← Chapters

အင်း ဒါက မိုက်တော့ မိုက်သားပဲ

Vol. 5 Ch. 75

အင်း ဒါက မိုက်တော့ မိုက်သားပဲ

Vol. 5 Ch. 75

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၅ - အင်း ဒါက မိုက်တော့ မိုက်သားပဲ

ဘာသာပြန်သူ - သန်းတိုးအောင်

“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

သူ့ညာဘက်ဖဝါးရှိ ကြက်သွေးရောင်မီးတောက်ကို ငေးကြည့်နေရင်း ဆူဇီမိုသည် မယုံကြည်နိုင်အောင် ဖြစ်နေ၏။

သူ့ညာဘက်လက်ဖဝါးပေါ်က အဆင့်၃ စိတ်ဝိညာဉ်မီးတောက်သည် ပါရမီဉာဏ်ရည်နှင့် ကြိုးစားမှုကြောင့် ဖြစ်တည်လာသည်ဟုတော့ သူမထင်မိပေ။

သို့‌သော် သူ့မျက်စိရှေ့မှာ မြင်နေရသော အရာကို ဘယ်လို ရှင်းပြရပါမည်နည်း။

သူ့ဘယ်ဘက်လက်ဖဝါးကို ဖြန့်လိုက်ပြီး စိတ်ဝိညာဉ်ချီကို ပို့လွှတ်လိုက်ကာ မီး‌တောက်တစ်ခုကို လက်ဖဝါးထက် လောင်ကျွမ်းစေလိုက်၏။

ရွှစ်!

အနီရောင်ဖျော့ဖျော့ မီးတောက်တစ်ခုက ပေါ်ထွက်လာ၏။

အဆင့်၁ စိတ်ဝိညာဉ်မီးတောက်!

သူ့လက်ဖဝါးနှစ်ဖက်စီတွင် မီးတောက်တစ်ခုစီက ဖြစ်တည်လောင်ကျွမ်းလျက်ရှိပြီး ၎င်းတို့၏ အရောင်နှင့် အပူရှိန်ကနေ လွန်စွာသိသာ ကွာခြားနေလေ၏။

မီးတောက်များကို ငြှိမ်းသတ်လိုက်ပြီး သူသည် နောက်ထပ် ထပ်ကာထပ်ကာ စမ်းသပ်ကြည့်လိုက်၏။

အကြိမ်တိုင်းတွင် သူ့ဘယ်ဘက်လက်ဖဝါးထက်မှာ အဆင့်၁ စိတ်ဝိညာဉ်မီးတောက်ပေါ်လာပြီး သူ့ညာဘက်လက်ဖဝါးထက်မှာတော့ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်က ပေါ်လာလေ၏။

ဆူဇီမိုသည် ချီစုဖွဲ့ခြင်း၏ အသေးစိတ်အကြောင်းကို ‌စေ့စေ့စပ်စပ် ပြန်တွေးကြည့်လိုက်၏။

ချီစုဖွဲ့ခြင်း၏ ဒုတိယအဆင့်က စိတ်ဝိညာဉ်ချီကို ကိုယ်တွင်းသို့ စုပ်ယူဖို့ ဖြစ်လေသည်။

အဲ့တုန်းက စိတ်ဝိညာဉ်ချီသည် သူ့ညာလက်မှတစ်ဆင့် သူ့ကိုယ်တွင်းသို့ စီးဝင်လာခဲ့၏။ အခုနေ ပြန်စဉ်းစားကြည့်တော့ သူ့ညာလက်က တစ်ခုခု ထူးခြားနေသလိုပင်။

သူသည် မျက်မှောင်ကြုတ်၍ သူ့ညာလက်ကို အတန်ကြာ စူးစိုက်ကြည့်ရှုနေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို ရှာမတွေ့နိုင် ဖြစ်နေ၏။

အချိန်အတော်ကြာလာတာတောင် ဆူဇီမိုသည် ဘယ်လို၊ ဘာ့ကြောင့်ဆိုတာကို ပုံဖော်စဉ်းစားနိုင်ခြင်းမရှိဘဲ ထိုအကြောင်းကို ယခုလောလောဆယ်တော့ ဘေးဖယ်ထားဖို့သာ တတ်နိုင်လေတော့သည်။

မည်သို့ပင်ဆိုစေ.. သူသည် လက်နက်သွန်းလုပ်ခြင်းအကြောင်း စတင်လေ့လာနေစဉ်မှာပင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်နိုင်ခြင်းသည် ဆိုးသည့်အရာတော့ မဟုတ်ချေ။

စိတ်ဝိညာဉ်မီးတောက်၏ အဆင့်က မြင့်လေလေ လက်နက်သွန်းလုပ်ရာတွင် ပါဝင်ပစ္စည်းများရှိ အညစ်အကြေးများကို ပိုမိုသန့်စင်ဖယ်ထုတ်နိုင်မည် ဖြစ်လေသည်။

ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်စွမ်း ရှိလေသည်။

သို့သော်လည်းပဲ တစ်ကယ့်လက်တွေ့မှာတော့ စိတ်ဝိညာဉ်မီးတောက်သည် နတ်ပန်းပဲဆရာ တစ်ယောက်၏ အခြေခံလိုအပ်ချက်တွေထဲမှ တစ်ခုသာဖြစ်၏။ သူတို့သည် စိတ်ဝိညာဉ်မီးတောက်နှင့် အပူချိန်ကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး အရေးအကြီးဆုံး လုပ်ငန်းစဉ်မှာ စိတ်ဝိညာဉ်စုဆောင်းခြင်းပင် ဖြစ်လေသည်။ လက်နက်သွန်းလုပ်ခြင်း၏ အဆင့်ခြောက်ခုတွင် တစ်နေရာရာမှာ မှားယွင်းသွားတာနှင့် မည်သည့်စိတ်ဝိညာဉ်လက်နက်မျှ ပေါ်ထွက်လာမည် မဟုတ်တော့ပေ။

နတ်ပန်းပဲဆရာများကို သူတို့ သွန်းလုပ်နိုင်သော စိတ်ဝိညာဉ်လက်နက်၏ အဆင့်ပေါ် မူတည်၍ အခြေခံ.. အလတ်တန်း.. အဆင့်မြင့် နတ်ပန်းပဲဆရာ ဟူ၍ ခွဲခြားထားကြလေသည်။ သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်သော နတ်ပန်းပဲဆရာများကိုသာ အဆင့်မြင့်နတ်ပန်းပဲဆရာဟု ခေါ်ဆိုနိုင်လေသည်။

ပကတိရွှေအူတိုင် အများစုအတွက်မူ .. သူတို့ကိုင်ဆောင်နိုင်သော လက်နက်များ၏ အရည်အသွေးမှာ သာလွန်အဆင့်ထက် မပိုကြပေ။

ထို့ကြောင့် ကျင့်ကြံရေးလောကတွင် လူတစ်ယောက်သည် အဆင့်မြင့်နတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လာလျှင် သူ၏ အဆင့်အတန်းသည် ပကတိရွှေအူတိုင်အဆင့်ကျင့်ကြံသူနှင့် တန်းတူလေသည်။ တစ်ကယ်တမ်း ထပ်မံ‌ပြောရလျှင် သူတို့သည် ဂုဏ်သတင်းကျော်ဇောမှုအရာမှာဖြစ်စေ၊ ပေါင်းသင်းဆက်ဆံချိတ်ဆက်နိုင်မှုမှာဖြစ်စေ .. ပကတိရွှေအူတိုင်အများစုထက် သာလွန်သော အနေအထားမှာ ရှိကြလေသည်။

သို့သော်လည်းပဲ စိတ်ဝိညာဉ်စုဆောင်းခြင်း၏ ကျရှုံးနိုင်ချေမှာ မြင့်မားသောကြောင့် သူတို့သည် သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်များကို အကြိမ်တိုင်း အောင်မြင်အောင် သွန်းလုပ်နိုင်ပါသည်ဟု အဆင့်မြင့် နတ်ပန်းပဲဆရာများပင်လျှင် အာမ မခံရဲကြပေ။

နတ်ပန်းပဲတောင်ထွတ်၏ တပည့်တစ်ယောက်အနေနှင့် ဆူဇီမိုသည် အစောင့်အကြီးအကဲထံမှ ပန်းပဲမီးဖိုတစ်ခုကို လက်ခံရရှိထား၏။ ထို့နောက် သူ၏ အချိန်အများစုကို လိုဏ်ဂူတိုက်ခန်းထဲမှာနေ၍ လက်နက်သွန်းလုပ်လေ့ကျင့်ခြင်းတွင်သာ အသုံးချနေလေတော့၏။ တစ်ခါတစ်ရံ သူသည် ချီစုဖွဲ့ယူခြင်းကို လုပ်ဆောင်လေ့ရှိပြီး ညဘက်ရောက်လာလျှင်တော့ ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် ပါဝင်သော သုတ္တန်ဂါထာ စာပိုဒ်များကို ဖတ်ရှုလေ့လာနေလေတော့၏။

တစ်လကြာပြီးနောက် ..

ဆူဇီမို၏ ကျင့်ကြံခြင်းအဆင့်သည် ချီစုဖွဲ့ခြင်း အဆင့် ၅ သို့ ရောက်ရှိလာခဲ့၏။ သူသည် လက်နက်သွန်းလုပ်ခြင်းတွင်လည်း အတော်အတန် ကျွမ်းကျင်မှု ရှိလာပြီး စိတ်ဝိညာဉ်တု ဓါးပျံနှစ်ချောင်းကိုပင် အောင်မြင်အောင် သွန်းလုပ်နိုင်ခဲ့၏။

သို့သော်လည်းပဲ သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင်တော့ တိုးတက်လာမှု မရှိသေးပေ။ အတိအကျဆိုရလျှင် သူသည် ၎င်းနှင့်ပတ်သတ်၍ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကိုပင် မသိတော့ချေ။

ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် ဖော်ပြထားသည်မှာ ကျားတို့ ကျားသစ်တို့၏ ဟိန်းဟောက်သံဖြင့် ခြင်ဆီကို တုန်ခါစေကာ ခြင်ဆီကို သန့်စင်နိုင်လိမ့်မည်ဟူ၍ပင်။

ကန်းလန်ရိုးမအတွင်းမှာ တစ်နှစ်ကြာ နေခဲ့ပြီးနောက် သူသည် ကျားသံတို့.. ကျားသစ်သံတို့ဖြင့် လွန်စွာ အကျွမ်းတဝင် ရှိခဲ့၏။ သိုသော်လည်း သူသည် ၎င်းအသံတို့ကို ဘယ်လိုပင် တုပကာအော်ဟစ်ပါစေ.. ခြင်ဆီသန့်စင်ခြင်းအပေါ် အကျိုးသက်ရောက်နိုင်ခြင်း မရှိ ဖြစ်နေ၏။

တစ်လကြာပြီးနောက် ဆူဇီမို၏ အသံသည် အက်ကွဲ၍ အသံဝင်နေပေပြီ။

ဤအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ချေ‌တော့ဟု ဆူဇီမို တွေးမိလာ၏။ သူသည် အခွင့်အ‌ရေးတစ်ခုရှာ၍ ကျားတစ်ကောင်နှင့် ကျားသစ်တစ်ကောင်ကို သွားရောက်ဖမ်းဆီးလာရန် စိတ်ကူးပေါ်လာ၏။ ထိုအခါ သူသည် လိုအပ်သော အသံကို တစ်ဖြည်းဖြည်းနှင့် ရရှိလာနိုင်ပေသည်။

ဤနေ့တွင် ဆူဇီမိုသည် သူ၏ လိုဏ်ဂူတိုက်ခန်းထဲကနေ ထွက်လာခဲ့၏။

လကုန်ရက်တိုင်းတွင် တောင်ထွတ်ငါးခုစလုံး၌ ရိုးရှင်းသည့် စမ်းသပ်ပွဲလေးများ ပြုလုပ်ကြလေ့ရှိ၏။ ၎င်းသည် မဖြစ်မနေ တက်ရောက်ရမည့်ပွဲမျိုး မဟုတ်ဘဲ မည်သည့် တောင်ထွတ်က တပည့်မဆို ပါဝင်နိုင်လေ၏။

စမ်းသပ်ပွဲ၏ ပထမနေရာကို ရရှိသူမှာ ဂိုဏ်းရှိ စီနီယာများ၏ လက်နက်သွန်းလုပ်ခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပေသည်။

နတ်ပန်းပဲဆရာတိုင်းတွင် သူတို့၏ ကိုယ်ပိုင် ထူးခြားသော နည်းစနစ်များ ရှိတတ်ကြ၏။ အထူးသဖြင့် ပန်းပဲမီးဖိုအတွင်းတွင် လုပ်ဆောင်ရသော မီးဆေးခြင်းအဆင့်တွင် ဖြစ်လေသည်။ ၎င်းသည် လျှို့ဝှက်ဆန်လွန်းပြီး နတ်ပန်းပဲဆရာများသည် အခြားသူများကို လွယ်လင့်တကူ ပေးပြလေ့မရှိပေ။

ပြီးခဲ့သည့်လအတွင်း ဆူဇီမိုသည် သိလိုသော သံသယများစွာ ရှိခဲ့၏။ သူသည် ဂိုဏ်းမှ စီနီယာများ ချန်ခဲ့သော လက်နက်သွန်းလုပ်ပုံ ရုပ်သံမှတ်တမ်းများကို လေ့လာနိုင်လျှင် ထိုအရာက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

သိပ်မကြာမီ ဆူဇီမိုသည် နတ်ပန်းပဲတောင်ထွတ်၏ လက်နက်သွန်းလုပ်ခြင်းခန်းမသို့ ဓါးပျံစီး၍ ရောက်ရှိလာခဲ့၏။

တစ်ချက်လှမ်းကြည့်ရုံနှင့် လူရာပေါင်းများစွာကို တွေ့မြင်လိုက်ရ၏။

နတ်ပန်းပဲတောင်ထွတ်ရှိ အစမ်းတပည့်အရေအတွက်မှာ သုံးဆယ်လောက်သာ ရှိလေသည်။ အခြားသူများက ဘယ်ကရောက်လာတာပါလိမ့်။

“အာ ညီလေးဆူ.. မင်းရောက်လာပြီပဲ”

ထိုအချိန်မှာပင် ရွှယ်ယိသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ဆူဇီမိုကို ပြုံး၍ လာနှုတ်ဆက်လိုက်၏။

“မိုက်တယ်ကွာ.. ငါ့ကောင်က ချီစုဖွဲ့ခြင် အဆင့်၅ တောင် ရောက်လာပြီပဲ”

ရွှယ်ယိသည် ချီးကျူးစကားပြောလိုက်ပြီးနောက် ဆက်မေးလိုက်၏။

“ဘာလဲ မင်းလဲ.. လကုန်စမ်းသပ်ပွဲကို လာတာလား”

“ဒါပေါ့ ကျုပ်လဲ ဝင်ကြိုးစားကြည့်ရင် ‌ကောင်းမလားလို့လေ”  ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ကောင်းတာပေါ့ မင်းရောက်လာတာ ကောင်းတယ်.. တစ်ခြားသူတွေ ဘယ်လို လက်နက်သွန်းလုပ်လဲဆိုတာ လေ့လာကြည့်လို့ ရတာပေါ့ကွာ” ရွှယ်ယိတွေးထင်မိသည်မှာ ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းကို စိတ်ဝင်စားလာသောကြောင့် စိတ်ပြေလက်ပျောက် လာရောက်ကြည့်ရှုသည်ဟူ၍ပင်။

“စီနီယာ အစ်ကိုရွှယ်.. ကျုပ်တို့ နတ်ပန်းပဲတောင်ထွတ်မှာ လူက သုံးဆယ်လောက်ပဲ ရှိတာပါ.. စမ်းသပ်ပွဲလေးတစ်ခုကို ဘာလို့ ဒီလောက် လူလာစည်နေရတာလဲ” ဆူဇီမိုက မေးလိုက်၏။

ရွှယ်ယိက ပြုံးလိုက်၏။

“ဘယ်တောင်ထွတ်က တပည့်မဆို လက်နက်သွန်းလုပ်ခြင်းကို စိတ်ဝင်စားရင် နတ်ပန်းပဲတောင်ထွတ်ရဲ့ လကုန်စမ်းသပ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့ ရတယ်လေ.. တစ်ကယ်တော့ စိတ်ပါရင် နှစ်ကုန်ရင်ဆိုင်ယှဉ်ပြိုင်ပွဲမှာတောင် ဝင်ရောက်ယှဉ်ပြိုင်လို့ ရတယ်.. ဘာလို့လဲဆိုတော့ တစ်ချို့ ပါရမီရှင်တွေက သူတို့ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ဖို့အပြင် တစ်ခြားဝါသနာပါတာတွေလဲ ရှိတတ်ကြတာကိုး”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။ ထိုအရာက သူတွေးထင်ထားတာနှင့် သိပ်မကွာပေ။

ဆူဇီမိုသည် လူအုပ်ကြီးကို ဖြတ်ကြည့်လိုက်ပြီး ခရမ်းရောင် ဝတ်စုံနှင့် မတ်တပ်ရပ်နေသော လူတစ်ယောက်အပေါ်တွင် သူ့အကြည့်က ရပ်တန့်သွား၏။

ခရမ်းရောင်ဝတ်စုံနှင့်လူသည် ‌မောက်မာဟန်ရပြီး ခေါင်းကိုမော့ကာ မျက်လုံးကို မှိတ်ထား၏။ လူအုပ်ကြားထဲရောနေလျှင်တောင် သူ့ပုံစံက အလွယ်တကူ ခွဲခြားသိမြင်နိုင်လေသည်။

သူသည် ဆူဇီမိုနှင့်အတူ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ဗီဇပြောင်းစိတ်ဝိညာဉ်ပိုင်ရှင် ဖုန်ဟောက်ယွီ ဖြစ်လေသည်။

တစ်လကြာပြီးနောက် ဖုန်ဟောက်ယွီသည် ချီစုဖွဲ့ခြင်း အဆင့်၆မှ အဆင့်၇ သို့ တက်လှမ်းနိုင်ခဲ့ပေပြီ။

ရွှယ်ယိသည် ဆူဇီမို၏ အကြည့်နောက်သို့ လိုက်ပါကြည့်လိုက်ပြီး ပြောလိုက်၏။

“ငါကြားမိတာတော့ သူက ဂိုဏ်းရဲ့ နှစ်တစ်ထောင်အတွင်းမှာ ပေါ်ပေါက်လာတဲ့ နံပါတ်၁ ပါရမီရှင်တဲ့.. သူ့ရဲ့ ကောင်းကင်ဖီဆန်စိတ်ဝိညာဉ်ရင်းမြစ်နဲ့ ထူးခြားတဲ့ အရည်အချင်းတွေကြောင့် ဂိုဏ်းက စီနီယာတွေက သူ့ကို အကြီးကြီး မျှော်လင့်ထားကြတယ်ဆိုပဲ.. ငါကြားမိတာတော့ သူက တောင်ထွတ်ငါးခုရဲ့ နှစ်ကုန်ရင်ဆိုင်ယှဉ်ပြိုင်ပွဲတွေမှာ တောင်ထွတ်သုံးခုရဲ့ နံပါတ်၁ ပုဂ္ဂိုလ် သေချာပေါက် ဖြစ်လာမယ်လို့ သူ့ကိုယ်သူ ကြွေးကြော်ထားတယ်တဲ့”

“တောင်ထွတ်သုံးခုရဲ့ နံပါတ်၁ ပုဂ္ဂိုလ်!”  ဆူဇီမို မျက်‌မှောင်ကြုတ်လိုက်၏။

ရွှယ်ယိက ရှင်းပြလိုက်၏။

“သူက တပည့်အသစ်တစ်ယောက်ဆိုပေမယ့်လဲ.. သူ့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က လေဒြပ်စင်ဖြစ်နေတယ်.. ဒီနှစ်ကုန်တဲ့အခါ သူက အဆင့်၁၀ ပကတိချီစုဖွဲ့ စစ်သည်တော်တစ်ယောက် ဖြစ်မလာရင်တောင် အဆင့်၉ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်တော့ သေချာပေါက် ဖြစ်လာမှာပဲ.. စိတ်ဝိညာဉ်တောင်ထွတ်မှာ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသော တပည့်က လမ့်ရိုလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ရှိတယ်.. သူမကလည်း တပည့်သစ်တစ်ယောက်ပဲလို့ ပြောတယ်”

“သူက စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နံပါတ်တစ် ဖြစ်လာနိုင်တာကတော့ ထားပါတော့.. ကျန်တဲ့ဘယ်တောင်ထွတ်နှစ်ခုမှာ‌ရော နံပါတ်တစ် ဖြစ်လာနိုင်မှာလဲ” ဆူဇီမိုက တစ်ဖန် ထပ်မေးလိုက်၏။

ရွှယ်ယိက ညည်းတွားပြောလိုက်၏။

“တစ်ခုကတော့ ‌နတ်ဆေးတောင်ထွတ်ပဲ.. နောက်တစ်ခုကတော့ ငါတို့ရဲ့ နတ်ပန်းပဲတောင်ထွတ်ပေါ့.. ဒီတောင်ထွတ်နှစ်ခုက ဂိုဏ်းထဲမှာဆို အားအနည်းဆုံးပဲလေ.. ဖုန်ဟောက်ယွီလိုလူမျိုး ပေါ်လာတယ်ဆိုတာ ဂိုဏ်းအတွက်တော့ ကောင်းတာ‌ပေါ့ကွာ.. ဒါပေမယ့်လဲ သူသာ နတ်ပန်းပဲ‌တောင်ထွတ်ရဲ့ နံပါတ်တစ် ဖြစ်လာခဲ့ရင် ငါတို့ကတော့ အရှက်ကွဲပြီပေါ့ကွာ”

ဆူဇီမိုသည် နားမလည်စွာ မေးလိုက်၏။

“ဖုန်ဟောက်ယွီရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က လေဒြပ်စင်လေ.. မီးကို ထိန်းချုပ်တဲ့နေရာမှာ သူက နတ်ပန်းပဲတောင်ထွတ်က မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင် တပည့်တွေကို မှီပါ့မလား”

“ဂျူနီယာညီလေး.. ဘယ်လိုစိတ်ဝိညာဉ်ရင်းကိုပဲ ပိုင်ဆိုင်တာဖြစ်ဖြစ် စိတ်ဝိညာဉ်မီးတောက်တစ်ခုကို လေ့ကျင့်ဖန်တီးနိုင်တယ်ဆိုတာ မင်းသိတယ်မလား”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

မီးဒြပ်စင် စိတ်ဝိညာဉ်ရင်းမြစ် မရှိသော်လည်း စိတ်ဝိညာဉ်မီးတောက်ကို လေ့ကျင့်ယူနိုင်၏။ အများအားဖြင့် မီးဒြပ်စင် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများက စိတ်ဝိညာဉ်မီးတောက်ကို ပိုမိုနိုင်နင်းစွာ ထိန်းချုပ်တတ်ကြတာ တစ်ခုပင်။

ရွှယ်ယိက ဆက်ပြောလိုက်၏။

“ဖုန်ဟောက်ယွီရဲ့ စိတ်ဝိညာဉ််ရင်းမြစ်က လေဓါတ်မဟုတ်လား.. မီးဆိုတာကလဲ လေရှိမှ ဖြစ်တည်နိုင်တာလေကွာ”

ဆူဇီမို သဘော‌ပေါက်သွား၏။

လေ၏ အထောက်အပံ့ကို ရသောအခါ မီးက ပိုမို တောက်ပစွာ လောင်ကျွမ်းလာနိုင်၏။

ရွှယ်ယိက တိုးတိုးလေး ပြောလိုက်၏။

“ငါကြားမိတာတော့ ဖုန်ဟောက်ယွီက အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကိုတောင် ထုတ်နိုင်နေပြီတဲ့”

ဆူဇီမိုသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူ့ညာဘက်လက်ကို ကြည့်ကာ ပြောလိုက်၏။

“အင်း အဲ့ဒါက မိုက်တော့မိုက်သားပဲ”

All Chapters