ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ခြင်း
Vol. 5 Ch. 70
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၇၀ - ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ခြင်း
ဘာသာပြန်သူ - သန်းတိုးအောင်
တောင်ထွတ်သခင်ငါးယောက်ကို တစ်ကယ်တမ်း တုန်လှုပ်ခြောက်ခြားသွားစေတာက ဆူဇီမိုသည် အဟန့်အတားရှစ်ခုအစီအရင်၏ နာကျင်မှုများကို တောင့်ခံနိုင်ခဲ့သောကြောင့် မဟုတ်ပေ။
အဲ့ဒါက သူ၏ ဆေဘာခုတ်ချက်ကြောင့် ဖြစ်လေသည်။
ပကတိရွှေအူတိုင်အဆင့်များအနေနှင့် သူတို့ငါးယောက်သည် ထိုခုတ်ချက်မှ ထွက်ပေါ်လာသော စွမ်းအင်များကို ရှင်းလင်းစွာ ခံစားမိလိုက်ကြ၏။ ၎င်း၏ စွမ်းအားက ပကတိချီစုဖွဲ့စစ်သည်တော် တစ်ယောက်၏ ခွန်အားအပြည့်ထက်ပင် ကျော်လွန်နေပေပြီ။
မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်ခွန်အားက ပကတိချီစုဖွဲ့စစ်သည်တော်တစ်ယောက်၏ ခွန်အားထက် သာလွန်နေသည်ဆိုတာကို ဘယ်လို သဘောတရားမျိုးနှင့် ရှင်းပြရပါမည်လဲ။
ဤလူ၏ ခန္ဓာကိုယ်က စိတ်ဝိညာဉ်တောကောင်များထက်ပင် မာကျောသန်မာနေသေး၏။ တစ်ကယ်တမ်းအတိအကျ ပြောရလျှင် သူသည် အစောပိုင်း-အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲများနှင့်ပင် နှိုင်းယှဉ်လို့ ရလောက်ပေသည်။
ထိုမျှသာမကသေး၊ ဆူဇီမို၏ ခုတ်ချက်က လွန်စွာ အားကောင်းသော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာ၏။
သည်လို ခုတ်ချက်မျိုးကို ထုတ်ဖော်နိုင်ဖို့အတွက် ဤလူသည် မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးရပေမည်။
မော်တယ်တစ်ယောက်က ဘယ်လိုကြောင့် ဒီလောက် လူတွေ အများကြီး သတ်နိုင်ခဲ့ရတာလဲ။
ဒါ့အပြင် သူတို့ကို ပိုပြီး အံ့အားသင့်သွားစေတာက ဆူဇီမိုသည် ရွှမ်ယီကိုပင် ထင်ရှားပြတ်သားသော စိတ်ပိုင်းဖြတ်မှုဖြင့် တိုက်ခိုက်ရဲခြင်း ဖြစ်လေသည်။ (ဆိုလိုတာက ကျင့်ကြံခြင်း အဆင့်မြင့်သူများသည် ကျင့်ကြံခြင်း အဆင့်နိမ့်သူများအပေါ် အော်ရာအရှိန်အဝါဖြင့် အလိုအလျောက် ဖိနှိမ်ထားနိုင်စွမ်းရှိလေသည်။)
ဆူဇီမိုသည် မော်တယ်တစ်ယောက်သာ ဖြစ်သည်ကို နားလည်ထားရပေမည်။
သို့သော်လည်း ရွှမ်ယီက ပကတိရွှေအူတိုင်အဆင့် တောင်ထွတ်သခင်တစ်ယောက် ဖြစ်၏။ မော်တယ်တစ်ယောက်အတွက်တော့ သူသည် မည်သို့မျှ ပြန်လှန်မဝံ့ရဲသော တည်ရှိမှုမျိုး ဖြစ်လေသည်။
ယခုအခါ ဆူဇီမိုကတော့ အင်မော်တယ်တစ်ယောက်ကိုပင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ခုတ်ပိုင်းရဲလေ၏။
“မင်း ဘာကြောင့် ငါ့ကို တိုက်ခိုက်ရတာလဲ” ရွှမ်ယီသည် ဆူဇီမိုကို ဝင်းလက်စွာ စိုက်ကြည့်၍ ယတိပြတ် မေးလိုက်၏။
ယခုအခါ ဆူဇီမိုက သူသည် ပုံရိပ်ယောင်ဝင်္ကပါထဲသို့ ကျရောက်သွားပြီး သူ ကြုံတွေ့ခဲ့ရသမျှသည် စိတ်အာရုံချောက်ချား၍ ပေါ်လာသော အာရုံများသာ ဖြစ်သည်ကို သိရှိလိုက်ရ၏။
သူသည် ခေါင်းငုံ့၍ ပြန်ဖြေလိုက်၏။
“သင်က ကျတော့်ကို တောင်ထွတ်ကနေ တွန်းချမယ့်လူလို့ အထင်မှားမြင်မိသွားတာပါ.. အဲ့ဒါကြောင့် ကျတော် တိုက်ခိုက်လိုက်မိတာပါ”
တောင်ထွတ်သခင်ငါးယောက်သည် ဤသို့သော အဖြေမျိုးကို မျှော်လင့်ထားပြီး ဖြစ်၏။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ဤအဖြေက ပြဿနာ ရှိနေ၏။
ဤကဲ့သို့သော လူမျိုးက နာခံတတ်အောင် လုပ်ယူ၍ မရပေ။ လွန်စွာ ခေါင်းမာတတ်၏။ တစ်ဖက်လူက အင်မော်တယ်ဖြစ်စေ၊ ဘယ်လိုမျိုး တောင့်တင်းသည့် နောက်ခံအင်အား ရှိပါစေ၊ သူ့ကို သွားပြီး ရန်စမိပါက ခြွင်းချက်မရှိ အညှာတာမဲ့ သတ်ခံရပေမည်။
သူတို့အတွက်တော့ ဆူဇီမိုသည် နှစ်ဖက်သွားဓါးနှင့် တူ၏။ ပြတ်သား၏။ ထက်ရှ၏။ သူသည် တစ်ဖက်လူကို သတ်ဖြတ်နိုင်ရုံသာမက၊ သူ့ကိုယ်သူလည်း ထိခိုက်နစ်နာစေနိုင်၏။
ဤကဲ့သို့သောလူမျိုးကို ဂိုဏ်းထဲသို့ ဝင်ခွင့်ပေးခြင်းသည် ဂိုဏ်းအတွက်တော့ ကောင်းချီးရမှာလား၊ ကျိန်စာသင့်မှာလား ပြောဖို့ရာ ခက်လေသည်။ (ဆူဇီမိုသည် လွန်စွာ ထက်မြက်သည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် သူသည် ဂိုဏ်း၏ ဂုဏ်ဆောင်တစ်ယောက် ဖြစ်လာနိုင်သလို၊ သူ၏ သတ်ဖြတ်လိုစိတ် အားကြီးမှုကြောင့် နောက်ခံအင်အားတောင့်တင်းသည့် အဖွဲ့အစည်းများကို သွား၍ ရန်ရှာမိပါက ဂိုဏ်းတွင်းသို့ ပြဿနာဝင်ရောက်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။)
သို့သော်လည်း ဆူဇီမိုတွင် လွန်စွာ ရှားပါးသည် စိတ်ဓါတ်စွမ်းအားများရှိပြီး သူသည် အဟန့်အတားရှစ်ခု အစီအရင်၏ ကပ်ဘေးအားလုံးကိုပင် ဖြတ်ကျော်နိုင်ခဲ့လေသည်။ ဆန်းကြယ်တောင်ထွတ်အနေနဲ့ ဤကဲ့သို့သော ရှားပါးပါရမီရှင်တစ်ယောက်ကို လက်လွတ်ဖို့ကလည်း ခဲယဉ်းလှ၏။
ထို့အပြင် ဆူဇီမိုသည် ဂိုဏ်း၏ စမ်းသပ်ချက်များအားလုံးကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီးပေပြီ။
အကြည့်ချင်း ဖလှယ်ကြပြီးနောက် တောင်ထွတ်သခင်ငါးယောက်သည် ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေကြ၏။
ပုံမှန်အားဖြင့် ဤကဲ့သို့သော ပါရမီရှင်မျိုးကို စိတ်ဝိညာဉ်တောင်ထွတ်သခင် ဝမ်ရွှမ်းက ပထမဆုံး ရွေးချယ်နိုင်သည့် အခွင့် ရှိလေသည်။ ယခုအခါ သူသည် နှုတ်ဆိတ်နေလေ၏။
တိတ်တဆိတ် စဉ်းစားချင့်ချိန်နေပြီးနောက် ဝမ်ရွှမ်းသည် သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး ဆူဇီမိုကို ကမ်းပေးလိုက်လေ၏။
“မင်းရဲ့ စိတ်ဝိညာဉ်ရင်းမြစ်ကို နောက်တစ်ခေါက် ပြန်စမ်းပြပါလား”
ဆူဇီမိုသည် စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ယူလိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
၎င်းသည် ကြက်သွေးနီရောင်သို့ ပြောင်းသွားပြီးနောက် အပူလှိုင်းကတစ်ခုက ထွက်ပေါ်လာ၏။
တောင်ထွတ်သခင် ငါးယောက်သည် သဘောတူလက်ခံစွာ ခေါင်းညိတ်လိုက်ကြ၏။
မီးဒြပ်စင်.. ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်.. မှန်ကန်လေသည်။
သူတို့အတွေး မဆုံးသေးခင်မှာပင် စိတ်ဝိညာဉ်ကျောက်တုံးက ပြာကျသွားပြီး ဆူဇီမို၏ လက်ချောင်းများကြားမှ လျှောကျလာလေ၏။
လူတိုင်း မှင်တက်သွားကြ၏။
ဘာလဲဟ!
ဝဝဖိုင့်ဖိုင့်ကလေးငယ်က ဆူဇီမိုကို စိတ်အားထက်သန်တက်ကြွစွာဖြင့် လက်ညိုးထိုးလိုက်ပြီး
“တောင်ထွတ်သခင်.. အဲ့မှာ ကြည့် ကြည့်.. ကျတော်မလိမ်ပါဘူးဆို” ဟု အလောတကြီး ဝင်ပြောလိုက်လေ၏။
တောင်ထွတ်သခင် ငါးယောက်သည် ပကတိရွှေအူတိုင်အဆင့်များ ဖြစ်ကြသော်လည်း စမ်းသပ်ချက်တစ်ခုမျှနှင့် စိတ်ဝိညာဉ်ကျောက်တုံးက ပြာကျသွားသည်ကို သူတို့တစ်သက် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
ထူးတော့ ထူး၏။
ရုတ်တရတ်ဆိုသလို.. လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အသံတစ်ခုက သူတို့ငါးယောက်၏ မနောအာရုံထဲတွင် ထွက်ပေါ်လာလေ၏။
“ဒီကလေးက သတ်ဖြတ်လိုစိတ်အားကြီးပြီး မထီမဲ့မြင်စိတ်မျိုး ရှိတယ်.. သူ့ရဲ့စိတ်ဝိညာဉ်ရင်းမြစ်က မီးဒြပ်စင်ဆိုမှတော့ သူ့ကို နတ်ပန်းပဲတောင်ထွတ်ကို ပို့လိုက်.. အဲ့ဒီမှာ လက်နက်သွန်းလုပ်ခြင်း နတ်ပန်းပဲပညာရပ်ကို သင်ယူပါစေ.. သူ့ရဲ့စိတ်ရိုင်းတွေကို လျှော့ချဖို့အတွက်ကတော့ နောက်မှ ငါတို့ တစ်မျိုးတစ်မည် ကြံစည်ကြတာပေါ့”
ထိုအသံပိုင်ရှင်က ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းချုပ်ဖြစ်လေသည်။ တောင်ထွတ်သခင် ငါးယောက်ကလွဲ၍ မည်သူမျှ ထိုအသံကို ကြားရခြင်း မရှိပေ။
နတ်ပန်းပဲတောင်ထွတ်၏ တောင်ထွတ်သခင်မှာ ဖိုသီဖတ်သီ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဖြစ်လေသည်။
သူသည် ဆူဇီမိုကို တစ်ချက်ရယ်ပြလိုက်ပြီး “လာလာ ကောင်လေး.. ငါနဲ့ နတ်ပန်းပဲတောင်ထွတ်ကို လိုက်ခဲ့ချေ.. အခုကစပြီး မင်းက ဆန်းကြယ်တောင်ထွတ်ရဲ့ အစမ်းတပည့် တစ်ယောက် ဖြစ်သွားပြီ.. မင်းက ငါ့လက်အောက်မှာ တာဝန်ထမ်းရလိမ့်မယ်”
“နားလည်ပါပြီခင်ဗျာ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
မောက်မာဟန်ရသောလူ၊ ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးနှင့် ဖက်တီးလေးတို့ကိုတော့ ထုံးစံအတိုင်း စိတ်ဝိညာဉ်တောင်ထွတ်က ခေါ်ယူမည်ဖြစ်သည်။ ကျန်ရှိသော မော်တယ်သုံးယောက်ကိုတော့ နတ်ဆေးတောင်ထွတ်၊ အစီအရင်အခင်းအကျင်းတောင်ထွတ်နှင့် အဆောင်လက်ဖွဲ့တောင်ထွတ်တို့ အသီးသီးက ခေါ်ယူကြမည်ဖြစ်လေ၏။
ဖိုသီဖတ်သီနှင့်အဖိုးအိုသည် သူ၏ ညစ်ထေပေကျံနေသောဝတ်ရုံကို ဝေ့ယမ်း၍ ဆူဇီမိုကို ခေါ်ဆောင်ပြီး တောင်ထွတ်ကနေ ထွက်ခွာသွားလေ၏။
သိပ်မကြာမီ ဆူဇီမိုသည် နတ်ပန်းပဲတောင်ထွတ်သို့ ရောက်လာပြီး ဖိုသီဖတ်သီနှင့် အဖိုးအိုက မှတ်ချက်ပြု ပြောကြားလိုက်၏။
“အခုချိန်ကစပြီး ငါက မင်းရဲ့ ဆရာပဲ.. ငါတို့ နတ်ပန်းပဲတောင်ထွတ်မှာက စည်းမျဉ်းစည်းကမ်းတွေ အများကြီး မရှိဘူး.. မင်း ငါ့ကို ဒီအတိုင်း လူအိုကြီး လို့ပဲခေါ် ရတယ်”
“ရွှယ်ယိ.. ဟုတ်တယ် မင်းကို ခေါ်တာ ဒီကို လာဦး”
ဖိုသီဖတ်သီနှင့် အဖိုးအိုက အနားမှာ ဖြတ်သွားသော တပည့်တစ်ယောက်ကို လက်ယပ်၍ လှမ်းခေါ်လိုက်၏။
ရွှယ်ယိဟု ခေါ်သောလူက ပိန်ပိန်ပါးပါးနှင့် သိပ်သန်မာသည့်ပုံ မပေါက်ပေ။ သူသည် ပြေးချလာပြီး ဖိုသီဖတ်သီနှင့်အဖိုးအိုကို ခေါင်းညိတ်ပြ၍ ရိုသေစွာ နှုတ်ဆက်လိုက်လေ၏။
“ဟုတ်ကဲ့ပါ.. ဆရာ”
“သူကတော့ ဆူဇီမိုတဲ့ အခုမှ ဂိုဏ်းကို ဝင်လာတာ.. မင်းရဲ့ ဂျူနီယာညီလေးပေါ့.. သူ့ကို ခေါ်သွားချေ.. ဂိုဏ်းတံဆိပ်ပြားနဲ့ လိုအပ်တာတွေ စီစဉ်ပေးလိုက်.. ပြီးရင် သူနေဖို့ လိုဏ်ဂူတိုက်ခန်းတစ်ခုလည်း ရွေးပေးလိုက်ဦး”
ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးနောက် ဖိုသီဖတ်သီနှင့် အဖိုးအိုသည် သူ့ဝတ်ရုံကို လှုပ်ခါ၍ ထွက်ခွာသွားလေ၏။
“ကျုပ်ကတော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ စီနီယာအစ်ကိုရေ” ဆူဇီမိုသည် လက်သီးဆုပ် အရိုအသေပေး နှုတ်ဆက်လိုက်၏။
ရွှယ်ယိက ပြုံး၍ လက်ကာပြလိုက်၏။
“အေးဆေးပေါ့.. တစ်ခမ်းတစ်နားတွေ လုပ်နေစရာ မလိုပါဘူးကွာ”
သူသည် ဆူဇီမိုကို ခမ်းနားထည်ဝါသော အဆောက်အဦတစ်ခုရှေ့သို့ ခေါ်သွားပြီး ရှင်းပြပေးလိုက်၏။
“ဒါကတော့ ငါတို့ နတ်ပန်းပဲတောင်ထွတ်ရဲ့ စိတ်ဝိညာဉ်လက်နက်တိုက်ပဲ.. တောင်ထွတ်ငါးခုရဲ့ အစမ်းတပည့်တွေက စိတ်ဝိညာဉ်လက်နက်တွေ လိုတဲ့အခါ ဒီကိုလာပြီးတော့ သူတို့ရဲ့ တာဝန်ကျေပွန် အမှတ်တွေနဲ့ လဲလှယ်ယူရတယ်.. ဒါ့အပြင် စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ နတ်ဆေးလုံးတွေ နဲ့ ကျင့်ကြံရေးဆိုင်ရာ ကျမ်းစာအုပ်တွေ လိုချင်ရင်လဲ တာဝန်ကျေပွန်အမှတ်နဲ့ လဲလှယ်ယူလို့ရတယ်”
“တာဝန်ကျေပွန်အမှတ်တွေ ရအောင်ရော ဘာတွေလုပ်ရလဲ” ဆူဇီမိုက မေးလိုက်၏။
“တောင်ထွတ်ငါးခုအတွင်းမှာ မစ်ရှင်တွေ ရေးသားဖော်ပြထားတဲ့ မစ်ရှင်ကျောက်တိုင်တစ်ခု ရှိတယ်.. မစ်ရှင်တစ်ခု ပြီးဆုံးသွားရင်ပဲဖြစ်ဖြစ်.. မစ်ရှင်အသစ်တွေ ပေါ်လာရင်ပဲဖြစ်ဖြစ် ကျောက်တိုင်ပေါ်မှာ အဲ့ဒါကို အသစ်မွမ်းမံပြင်ဆင်ပေးလိမ့်မယ်.. လုပ်ဆောင်ရမယ် မစ်ရှင်က ခက်ခဲလေလေ ရရှိမယ့် တာဝန်ကျေပွန်အမှတ်ကလဲ ပိုများလေပဲ”
ရွှယ်ယိက ဆူဇီမိုကို စိတ်ဝိညာဉ်လက်နက်တိုက်ထဲသို့ ခေါ်သွားပြီး အစောင့်အကြီးအကဲကို နှုတ်ဆက်လိုက်၏။
“စီနီယာ.. သူကတော့ နတ်ပန်းပဲတောင်ထွတ်ရဲ့ တပည့်အသစ်ပါ.. သူက ဒီကို ဂိုဏ်းတံဆိပ်ပြားလက်ခံယူဖို့ ရောက်လာတာပါ”
“အို့.. နာမည်ပြော”
အစောင့်အကြီးအကဲက သူ၏ အိပ်ချင်နေသေးသောမျက်လုံးများကို ဖွင့်လိုက်ပြီး ပျင်းရိလေးတွဲစွာ ပြောလိုက်၏။
“ဆူဇီမို”
အစောင့်အကြီးအကဲသည် သူ့သိုလှောင်အိတ်ထဲကနေ ရှည်မျောမျော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်း၏ မျက်နှာပြင်တစ်ဖက်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ရေးဆွဲထားပြီး အခြားတစ်ကတော့ ချောမွေ့ကာ ဗြောင်ဖြစ်နေလေသည်။
အစောင့်အကြီးအကဲက စိတ်ဝိညာဉ်ချီစီးကြောင်းတစ်ခုကို ထုတ်ဖောက်လိုက်ပြီး သူ၏ ထက်ရှသော လက်သည်များဖြင့် ဗြောင်ဖြစ်နေသော မျက်နှာပြင်ပေါ်တွင် ကောက်ကောက်ကွေးကွေး လက်ရေးဆက်တစ်ခုကို ရေးခြစ်လိုက်လေ၏။ ၎င်းမှာ “ဆူဇီမို”။
တံဆိပ်ပြားကို မြှောက်တင်လိုက်ပြီး အစောင့်အကြီးအကဲက ပြန်အိပ်သွား၏။
ဆူဇီမိုသည် တံဆိပ်ပြားကို ဖမ်းယူ၍ သေချာ စစ်ဆေးကြည့်လိုက်၏။ ထူးခြားမှုတစ်စုံတစ်ရာကို သူ မတွေ့ရပေ။
ရွှယ်ယိက ပြုံးလိုက်၏။
“ဂျူနီယာညီငယ်.. ဒီဂိုဏ်းတံဆိပ်ပြားလေးကို အထင်မသေးလိုက်လေနဲ့.. အဲ့ဒါကို ကိုင်ထားမယ်ဆိုရင် ဂိုဏ်းတွင်း ဂိုဏ်းပြင် မင်းက လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်.. အပြင်ဘက်က မြူခိုးလွှာကို မင်းအပေါ်မှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်တော့ဘူး”
ဆူဇီမိုသည် ခေါင်းညိတ်လိုက်ပြီး ၎င်းကို အသေအချာ သိမ်းလိုက်၏။
ရုတ်တရတ် ရွှယ်ယိက တစ်စုံတစ်ရာကို သတိရသွားသလို သူခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်၏။ ထို့နောက် သူသည် အစောင့်အကြီးအကဲဘက်သို့ လှည့်၍ ပြုံးလိုက်၏။
“စီနီယာ.. သင် တစ်ခုခု မေ့နေသေးတယ် မဟုတ်လား”
သူ့မျက်လုံးများကို မဖွင့်ဘဲ အစောင့်အကြီးအကဲက သိုလှောင်အိတ်တစ်ခုကို လှမ်းပစ်ပေးလိုက်၏။
ရွှယ်ယိက ၎င်းကို လှမ်းဖမ်းလိုက်ပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။
“ဂျူနီယာညီငယ်.. အဲ့ထဲမှာ စိတ်ဝိညာဉ်အကဲဖြတ်ကျမ်းစာစောင်ရယ် ချီစုဖွဲ့ခြင်းကျမ်းစာစောင်ရယ် ပါတယ်.. ပြီးတော့ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးရောပဲ.. ကောင်းကောင်းသိမ်းထားပါ”
ဆူဇီမိုသည် ချီမစုဖွဲ့နိုင်သေးဘူးဆိုတာ ရွှယ်ယိသိ၏။ ထို့ကြောင့် သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး ကျမ်းစာစောင်နှစ်စောင်ထုတ်ယူ၍ ဆူဇီမိုလက်ထဲသို့ ထည့်ပေးလိုက်၏။
သူသည် ဓါးပျံတစ်ချောင်းကို ဆင့်ခေါ်လိုက်ပြီး ဆူဇီမိုကိုပါ တင်ခေါ်သွားလိုက်၏။ တောင်ခါးပန်းတစ်ခုသို့ ရောက်လာပြီးနောက် သူသည် အတန်းလိုက်ရှိနေသော လိုဏ်ဂူတိုက်ခန်းများကို ညွှန်ပြလိုက်၏။
“နတ်ပန်းပဲတောင်ထွတ်မှာက တပည့်တွေ အများကြီး မရှိဘူး.. အဲ့ဒါမို့ လိုဏ်ဂူတိုက်ခန်းတွေ အတော်များများက အလွတ်တွေချည်းပဲ.. မင်း ကြိုက်တာတစ်ခုသာ ကောက်ရွေးလိုက် ဂျူနီယာညီငယ်”
လိုဏ်ဂူတိုက်ခန်းများသည် ကျောက်နံရံများကို ထွင်းထုတ်၍ အိမ်ပုံသဏ္ဍာန် ပြုလုပ်ထားခြင်း ဖြစ်၏။
ဆူဇီမိုသည် သူက မဟာအရိုင်းကမ္ဘာက အန္တိမနတ်ဆိုးကျင့်စဉ်ကိုလည်း လေ့ကျင့်ရမည်ကို အမှတ်ရသောကြောင့် လူသူ သတိမထားမိစေရန် ချောင်ကျသော အစွန်ရှိ နေရာတစ်ခုကို ရွေးချယ်လိုက်၏။