Ch. 65
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၆၅ - လမ်းခရီးမှာ တားဆီးနေတာ ကြိုးကြာတစ်ကောင်
Translator – Than Toe Aung
မောက်မာဟန်သောလူအပေါ် သူတို့အများစု၏ အမြင်က ပြောင်းလဲသွား၏။
လူတိုင်းလိုလို သေမတတ် ကြောက်ရွံ့ပြီး နောက်ပြန်ဆုတ်ဖို့ လုပ်နေကြချိန်တွင် ထိုလူက အနည်းငယ် ကြောက်ရွံ့ဟန် မရဘဲ တက်ရောက်ဖို့ စိုင်းပြင်းနေလေ၏။
“အား..!”
“အား...!”
နောက်ထပ်အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး တိမ်လွှာထက်မှ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာကာ တောင်တက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီရှိ ချောက်နက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်ကုန်ကြလေ၏။
နောက်ဆုံ’မှာတော့ လူတိုင်းနီးပါးသည် စိတ်ဓါတ်များ ပြိုလဲကျကုန်ပြီး စတင်ဆုတ်ခွာကုန်ကြ၏။
ဖက်တီးလေးက လျှာကိုက်လိုက်ပြီး အံအားတသင့် ရေရွတ်လိုက်၏။
“အဆင့်၉ ချီစဖွဲ့စစ်သည်တော်တောင် ပြန်ပြုတ်ကျလာတယ်ဆိုတော့ အပေါ်မှာ ဘယ်လိုအရာနဲ့များ ကြုံတွေ့ခဲ့တာပါလိမ့်”
ဆူဇီမိုသည် အခြားသူများထက် ပို၍ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။
စောစောက လေထဲသို့ တက်သွားကြသော ချီစုဖွဲ့စစ်သည်တော် ၂၃ယောက်ရှိပြီး တစ်ယောက်မကျန် ပြန်ပြုတ်ကျလာခဲ့၏။
လန့်ချင်စရာ ရလဒ်ပင်။
များစွာသော မော်တယ်များသည် တုန်ယင်နေသော ခြေထောက်များဖြင့် တောင်နံရံကနေ ပြန်ဆင်းလာကြ၏။ ထို့နောက် သူတို့သည် နောက်ကို ပြန်၍ပင် လှည့်မကြည့်တော့ဘဲ တစ်ချိုးတည်း တောင်အောက်ကို ပြန်ဆင်းပြေးကြကုန်လေ၏။
ဒုတိယအဆင့်ကို ဖြတ်ကျော်လာခဲ့သူမှာ အယောက် ၈၀ကျော် ရှိခဲ့၏။ ယခုအခါ ချီစုဖွဲ့စစ်သည်တော် ၂၃ယောက်မှာ ကျဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြသော မော်တယ်များနှင့်ဆိုပါက တောင်ထွတ်အခြေတွင် ကျန်ခဲ့သူမှာ ၁၇ယောက်သာ ကျန်ရှိလေတော့သည်။
ဤ ၁၇ယောက်မှာ ချီစုဖွဲ့စစ်သည်တော်များ ကျဆုံးသွားကြသည်ကို မြင်ခဲ့ရသော်လည်း ကြောက်ရွံ့မှု အလျှင်း မရှိကြသော ပြတ်သားသည် စိတ်ထားနှင့် လူများ ဖြစ်ကြလေသည်။
တစ်လမ်းလုံး စကားများ ဖောင်ဖွဲ့ပြောလာခဲ့သော ဖက်တီးလေးပင်ရင် ငြိမ်ကုပ်သွား၏။ သူ၏ ရွှန်းလဲ ကျဉ်းမြောင်းသော မျက်လုံးများကို ပေကလယ် ပေကလယ် လုပ်ရင်း အတွေးနက်နေလေ၏။
ဆူဇီမိုသည် ဤအဆင့်နှင့် ပတ်သတ်၍ တစ်ခုခုတော့ မူမမှန်သည်ကို ခံစားနေရ၏။ ကိစ္စတိုင်းက သံသယဝင်စရာ ကောင်းလှ၏။
သို့သော်လည် ဘယ်နေရာက မှားနေသည်ဆိုတာကိုတော့ သူ အတိအကျ မပြောတတ်ချေ။
တစ်ချိန်တည်းဆိုသလိုပင် မောက်မာဟန်ရသောလူနှင့် အဖြူရောင်ကိုယ်ကျပ်အင်္ကျီဝတ် အမျိုးသမီးသည် ဓါးပျံများကို ထုတ်၍ ပျံတက်သွားကြလေသည်။ သို့သော်လည်း သူတို့၏ အမြန်နှုန်းသည် သိသိသာသာ နှေးနေ၏။ သူတို့ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်နေကြသည်မှာ သိသာထင်ရှားလေသည်။
“ဘရို သတိထားရမယ်နော်.. ကျူပ် ဘရိုအတွက် လမ်းကြောင်းအရင် သွားကြည့်လိုက်ဦးမယ်” ဖက်တီးလေးသည်လည်း ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ဖြစ်၏။ သူသည် သိုလှောင်အိတ်ထဲကနေ ဒိုင်းကာတစ်ခုကို ဆွဲထုတ်လိုက်၏။ လေနှင့်ထိတွေ့သောအခါ ဒိုင်းကာသည် တစ်ဖြည်းဖြည်း ကြီးမားပွယောင်းလာပြီး သူ၏ လုံးဝန်းသော ခန္ဓာကိုယ်ကို သယ်ယူကာ ကောင်းကင်ထက်သို့ ဖြည်းဖြည်းခြင်း ပျံတက်သွားလေ၏။
ဆူဇီမိုအပါအဝင် ကျန် ၁၄ယောက်သည် စိတ်ဝိညာဉ်ချီမရှိသော မော်တယ်များ ဖြစ်ကြ၏။
သူတို့သည် တောင်ထွတ်ပေါ်သို့ တက်ရောက်လိုလျှင် သူတို့၏ ခြေလက်မျာကို အသုံးပြုရပေမည်။
ဆူဇီမိုသည် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ တောင်ထွတ်အခြေသို့ ချည်းကပ်လိုက်၏။ လွှားကနဲ တစ်ချက်ခုန်လိုက်ပြီးနောက် သူသည် နံရံကို ကုပ်တွယ်ကာ လျှင်မြန်စွာ စတင် ဖက်တက်လိုက်လေ၏။
ကျန်ရှိနေသော ၁၃ယောက်သည် အံ့သြထိတ်လန့်သွားးကြ၏။ ထိုလူသည် လူတစ်ယောက်နှင့် မတူတော့ဘဲ မျောက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။
ယခုအချိန်တွင် ဆူဇီမိုသည် အရွတ်အသွင် ပြောင်းလဲခြင်းတွင် ပြီးပြည့်စုံလုနီးပါး အဆင့်သို့ ရောက်နေပေပြီ။ သူသည် မြွေပါတစ်ကောင်လို ဖျတ်လတ်ပြီး မျောက်ဝံတစ်ကောင်လို့ ပေါ့ပါးနေ၏။ အသာအယာပင် လှုပ်ရှားလိုက်၏။ တောင်ထွတ်သို့ တက်ရောက်ရခြင်းက သူ့အတွက်တော့ စိန်ခေါ်မှုတစ်ရပ် မဟုတ်ပေ။
မျောက်ဝံများက သဘာဝအားဖြင့် ကုပ်တွယ်ဖက်တက်ဖို့ မွေးဖွားလာကြခြင်း ဖြစ်၏။
ဆူဇီမိုသာ ခွန်အားအကုန် ထုတ်သုံးလျှင် လေထဲကို ပျံတက်သွားကြသော ချီစုဖွဲ့စစ်သည်တော်များက သူ့အမြန်နှုန်းကို လိုက်မီနိုင်မည် မဟုတ်ပေ။
ယခင် ကန်းလန်ရိုးမမှာတုန်းက ပျော်ရွှင်ဖွယ်ကလန်က အကြီးအကဲချမ့်သည် ကောင်းကင်အထက် ပျံတက်ချိန်တွင် ဆူဇီမိုကလည်း သူ့အမြန်နှုန်းကို လိုက်မီအောင် သစ်ပင်ကြီးပေါ်ကနေ ဖက်တက်ခဲ့၏။
တစ်ကယ်တော့ ဆူဇီမိုသည် ထိုအချိန်က မျှော်လင့်ချက်မျောက်ဝံ့အသွင်ပြောင်းလဲခြင်းကို အသုံးပြုခဲ့သလို အကြီးအကဲ့ချမ့်ကလည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့၏။
သူ၏ ခွန်အားကုန် မသုံးရသေးဘဲကို ကျန်ရှိနေသော ချီစုဖွဲ့စစ်သည်တော် ၁၃ယောက်က နောက်မှာ ပြတ်ကျန်ခဲ့လေသည်။
“အောင်း အောင်း!”
ဤအချိန်မှာပင် ဆူဇီမိုသည် ငှက်အော်သံ ထွက်ပေါ်လာတာကို ဝိုးတဝါး ကြားလိုက်ရ၏။
သူသည် ကန်းလန်ရိုးမမှာ တစ်နှစ်တာနေခဲ့သော်လည်း တောကောင်များကို ဘာသာစကားကိုတော့ မတတ်မြောက်ခဲ့ပေ။ သို့သော်လည်း အသံမှတစ်ဆင့် ထိုကောင်များ ဘယ်လိုစိတ်ခံစားချက်ရှိသည်ကိုတော့ သူပြောနိုင်၏။
ယခုအော်လိုက်သော ငှက်သံက ပျော်ရွှင်မြူးထူးစွာဖြင့် လှောင်ပြောင်ရန်စနေသော အသံဖြစ်၏။
“စိတ်ဝိညာဉ်တောကောင်တွေက ဘာကြောင့် ဒီနေရာမှာ လာရှိနေရတာလဲ”
သူသည် မျက်မှောင်ကြုတ်လိုက်သော်လည်း အရှိန်ကိုတော့ နည်းနည်းမျှ လျှော့မချဘဲ ဆက်တက်လိုက်၏။
“တိရစ္ဆာန်ယုတ်.. ဘယ်လိုတောင် အတင့်ရဲနေတာလဲ”
သိပ်မကြာခင်မှာ အပေါ်မှ မောက်မာဟန်ရသောလူ၏ အသံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ခေါင်းမော့၍ မျက်စိကို မှေးပြီး ကြည့်လိုက်၏။
တိမ်လွှာများကြားမှ ငှက်ကြီးတစ်ကောင်သည် တောင်ပံများကို ဖြန့်ကျက်၍ ခေါင်းကို မော့ပြီး အော်ဟစ်နေ၏။ ထို့နောက် ထိုငှက်သည် မောက်မာဟန်ရသောလူ၊ ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးနှင့် ဖက်တီးလေးတို့ကို လေထဲကနေ တိုက်ခိုက်နေတာကို တွေ့လိုက်ရ၏။
သူ့တောင်ပံတစ်ချက်ခတ်လိုက်တိုင်းတွင် မုန်တိုင်းတိုက်သလို လေဟုန်ပြင်းထန် ထွက်ပေါ်လာပြီး သူတို့သုံးယောက်သည် လေထဲတွင် အနောက်သို့ လှန်၍ လွင့်ထွက်သွားကြ၏။ သူတို့ကို ကြည့်ရသည်မှာ အချိန်မရွေး လွင့်ပျံကြတော့မည့်ပုံပင်။
“စိတ်ဝိညာဉ်သားရဲလားဟ”
ဆူဇီမို မှင်တက်သွား၏။
ထိုငှက်က စိတ်ဝိညာဉ်သားရဲလိုမျိုးအော်ရာ ထွက်ပေါ်နေ၏။
သူသည် မကြာသေးခင်ကမှ စိတ်ဝိညာဉ်သားရဲအဆင့်သို့ တက်လှမ်းလာကာစဖြစ်ပြီး အခြေတည်အဆင့်လောက်နှင့် ညီမျှနေ၏။
ဒါတောင်မှ ငှက်သည် သူတို့သုံးယောက်ကို ထိန်းထားနိုင်ရုံလောက်သာ ခွန်အားကို ထုတ်သုံးထား၏။
ငှက်က ခွန်အားကုန် ထုတ်သုံးမနေသည်မှာ သိသာ၏။ ထို့အစား သူသည် ကြောင်က ကြွက်ကို ဆော့ကစားနေသလို သူတို့သုံးယောက်၏ ဘေးပတ်ပတ်လည်မှနေ၍ တောင်ပံများကို ရိုက်ခတ်နေပြီး တစ်ယောက်မှ အပေါ်ကို ဆက်မတက်နိုင်စေရန် ပြုလုပ်နေ၏။
မောက်မာဟန်ရသောလူ၏ စိတ်ဝိညာဉ်အမျိုးအစားမှာ လေဒြပ်စင်ဖြစ်သောကြောင့် သူသည် လေထဲမှာ ယိမ်းယိုင်နေသော်လည်း ဟန်ချက်ကို ထိန်းထားနိုင်သေး၏။
ကိုယ်ကျပ်ဖြူဝတ် အမျိုးသမီးက အေးစက်စက် မျက်နှာထားနှင့်ပင် ရှိနေ၏။ သူမကို ရေခဲအလွှာတစ်ခုက လွှမ်းခြုံထားပြီး ထင်ရှားစွာပင် သူမသည် အဆောင်တစ်ခုကို အသုံးပြုထားခြင်း ဖြစ်၏။
ဖက်တီးလေး၏ ဒိုင်းကာကတော့ အတော်လေး ခိုင်ခံပြီး ကြီးမာ၏။ သူသည် ခြေကားရားလက်ကားယားဖြင့် ဒိုင်းကာစွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ချွေးများက တစ်ကိုယ်လုံး ရွှဲနစ်ကာ ကြောက်ရွံ့ထိတ်လန့်နေ၏။
“ဒါဆို သေခြင်းရှင်ခြင်းအဆင့်ရဲ့ တစ်ကယ့် အဟန့်အတားက ဒီငှက်ပေါ့လေ.. တောင်ထွတ်ပေါ်ကို တက်ချင်ရင် ငါက ဒီငှက်ကို ဖြတ်ကျော်ဖို့ လိုတယ်ဆိုတဲ့ သဘောပေါ့”
အကြောင်းရင်းကို သဘောပေါက်သွားပြီးနောက် ဆူဇီမိုသည် ဆက်လက်တက်ဖို့ ပြင်လိုက်၏။ ထိုအချိန်မှာပင် ဖက်တီးလေးက စူးကနဲ တစ်ချက်အော်လိုက်လေ၏။
ငှက်သည် ဆူဇီမိုနှင့် အခြားသူများ ချည်းကပ်လာတာကို မြင်တွေ့သွားပုံရ၏။ သူသည် ဤသုံးယောက်နှင့် အချိန်ဆက်မဖြုန်းလိုတော့ဘဲ တောင်ပံများကို မာန်ဟုန်ပြင်းပြင်းထည့်၍ ရိုက်ခတ်လိုက်၏။
ဖက်တီးလေးမှာ ပထမဆုံး ဟန်ချက်ပျက်သွားသည့်သူဖြစ်ပြီး လေထဲကနေ ကိုးရို့ကားယားဖြင့် ပြုတ်ကျလာလေ၏။
“အား..................!”
သူ့မျက်နှာက ဖြူဆုတ်နေပြီး လက်များကို ယက်ကာ ကျယ်လောင်စွာ အော်ဟစ်နေ၏။ သူသည် ဆူဇီမိုကို မြင်လိုက်သောအခါ လှမ်းအော်လိုက်၏။
“ဘရို.. မြန်မြန်ပြေးတော့.. ငှက်စိတ်တိုက အပေါ်မှာ စောင့်နေတယ်”
ဖက်တီးလေး ပြုတ်ကျရာ လမ်းကြောင်းက ဆူဇီမိုနှင့် သိပ်မကွာလှပေ။
ဆူဇီမိုသည် ဖက်တီးလေးအပေါ် ကောင်းမွန်သည့် အမြင်ရှိပြီး သူဒုက္ခရောက်နေချိန်တွင် မျက်နှာလွှဲခဲပစ် မလုပ်လိုပေ။ သူသည် ကျောက်နံရံကို ဘေးတိုက် လျှင်မြန်စွာ ဖြတ်သွားလိုက်ပြီး လေထဲက ဖက်တီးလေးကို လှမ်းဆွဲလိုက်၏။
ထိုအချိန်မှာပင် ဖက်တီးလေးသည် မျက်လုံးကလည်၍ သွားရည်များကျလာကာ ကြောက်လန့်၍ သတိလစ်သွားဟန် ရလေသည်။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
သူသည် တက်လာသည်မှာ ခရီးတစ်ဝက်ကို ရောက်နေပေပြီ။ ယခုအချိန်သည် သူသည် ဖက်တီးလေးကို အောက်သို့ သွားပြန်ချပေးရလျှင် သူသည် ခရီးစဉ်ကို အစကနေ ပြန်၍ တက်ရပေတော့မည်။
ဖက်တီးလေး၏ ခန္ဓာကိုယ်မှာ လေးသော်ငြားလည်း သူ့ခါးမှာ လွယ်ထားသော အေးမြစန္ဒာဆေဘာ၊ မျှော်လင့်ချက်သလင်းလေးတို့နှင့် နှိုင်းယှဉ်လျှင် ဘာမျှ မပြောပလောက်ချေ။
ထိုသို့ တွေးပြီးနောက် ဆူဇီမိုသည် ဖက်တီးလေးကို လက်တစ်ဖက်ဖြင့် ကိုင်စွဲကာ ကျန်လက်တစ်ဖက်ဖြင့် အရှိန်ကို လျှော့ချခြင်းမရှိဘဲ ဆက်လက်တက်လိုက်၏။
တစ်ဖြည်းဖြည်း နီးကပ်လာပြီးနောက် ဆူဇီမိုသည် အဖြစ်အပျက်များကို ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရ၏။
၎င်းမှာ ကြိုးကြာငှက်တစ်ကောင်ဖြစ်ပြီး မွေးဖွားလာသည်မှာ သိပ်မကြာလောက်သေးသော ပုံစံဖြစ်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားရွှင်မြူးပျော်ပါးနေ၏။
တောင်ထွတ်ပေါ်တက်လာသောသူများကို ပြုတ်ကျအောင် လုပ်ရသည်မှာ သူသဘောအကျဆုံး ကစားနည်းတစ်ခုလိုပင်။
ကြိုးကြာသည် အပေါ်ကနေ ထိုးဆင်းလာပြီးနောက် သူ၏ ခြေသည်းများကို ထုတ်ကာ ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီး၏ ရေခဲအကာအရံအဆောင်ကို လှမ်းကုတ်လိုက်လေ၏။
ချပ်! ချပ်!
ကြိုးကြာ၏ အသာအယာ ကုတ်ချက်အောက်မှာပင် အကာအရံရေခဲလွှာက အက်ကွဲကျိုးပဲ့သွားလေ၏။
ပြင်းထန်စွာ ရိုက်ခတ်လာသော လေဟုန်နှင့်အတူ အမျိုးသမီးသည် ဓါးပျံပေါ်ကနေ ပြုတ်ကျသွားလေတော့သည်။ သူမ၏ အကြည့်က အနည်းငယ် မှိန်ဖျော့သွားသော်လည်း စိတ်ပျက်အားငယ်နေသည့်ပုံတော့ မပေါက်ဘဲ ချောက်နက်ထဲသို့ ကျဆင်းသွားလေ၏။
သိပ်မကြာခင် မောက်မာဟန်ရသောလူသည်လည်း အမျိုးသမီးနောက်သို့ လိုက်ပါသွားရလေသည်။ ကြိုးကြာငှက်၏ ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် သူသည်လည်း ကြာရှည်တောင့်မထားနိုင်တော့ဘဲ ကောင်းကင်ထက်ကနေ မကျေမချမ်းနှင့်ပင် ကျဆင်းသွားရလေသည်။
“အောင်း! အောင်း!”’
သူ၏ ခေါင်းကို မော့၍ ကြိုးကြာငှက်က အတော်လေးကို စိတ်လှုပ်ရှား ပျော်ရွှင် ကျေနပ်နေလေ၏။