← Chapters

အစွမ်းကုန်ယှဉ်ပြိုင်

Vol. 5 Ch. 67

အစွမ်းကုန်ယှဉ်ပြိုင်

Vol. 5 Ch. 67

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၆၇ - အစွမ်းကုန်ယှဉ်ပြိုင်

ဘာသာပြန်သူ - သန်းတိုးအောင်

ထိုစကားကို ကြားသောအခါ ရွှမ်ယီက ရယ်မောလိုက်၏။

“ဟဲဟဲ.. ဘယ်လောက်ဉာဏ်ကောင်းလိုက်တဲ့ မျောက်ဝံလဲ.. ကျုပ်တို့ဂိုဏ်းက မဟားကျိုးအင်ပါယာရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက ဆိုတာသိတော့.. သူလဲပဲ တပည့်ခံမလို ဝင်လာပြိုင်တာပေါ့လေ”

“ဒီလိုပဲ နေမှာပေါ့.. ဒီမျောက်ဝံက တော်တော်ဉာဏ်ကောင်းတာပဲ.. ကျုပ်တို့ ကြိုးကြာလေးရဲ့ တိုက်ခိုက်မှုဒဏ်ကို သူ ဘယ်လောက် ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာ‌ပေါ့”

“နားထောင်ကြည့်စမ်း.. ကြိုးကြာလေးကတော့ တော်တော်စိတ်တိုနေပြီ‌ဟေ့.. ဟားဟား!”

“ဒီမျောက်ဝံကတော့ သနားစရာပဲ”

“လာဟေ့ ငါတို့ သွားကြည့်ရအောင်”

ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် စိတ်သက်သာရာ ပြုံးရွှင်သွားကြပြီး ကလေးတစ်ယောက်စီကို ခေါ်၍ တောင်ထွတ်ဆီသို့ ပျံတက်လိုက်ကြလေ၏။

သူတို့ ချည်းကပ်လာသည်နှင့် အမျှ..

တိမ်ခိုးလွှာများကို ဖြတ်ကျော်လာခဲ့ပြီးနောက် ဝမ်ရွှမ်းနှင့် ရွှမ်ယီ၏ မျက်နှာထက်က အပြုံးများက ‌ပျောက်ကွယ်သွားချေပြီ။ ထို့အစား သူတို့၏ မျက်နှာသည် မယုံကြည်နိုင်ဖွယ်အရာ တစ်ခုကို မြင်တွေ့နေရသလို ဖြစ်လာကြ၏။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်...

“အဟမ်း အဟမ်း.. အဲ့ဒီပုံရိပ်က .. မျောက်ဝံတစ်ကောင်တော့ မဟုတ်လောက်ဘူးနဲ့ တူတယ်” ရွှမ်ယီသည် တောင်ထွတ်ဆီသို့ တက်ရောက်နေသော ပုံရိပ်ကို ညွှန်ပြကာ ချောင်းဟန့်၍ မဝံ့မရဲနှင့် ပြောလိုက်လေ၏။

“ဟုတ်.ဟုတ်တာပေါ့ အဲ့ဒါက လူတစ်ယောက်ထင်တယ်” ဝမ်ရွှမ်းသည် အိုးတိုးအမ်းတမ်းနှင့် ခြောက်ကပ်စွာ ပြုံးလိုက်၏။

သူတို့သည် တောင်ထွတ်သခင်များ ဖြစ်ကြသော်လည်း လူနှင့်မျောက်ဝံကိုတောင် မှားပြောမိသည့်အတွက် ရှက်ရွံ့သွားကြ၏။

တစ်ကယ်တော့ ထိုသို့ မှားပြောမိသည်မှာလည်း သူတို့အလွန်တော့ မဟုတ်ချေ။

အဝေးမှ လှမ်းကြည့်သောအခါ ပုံရိပ်က ခပ်ဝါးဝါးသာ မြင်ရပြီး သူက တစ်နေရာမှ တစ်နေရာသို့ မျောက်ဝံတစ်ကောင်လို ပေါ့ပါးစွာ ခုန်ကူးနေ၏။ သူတို့နှစ်ယောက်သည် အသိဉာဏ်ကြွယ်ဝသော ရွှေအူတိုင်အဆင့်များ ဖြစ်ကြသော်လည်း ထိုသူက လူတစ်‌‌ယောက်ဖြစ်လိမ့်မည်ဟုတော့ ထင်မထားခဲ့ကြပေ။

နီးကပ်လာသည်နှင့်အမျှ သူတို့၏ အမူအယာက နောက်တစ်ဖန် ထပ်မံ ‌ပြောင်းလဲသွားပြန်၏။

“အဲ့ဒါက... လူတစ်ယောက်တည်း မဟုတ်ဘူးပဲ”

“ဟုတ်တယ်.. အဲ့ဒါက နှစ်ယောက်”

နောက်တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားကြ၏။

ဝမ်ရွှမ်းက မချင့်မရဲနှင့် ပြောလိုက်၏။

“ဒီလူက ရူးနေတာလားဟ.. သူ တောင်ထွတ်ထိပ်ကို တက်ချင်သပဆိုလဲ တက်‌ပေါ့လေ.. သူနဲ့အတူ ဖက်တီးတစ်ကောင်ကို သယ်ယူလာဖို့ လိုလို့လားဟ”

“နေပါဦး နေပါဦး.. အဲ့လူက လေးနဲ့ဆေဘာကို သယ်လာတယ်တွေ့လား.. ငါ စောစောလေးကတင် အဲ့ပုံစံနဲ့ လူတစ်ယောက်အကြောင်း ပြောနေတာ ကြားမိလိုက်ပါသေးတယ်” ရွှမ်ယီက ရုတ်တရတ် မှတ်ချက်ပေးလိုက်၏။

ထိုအချိန်မှာပင် ဝမ်ရွှမ်းဘေးရှိ ဝဝဖိုင့်ဖိုင့်ကလေးက ထိုပုံရိပ်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်ပြီး အော်ပြောလိုက်၏။

“တောင်ထွတ်သခင်.. အဲ့ဒါ သူပေါ့.. အဲ့ဒီ စာပေသမားပဲ”

. . .

မတ်စောက်လှသော တောင်ထွတ်တွင်..

ကြိုးကြာက သူ့တောင်ပံများကို ရိုက်ခတ်လိုက်ချိန်တွင် ဆူဇီမိုသည် နံရံကျောက်သား အတွင်းသို့ သူ့လက်ချောင်း၊ ခြေချောင်းများကို ထိုးသွင်းလိုက်ပြီး ခိုင်မြဲစွာ ကုပ်တွယ်ထားလိုက်၏။

ကျောက်နံရံက ခိုင်ခံသော်လည်း ဆူဇီမိုအတွက်တော့ ၎င်းက တို့ဟူးများနှင့် မခြားပေ။

သာမန်မော်တယ်များအနေနှင့် တောင်ထွတ်ပေါ်သို့ တက်ရောက်လိုလျှင် ကုပ်တွယ်စရာ အထစ်၊ ချိုင့်များကို ရှာဖွေရပေမည်။

သို့သော်လည်း ဆူဇီမိုကတော့ ထိုပြဿနာမျိုး မရှိပေ။

သူ့လမ်းကြောင်းကို တားဆီးနေသော ကြိုးကြာကြောင့်သာ မဟုတ်လျှင် သူသည် မြေပြင်ပေါ်မှာ လျှောက်သွားသလို တောင်ထွတ်ပေါ်ကို တက်ရောက်နိုင်လေသည်။

ယခုအခါမှာတော့ တောင်ထွတ်ပေါ်ကို တက်ဖို့ကြိုးစားခဲ့ကြသော မော်တယ်များအားလုံးသည် ပြုတ်ကျကုန်ကြပြီဖြစ်ပြီး ဆက်လက်တက်နေသောသူမှာ ဆူဇီမိုတစ်‌ယောက်သာလျှင် ရှိလေတော့သည်။

အတိအကျပြောရရင်တော့ နှစ်ယောက်ဖြစ်လေသည်။ ဆူဇီမိုသည် ဖက်တီးလေးကိုလည်း သယ်လာခဲ့သေး၏။

ကြိုးကြာ၏ မျက်လုံးများသည် ‌ဒေါသများဖြင့် အရောင်တောက်လာပြီး အော်ဟစ်လိုက်လေသည်။ လေထဲကို ပျံတက်ပြီးနောက် သူသည် ဆူဇီမိုဆီသို့ ထက်ရှသော ခြေသည်းများနှင့် ထိုးကုပ်ဖို့ စိုက်ဆင်းချလာလေ၏။

ထိုအရာသည် အလွန်ရက်စက်သော ကုပ်ချက်ဖြစ်‌၏။

ဆူဇီမိုသည် ရှောင်ချင်သော်လည်း နောက်ကျသွားချေပြီ။

သူသည် ရုတ်တရတ် ကုပ်တွယ်ထားသော ခြေလက်များကို လွှတ်လိုက်ပြီး အောက်သို့ လျှောချလိုက်၏။ ထို့နောက် သူသည် ကျောက်နံရံကို တစ်ဖန် ပြန်လည် ဖမ်းတွယ်လိုက်၏။

ချွမ်း!

ဆူဇီမို၏ ဦးခေါင်းထက်က ကျောက်သားများသည် ကြိုးကြာ၏ ထက်ရှသော ခြေသည်းများကြောင့် ကြေမွသွားပြီး သူ့အပေါ်သို့ ဖွားကနဲ့ ကျလာလေ၏။ သို့သော်လည်း သူသည် အဲ့ဒါကို အရေးမစိုက်ပေ။

ရုတ်တရတ် ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်သွားပြီး ဖက်တီးလေးကို လေထဲတွင် တွဲလောင်းချလိုက်ကာ ဟိန်းဟောက်လိုက်၏။

“သတိလစ်ချင်ယောင်ဆောင်မနေနဲ့တော့.. မဟုတ်ရင် ငါ မင်းကို ပစ်ချလိုက်တော့မယ်”

ဖက်တီးလေး၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး အလောတကြီး ပြန်ပြောလိုက်လေ၏။

“မလုပ်ပါနဲ့ ဘရိုရယ်.. ကျုပ်ကို လန့်အောင် မလုပ်ပါနဲ့.. ကျုပ်မှားသွားပါတယ်ဗျာ”

“မင်းတောင်ထွတ်ကို ရောက်ချင်လား” ဆူဇီမိုက မေးလိုက်၏။

“ဒါပေါ့ ဒါပေါ့ ‌ရောက်ချင်တာပေါ့”

“အဲ့ဒါဆို ငါကျောပေါ်ကနေ မင်းဟာမင်း ဖက်ပြီး လိုက်ခဲ့.. ပြုတ်ကျရင်တော့ မင်းအကြောင်းနဲ့မင်းပဲ”

“ကောင်းပါပြီ ကောင်းပါပြီ”

ဖက်တီးလေးက လျှင်မြန်စွာ ရွေ့လျားလိုက်ပြီး ဆူဇီမို၏ လည်ပင်းနှင့်ခါးကို သူ့လက်ခြေများဖြင့် ‌ရေဘဝဲတစ်ကောင်လို ရစ်ပတ်ထားလိုက်လေ၏။

ဤသို့ဆိုပါက ဆူဇီမိုသည် လူတစ်ကောင်ကို သယ်ထားရသော်လည်း သူ့လက်နှစ်ဖက်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်ပေပြီ။

အစတုန်းကတော့ ကြိုးကြာလေး၏ တိုက်ခိုက်မှုများက သိပ်ပြီး မပြင်းထန်ပေ။ ရှင်းလင်းစွာပင် သူ့ရည်ရွယ်ချက်က တစ်ဖက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့ မဟုတ်ဘဲ တောင်ထွတ်ဆီသို့ တက်ရောက်ခြင်းကို ဟန့်တားဖို့တာ ဖြစ်လေသည်။

သူ့ကြိုးပမ်းချက်များ အကြိမ်ကြိမ် ကျရှုံးလာပြီးနောက် ကြိုးကြာသည် စိတ်တိုဒေါသထွက်လာ၏။ ဆူဇီမိုသာ စောစောက တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့လျှင် သူ့ဦးခေါင်းက ကြိုးကြာ၏ ခြေသည်းများ ကုပ်ချက်ဖြင့် ပေါက်ထွက်သွားပေလိမ့်မည်။

အစောပိုင်း-အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ဒေါသသည် လျစ်လျူရှုထား၍ရသော အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့်ပင် သူသည် စောစောက ဖက်တီးလေးကို နေရာပြောင်းခိုင်းလိုက်ပြီး သူ့လက်နှစ်ဖက်ကို အားလပ်သွားအောင် လုပ်လိုက်ရခြင်း ဖြစ်၏။

မျှတအောင် ပြောရလျှင် ..

မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမနတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်၏ အပိုင်း သုံးပိုင်းကိုသာ လေ့ကျင့်ရသေးသော ဆူဇီမိုသည် စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ယှဉ်ပြိုင်ဘက်တော့ မဟုတ်ချေ။

သို့သော်လည်း ဆူဇီမိုသည် ကြိုးကြာငှက်နှင့် တိုက်ခိုက်နေစရာ မလိုဘဲ သူလုပ်ဖို့လိုတာက တစ်ဖက်၏ တိုက်ခိုက်မှုကို ရအောင်ရှောင်တိမ်းပြီး တောင်ထွတ်ပေါ်ကို တက်ရောက်ဖို့သာ ဖြစ်လေသည်။ ဤသိုဖြင့် လုပ်ဆောင်ရမည်က ရိုးရှင်းပါ၏။

ရွှစ်!

ကြိုးကြာငှက်က နောက်တစ်ကြိမ် ထိုးဆင်းလာပြီး ဆူဇီမို၏ မျက်လုံးများက အရောင်တောက်လာ၏။ သူသည် ခြေလက်များကို တွန်းကန်၍ ချောမွတ်နေသော တောင်နံရံပေါ်တွင် ဘေးတိုက်ရွေ့လျားကာ ကြိုးကြာငှက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး အပေါ်သို့ လျှင်မြန်စွာ ဖက်တက်လိုက်၏။

ချပ်! ချပ်! ချပ်!

ဆူဇီမိုသည် သူ့ခြေချောင်းလက်ချောင်းများကို ကျောက်သားထဲသို့ ထိုးသွင်းလိုက်၏။ သူ့အမြန်နှုန်းက မြေပြင်မှာ ရှိတုန်းကထက် အောက်မကျပေ။

“အောင်း အောင်း!”

ဤသည်ကို ကြည့်ပြီးနောက် ကြိုးကြာငှက်သည် ပို၍ ပို၍ ဒေါသထွက်လာကာ လေထဲသို့ ပျံတက်လိုက်ပြီး ခြေသည်းများနှင့် နှုတ်သီးကို ထုတ်ဖော်၍ ဆူဇီမိုအနောက်သို့ ဒုံးပျံတစ်ခုလို ပစ်ဝင်ချလာကာ အညှာအတာမဲ့စွာ ထိုးသုတ်လိုက်လေ၏။

သူ၏ နှုတ်သီးသည် ဓါးပျံတစ်ချောင်းထက်ပင် ထက်ရှနေပြီး ၎င်း၏ ရိုက်ခတ်မှု တစ်ချက်တိုင်းက ဆူဇီမိုနားထဲတွင် ခေါင်းလောင်းသံတစ်ခုလို အော်မြည်လာနေ၏။

ဤနှုတ်သီးက သူ့ကို ထိုးစိုက်မိတာနှင့် သူ့ကိုယ်ပေါ်တွင် အပေါက်ကြီးများ ဖြစ်ပေါ်လာပေလိမ့်မည်။

ဆူဇီမိုသည် ထပ်ကာထပ်ကာ ရှောင်တိမ်းလိုက်ပြီး သူ့အရွတ်များက အော်မြည်လာ၏။ သူလှုပ်ရှားလိုက်တိုင်းတွင် သူ့အရွတ်များက ကျုံ့လိုက်ပွလိုက် ဖြစ်နေလေ၏။

ကြိုးကြာငှက်၏ အော်သံက ပို၍ ပြင်းထန်စူးရှလာပြီး သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စပင် ပါလာလေ၏။

သူသည် တောင်ထွတ်ထိပ်ကို ရောက်ဖို့ သိပ်မလိုတော့ချေ။

တစ်ချိန်တည်းမှာပင် ကြိုးကြာ၏ တိုက်ခိုက်မှုများကလည်း ပို၍ပို၍ ပြင်းထန်လာနေ၏။

. . .

တာအိုကလေးနှစ်ယောက်သည် တောင်ထွတ်ထိပ်ကနေ အဖြစ်အပျက်များကို ကြည့်နေပြီး သူတို့ကိုယ်တိုင် တိုက်ခိုက်ခံနေရသလို ဆူဇီမိုအစား ရင်ထိတ်၍ ချွေးများရွှဲနေကြ၏။

လူတစ်ယောက်နှင့် ကြိုးကြာသည် မတ်စောက်သော တောင်ထွတ်နံရံတွင် တစ်‌ဦးနှင့် တစ်ဦး အပြင်းအထန် ယှဉ်ပြိုင်နေကြ၏။ ထိုလူက ပြန်လည်တိုက်ခိုက်ခြင်း မရှိသော်လည်း အဲ့ဒါက အလွန်အမင်း အန္တရာယ်များ၍ ပြင်းထန်နေဆဲဖြစ်၏။

စာပေသမားသည် နည်းနည်းကလေး နှောင့်နှေးသွားတာနှင့် ကြိုးကြာ၏ ခြေသည်းကုတ်ချက်များဖြင့် အသက်ပျောက်သွားနိုင်၏။

ဝမ်ရွှမ်းနှင့် ရွှမ်ယီ၏ မျက်နှာများသည် သုန်မှုန်နေပြီး သူတို့သည် အာရုံစူးစိုက်၍ ကြည့်နေကြ၏။ လိုအပ်ပါက ထိုလူကို အချိန်မရွေး ဝင်ကယ်နိုင်ရန် ပြင်ထားကြ၏။

“အင်း ကြည့်ရတာတော့.. ဒီစာပေသမားက ကျုပ်တို့ ကြိုးကြာ‌လေးရဲ့ တိုက်ခိုက်မှုကို ခုခံနေရတာတောင် တောင်ထွတ်ပေါ်ကို ဆက်တက်ဖို့ အားအင်ကျန်နေသေးတယ်ဆိုတော့.. အင်း”  ရွှမ်ယီ၏ လေသံက တစ်နည်းနည်းဖြင့် ရွှင်ပျနေ၏။

ဝမ်ရွှမ်းက အတည်အတံဖြင့် မှတ်ချက်ပေးလိုက်၏။

“ကျုပ်ထင်တာ မမှားဘူးဆိုရင်.. အဲ့စာပေသမားခါးပေါ်က လေးနဲ့ဆေဘာက စိတ်ဝိညာဉ်ပစ္စည်းတွေနဲ့ လုပ်ထားတာပဲ.. အဲ့ဒါက စိတ်ဝိညာဉ်လက်နက်တုတွေ ဆိုရင်တောင်မှ သူတို့ရဲ့ အ‌လေးချိန်က တစ်တန်အထက်မှာ ရှိတယ်”

ဝမ်ရွှမ်း၏ မှတ်ချက်က တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးနေ၏။ ဆူဇီမိုသာ မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာကို ကိုင်စွဲမထားဘူးဆိုလျှင် သူသည် ပိုမို လွတ်လပ်ပေါ့ပါးနေမည်ဖြစ်ပြီး အခုလောက်ဆို တောင်ထွတ်ထိပ်ကိုပင် ရောက်နေလောက်ပေပြီ။

ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ဤအချိန် သူတို့နှစ်ယောက်လုံ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော အတွေတစ်ခု ရှိ၏။

“ဒီစာပေသမားက .. အတော်ကို.. စိတ်ဝင်စားဖို့ ကောင်းတာပဲ”

All Chapters