← Chapters

ကြောက်ခမန်းလိလိ ကျင့်ကြံမှု အမြန်နှုန်း

Vol. 5 Ch. 71

ကြောက်ခမန်းလိလိ ကျင့်ကြံမှု အမြန်နှုန်း

Vol. 5 Ch. 71

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၁ - ကြောက်ခမန်းလိလိ ကျင့်ကြံမှု အမြန်နှုန်း

ဘာသာပြန်သူ - သန်းတိုးအောင်

လိုဏ်ဂူတိုက်ခန်းက အတော်လေး ကျယ်ဝန်းလေသည်။ သူသည် ခဏကြာ တရားထိုင်လိုက်ပြီး ဂိုဏ်းသို့ဝင်ရောက်ရခြင်း၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူသည် ရွှယ်ယိလိုပင် ဂိုဏ်းတံဆိပ်ပြားကို ခါးတွင် ချိတ်လိုက်ပြီး ကျမ်းစာနှစ်စောင်ကို ထုတ်ယူလိုက်၏။

စိတ်ဝိညာဉ်အကဲဖြတ်ခြင်းသည် ကျင့်ကြံရေးလောက၏ အခြေခံ မရှိမဖြစ် ပညာရပ်တစ်ခုဖြစ်ပြီး ကျင့်ကြံသူတိုင်းလိုလို တတ်မြောက်ကြ၏။ သူတို့၏ မျက်လုံးကို စိတ်ဝိညာဉ်ချီနှင့် ချိတ်ဆက်ပြီးနောက် ထိုသူသည် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ဆုံးဖြတ်နိုင်လေ၏။

သို့သော်လည်းပဲ စိတ်ဝိညာဉ်အကဲဖြတ်ခြင်း ပညာရပ်၏ ထောက်လှမ်းခြင်းမှ မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို ကွယ်ဝှက်ထားနိုင်သော ရှားပါးသည် နည်းစနစ်အချို့လည်း ရှိ၏။

ချီစုဖွဲ့ခြင်းကတော့ ကျင့်ကြံရေးလမ်းသို့ စတင်လျှောက်လှမ်းရမည့် ဝင်ပေါက်တစ်ခု ဖြစ်လေသည်။

သိုလှောင်အိတ်ကို ဖွင့်နိုင်ဖို့မှစ၍ စိတ်ဝိညာဉ်အကဲဖြတ်ခြင်း၊ ဓါးပျံစီးနင်းခြင်း၊ ဆေးလုံး‌ဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းများအထိ စိတ်ဝိညာဉ်ချီရှိမှ လုပ်နိုင်ပေမည်။

ရွှယ်ယိက သူထွက်မသွားခင် ဆူဇီမိုကို အကြောင်းအရာတစ်ခု ပြောပြခဲ့၏။ နောက်ဆယ်ရက်ကြာလျှင် ဆန်းကြယ်တောင်ထွတ်မှာ ကြိုဆိုပွဲ အခမ်းအနားတစ်ခု ပြုလုပ်ပေလိမ့်မည်။ ထိုပွဲကို ဂိုဏ်း၏ ပင်မဆန်းကြယ်တောင်ထွတ်တွင် ကျင်းပမှာဖြစ်ပြီး ဂိုဏ်းမှ စီနီယာများသာမက ဂိုဏ်းချုပ်ကိုယ်တိုင်ပါ တက်ရောက်ပေလိမ့်မည်။ ယခု ဝင်ရောက်လာသော ဂိုဏ်းသားသစ်များအကုန် ထိုပွဲကို တက်‌ရောက်ကြဖို့ လိုလေသည်။

ဆူဇီမိုသည် ကြိုဆိုပွဲအခမ်းအနားမတိုင်မီ အဆင့်၁ ချီစုဖွဲ့ခြင်း အဆင့်ကို ရောက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားလေသည်။

ချီစုဖွဲ့ခြင်းအဆင့်ကို ရောက်တာနှင့် ဓါးပျံစီးနင်းနိုင်တော့မည့်အဖြစ်ကို တွေးလိုက်ပြီးနောက် ဆူဇီမို၏ သွေးများသည် ဆူလာပြီး စိတ်လှုပ်ရှားလာလေ၏။ ထိုအခါ သူသည် အခြားသောကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ အရှက်တကွဲ အဖြစ်မျိုး ကြုံတွေ့ရတော့မည် မဟုတ်ပေ။

ချီစုဖွဲ့ခြင်းကျမ်းစာစောင်ကို ဖွင့်လိုက်ပြီးနောက် ဆူဇီမိုသည် သေးသယ်သော စာကြောင်းလေးများထဲတွင် တစ်ဖြည်းဖြည်း နစ်မျောသွားလေသည်။

ချီစုဖွဲ့ပထမအဆင့်ကို ရောက်ဖို့က စိတ်ဝိညာဉ်ချီကို အရင်ဆုံး အာရုံခံနိုင်ဖို့ပင်။

စိတ်ဝိညာဉ်ချီက နေရာတိုင်းမှာ ရှိနေပြီး အသက်ရှူသွင်းရသော လေနှင့် အလားသဏ္ဍာန်တူလေသည်။ သို့သော်လည်း လူတစ်ယောက်သည် စိတ်ဝိညာဉ်ရင်းမြစ်မရှိလျှင် စိတ်ဝိညာဉ်ချီကို အာရုံခံစားသိရှိနိုင်လိမ့်မည် မဟုတ်ပေ။

ချီစုဖွဲ့ခြင်း ကျမ်းစာစောင်၏ ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ပြီးနောက် တစ်နာရီလောက်ကြာသောအခါ ဆူဇီမိုသည် သူ့ဘေးပတ်လည်ရှိ လေထုထဲတွင် နွေးထွေးသော စီးကြောင်းလေးတစ်ခု လှည့်ပတ်နေတာကို ခံစားသိရှိလိုက်ရ၏။

၎င်းသည် သည့်အရင်က သူတစ်ခါမျှ မခံစားခဲ့ဖူးသော ဆန်းသစ်ထူးခြားသည့် အာရုံခံစားမှု စီးကြောင်းလေးတစ်ခု ဖြစ်၏။

“အို.. ဒါက စိတ်ဝိညာဉ်ချီပေါ့လေ”

သူ့အတွေးက လှုပ်ခတ်သွားသောအခါ စောစောက အာရုံခံစားမှုက ပျက်ပြယ်သွားပြီး နွေးထွေးသော စွမ်းအင်စီးကြောင်းလေးကို သူ အာရုံခံ၍ မရတော့ပေ။

“ဘယ်လို...”

ဆူဇီမိုသည် ချင့်ချိန်စဉ်းစား၍ အတွေးများ တစ်ဖျတ်ဖျတ် ကူးပြောင်းသွားပြီးနောက် နားလည်သဘောပေါက်သွားလေသည်။

ချီစုဖွဲ့ခြင်းကျမ်းစာ‌စောင်၏ ပထမစာမျက်နှာတွင် စာလုံးသုံးလုံး ရေးထား၏ _ သတိစိတ် ချီ စုဖွဲ့ခြင်း ။

လူတစ်ယောက်သည် တည်ငြိမ်နေပြီး သတိအားကောင်းနေမှသာလျှင် စိတ်ဝိညာဉ်ချီ၏ တည်ရှိမှုကို အာရုံခံနိုင်ပေလိမ့်မည်။ သူတို့ အာရုံပျက်ယွင်းသွားသည့် ခဏ၌ အာရုံခံစားမှုကလည်း ပျက်ပြယ်သွားလိမ့်မည်။

မည်သို့ပင်ဆိုစေ သူသည် ပထမအဆင့်အနေနှင့် စိတ်ဝိညာဉ်ချီကို အာရုံခံမိလိုက်သည့်အတွက် စိတ်သက်သာရာရသွား၏။

ဘာပဲဖြစ်ဖြစ် သူ့မှာရှိသော စိတ်ဝိညာဉ်ရင်းမြစ်က သူများတွေနှင့် မတူချေ။ ၎င်းသည် စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ပျက်ဆီးစေရုံသာမက စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးကိုပင် ပေါက်ကွဲပြိုကျစေခဲ့၏။

ယခင်က ဆူဇီမိုသည် သူ့ကိုယ်တွင်းတွင် နောက်မှ ထပ်ထည့်ထားသော စိတ်ဝိညာဉ်ရင်းမြစ်က သူများတွေ၏ မွေးရာပါ စိတ်ဝိညာဉ်ရင်းမြစ်များကဲ့သို့ တူညီသော အာနိသင် ရှိပါ့မလားဆိုတာ စိုးရိမ်နေခဲ့ရ၏။ ယခုအခါမှတော့ သူသည် ထိုအရာကို မလိုအပ်ဘဲ စိုးရိမ်ခဲ့မိသလိုပင်။

ချီစုဖွဲ့ခြင်း၏ ဒုတိယအဆင့်က ချီကို ကိုယ်တွင်းထဲသို့ စုပ်ယူဖို့ပင်။

ဤတွင် စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်ရုံနှင့် မလုံလောက်တော့ဘဲ ၎င်းကို ထိန်းချုပ်၍ စုပ်ယူနိုင်ဖို့ လိုလာလေပြီ။

တတိယအဆင့်ကတော့ ၎င်းဝိညာဉ်ချီကို ဒန်ထျန်ထဲသို့ လှည့်ပတ်စီးဆင်းစေဖို့ပင် ဖြစ်လေသည်။

(ဒန်ထျန်သည် စိတ်ဝိညာဉ်ချီကဲ့သို့သော စွမ်းအင်များကို ကိုယ်တွင်း၌ သိုလှောင်ပေးရာ လုံးဝန်းသည် နေရာတစ်ခုဖြစ်ပြီး ၎င်းကို ချီပင်လယ်၊ စွမ်းအင်ဗဟို စသည်ဖြင့်လည်း ခေါ်ကြသေး၏။)

၎င်းကို ကိုယ်တွင်းသို့ စုပ်ယူပြီးနောက် ထိန်းချုပ်ကာ ဒန်ထျန်ထဲသို့ လှည့်ပတ်စီးဆင်းစေရပေမည်။ ထိုမှသာလျှင် ကိုယ်တွင်းသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်ချီများက ပြန့်ရောစိမ့်ထွက် သွားမည်မဟုတ်ဘဲ ဒန်ထျန်ထဲတွင် စိတ်ချလက်ချ သိုလှောင်ထားနိုင်မည် ဖြစ်ပေသည်။

ဤနည်းအားဖြင့် သူသည် အဆင့်၁ ချီစုဖွဲ့အဆင့်သို့ ရောက်ရှိပေလိမ့်မည်။

ဆူဇီမိုသည် စိတ်အာရုံပျက်ပြားစေမည့်အရာများကို ဘေးဖယ်ထားလိုက်ပြီး သူ့စိတ်ကို ဗလာကျင်းထားလိုက်သောအခါ သူ့ဘေးပတ်လည်မှ နွေးထွေသော အော်ရာတစ်ခုကို အာရုံခံစားမိလာပြီး ကိုယ်တွင်းသို့ ဖြည်းဖြည်းချင်း စုပ်ယူနေလိုက်၏။

ရုတ်တရတ်ဆိုသလိုပင်..

ဆူဇီမိုသည် သူ့ညာဘက်လက်မှ နွေးထွေးသော အာရုံခံစားမှုတစ်ခုကို သိရှိလိုက်ပြီး စိတ်ဝိညာဉ်ချီစီးကြောင်းတစ်ခုက သူ့လက်တွင်းသို့ ဝင်ရောက်လာလေ၏။

“စိတ်ဝင်စားစရာပဲ”

ချီစုဖွဲ့ခြင်း ကျမ်းစာစောင်၌ စိတ်ဝိညာဉ်ချီကို ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းက စုပ်ယူနိုင်လိမ့်မည် ဆိုတာကို ဖော်ပြမထားပေ။ သို့သော်လည်း ဆူဇီမိုအတွက်တော့ ၎င်းကို သူ၏ ညာဘက်လက်က စုပ်ယူနေသည်မှာ လုံးဝအသစ်အဆန်း ခံစားမှုပင် ဖြစ်လေသည်။

သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်ချီများက ထကြွလှုပ်ရှားလာပြီး အရိုင်းဆန်လာလေသည်။

ကပျာကယာဆိုသလို ဆူဇီမိုသည် ချီများကို ထိန်းကျောင်းလိုက်ပြီး သူ၏ ဒန်ထျန်ထဲသို့ ပို့လွှတ်စီးဆင်းစေလိုက်၏။

ဒန်ထျန်က ခန္ဓာကိုယ်၏ ရတနာသိုက်တစ်ခုပင် ဖြစ်လေသည်။ စိတ်ဝိညာဉ်ချီများ ထိုအထဲသို့ စီးဝင်သွားချိန်တွင် အရာရာတိုင်းက ပြန်လည် တည်ငြိမ်သွားလေသည်။

အဆင့်၁ ချီစုဖွဲ့အဆင့်!

ဆူဇီမို၏ မျက်လုံးကို ဖွင့်လိုက်၏။ သူ့မျက်လုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး မယုံကြည်နိုင်မှုများဖြင့် ရောယှက်နေ၏။

အခုမှ ညသို့ ရောက်လာခါစပင် ရှိသေး၏။ အဲ့ဒါက သူသည် တရားစထိုင်တာ နှစ်နာရီတောင် မပြည့်တတ်သေးဘူးဟု ဆိုလိုလေသည်။

ဤမျှလောက် အချိန်တိုလေးနှင့် အဆင့် ၁ ချီစုဖွဲ့အဆင့်သို့ ရောက်လာခဲ့သည်မှာ အိပ်မက်ဆန်လွန်းလှလေသည်။

“အင်း.. ဒါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်ရဲ့ အစွမ်းပဲ ထင်ပါရဲ့”

ဆူဇီမို ပြုံးလိုက်မိ၏။

ယခုသူသည် ချီစတင်စုဖွဲ့နိုင်သွားပြီဖြစ်ပြီး စိတ်ခံစားချက်က ကောင်းမွန်သော အခြေအနေမှာ ရှိနေသောကြောင့် ဝိညာဉ်ချီကို ဆက်လက်စုပ်ယူဖို့ ဆုံးဖြတ်လိုက်၏။ အဆင့်၂ သို့ ရောက်သည့်အထိ မရပ်မနား ကြိုးစားရပေမည်။

သူ့ညာဘက်လက်ကသာလျှင် အရင်ဆုံး နွေးထွေးမှုကို စတင်ခံစားရပြီး စိတ်ဝိညာဉ်ချီများက အဆက်မပြတ် တိုးဝင်လာနေ၏။ ဆူဇီမိုက ၎င်းကို ထိန်းကျောင်း၍ ဒန်ထျန်ထဲသို့ စီးဝင်စေလိုက်၏။

ဆူဇီမိုသည် ဤသို့ဖြင့် ကျင့်ကြံခြင်းတွင် နစ်မြောနေပြီး တစ်ညတာက ကုန်ဆုံးသွား၏။

အဆင့်၂ ချီစုဖွဲ့ခြင်း!

တစ်ညတာ လေ့ကျင့်မှုဖြင့် ဆူဇီမိုသည် အဆင့်၂ ချီစုဖွဲ့ခြင်းသို့ ရောက်ရှိခဲ့ပေပြီ။

“အဲ့ဒါက နဲနဲတော့ မြန်လွန်းမနေဘူးလား.. ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ရတာက တစ်ကယ်ကို ကောင်းတာပဲ”

သူသည် နည်းနည်းတော့ မှင်တက်သွား၏။

ဆူဇီမိုသည် အခြားသောကျင့်ကြံသူများ၏ ကျင့်ကြံမှု အမြန်နှုန်းကို မသိချေ။ သူသည် သူ့ကျင့်ကြံမှု အမြန်နှုန်းက မြန်လွန်းနေပြီး အနည်းငယ် ထူးခြားနေသည်ဟုသာ ထင်မိလေသည်။

ပြီးတော့ သူသည် ပြီးခဲ့သည့်ညက ကျင့်ကြံရာတွင် မည်သည့် စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးကိုမျှ အသုံးမပြုခဲ့ရချေ။

သူသာ ထိုအရာတွေကို သုံးခဲ့လျှင် သူ့ကျင့်ကြံမှု အမြန်နှုန်းက ဘယ်လောက်ထိ မြန်သွားမလဲ မပြောတတ်ချေ။

သူသည် သိလိုစိတ်များကို ခဏ အသာ ဖယ်ထားလိုက်၏။ နောက်ပိုင်း အခွင့်အရေးရမှသာလျှင် အခြားသော စီနီယာများကို မေးကြည့်ရပေမည်။

စိတ်ဝိညာဉ်ကျောက်တုံးများ အကြောင်း‌တွေးမိချိန်တွင် ဆူဇီမိုသည် စိတ်ကူးတစ်ခု ရသွားလေသည်။

သူ ပင်ယန်းမြို့က ထွက်မလာခင်က ဇောင်ဒင်းယွမ်ကို သတ်ဖြတ်ခဲ့ပြီး သူ့သိုလှောင်အိတ်ကို ရလာခဲ့၏။

ယခုအခါ သူသည် အဆင့်၂ ချီစုဖွဲ့အဆင့်သို့ ရောက်လာပြီ ဖြစ်သောကြောင့် ထိုသိုလှောင်အိတ်ကို ဖွင့်နိုင်ပေပြီ။

ဇောင်ဒင်းယွမ်၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်ပြီးနောက် ဆူဇီမို၏ လက်ချောင်းထိပ်တွင် စိတ်ဝိညာဉ်ချီစီးကြောင်းတစ်ခုက စီးဆင်းလာပြီး သူသည် သိုလှောင်အိတ်ကို အသာအယာ ထိလိုက်၏။

၎င်းသည် ပွင့်သွားပြီး အထဲတွင် နေရာလပ်တစ်ခုကို တွေ့လိုက်ရ၏။ ၎င်းနေရာလပ်ထဲတွင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၃၀၀ကျော်က အတန်းလိုက် လွင့်မျောနေ၏။ အဲ့မှာ နောက်ထပ် ကျောက်စိမ်းပုလင်းတစ်ခုကလွဲလျှင် ဘာမှ ထပ်မရှိတော့ပေ။

သူသည် ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် သိမ်မွေ့သော မွှေးရနံ့များ သင်းပျံ့နေသည့် ‌ဆေးလုံးသုံးလုံးကို တွေ့လိုက်ရလေသည်။

ဆေးလုံးမှ မွှေးရနံ့က သူ့နှာဝသို့ တိုးဝင်လာသောအခါ သူ့ဒန်ထျန်အတွင်းရှိ တည်ငြိမ်နေသော စိတ်ဝိညာဉ်ချီများက ရုန်းကြွလာလေသည်။

သူ ချက်ခြင်းပဲ နားလည်လိုက်၏။ ဤဆေးလုံးသုံးလုံးကိုသောက်လျှင် စိတ်ဝိညာဉ်ချီများကို စုပ်ယူရာ၌ သူ့ကို များစွာ အထောက်အကူ ပြုပေလိမ့်မည်။

ယခုမှ ချီစုဖွဲ့ခြင်းကို စတင်လုပ်နိုင်ခဲ့သော သူ့အတွက်တော့ ဤအရာက ကံကောင်းမှု တစ်ခုပင် ဖြစ်လေသည်။

ဆူဇီမိုသည် စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ မျှော်လင့်ချက်သလင်းလေး၊ အေးမြစန္ဒာဆေဘာနှင့် မြားကျည်တောက်တို့ကို ဂိုဏ်းကသူ့အတွက်ပေးထားသော သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေ၏။

ထိုအခါ တစ်တန်လောက် အလေးချိန်ကို ဖယ်ထုတ်လိုက်သည့်အတွက် သူ့ခန္ဓာကိုယ်က လုံးဝ ပေါ့ပါးသွားလေသည်။

သူသ‌ဘောကျမိသည်မှာ သိုလှောင်အိတ်သည် ပစ္စည်းဘယ်လောက်များများ ထည့်ထည့် ၎င်းကို သယ်ထားရသည်မှာ ရှိသည်ဟုပင် မထင်ရအောင် ပေါ့ပါးလေသည်။

ထို့နောက် သူသည် စိတ်ဝိညာဉ်အကဲဖြတ်ပညာရပ်ကို လေ့လာလိုက်ပြီး စတင်လေ့ကျင့်လိုက်၏။

နောက်ပိုင်းတွင် သူ၏ ကျန်ရှိသည့် အချိန်များကို - နေ့ဘက်တွင် ချီစုဖွဲ့ခြင်းကို ကျင့်ကြံလေ့ကျင့်ခြင်း၊ ညဘက်တွင် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမနတ်ဆိုးနည်းစနစ်ကို ကျင့်ကြံခြင်းတို့ဖြင့် အသုံးချ ကုန်ဆုံးစေလိုက်၏။ ဤသို့ဖြင့်ပင် ဆယ်ရက်တာက ကုန်ဆုံးသွားခဲ့ပေသည်။

တပည့်အသစ် ခုနှစ်ယောက်အတွက် ဂိုဏ်းက ပြုလုပ်ပေးသော ကြိုဆိုခြင်းအခမ်းအနားက နောက်ဆုံး ရောက်ရှိလာခဲ့ပေပြီ။

ဆူဇီမိုသည် သူ့အဝတ်ကို သေသပ်အောင် ပြုပြင်လိုက်ပြီး ကျောက်ခုတင်ပေါ်ကနေ ဆင်းလိုက်၏။

ဆယ်ရက်တာက ကုန်ဆုံးသွားသော်လည်း ဆူဇီမို၏ ကျင့်ကြံခြင်းသည် အဆင့်၁ ချီစုဖွဲ့ခြင်းသို့ ပြန်လည် ရောက်ရှိသွား၏။

တစ်ကယ်တမ်းတော့ ခုနှစ်ရက်မြောက်သောနေ့တွင် သူသည် အဆင့်၄ ချီစုဖွဲ့ခြင်းသို့ ရောက်နေခဲ့ပြီဖြစ်ပြီး သူ့ဒန်ထျန်က များပြားလှသော စိတ်ဝိညာဉ်ချီများဖြင့် ရှိနေပေပြီ။

သို့သော်လည်း ဆူဇီမိုသည် တျဲယွဲ့ပြောခဲ့သောစကားကို ပြန်လည် အမှတ်ရလိုက်၏။ အချို့သော ပါရမီရှင် ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်ချီများကို သူတို့၏ ရုပ်ပိုင်းဆိုင်ရာကို ပိုမိုသန်မာလာစေဖို့ ကျင့်ကြံရာတွင် အသုံးပြုပစ်သည်ဆိုတာကိုပင်။

ထို့ကြောင့် နောက်ထပ်သုံးရက်အတွင်း ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်ချီများအားလုံးလိုလိုကို သူ့ခန္ဓာကိုယ်ကို သန့်စင်ရာတွင် အသုံးပြုလိုက်ပြီး စိတ်ဝိညာဉ်ချီတစ်ပိုင်းတစ်စကိုသာ ချန်ထားခဲ့လိုက်လေသည်။

သူသည် ခြင်ဆီရှင်းလင်းခြင်းအပိုင်းကို မလေ့ကျင့်ရသေးသော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်က လွန်ခဲ့တဲ့ ဆယ်ရက်ကထက် အများကြီး ပိုမို သန်မာလာခဲ့ပေပြီ။

သူအခုချိန် ခန့်မှန်းမိသည်မှာ အဆင့်၁၀ ပကတိချီစုဖွဲ့စစ်သည်တော်က အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို သုံးပြီး အားကုန်တိုက်ခိုက်လျှင်တောင် သူ့အရေပြားကို ထိုးဖောက်နိုင်တော့မည် မထင်ပေ။

All Chapters