← Chapters

တုန်လှုပ်ဖွယ်ရာ ခုတ်ပိုင်းချက်

Vol. 5 Ch. 69

တုန်လှုပ်ဖွယ်ရာ ခုတ်ပိုင်းချက်

Vol. 5 Ch. 69

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၆၉- တုန်လှုပ်ဖွယ်ရာ ခုတ်ပိုင်းချက်

ဘာသာပြန်သူ - သန်းတိုးအောင်

ဆူဇီမိုသည် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သောအခါ လူလေးယောက်ကို မြင်လိုက်ရ၏။

နှစ်‌ယောက်မှာ သူမြင်တွေ့ဖူးပြီးသား တာအိုကလေးငယ်နှစ်ယောက် ဖြစ်၏။ ထိုနှစ်ယောက်အပြင် အဲ့ဒီမှာ တစ်မူထူးခြားသော အော်ရာဖြင့် သတ်လတ်ပိုင်းရွယ် လူနှစ်ယောက် ရှိနေပြီး သူ့ကို ထူးဆန်းစွာ ကြည့်နေကြလေသည်။

သူတို့နှစ်ယောက်သည် ဆန်းကြယ်တောင်ထွတ်မှ ဝါစဉ်မြင့်သော စီနီယာနှစ်ယောက် ဖြစ်ရမည်ဟု ဆူဇီမို တွေးလိုက်၏။

ဖက်တီးလေးကို အောက်ချပေးလိုက်ပြီးနောက် ဆူဇီမိုသည် သူတို့၏ ‌အရှေ့နားတွင် လူ့အရပ်ထက်ဝက်လောက်ရှိသော ကြီးမားသည် အလံတိုင်ရှစ်ခုကို မြေပြင်တွင် ထိုးစိုက်ထားတာကို တွေ့လိုက်ရ၏။ အလံရွက်များပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သည့် မှော်အင်းကွက်များကို ရေးဆွဲထားပြီး လေတိုက်တိုင်း တဖျတ်ဖျတ် လွင့်နေလေ၏။

“ဘာတွေလဲဟ”

ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ထိုအရာကို ခဏထားလိုက်ပြီး သူ့အသက်ရှုသံကို ထိန်းညှိကာ အဝတ်အစားကို သေသပ်အောင် ပြုပြင်လိုက်ပြီး သက်လတ်ပိုင်းရွယ် ကျင့်ကြံသူနှစ်ယောက်ကို သွားရောက်နှုတ်ဆက်လိုက်၏။

“စီနီယာတို့ကို နှုတ်ဆက်ပါတယ်ဗျ.. ကျတော်ကတော့ ယန်တိုင်းပြည်က ဆူဇီမိုပါ.. ကျတော်ဟာ ကံကောင်းထောက်မစွာနဲ့ ဒီတောင်ထွတ်ပေါ်ကို....”

“အသက်ဝင်စေ!”

ဆူဇီမိုသည် သူ့စကားကို ပြီးဆုံးအောင်တောင် မပြောရသေး၊ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုက ကြားဖြတ် ဝင်ရောက်လာ၏။

ဆူဇီမိုနှင့် ဖက်တီးလေး၏ ဘေးပတ်လည်ရှိ အလံတိုင်ရှစ်ခုမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။ အကြောင်းမှာ အလံရွက်များပေါ်ရှိ မှော်အင်းကွက်များသည် တစ်ဖျတ်ဖျတ်လက်၍ အရောင်တောက်လာသောကြောင့် ဖြစ်လေသည်။

တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် ဆိုးယုတ်သော အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရ၏။ သူ့နောက်ဆုံး မြင်လိုက်ရသည်မှာ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်သည် သူ့ဝတ်ရုံစကို ဆွဲခါလိုက်သောအခါ မတွန်းလှန်နိုင်သော စွမ်းအားများက သူ့ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာခြင်း ဖြစ်လေသည်။

စွမ်းအားက လွန်စွာ အားကောင်းလှပြီး ဆူဇီမိုသည် မည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။

သူသည် နောက်ပြန်လန်၍ တောင်ထွတ်ထိပ်မှ ပြုတ်ကျသွားပြီး တစ်ဖြည်းဖြည်းနှင့် တောင်ထွတ်ထိပ်က သူ့မျက်လုံးထဲတွင် သေး၍သေး၍ သွားလေ၏။ သူ့ခန္ဓာကိုယ်ကိုလည်း သူထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ကြောက်ရွံ့မှုများက သူ့စိတ်ထဲသို့ တိုးဝင်လာလေ၏။

ဘုန်း!

ဆူဇီမိုသည် အသူတရာချောက်ထဲသို့ ဘုန်းကနဲ ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျိုးကြေပျက်ဆီးသွားလေ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဖျက်ဆီးခြင်း ခံလိုက်ရသော်လည်း သူ့မှာ အသိစိတ် ရှိနေသေး၏။ အဆုံးအဆမဲ့ နာကျင်မှုလှိုင်းများက သူ့ထံသို့ တိုးဝင်လာလေ၏။ သူ့အရွတ်များသည် ဆုတ်ဖြဲခံလိုက်ရပြီး သူ့အသားများက ကြေမွကုန်ကာ မခံမရပ်နိုင်သော နာကျင်မှုက သူ့ကို အတောမသတ် နှိပ်စက်ကလူ ပြုနေလေ၏။

ဘာတွေ ဖြစ်နေတာပါလဲ။

ဆူဇီမိုသည် မည်သို့မျှ နားမလည်နိုင်တော့ပေ။

တစ်ကယ်တော့ သူသည် အဆုံးမဲ့ နာကျင်မှုများဖြင့် နှိပ်စက်ခံနေရသောကြောင့် ထိုအရာကို စဉ်းစားနေဖို့လည်း အချိန်မရပေ။

လူတစ်ယောက် သေခြင်းနှင့် လက်တွေကျကျ ရင်ဆိုင်ရသောအခါ ကြုံတွေ့ရသည့် နာကျင်မှုများကို သူ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။

ရှင်ခြင်းနှင့် သေခြင်းကြား စပ်ကူးမပ်ကူးကာလတွင် ပြင်းထန်သော အကြောက်တရားတစ်ခု တည်ရှိလေသည်။

ထိုအကြောက်တရားက လူတစ်ယောက်၏ စိတ်ကို လဲပြိုကျသွားစေနိုင်၏။

ပုံမှန်လူသားတွေအတွက်တော့ သေခြင်းတရားကို အလိုအလျောက် ကြောက်လန့်တတ်သောစိတ် ရှိကြ၏။ သူတို့၏ လည်ပင်းပေါ်ကို ဓါးတင်ခံထားရလျှင်ပင် သေးထွက်ကျအောင် ကြောက်လန့်တတ်ကြ၏။ ကိုယ်တိုင် သေခြင်းတရားနှင့် အမှန်တစ်ကယ် ရင်ဆိုင်ရလျှင် ဘယ်လောက်ထိ ကြောက်လန့်ကြမည်နည်း။

တောင်ထွတ်ထိပ်တွင် ဆူဇီမိုနှင့် ဖက်တီးလေးသည် မလှုပ်မယှက် ရပ်တန့်နေကြပြီး သူတို့၏ မျက်လုံးများကို ပိတ်ထားကာ ခန္ဓာကိုယ်က တစ်ဆတ်ဆတ် တုန်ယင်နေကြ၏။ တစ်ကယ်တော့ သူတို့နှစ်ယောက်စလုံးသည် ချောက်နက်ထဲသို့ အမှန်တစ်ကယ် ပြုတ်ကျသွားခဲ့ခြင်း မရှိပေ။

သူတို့နှစ်ယောက်သည် အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကို အသက်သွင်းလိုက်သော ပုံရိပ်ယောင်လောကထဲတွင် ကျရောက်နေကြခြင်း ဖြစ်၏။

“ဒီအဟန့်အတားရှစ်ခု အစီအရင်က မင်းကိုယ်တိုင် ခင်းကျင်းထားတာဆို‌တော့ တောင်အောက်ကဟာထက်ကို ပိုအားကောင်းတာပဲ.. သူတို့နှစ်ယောက် အဲ့ဒါက တောင့်ခံနိုင်ပါ့မလား”  ဝမ်ရွှမ်းက စိုးရိမ်တကြီး မေးလိုက်၏။

ရွှမ်ယီက ပြန်ဖြေလိုက်၏။

“နေပါဦး စောင့်ကြည့်ကြသေးတာပေါ့.. သူတို့နှစ်ယောက်က ကပ်ဘေးတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ရင်တောင် သူတို့က စမ်းသပ်ချက်ကို အောင်သွားပြီလို့ ပြောလို့ရတယ်”

ထိုအချိန်မှာပင် တောင်ထွတ်ပေါ်တွင် ပုံရိပ်သုံးခုက ပေါ်လာလေသည်။

သူတို့သုံးယောက်မှာ အခုလေးတင် တောင်ခြေက အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကို ဖြတ်ကျော်လာခြင်း ဖြစ်လေသည်။ သေခြင်းနှင့် ရှင်ခြင်းကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ပြီးနောက် သူတို့သည် တောင်ထွတ်ပေါ်သို့ ပို့ဆောင်ခြင်းကို ခံလိုက်ရ၏။

သူတို့သုံးယောက်စလုံးသည် ဖြူလျော့နေကြပြီး နဖူးမှ ခြေမအထိ ချွေးများဖြင့် ရွှဲနစ်နေကာ ပျော့ခွေယိုင်နေကြပေပြီ။ သူတို့၏ အကြည့်များက ဗလာကျင်းနေ၏။

တာအိုကလေးနှစ်ယောက်သည် ပြေးချလာပြီး သူတို့သုံးယောက်ကို ဆေးလုံးတစ်လုံးစီ တိုက်ကျွေးလိုက်ကြ၏။

ထိုဆေးလုံးများကို မျိုချပြီးတာနှင့် သူတို့သုံးယောက်သည် သက်တောင့်သက်သာရှိဟန် ပုံပေါက်လာပြီး သူတို့မျက်နှာများသည် အသက်ဓါတ်ဖြင့် ပြန်ပြည့်လာ၏။

“ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်နဲ့ နှစ်ယောက်က တစ်ကယ် မဆိုးဘူးပဲ.. သူတို့က ကပ်ဘေးသုံးခုကိုတောင် ဖြတ်ကျော်ပြီးပြီ” ရွှမ်ယီက ရုတ်ထရတ် ထုတ်ပြောလိုက်၏။

ဝမ်ရွှမ်းက သက်ပြင်းချလိုက်၏။

“အဟန့်အတားရှစ်ခုမှာ ရှင်သန်ခြင်း၊ သေခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ ဇရာကပ်ဘေးတို့က ဖြတ်ကျော်ဖို့ လွယ်သေးတယ်.. ဒါပေမယ့် နောက်ထပ်လေးခုကတော့ တော်တော်ကြမ်းတယ်.. အူတိုင်ကို ဖွဲ့တည်ပြီးတဲ့ ကျုပ်တို့တောင် အဲ့ကပ်ဘေးတွေကို ဖြတ်ကျော်ဖို့ မလွယ်ဘူး”

သူ ထိုစကားကို ‌ပြောနေသည့်အချိန်မှာပင် အလံတိုင်ရှစ်ခုထဲမှ တစ်ခုက လှုပ်ယမ်းသွားပြီး မျက်စိကျိန်းလောက်သည့် အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကို ထိုးတက်သွားလေ၏။

ရွှမ်ယီက စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်၏။

“မဆိုးဘူးပဲ.. ဒီကောင်လေးက သေခြင်းကပ်ဘေးကိုတောင် ဖြတ်ကျော်နိုင်သွားပြီ”

နောက်တစ်ခဏ၌ မောက်မာဟန်ရသောလူနှင့် ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးတို့သည် တောင်ထွတ်ပေါ်သို့ ရောက်လာကြ၏။

ဝမ်ရွှမ်းက သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်၏။

“ကောင်းတယ် ကောင်းတယ်.. မင်းတို့နှစ်ယောက်က ကပ်ဘေးလေးခုကို ဖြတ်ကျော်နိုင်ခဲ့တာပဲ.. ဘေးမှာထိုင်ပြီး နားလိုက်ပါဦး”

ရွှစ်!

နောက်ထပ်အလံတိုင်တစ်ခုက လှုပ်ခါသွားပြီး အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကို တက်သွား၏။

“အယ်.. မြန်လှချေလား.. သူက ရှင်သန်ခြင်း အဟန့်အတားကိုတောင် ဖြတ်ကျော်နိုင်သွားပြန်ပြီ”  ရွှမ်ယီက အံ့အားတသင့် ရေရွတ်လိုက်၏။

ရှင်သန်ခြင်း၏ ဒုက္ခကို လူတိုင်းက မေ့လျော့ထားကြသော်လည်း ၎င်းသည်လည်း မဖြစ်မနေ ဖြတ်ကျော်ရမည့် အရာတစ်ခု ဖြစ်လေသည်။

မိခင်ဝမ်းဗိုက်ထဲမှာ ရှိစဉ်ကတည်းက သန္ဓေသားသည် သားအိမ်ထဲတွင် ရစ်ခွေနေရပြီး အသက်ပင် ကောင်းကောင်းမရှူရဘဲ တင်းကျပ်စွာ ချုပ်နှောင်ခံထားရ၏။ ထိုအချိန်ကတည်းက ရှင်သန်ရခြင်း၏ နာကျင်မှုက စတင်ခဲ့လေသည်။

ထို့ကြောင့်ပင် ကလေးများသည် မွေးကတည်းက ငိုပြီးရောက်လာကြခြင်း ဖြစ်၏။

သိပ်မကြာမီမှာပင် နောက်ထပ်အလင်းတန်းတစ်ခုက တိမ်လွှာများကြားသို့ ထိုးတက်သွားပြန်၏။

ထို့နောက် လေးခုမြောက် အလင်းတန်း!

“ဒါ...”

ဝမ်ရွှမ်းနှင့် ရွှမ်ယီသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်၏ တုန်လှုပ်မှုကို မြင်နေရ၏။

နတ်ဆေးတောင်ထွတ်မှ မီးခိုးရောင်ဆံပင်နှင့် လူငယ်တစ်ယောက်သည် ကောင်းကင်အထက် ပျံတက်လိုက်ပြီး ခပ်လှမ်းလှမ်းမှ အလင်းတန်းများကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

“ဒါက အဟန့်အတားရှစ်ခု အစီအရင် အလံက ထွက်လာတဲ့ အလင်းပဲ.. ရွှမ်ယီကို ကိုယ်တိုင် အစီအရင် ခင်းကျင်းပေးရလောက်အောင် ဖြစ်စေတဲ့ လူတစ်ယောက်တော့ ပေါ်လာပြီပဲ”

ခဏမျှ ရပ်နားလိုက်ပြီးနောက် သူ့ကိုယ်သူ ပြေလိုက်လေ၏။

“အာ.. မဖြစ်ပါဘူး.. ငါသွားကြည့်ဦးမှပါ”

တစ်ချိန်တည်းမှာပင် အဆောင်လက်ဖွဲ့တောင်ထွတ်နှင့် နတ်ပန်းပဲတောင်ထွတ်တို့မှလည်း အရိပ်တစ်ခုစီ ဖြတ်သန်းထွက်ပေါ်လာပြီး တောင်ထွတ်အရှေ့ဘက်ဆီသို့ ဦးတည်သွားကြ၏။

ဘမ်း!

ငါးခုမြောက် အလင်းတန်းက ထွက်ပေါ်လာ၏။

များမကြာမီ.. မီးခိုးရောင်ဆံပင်နှင့်လူငယ်၊ ‌အေးစက်စက်မျက်နှာထားနှင့်အမျိုးသမီး၊ ဖိုသီဖတ်သီနှင့်အဖိုးအိုတစ်ယောက်တို့သည် တောင်ထွတ်ထိပ်တွင် အသီးသီးပေါ်လာကြ၏။

တောင်ထွတ်သခင် ငါးယောက်တို့က စုစည်းမိကြလေပြီ။

ရွှစ်!

ကြီးမားသော အလံရွက်တစ်ခုက လှုပ်ရမ်းသွား၏။

ခြောက်ခုမြောက် အလင်းတန်း!

“သူက အဟန့်အတားရှစ်ခုမှာ ခြောက်ခုကိုတောင် ဖြတ်ကျော်ပြီးသွားပြီပဲ.. ဘယ်လောက် အားကောင်းလိုက်တဲ့ စိတ်စွမ်းအားလဲ.. အဲ့ကောင်လေးက ဘယ်ကတဲ့လဲ”  မီးခိုးရောင်ဆံပင်နှလူငယ်လေးက လေးနက်သော အသံဖြင့်မေးလိုက်၏။

“သူက ယန်တိုင်းပြည်က လာတာတဲ့.. ကျန်တာတော့ ကျုပ်လဲ မသိဘူး”  ဝမ်ရွှမ်းက ခေါင်းခါလိုက်၏။

‌အေးစက်စက်မျက်နှာထားနှင့် အမျိုးသမီးက ဆူဇီမိုကို တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်လား”

“အင်း အဲ့လိုဖြစ်မယ် ထင်ရတာပဲ.. ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး.. စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက သူ့ကို ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်တဲ့.. ကျုပ်တို့ သူစိတ်ဝိညာဉ်ရင်းမြစ်ကို နောက်တစ်ကြိမ် ပြန်စမ်းသပ်ကြည့်ရမယ်”  ဝမ်ရွှမ်းက ပြန်ဖြေလိုက်၏။

သူပြန်ဖြေပြီးပြီးချင်းမှာပင်..

ဘန်း!

ခုနှစ်ခုမြောက် အလင်းတန်းက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ခုနှစ်ခုမြောက် ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးပေပြီ!

ဖက်တီးလေးကတော့ သေခြင်းရှင်ခြင်းကပ်ဘေးကို တောင့်ခံဖြတ်ကျော်ပြီးနောက် မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျကာ မြေပြင်ပေါ်မှာ လူးလှိမ့်နေလေ၏။

ထိုအချိန်အတွင်းမှာပင် တာအိုကလေးငယ်နှစ်ယောက်က သေခြင်းရှင်ခြင်းအဆင့်၏ အကြောင်းရင်းကို လူတိုင်းအား ရှင်းပြပေးနေ၏။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူမှာ အယောက် ၅၀၀ကျော်ရှိခဲ့သော်လည်း တတိယအဆင့်ကို ဖြတ်ကျော်ပြီး တောင်ထွတ်ပေါ်သို့ ရောက်လာခဲ့သူမှာ ခြောက်ယောက်သာ ရှိလေသည်။

မောက်မာဟန်ရသောလူ၊ ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးနှင့် ဖက်တီးလေးက လွဲလျှင် ကျန်သုံးယောက်မှာ စိတ်ဝိညာဉ်ချီမရှိသော မော်တယ်များ ဖြစ်ကြလေသည်။

လူတိုင်းသည် ဆူဇီမိုကို နားလည်ရခက်စွာ ကြည့်လိုက်ကြ၏။

သူတို့သည် အခုလေးတင် အဟန့်အတားရှစ်ခု အစီအရင်ကို ဖြတ်ကျော်လာခဲ့ကြသောကြောင့် ၎င်းတွင် ကြုံတွေ့ရသော နာကျင်မှုများက မည်မျှ ဆိုးရွားပြင်းထန်ကြောင်း နားလည်ထားကြ၏။

မတူညီသော ကပ်ဘေး ခုနှစ်ခုကို ဖြတ်ကျော်ပြီးနောက် ဘယ်လောက်ပြင်းထန်သည့် နှိပ်စက်ညှင်းပမ်းမှုများကို ခံစားရမလဲဆိုတာ သူတို့ စဉ်းစားကြည့်လိုတောင် မရချေ။

ရွှမ်ယီက လေသံ ခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်လေ၏။

“ရှစ်ခုမြောက် အဟန့်အတားက ခန္ဓာငါးပါးကပ်ဘေးပဲ.. အဲ့ဒါက စောစောက ဖြတ်ကျော်လာခဲ့တဲ့ ကပ်ဘေးခုနှစ်ခုကို အကုန်ပြန်ပေါင်းထည့်ထားတာလို့ ပြောလို့ရတယ်.. ဒါက သာမန်လူတွေ တောင့်ခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူး.. ဒီကောင်လေးကို အများကြီး မခံစားရအောင်လို့ ကျုပ် အစီအရင်ကို ပယ်ဖျက်ပေးမှ ဖြစ်လိမ့်မယ်”

သူ အရှေ့သို့ လှမ်းတက်လိုက်သည့် အချိန်မှာပင် ရှစ်ခုမြောက်အလင်းတန်းက တောက်ပစွာ ထွက်ပေါ်လာ၏။

၎င်းသည် လွန်ကဲစွာပင် တစ်ဖျတ်ဖျတ်လက်နေပြီး တောင်ထွတ်တစ်ခုလုံးကို လင်းထိန်သွားစေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ရုတ်တရတ် မျက်လုံးဖွင့်လိုက်ပြီး လောင်ကျွမ်းနေသာ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာကာ အေးမြစန္ဒာဆေဘာကို လက်ပြန်ကိုင်စွဲ၍ ရှေသို့ လွှဲခုတ်ပိုင်းလိုက်၏။

ထိုအရာသည် အသက်ရှူမှားလောက်သည့် ခုတ်ချက်ဖြစ်၏။

ဆေဘာခုတ်ချက်မှ ထွက်ပေါ်လာသော အလင်းတန်းက စောစောက ရှစ်ခုမြောက် အလင်းကိုပင် လွှမ်းမိုးသွားလေ၏။

၎င်းခုတ်ချက်က သွေးပျက်ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်ဖြင့် ရွှမ်ယီဆီသို့ ဦးတည်သွားပြီး တောင်ထွတ်ပေါ်ရှိ လေထုသည် အေးခဲသွားသယောင် ထင်ရ၏။

တောင်ထွတ်သခင်ငါးယောက်စလုံး မှင်တက်သွားကြ၏။

ထွက်ပေါ်လာသော ဤခုတ်ချက်က ရုတ်တရတ် ဆန်လွန်း၏။

ရွှမ်ယီ၏ အမူအယာက ပြောင်းလဲမသွားပေ။ သူသည် လက်ချောင်းကို ဆန့်ထုတ်လိုက်၏။ သူ့လက်ချောင်းထိပ်မှ အလင်းတစ်ခု ထွက်ပေါ်လာပြီး အေးမြစန္ဒဆေဘာကို လှမ်းတောက်လိုက်လေ၏။

ချွမ်း!

အေးမြစန္ဒာဆေဘာက စင်ထွက်သွားလေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်သည်လည်း တွန်းကန်အားကို ခံစားလိုက်ရပြီး နောက်သို့ ခြေလေးငါးလှမ်း ဒယီးဒယိုင်ဖြင့် ဆုတ်သွားကာ တောင်ထွတ်ထိပ်ကနေ ပြုတ်ကျတော့မလို ဖြစ်သွားရ၏။

ဆူဇီမိုသည် သူ့အောက်ဘက်မှ မြူလွှာများ ရစ်သိုင်းနေသော ချောက်ကမ်းပါးကို မြင်လိုက်ရသောအခါ နိုးထာလာပြီး သူကြုံတွေ့ခဲ့ရ‌သော အရာများအားလုံးက ပုံရိပ်ယောင်များသာ ဖြစ်သည်ကို နားလည်သွားလေ၏။

ဆူဇီမိုကို ကြည့်နေကြသော တောင်ထွတ်သခင် ငါးယောက်၏ ရှုမြင်ပုံသည် တစ်ဖြည်းဖြည်းနှင့် ပြောင်းလဲသွားကြလေ၏။

All Chapters