မျောက်ဝံတစ်ကောင်
Vol. 5 Ch. 66
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၆၆ - မျောက်ဝံတစ်ကောင်
ဘာသာပြန်သူ - သန်းတိုးအောင်
မောက်မာဟန်ရသောလူနှင့် ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးတို့ အသူတရာချောက်နက်ထဲသို့ ပြုတ်ကျသွားချိန်တွင် ဆူဇီမိုသည် အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်၏။
ချောက်နက်ထဲသို့ ပြုတ်ကျကုန်သောသူများသည် သေချာပေါက် သေကြမည် မဟုတ်ပေ။
သူတို့ထဲက နှစ်ယောက်သည် လွန်စွာရှားပါးသည့် ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များ ဖြစ်ကြပြီး ဆန်းကြယ်တောင်ထွတ်ကလည်း ဤသည်ကို သိရှိကြပြီး ဖြစ်ပေလိမ့်မည်။ ထို့ကဲ့သို့သော ပါရမီရှင်များကို ဆန်းကြယ်တောင်ထွတ်က သေခိုင်းစရာ အကြောင်းမရှိပေ။
သို့သော်လည်း ချောက်နက်ထဲသို့ ပြုတ်ကျကုန်သော သူများသည် မည်သို့သော အရာများနှင့် ကြုံတွေ့ရမည်ကိုတော့ ဆူဇီမိုလည်း မသိပေ။
ဆူဇီမိုသည် ဘေးတိုက်အနည်းငယ် ရွှေ့လိုက်ပြီး ကြိုးကြာငှက်၏ မြင်ကွင်းကနေ ပုံးကွယ်ဖို့ ကြိုးစားကာ အပေါ်ကို ဆက်လက်တက်ရောက်လိုက်၏။
သူ့မှာ လက်တစ်ဖက်သာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော်လည်း သူ့ခြေထောက်များကလည်း လက်များလိုပင် ဖျတ်ဖျတ်လတ်လတ် လှုပ်ရှား ကုပ်တွယ်နိုင်စွမ်းရှိ၏။ သူသည် တောင်ထွတ်နံရံထဲသို့ ခြေလက်များကို ထိုးသွင်း ပြန်ထုတ်ကာ ပုံသေနှုန်းဖြင့် ဆက်လက်တက်ရောက်နေလိုက်၏။
ကြိုးကြာ၏ အမြင်အာရုံက လွန်စွာ စူးရှ၏။ သူသည် တောင်ပံများကို လျှင်မြန်စွာ ခတ်လိုက်ပြီး ဆူဇီမို၏ ဦးခေါင်းအထက်နားတွင် ပေါ်လာကာ အော်ဟစ်လိုက်လေ၏။ မင်းရဲ့ ကလေးကလားအကွက်လေးနဲ့ ငါ့မြင်ကွင်းထဲကနေ ရှောင်လို့လွတ်မှာလားဆိုသည့်သဘောနှင့် လှောင်ပြောင်အော်ဟစ်လိုက်ခြင်း ဖြစ်ရပေမည်။
လူတစ်ယောက်နှင့် ကြိုးကြာတစ်ကောင်က နောက်ဆုံးမှာတော့ ဆုံတွေ့ကြလေပြီ။
. . .
နေရာတိုင်းမှာ စိတ်ဝိညာဉ်ချီများ လွှမ်းခြုံနေသော တောင်ထွတ်တစ်ခုပေါ်တွင် တင့်တယ်ကြည့်ကောင်းသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ သူတို့နှစ်ယောက်လုံးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြပြီး တစ်ယောက်၏ အင်္ကျီလက်မောင်းပေါ်တွင် ဓါးပျံတစ်ချောင်းပုံစံ အမှတ်အသားတစ်ခုကို ရိုက်ခတ်၌ပုံဖော်ထားပြီး အခြားတစ်ယောက်၏ အပေါ်တွင်တော့ ဆဋ္ဌဂံပုံ အမှတ်အသားတစ်ခုကို ပုံဖော်ရိုက်ခတ်ထားလေသည်။
သူတို့နှစ်ယောက်လုံးက လက်ဖက်ရည်ကို အေးအေးဆေးဆေး မျှင်းသောက်နေကြလေသည်။
သူတို့နှစ်ယောက်ဘေးတွင် ပိန်ပိန်ပါးပါးနှင့် ကလေးငယ်တစ်ယောက်က ရပ်နေပြီး တစ်စုံတစ်ရာကို စိတ်အားထက်သန်စွာဖြင့် ပြန်ပြောင်းပြောပြနေလေ၏။
“အမ်.. ဗီဇပြောင်း စိတ်ဝိညာဉ်ရင်းမြစ်! နှစ်ယောက်တောင်လား!”
နှစ်ယောက်ထဲက တစ်ယောက်က လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး လှည့်မေးလိုက်၏။ သူ့အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။
ပိန်ပိန်ပါးပါးကလေးငယ်က အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ထပ်မေးလိုက်၏။
“သူတို့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က ဘာအမျိုးအစားတွေလဲ”
“တစ်ယောက်က လေ.. နောက်တစ်ယောက်ကတော့ ရေခဲပါ”
ထိုစကား၌ ကျင့်ကြံသူနှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး စိတ်ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်ကြလေ၏။
“ဝမ်ရွှမ်း.. မင်းရဲ့တောင်ထွတ်မှာတော့ နောက်ထပ် ပါရမီရှင်နှစ်ယောက် ထပ်ပြီး ပေါ်လာတော့မှာပဲ”
ဆန်းကြယ်တောင်ထွတ်ဂိုဏ်းတွင် တောင်ထွတ် စုစုပေါင်း ခြောက်ခု ရှိ၏။ အဲ့ထဲမှာမှ အမြင့်ဆုံးတောင်ထွတ်မှာ အပြင်လောကက လှမ်းကြည့်လျှင် မြင်နေရသော အစစ်အမှန် ဆန်းကြယ်တောင်ထွတ်ဖြစ်ပြီး ၎င်းကို အခြားသော တောင်ထွတ်ငါးခုက ဝန်းရံထား၏။
ဝန်းရံထားသော တောင်ထွတ်ငါးခုမှာ _စိတ်ဝိညာဉ်.. နတ်ဆေး.. အဆောင်လက်ဖွဲ့.. အစီအရင်အခင်းအကျင်း..နှင့် လက်နက်..တောင်ထွတ်တို့ ဖြစ်ကြလေသည်။
ဓါးပျံအမှတ်အသားနှင့် ဝမ်ရွှမ်းဟု ခေါ်သော ကျင့်ကြံသူမှာ စိတ်ဝိညာဉ်တောင်ထွတ်၏ တောင်ထွတ်သခင် ဖြစ်လေသည်။
အခြားတစ်ယောက်မှာ ရွှမ်ယီဖြစ်ပြီး အစီအရင်အခင်းအကျင်းတောင်ထွတ်၏ တောင်ထွတ်သခင် ဖြစ်လေသည်။
ပုံမှန်အားဖြင့် တောင်ထွတ်သခင်တစ်ယောက် ဖြစ်လာသောသူများမှာ သေချာပေါက် ပကတိရွှေအူတိုင်အဆင့်သို့ ရောက်ရှိပြီးသားသူများ ဖြစ်ကြ၏။
တောင်ထွတ်တိုင်းမှာ သူတို့၏ သက်ဆိုင်ရာ ထူးခြားသော စွမ်းဆောင်ရည်များ ရှိကြသော်လည်း စိတ်ဝိညာဉ်တောင်ထွတ်က အသန်မာဆုံးနှင့် တပည့်တပမ်း အများဆုံး ဖြစ်၏။ သူတို့သည် ကျင့်ကြံခြင်းအဆင့်တက်မှုများအပေါ် အဓိက အာရုံစိုက်ထားကြပြီး သူတို့ လေ့လာသင်ယူရသော အရာတိုင်းမှာလည်း သတ်ဖြတ်ခြင်း နည်းစနစ်များ ဖြစ်လေသည်။
ဂိုဏ်းသို့ ဝင်ရောက်လာသူများမှ ဗီဇပြောင်း သို့မဟုတ် ကောင်းကင်စိတ်ဝိညာဉ်ရင်မြစ်ပိုင်ရှင်များ ပါလာလျှင် သူတို့ကို အများအားဖြင့် စိတ်ဝိညာဉ်တောင်ထွတ်က ခေါ်ယူသွားလေ့ရှိ၏။
ဝမ်ရွှမ်က ပြုံး၍ မတ်တပ်ရပ်လိုက်၏။
“အဲ့နှစ်ယောက် သေခြင်းရှင်ခြင်းအဆင့်ရဲ့ ကပ်ဘေး ဘယ်လောက်များများကို ဖြတ်ကျော်နိုင်မလဲ ငါသွားကြည့်လိုက်ဦးမယ်”
“သိပ်လဲ ပူမနေပါနဲ့ကွာ.. ဗီဇပြောင်းစိတ်ဝိညာဉ်ပိုင်ရှင်တွေက ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့သူတွေပဲ.. သူတို့က သေခြင်းရှင်ခြင်းအဆင့်ရဲ့ ကပ်ဘေးကို ဖြတ်ကျော်နိုင်မှာပါ” တောင်ထွတ်သခင်ရွှမ်ယီ၏ မျက်လုံးထဲတွင် ကျီစယ်လိုသော အမူအယာက ဖြစ်ပေါ်လာပြီး နောက်ပြောင် ပြောဆိုလိုက်လေ၏။
“မင်းကိုယ်မင်းလဲ ပြန်ကြည့်ပါဦး ဘယ်လောက်တောင် ပူပန်နေလဲဆိုတာ.. တောင်ထွတ်သခင် တစ်ယောက်အနေနဲ့ ဣန္ဒြေလေးဘာလေးလဲ ဆယ်ပါဦးကွာ”
“လာလေဗျာ ကျုပ်တို့ အတူ သွားကြည့်ရအောင်”
နှစ်နှစ်ကာကာ ရယ်မောလိုက်ပြီးနောက် ဝမ်ရွှမ်းသည် ရွှမ်ယီ၏ လက်ကို ဆွဲလိုက်ပြီး အတူသွားဖို့ ဟန်ပြင်လိုက်၏။
ရွှမ်ယီက ခေါင်းခါလိုက်ပြီး ရယ်မောပြောဆိုလိုက်၏။
“ကျုပ် မလိုက်တော့ပါဘူးဗျာ.. ကောင်းတဲ့အရာတွေကို စိတ်ဝိညာဉ်တောင်ထွတ်ကချည်း ယူယူသွားတာကို လိုက်ကြည့်ရအောင် ကျုပ်မခံစားနိုင်ဘူးဗျာ”
ထိုအချိန်မှာပင် ဝဝဖိုင့်ဖိုင့် ကလေးငယ်က အမောတကော ပြေး၍ ရောက်ချလာ၏။
“တောင်..တောင်ထွတ်.. သခင်တို့.. အခြေအနေက သိပ်တော့ မကောင်းတော့ဘူး”
“အမ်”
တောင်ထွတ်သခင်နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့အားသင့်သွားကြ၏။
“မင်းကရော ဘာလို့ လိုက်လာရတာလဲ ဂျူနီယာ ညီငယ်” ပိန်ပိန်ပါးပါးကလေးက မေးလိုက်၏။
နဖူးမှ ခြေမထိ ချွေးများက ရွှဲနစ်နေပြီး ဝဝဖိုင့်ဖိုင့်ကလေးငယ်က သူ၏ လုံးတစ်နေသော လက်ကို ကာပြကာ အော်ပြောလိုက်လေ၏။
“တောင်ထွတ်သခင်.. စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးဂိတ်တံခါးက ပေါက်ကွဲပြိုကျသွားပါပြီ!”
“ဘာ ပေါက်ကွဲ ပြိုကျသွားတယ် ဟုတ်စ”
ရွှမ်ယီနှင့် ဝမ်ရွှမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ရှုပ်ထွေးသွားကြ၏။
ဝမ်ရွှမ်းက မေးလိုက်၏။ “အဲ့ဒါက ဘာလို ပြိုကျသွားရတာလဲ.. တစ်ယောက်ယောက်က လာဖျက်ဆီးသွားတာလား”
“မဟုတ် မဟုတ်ပါဘူး”
ဝဝဖိုင့်ဖိုင့် ကလေးငယ်သည် ခေါင်းခါလိုက်ပြီးနောက် တစ်ဖန် ခေါင်းညိတ်လိုက်ပြန်၏။
“ဟုတ်တော့ ဟုတ်တယ်.. ဒါပေမယ့် အဲ့လိုလဲ ပြောမရပြန်ဘူး.. ခဏနေပါဦး”
တောင်ထွတ်သခင်နှစ်ယောက်က အာရုံနောက်လာပေပြီ။
“အဲ့ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ပြန်ပြောပြစမ်း.. သေသေချာချာပြော” ဝမ်ရွှမ်းက စိတ်တိုလာပြီး ခပ်ဆတ်ဆတ် အော်လိုက်လေ၏။
ဝဝဖိုင့်ဖိုင့် ကလေးငယ်သည် ထိုစာပေသမား ပြောခဲ့သော စကားများကို ပြန်လည် ကြားယောင်လာပြီး အမှတ်တမဲ့ ပြန်ပြောလိုက်လေ၏။
“အဲ့ဒါက စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးဂိတ်တံခါးက ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ရာသီဥတုဒဏ်ကို ဒီလောက်နှစ်တွေ အကြာကြီး တောင့်ခံလာခဲ့ရတာကြောင့် ဖြစ်နိုင်တယ်ဗျ.. အဲ့ဒါကြောင့်ပဲ သူက အိုမင်းဟောင်းနွမ်းပြီး...”
ဖန်း!
ဝမ်ရွှမ်းက ဝဝဖိုင့်ဖိုင့်ကလေး၏ နဖူးကို ရိုက်ချလိုက်၏။
“အူး”
သူ့နဖူးကို ပွတ်၍ ဝမ်းနည်းစွာဖြင့် ပြောနေသောစကားက ရပ်သွားရ၏။
“ဘာလဲကွာ.. ပေါက်တတ်ကရ”
ရွှမ်ယီသည် မနေနိုင်စွာ ပြုံးလိုက်ပြီး ဝင်မေးလိုက်၏။
“အဲ့လိုပြောဖို့ မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ.. ဒါက မင်းကိုယ်ပိုင်အသိနဲ့ ပြောနေတဲ့ စကားတွေလို့ ငါမထင်ဘူး.. ဟုတ်တယ်မလား”
“ကျတော့်ကို အဲ့စာပေသမားက ပြောပြခဲ့တာ” ဝဝဖိုင့်ဖိုင့်ကလေးငယ်က ဆက်ပြောလိုက်၏။
“ဒါပေမယ့် သူပြောတာတွေက အဓိပ္ပါယ်ရှိတယ်ဗျ.. သူက ကျုပ်တို့ကိုတောင် စေတနာနဲ့ သတိပေးလိုက်သေးတယ်.. ဘာတဲ့ ကျုပ်တို့ဂိုဏ်းက နောက်နောင် အဲ့လို ပြဿနာမျိုးတွေ ပေါ်မလာရအောင် ကျုပ်တို့ရဲ့ အဆောက်အဦးဟောင်းတွေကို ကြိုတင်ပြီးတော့....”
ဖန်း!
နောက်တစ်ချက် ထပ်အရိုက်ခံလိုက်ရ၏။
ချက်ခြင်းပင် ဝဝဖိုင့်ဖိုင့်ကလေးငယ်၏ နဖူးတွင် ဖူးယောင်နေသော အာလူးသီးကြီး ထလာလေ၏။
သူ့မျက်လုံးအိမ်ထဲတွင် မျက်ရည်များက ပြည့်လျှံလာလေသည်။
“တောင်ထွတ်သခင်.. ကျတော့်ကို ဘာလို့ ထပ်ရိုက်နေရတာလဲဗျာ”
“ကောင်လေး မင်းက တော်တော် အယုံလွယ်တာပဲ.. တစ်နေ့ တစ်ယောက်ယောက်က မင်းကို ရောင်းစားရင်တောင် မင်းက သူ့အတွက် ပိုက်ဆံဝိုင်းရေပေးနေဦးမယ် ထင်ပါရဲ့” ရွှမ်ယီသည် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
ဝမ်ရွှမ်းက တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ဖြစ်စဉ်တစ်ခုလုံးကို မခြွင်းမချန် ကုန်စင်အောင် ပြန်ပြောပြစမ်း”
“အဲ့ဒီမှာ လေးနဲ့ ဆေဘာကို ကိုင်ဆောင်ထားတဲ့ စာပေသမားတစ်ယောက် ပါလာပါတယ်.. သူရောက်လာတဲ့အခါ စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်ကို ပြပေးခဲ့တယ်” ဝဝဖိုင့်ဖိုင့် ကလေးငယ်က ပြန်ပြောပြလိုက်၏။
“ဆက်ပြော”
“ဒါပေမယ့် ဂိတ်တံခါးက သူ့ကို ဝင်ခွင့် မပေးခဲ့ပါဘူး.. စာပေသမားက အတင်းဝင်လာပြီးတဲ့နောက်မှာတော့ ဂိတ်တံခါးက ပေါက်ကွဲပြိုကျသွားပါတော့တယ်”
ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့ စိတ်ထဲ မရှင်းမလင်း ဖြစ်နေတုန်းပင်။
ဝမ်ရွှမ်က မေးလိုက်၏။
“အဲ့ဒါက မီးဒြပ်စင် စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာရော သေချာရဲ့လား”
“သေချာပါတယ်”
ဝဝဖိုင့်ဖိုင့်ကလေးငယ်က ချက်ခြင်းပင် ပြန်ဖြေလိုက်၏။
“တောင်ထွတ်သခင် ကျတော့်ကို ယုံလို့ရပါတယ်.. ကျတော်က နုံအချင် နုံအလိမ့်မယ်.. ဒါပေမယ့် မီးဒြပ်စင် စိတ်ဝိညာဉ်ရင်းမြစ်ကိုတော့ ကျတော် ခွဲခွဲခြားခြား သိပါသေးတယ်”
“ဆန်းတော့ဆန်းတယ်” ရွှမ်ယီသည် ဘာဖြစ်ခဲ့သလဲဆိုတာ စဉ်းစားကြည့်လို့တောင် မရချေ။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရွှမ်ယီက ပြောလိုက်၏။
“ဝမ်ရွှမ်း.. ငါလဲ မင်းနဲ့ လိုက်ခဲ့မယ်.. အဲ့စာပေသမားက ဘယ်လိုမျိုးလဲဆိုတာ လိုက်ကြည့်ရသေးတာပေါ့”
မည်သည့် စိတ်ဝိညာဉ်လက်နက်ကိုမျှ မသုံးဘဲ တောင်ထွတ်သခင်နှစ်ယောက်သည် လေထဲကို ပျံတက်လိုက်ကြ၏။ သူတို့၏ ဝတ်ရုံစကို တစ်ချက်ခတ်၍ ကလေးနှစ်ယောက်ကိုပါ ခေါ်ဆောင်ပြီး ရှေ့မှာရှိသော တောင်ထွတ်ဆီသို့ ဦးတည်လိုက်ကြ၏။
သိပ်မကြာခင်မှာပင် သူတို့လေးယောက်သည် စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါး ရှိခဲ့သော နေရာသို့ ရောက်လာကြ၏။
“အဲ့ဒါက တစ်ကယ်ကြီး ပျက်ဆီးသွားပြီပဲ”
ရွှမ်ယီသည် သူ့အောက်မှ တစ်ခါက စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးအဖြစ် မားမားမတ်မတ် တည်ရှိခဲ့ဖူးသော ကျောက်သား အပဲ့အရွဲ့များကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
ဝမ်ရွှမ်းက မေးလိုက်၏။
“အဲ့ဒီ စာပေသမားက ဘယ်ရောက်သွားပြီလဲ”
“အဲ့ သူ မရှိတော့ဘူး” ဝဝဖိုင့်ဖိုင့်ကလေးငယ်က ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။
ရုတ်တရတ် ရွှမ်ယီက ထပြောလိုက်၏။
“မဟုတ်ဘူး.. သူတို့က တောင်ထွတ်ကို တက်နေကြပြီ.. အသူတရာချောက်ရဲ့ အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်က အသက်ဝင်နေပြီပဲ.. ဟုတ်တာပေါ့.. အဲ့ဒီ ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်နဲ့ နှစ်ယောက်လဲ ပါသွားလောက်ပြီ”
ဝမ်ရွှမ်းက အလောတကြီး မေးလိုက်၏။
“သူတို့နှစ်ယောက် ကပ်ဘေးဘယ်နှစ်ခုလောက် ဖြတ်ကျော်ပြီးပြီလဲ”
“သူတို့ သေခြင်းရှင်ခြင်း နှစ်ခုကို ဖြစ်ကျော်ပြီးနေပြီ.. ဘယ်လိုလဲ.. မင်းစိတ်သက်သာသွားပြီလား” ရွှမ်ယီက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။
အနည်းငယ်ကြာ ရပ်နားလိုက်ပြီးနောက် ရွှမ်ယီက ခေါင်းခါလိုက်၏။
“နေပါဦး.. လေးနဲ့ဆေဘာကို ကိုင်ဆောင်ထားတဲ့ စာပေသမားက အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကို မဖြတ်ကျော်ဘူးလား.. သူ အကြောက်လွန်ပြီး လှည့်ပြန်သွားပြီလား”
ဝမ်ရွှမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
“ဘယ်ကမှန်းမသိတဲ့ကောင်က ပေါ်လာပြီး ငါတို့ ဆန်းကြယ်တောင်ထွတ်က စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးကို လာဖျက်ဆီးသွားတယ်ပေါ့လေ.. အခုလဲ ဒီအတိုင်း ထွက်သွားပြန်ပြီ.. ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်သလဲ”
“အောင်း အောင်း!”
ထိုအချိန်မှာပင် တိမ်လွှာများကြားမှ ကြိုးကြာငှက်၏ အော်ဟစ်သံက ထွက်ပေါ်လာ၏။
ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် မော့ကြည့်လိုက်ကြ၏။
သူတို့အထက် အတော်ဝေးဝေးတွင် ပုံရိပ်တစ်ခုသည် ပြုတ်ကျခြင်းမရှိဘဲ တောင်ထွတ်နံရံကို ဖက်တွယ်၍ လျှင်မြန်ဖျတ်လတ်စွာ ရွေ့လျားနေ၏။ ကြိုးကြာငှက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်းနှင့်ပင် ထိုပုံရိပ်က တောင်ထွတ်ထိပ်ဆီသို့ လျှင်မြန်စွာ ဆက်လက်တက်ရောက်နေ၏။
တောင်ထွတ်ထိပ်ဖျားနှင့် သူတို့အကြား အကွာအဝေးကြောင့် ရွှေအူတိုင်အဆင့်များ၏ အမြင်အာရုံနှင့်ပင် ရှင်းလင်းစွာ မြင်ရခြင်း မရှိပေ။
“ရွှမ်ယီ.. ကြည့် ကြည့်စမ်း.. အဲ့မှာ မျောက်ဝံတစ်ကောင် တွေ့လား!” ဝမ်ရွှမ်းသည် တောင်ထွတ်ထိပ်နားရှိ ပုံရိပ်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်လေ၏။