← Chapters

တောင်ထွတ်ပေါ်သို့ ရောက်ရှိခြင်း

Vol. 5 Ch. 68

တောင်ထွတ်ပေါ်သို့ ရောက်ရှိခြင်း

Vol. 5 Ch. 68

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၆၈- တောင်ထွတ်ပေါ်သို့ ရောက်ရှိခြင်း

ဘာသာပြန်သူ - သန်းတိုးအောင်

“ဒီကောင်လေးက သူ့ခန္ဓာကိုယ်ကို ဘယ်လိုများ လေ့ကျင့်ထားပါလိမ့်.. ဒီလိုမျိုး လျှင်မြန်ဖျတ်လတ်မှု၊ လိုက်လျောညီထွေရှိမှု နဲ့ ကျုံ့နိုင်ဆန့်နိုင်ရှိမှုတွေက စိတ်ဝိညာဉ်တောကောင်တွေတောင် သူ့ကိုမီမှာ မဟုတ်ဘူး”

“သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်တွေက မျောက်ဝံတစ်ကောင်နဲ့ တူသလိုပဲ.. ဒါပေမယ့်လဲ ကွဲပြားနေတာတွေကလဲ အများကြီး.. သူက အဲ့ဒါကို တောရိုင်းကောင်တွေရဲ့ လှုပ်ရှားပုံကို လိုက်ကြည့်ပြီး လေ့ကျင့်ယူထားတာ ဖြစ်ရမယ်.. အင်း သူ့ပုံစံကြည့်ရတာ အတော်လေးကို သင်လွယ်တတ်လွယ် ရှိမဲ့ပုံပဲ”

“အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်မှာ သူ ကပ်ဘေးဘယ်နှစ်ခုလောက်များ ဖြတ်ကျော်နိုင်မလဲ ငါ သိချင်လိုက်တာ”

ပြောနေရင်းနှင့် ဤနေရာသို့ ရောက်သောအခါ ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် ရုတ်တရတ် ရပ်သွားပြီး သူတို့၏ အမူအယာများက တောင့်ခဲသွားလေ၏။

ဝမ်ရွှမ်းက တိတ်တဆိတ် ရေရွတ်လိုက်၏။

“အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်က တောင်ခြေမှာ ခင်းကျင်းထားတာလေ.. ဒီကောင်လေးသာ တောင်ထွတ်ပေါ်ကို ရောက်အောင် တက်သွားနိုင်ရင် သူက အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကို ဖြတ်ကျော်စရာ မလိုတော့ဘူးပေါ့”

အပြင်ပန်းကနေ ကြည့်မည်ဆိုလျှင် ဆန်းကြယ်တောင်ထွတ်၏ တတိယအဆင့်ဖြစ်သော သေခြင်းရှင်ခြင်းအဆင့်က တောင်ထွတ်ပေါ်ကို ရောက်အောင် တက်ဖို့ဖြစ်သည်ဟု ဆိုခဲ့၏။ သို့သော်လည်း တစ်ကယ်တမ်းမှာ‌တော့ တောင်ခါးပန်းမှာ အဟန့်အတားတစ်ခုကို ချထားပြီး လူတိုင်းကို တောင်အောက်ချောက်နက်ထဲသို့ ပြုတ်ကျအောင်လုပ်ကာ အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ထဲသို့ ကျရောက်သွားအောင် စီစဉ်ထားခြင်း ဖြစ်၏။

ဒါကြောင့်ပင် စိတ်ဝိညာဉ်စမ်းသပ်အဆင့်ကို ဖြတ်ကျော်ကြတုန်းက ဝဝဖိုင့်ဖိုင့်ကလေးငယ်က စကားတစ်ချက်မှားသွားခြင်း ဖြစ်လေသည်။

ဘာကြောင့်လဲဆိုတော့ တောင်ထွတ်ပေါ်ကို မည်သူကမျှ တက်ရောက်နိုင်မှာ မဟုတ်သောကြောင့် ဖြစ်လေသည်။

သေခြင်းရှင်ခြင်းအဆင့်တွင် တောင်ခြေက အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်မှ သေခြင်းနှင့်ရှင်ခြင်းကပ်ဘေးကို ဖြတ်ကျော်နိုင်သူများမှာ တောင်ထွတ်ပေါ်သို့ အလိုအလျောက် ပို့ဆောင်ခြင်း ခံရမည်ဖြစ်ပြီး ဂိုဏ်းသို့ တရားဝင် ဝင်ရောက်နိုင်ပေပြီ။

သေခြင်းနှင့် ရှင်ခြင်း ကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့သူများကတော့ အပြင်လောကသို့ ပြန်၍ ပို့ဆောင်ခံလိုက်ရမည်ဖြစ်ပြီး ဆန်းကြယ်တောာင်ထွတ်၏ ပယ်ချခြင်းကို ခံရပေမည်။ ထိုသူများသည် ဘာဖြစ်ခဲ့သည်ကို သေချာသိရှိလိုက်မည် မဟုတ်ဘဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တာကိုပင် ကံကောင်းလှပြီဟု တွေးနေမိပေမည်။

အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်သည် ပုံရိပ်ယောင်အစီအရင် အမျိုးအစားတစ်ခုဖြစ်ပြီး စုစုပေါင်း ကပ်ဘေးရှစ်ခု ပါဝင်လေသည်။ ၎င်းတို့မှာ ရှင်သန်ခြင်းကပ်ဘေး.. ဇရာကပ်ဘေး.. နာမကျန်းကပ်ဘေး.. သေခြင်းကပ်ဘေး.. အမုန်းတရားကပ်ဘေး.. ချစ်သူနှင့်ကွေကွင်းရခြင်းကပ်‌ဘေး.. လိုတာကိုမရသည့်ကပ်ဘေး.. နှင့် ခန္ဓာငါးပါးကပ်ဘေးတို့ ဖြစ်လေသည်။

ဤနေရာတွင် သူတို့ကို တောင်ထွတ်ပေါ်သို့ အပင်ပန်းခံတက်ခိုင်းပြီးမှ အောက်သို့ ပြန်ပြုတ်ကျအောင် လုပ်ရသည့် အကြောင်းရင်းနှစ်ခု ရှိလေသည်။

ပထမတစ်ချက်မှာ တောင်ထွတ်သည် လွန်စွာမတ်စောက်လှသည့်အတွက် ကြောက်တတ်သူများနှင့် စိတ်ဓါတ်ပျော့ညံ့သူများကို သူတို့သဘောဆန္ဒအလျောက် ထွက်ခွာသွားစေဖို့ ဖြစ်လေသည်။

တာအိုကို ရှာဖွေရခြင်းက ကောင်းကင်၏အလိုကို ဆန့်ကျင်ရသော လမ်းစဉ်ဖြစ်ပြီး အင်မတန်မှ ခက်ခဲကြမ်းတမ်းလေသည်။ စိတ်ဓါတ်ခိုင်မာသူများနှင့် ကြောက်လန့်ခြင်းအလျှင်း မရှိသူများပင်လျှင် လမ်းဆုံးကို ရောက်အောင် မလျှောက်နိုင်ကြတာ များလေသည်။ ကြောက်တတ်သူများအတွက်တော့ လုံးလုံး နေရာမရှိပေ။

ဒုတတိယအချက်ကတော့ .. သူတို့ကို အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်အတွင်းသို့ တိုက်ရိုက်ပို့ဆောင်လိုက်မည်ဆိုလျှင် လူတိုင်းသည် ကြိုတင်ပြင်ဆင်ထားကြမည်ဖြစ်ပြီး အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်၏ ပုံရိပ်ယောင်က သူတို့ကို လှည့်စားဖို့ရာ အခက်တွေ့သွားမည်ဖြစ်ပြီး ပုံရိပ်ယောင်အစီအရင်၏ အကျိုးအာနိသင်က လျော့ပါးသွားပေလိမ့်မည်။

ကျင့်ကြံရေးလောကတွင် ပုံရိပ်ယောင်အစီအရင်များမှာ ကျိန်းသေ‌ပေါက် ဟာကွက်ဆိုတာ ရှိလေသည်။ လူတစ်ယောက်၏ စိတ်က ကြည်လင်ရှင်းသန့်နေပြီး ခိုင်မာပြတ်သားနေလျှင် ပုံရိပ်ယောင်များက သူတို့ကို ရှုပ်ထွေးပြီး အထင်အမြင် လွဲမှားသွားအောင် လုပ်ဖို့ရာ ခဲယဉ်းပေသည်။

သို့သော်လည်း သူတို့သည် တောင်ထွတ်ပေါ်ကို တက်နေရင်းနှင့် ရုတ်တရတ် ပြုတ်ကျသွားလျှင် သူတို့၏ စိတ်သည် ကြိုတင်ပြင်ဆင်ထားမှု မရှိဘဲ ကြောက်လန့်တကြားနှင့် အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ထဲသို့ ကျရောက်သွားကာ သူတို့၏ စိတ်က ပြိုလဲနေပေလိမ့်မည်။

ထိုအချိန်၌ လူတိုင်းသည် သူတို့ကိုယ်သူတို့ သေလူလို့ သတ်မှတ်ထားခဲ့ပြီး ဖြစ်နေပေပြီ။ ထိုအခါ သူတို့သည် ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားကာ သေခြင်းကပ်ဘေးကို တွေ့ကြုံခံစားရပေမည်။

သေခြင်းကပ်ဘေးနှင့် ရှင်ခြင်းကပ်ဘေးကို ဖြတ်ကျော်ပြီးလျှင် အဲ့ဒါက ဆန်းကြယ်တောင်ထွတ်က ချမှတ်ထားသော သေခြင်းရှင်ခြင်းအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဟု အဓိပ္ပါယ်ရပြီး ဂိုဏ်းသို့ တရားဝင် ဝင်‌ရောက်ခွင့် ရပေပြီ။

တစ်ကယ်တော့ အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်တွင် စုစုပေါင်း ကပ်ဘေးရှစ်ခု ပါရှိပြီး များများဖြတ်ကျော်နိုင်လေ ပိုကောင်းလေ ဖြစ်လေသည်။

ဤအရာသည် စမ်းသပ်ချက်တစ်ခုဆိုတာထက် ပိုလေသည်။ အဲ့ဒါကို လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဆေးကြောပေးနိုင်လေသည်။

အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်တွင် တွေ့ကြုံခံစားရမည်များမှာ သူတို့ဘဝတွင် မလွဲမသွေ ကြုံတွေ့ရမည့် နာကျင်မှုဒုက္ခများပင် ဖြစ်လေသည်။ ကျင့်ကြံသူများတောင်မှ ထိုအရာကို ရှောင်လွှဲ၍ မရပေ။

ယခုအခါမှာတော့ ပြဿနာတစ်ခုက ပေါ်လာချေပြီ။

ဆူဇီမိုသာ သူ့ခန္ဓာခွန်အားသက်သက်ဖြင့် တောင်ထွတ်ပေါ်ကို တက်ရောက်နိုင်ခဲ့လျှင် ဆန်းကြယ်တောင်ထွတ်၏ တတိယအဆင့် သေခြင်းရှင်ခြင်းအဆင့်က သူ့အတွက် သက်သက်အလှဆင်ထားသလိုသာ ဖြစ်နေချေတော့မည်။

ဝမ်ရွှမ်းသည် တစ်ခဏမျှ ချင့်ချိန်လိုက်ပြီးနောက် ပြောလိုက်လေ၏။

“ကျုပ် တိတ်တိတ်လေး လှုပ်ရှားလိုက်ပြီး သူ့ကို အောက်ပစ်ချလိုက်ရင် ကောင်းမလား.. တတိယအဆင့်ကို မဖြတ်ရသေးဘဲနဲ့ သူ့ကို ဂိုဏ်းထဲဝင်ခွင့်ပေးလိုက်ရင် အဲ့ဒါက ဂိုဏ်းရဲ့ စည်းကမ်းကို သွေဖယ်ရာကျမယ် မဟုတ်လား”

ရွှမ်ယီသည် ခေါင်းခါလိုက်ပြီး ပြုံးပြလိုက်၏။

“အဲ့ဒါနဲ့ ပတ်သတ်ပြီး မပူပါနဲ့.. သူ တောင်ထွတ်ကို တစ်ကယ် ရောက်အောင် တက်နိုင်မလားဆိုတာ ကျုပ်သိချင်သေးတယ်”

ခဏမျှ ရပ်နားလိုက်ပြီးနောက် ရွှမ်ယီ၏ မျက်လုံးများက အရောင်တောက်လာပြီး လေးနက်စွာ ပြောလိုက်၏။

“ဒီကောင်လေးသာ တောင်ထွတ်ပေါ်ကို တစ်ကယ်တက်နိုင်ခဲ့ရင်.. ကျုပ်ကိုယ်တိုင် သူ့အတွက် သီးသန့် အစီအရင်တစ်ခု ခင်းကျင်းပေးပြီးတော့ အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကို ဖြတ်ကျော်ခိုင်းမယ်ဗျာ”

အစီအရင်အခင်းအကျင်း တောင်ထွတ်သခင် တစ်ယောက်အနေဖြင့် အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်က သူ၏ ဂန္တဝင်မြောက်လက်ရာတစ်ခု ဖြစ်၏။(masterpiece)

ယခုအခါ တောင်ထွတ်သခင်ကိုယ်တိုင်က ဘယ်ကမှန်းမသိရသော စာပေတစ်ယောက်အတွက်နှင့် အစီအရင်ကို ကိုယ်တိုင်ခင်းကျင်းပေးမည်ဆိုသည်မှာ ဆန်းကြယ်တောင်ထွတ်သမိုင်းတွင် တစ်ကြိမ်မျှ မရှိခဲ့ဖူးသေးသော ပြုမူဆက်ဆံမှုတစ်ခု ဖြစ်လေသည်။

. . .

တောင်ထွတ်နံရံတွင်...

လူတစ်ယောက်နှင့် ကြိုးကြာတစ်ကောင်က လှည့်ပတ်ချောင်းမြောင်းနေကြဆဲ ဖြစ်၏။

ဆူဇီမိုသည်လည်း ချွေးများဖြင့် ရွှဲနေပေပြီ။ သို့‌သော်လည်း သူ့မျက်လုံးများကတော့ အဆုံးမဲ့ တိုက်လိုခိုက်လိုစိတ်ဖြင့် တောက်ပနေဆဲ ဖြစ်၏။

အစတုန်းကတော့ ဖက်တီး‌လေးသည် ကြောက်လန့်ဖြူလျေ့ာ၍ မျက်လုံးများကို တင်းကြပ်အောင် မှိတ်ထား၏။ သို့သော် တစ်ဖြည်းဖြည်းနှင့် ဘယ်လောက်အန္တရာယ်များသည့် တိုက်ခိုက်မှုဖြစ်စေ ဆူဇီမိုက ရအောင် ရှောင်နိုင်သည်ကို တွေ့ရဖန်များလာသောအခါ သူ၏ ကြောက်စိတ်များက လွင့်ပြယ်လာပြီး စိတ်လှုပ်ရှား တက်ကြွလာလေသည်။ ယခုအခါ သူသည် ဆူဇီမို၏ ကျောပေါ်ကနေ ကြိုးကြာငှက်ကို လှမ်း၍ပင် လှောင်ပြောင်သရော်နေလေတော့၏။

“အောင်း..အောင်း!”

သူသည် ရှိသမျှ အိတ်သွန်ဖာမှောက်ပြီးတာတောင် ဆူဇီမို၏ ခြေလှမ်းများကို မရပ်တန့်နိုင်သည့်အခါ စိတ်တိုလာ၏။ ယခုအခါ ဖက်တီးလေးကပါ သူ့ကို ထပ်လှောင်သောအခါ သူ့ဒေါသမီးကို လောင်စာထပ်ထည့်ပေးလိုက်သလို ဖြစ်သွားပြီး ပို၍ ပြင်းထန်စွာ ထပ်မံတိုက်ခိုက်လာလေ၏။

တစ်ချိန်လုံး ကြိုးကြာလေး၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရပြီးနောက် ဆူဇီမိုသည်လည်း ဒေါသထွက်နေပေပြီ။

တောင်ထွတ်ထိပ်က သူနှင့် သိပ်မကွာဝေးတော့တာကို ကြည့်ပြီး ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ကာ အနာကွန်ဒါ ဝါးမြိုခြင်း မနောသုတ္တန်ကို ရွတ်ဆိုလိုက်၏။ ထို့နောက် သူသည် ဟိန်းဟောက်လိုက်လေ၏။

“အသုံးမကျတဲ့ငှက်လေး.. ငါ့ဆေဘာကိုလဲ မြည်းကြည့်လိုက်ဦး”

ရွှမ်း!

ထက်ရှသော ဓါးသွား ထွက်‌ပေါ်လာသံက လေထဲတွင် ပဲ့တင်ထပ်သွား၏။

ဆူဇီမိုသည် သူ့ခါးမှ ဆေဘာကို ဆွဲထုတ်လိုက်ပြီး အပေါ်ဘက်သို့ လှမ်းခုတ်ပိုင်းလိုက်လေပြီ။

ရွှစ်!

အေးစက်စက် အလင်းတစ်ချက်က ဖြတ်သွား၏။

ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြိုးကြာလေးသည် ဆူဇီမိုကို ဆက်လက် မတိုက်ခိုက်ရဲ‌တော့ဘဲ ပျံပြေးလေတော့၏။

ဆူဇီမိုက သူ့ကို တိုက်ခိုက်လိမ့်မည်ဟူ၍ ကြိုးကြာလေးက ထင်မထားချေ။

တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမိုက သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟူ၍ ထင်မထားချေ။

ဆန်းကြယ်တောင်ထွတ်တစ်ခုလုံးတွင် ဘယ်သူကမှ သူ့ကို အနိုင်မကျင့်ရဲကြချေ။ တောင်ထွတ်သခင် ငါးယောက်ကို အသာထားဦး၊ ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းချုပ်တောင်မှပင် သူ့ကို အလိုလိုက်ရလေသည်။

မူလကတော့ ဂိုဏ်းသို့ ဝင်ရောက်လာမည့် လူသစ်များကို အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်အတွင်းသို့ ပို့ဆောင်ပေးရသည့် တာဝန်မှာ ဂိုဏ်းမှ အခြားသော ကျင့်ကြံသူများက တာဝန်ယူရသည့် အလုပ်ဖြစ်၏။

ကြိုးကြာလေးသည် ဤအလုပ်က ပျော်ဖို့ ကောင်းလှသည်ဟု ခံစားမိသောကြောင့် ဒီတစ်ခါ သူလုပ်မည်ဟု စိတ်လိုလက်ရ တောင်းဆိုလာခဲ့ခြင်း ဖြစ်၏။

အစတုန်းကတော့ ၎င်းက အတော်လေး ပျော်ဖို့ကောင်းလေသည်။ အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင် အတွင်းသို့ လူများ တစ်ယောက်ပြီး တစ်ယောက် ကြောက်လန့်တကြား ပြုတ်ကျကုန်သည်ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားပျော်ဖို့ ကောင်းလှပေသည်။

သို့သော် နောက်ပိုင်းမှာတော့ လေးနှင့်ဆေဘာကို ကိုင်ဆောင်ထားသော စာပေသမားနှင့် တွေ့ရချိန်မှာတော့ သူ၏ ပျော်စရာအချိန်များက ပျောက်ကွယ်သွားချေပြီ။

ငှက်မွှေးတောင်တစ်ချောင်းက လျှောကျသွား၏။

ကြိုးကြာလေးသည် စောစောက ခုတ်ချက်ကို အချိန်မီ ရှောင်လိုက်နိုင်သော်လည်း အေးမြစန္ဒာလက်ချက်ဖြင့် ငှက်မွှေးတောင်တစ်ချောင်းကတော့ ပြတ်ကျသွားခဲ့လေသည်။

ထိုမြင်ကွင်းက တောင်ထွတ်သခင်နှစ်ယောက်ကို ပျာပျာသလဲ ဖြစ်သွားစေ၏။ သူတို့သည် သူတို့၏ လက်နက်များကို ဆုပ်ကိုင်လိုက်ကြပြီး ပစ်လွှတ်လုနီးပါးပင် ဖြစ်သွားကြ၏။

“ဒီကောင်လေးက တော်တော် သတ္တိကောင်းတာပဲ.. သူက ကြိုးကြာလေးကိုတောင် အနိုင်ကျင့်ရဲတယ်ဆိုတော့ အင်း..”

“သူသာ ဂိုဏ်းထဲကို ဝင်လာပြီးရင်တော့ အနာဂတ်မှာ သေချာပေါက် ဒုက္ခရောက်တော့မှာပဲ”

ဝမ်ရွှမ်းနှင့် ရွှမ်ယီက ဆူဇီမိုကို သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ဆူဇီမိုက ထိုအရာကို မသိခဲ့ပေ။

တစ်ချက်လှမ်းခုတ်လိုက်ပြီးနောက် ဆူဇီမို၏ စိတ်ခံစားချက်က ကောင်းမွန်သော အခြေအနေမှာ ရောက်နေကာ ရယ်မောပြောဆိုလိုက်လေသည်။

“ငှက်ငတုံးလေး.. မင်းက ငယ်ပါသေးတယ်ကွာ.. သွားသွား.. နောက်သုံးလေးနှစ်လောက် သွားလေ့ကျင့်ပြီးမှ ပြန်လာခဲ့ချေ..ဟားဟား”

ဆူဇီမိုသည် အေးမြစန္ဒာဆေဘာကို အပေါ်ဘက် ကျောက်နံရံပေါ်သို့ လှမ်းပစ်စိုက်လိုက်၏။ ထို့နောက် သူသည် ဆေဘာပေါ်သို့ လှမ်းခုန်တက်လိုက်ပြီးနောက် နံရံကို ကုပ်တွယ်ကာ ဆေဘာကို ခြေမခြေညိုးဖြင့် ညှပ်၍ ပြန်ဆွဲထုတ်လိုက်၏။ ဤနည်းဖြင့် သူသည် အ‌ပေါ်သို့ ထပ်ကာထပ်ကာ ခုန်တက်သွားလေ၏။

ခရီးစဉ်က လုံးဝချောမွေ့နေလေ၏။

တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် တောင်ထွတ်ထိပ်သို့ ရောက်ရှိ‌သွားပေပြီ။

ဆူဇီမိုသည် လေထဲတွင် တဝဲဝဲလည်လည် လုပ်နေသေးသော ကြိုးကြာလေးကို လှမ်းကြည့်လိုက်ပြီးနောက် လက်ပြကာ ပြုံးပြလိုက်လေ၏။

“တာ့တာ”

ကြိုးကြာလေးသည် အရွယ်မရောက်သေးသော ကလေးသာသာ အဆင့်မှာသာ ရှိသေး၏။ လူ့သက်တမ်းနှင့် ယှဉ်ကြည့်လျှင် သူသည် ခုနှစ်နှစ်၊ ရှစ်နှစ် အရွယ်မှာသာ ရှိနေသေးပြီး တက်ကြွစွာ ဆော့ကစားတတ်‌သော အရွယ် ဖြစ်လေသည်။ ယခု ဆူဇီမိုက သူ့ကို လှမ်း၍ ခုတ်ပိုင်းလိုက်သောအခါ သူသည် ဒဏ်ရာ မရှိခဲ့သော်လည်း ဝမ်းနည်းပက်လက် ဖြစ်သွားလေသည်။

ယခု ဆူဇီမို၏ အပြုအမူကို မြင်ရပြီးသောအခါ ကြိုးကြာလေးသည် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မျက်ရည်များက လျှံကျလာလေ၏။ ထို့နောက် သူသည် ဆန်းကြယ်တောင်ထွတ်ဆီသို့ အဆက်မပြတ် ငိုကြွေးမြည်တမ်း၍ ပျံသန်းသွားလေတော့၏။

“အောင်း အောင်း!”

“အောင်း အောင်း!”

ကြိုးကြာလေး၏ ငိုသံသည် ဆန်းကြယ်‌တောင်ထွတ်တစ်ခွင် ပျံ့နှံ့သွားပြီး လူအများကို ထိတ်လန့်သွားစေ၏။

“အာ.. ကြိုးကြာလေးက တောင်ထွတ်အရှေ့ဘက်ဆီသွားပြီးတော့ သူများတွေကို သွားပြီး အနိုင်ကျင့်တာ မဟုတ်ဘူးလား.. အခု ကြည့်ရတာတော့ သူက အနိုင်ကျင့်ခံလိုက်ရပုံရတယ်”  ဆေးတောင်ထွတ်၏ နန်းဆောင်တစ်ခုတွင် မီးခိုးရောင်ဆံပင်နှင့် ငယ်ရွယ်ပုံရသော လူတစ်ယောက်က အံအားတသင့် ရေရွတ်လိုက်လေ၏။

အဆောင်လက်ဖွဲ့တောင်ထွတ်၏ နန်းဆောင်တစ်ခုထဲမှ အေးစက်စက်အမူအယာနှင့် အမျိုးသမီးတစ်ယောက်သည် လှမ်းထွက်လာ၏။ ကောင်းကင်အထက် ပျံသန်းသွားသော ကြိုးကြာလေးကို မော့ကြည့်လိုက်ပြီး သူမက မျက်မှောင်အနည်းငယ်ကြုတ်၍ ရေရွတ်လိုက်၏။

“ကြိုးကြာလေးက ဘာဖြစ်လာပါလိမ့်.. ဆန်းကြယ်တောင်ထွတ်မှာ သူ့ကို အနိုင်ကျင့်ရဲတဲ့သူရော ရှိလို့လား”

နတ်ပန်းပဲတောင်ထွတ်တွင် ဖရိုဖရဲဆံပင်နှင့် လူအိုကြီးတစ်‌ယောက်သည် ဖိုသီဖတ်သီနှင့် တစ်နေရာကနေ ထွက်လာပြီးနောက် အားရပါးရ ရယ်ချလိုက်လေ၏။

“အင်း.. ကြိုးကြာလေး အခုလို ခံစားလာရတာကို မြင်ရတာ ဘယ်လောက် ကြုံတောင့်ကြုံခဲလဲ.. စိတ်ဝင်စားစရာပဲ.. စိတ်ဝင်စားစရာပဲ..ဟားဟား!”

All Chapters