← Chapters

ထျန်ဟွမ် ပြည်မကြီး(ထျန်ဟွမ်ကမ္ဘာ)

Vol. 5 Ch. 73

ထျန်ဟွမ် ပြည်မကြီး(ထျန်ဟွမ်ကမ္ဘာ)

Vol. 5 Ch. 73

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၃ -ထျန်ဟွမ် ပြည်မကြီး(ထျန်ဟွမ်ကမ္ဘာ)

ဘာသာပြန်သူ - သန်းတိုးအောင်

ဆူဇီမိုသည် သွားနေရင်း ထူးဆန်းသော ပုံစံနှင့် ရပ်တန့်သွားသည်ကို ရွှယ်ယိမြင်သောအခါ ခပ်တိုးတိုး မေးလိုက်၏။

“ဘာလို့လဲ.. ဂျူနီယာညီလေး.. ဘယ်လိုကြောင့် အဲ့လောက်ထိ လန့်တဲ့ပုံ ပေါ်နေရတာလဲ”

ဆူဇီမိုက ပြန်မဖြေချေ။

ရွှယ်ယိသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး အတွေးတစ်ခု ဝင်လာကာ ဆူဇီမိုကို လက်ညိုးထိုး၍ အထစ်ထစ် အငေါ့ငေ့ါဖြင့် ပြောလိုက်လေ၏။

“မင်း..မင်း.. မင်းက အဲ့တစ်ယောက်တော့ မဟုတ်ပါဘူးနော်.. စောစောကပြောတဲ့ ကံမကောင်းတဲ့တစ်ယောက်လေ”

ထိုအချိန်မှာပင် ဆူဇီမိုသည် အေးစက်မှုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာလေသည်။ ထိုအရာက ဘာနှင့်တူသလဲဆိုသော ပြိုင်ဘက်ကင်း သတ္တဝါတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသလိုပင်။

ဆူဇီမို၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ခြေဖျားလက်ဖျားများက အေးစက်လာကာ သူသည် ဘေးဘက်အပေါ်သို့ မဝံ့မရဲနှင့် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။

ဘယ်အချိန်ကတည်းကပင် မသိလိုက်ရဘဲ ဧရာမကြိုးကြာကြီးက မျက်လုံးဖွင့်၍ သူတို့နှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်နေလေ၏။

ကြိုးကြာကြီး၏ ရှေ့၌ ဆူဇီမိုသည် မနှိုင်းယှဉ်သာအောင် သေးငယ်သွားသည်ဟု ထင်မိလေသည်။ ထိုအရာမှာ အရွယ်အစားမှာသာ မနှိုင်းယှဉ်သာခြင်း မဟုတ်ဘဲ စွမ်းအားအရာမှာပါ ဖြစ်လေသည်။

ကြိုးကြာကြီးကသာ သူ့ကို သေစေချင်လျှင် မည်သည့်လှုပ်ရှားမှုမျှ ပြုလုပ်နေစရာမလိုပေ။ အတွေးတစ်ချက်နှင့်ပင် လုံလောက်ပေသည်။

ပတ်ဝန်းကျင်လေထုက ညင်းသိုးသိုး ဖြစ်လာပြီး သတ်ဖြတ်လိုစိတ်က ပျံ့လွင့်လာလေ၏။ ကောင်းကင်က ပြိုကျတော့မှာလားဟုပင် ထင်လာရ၏။

ရုတ်တရတ်ဆိုသလို..

ကြိုးကြာက သူ့တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ကောင်းကင်အထက်တက်ကာ သူတို့နှစ်ယောက်ဘေးကနေ ဆန်းကြယ်နန်းတော်ဆီသို့ ပျံသန်းသွားလေ၏။ သူ၏ ကြီးမားသည့် တောင်ပံကြီးများက ကောင်းကင်တစ်ခွင် အုပ်မိုးသွားပြီး လေများက တစ်ဟူးဟူးနှင့် သဲများက လုံးကနဲ ထလာလေ၏။

တစ်ခဏအတွင်းမှာပင် ကြိုးကြာက ဆန်းကြယ်နန်းတော်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုအသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပင် ရွှယ်ယိ၏ မျက်နှာသည် စက္ကူတစ်ရွက်လို ဖြူဆုတ်သွားပြီး ချွေးများဖြင့် ရွှဲသွားလေသည်။

သူသည် မနေနိုင်ဘဲ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

ဆူဇီမို၏ အမူအယာက သိပ်ပြောင်းလဲမှု မရှိပေ။ သူ့မျက်နှာသည် အနည်းငယ် ဖြူလျော့နေတာကလွဲလျှင် သူ့မျက်လုံးများက ကြောက်လန့်မှု မရှိပေ။

“ညီလေးဆူ.. မင်း မကြောက်ဘူးလား” ရွှယ်ယိက မနေနိုင်စွာ မေးလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“စီနီယာကြိုးကြာကသာ ကျုပ်တို့ကို သေစေချင်တယ်ဆိုရင် သူလုပ်ပြီးတာ ကြာရောပေါ့.. ဘာလို့ ဆန်းကြယ်နန်းတော်ဆီကို သွားပြီး စောင့်နေမှာလဲ”

“ဟုတ်သားပဲ အဲ့ဒါအမှန်ပဲ”  ရွှယ်ယိက လေးလေးပင်ပင် အသက်တစ်ချက် ရှူထုတ်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

ဆူဇီမိုက ရုတ်တရတ် မေးလိုက်၏။

“စီနီယာကြိုးကြာရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲဗျ”

“ငါလဲ မပြောတတ်ဘူးဟ.. သူ့ခလေးကတော့ ထူးခြားတဲ့ သွေးမျိုးဆက်ရှိပြီးတော့ အခုကတည်းက အစောပိုင်း-အခြေတည်အဆင့်နဲ့ ညီမျှတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေပြီ.. စဉ်းစားကြည့်ပေ့ါ.. သူက အခုမှ မွေးကာစ အရွယ်ပဲ ရှိသေးတာ.. ကျင့်ကြံမှုတောင် မစတင်ရသေးဘူး.. အနာဂတ်မှာ သူကြီးလာရင် ဘယ်လောက်တောင် သန်မာလာမလဲ စဉ်းစားလို့တောင် မရဘူး”  ရွှယ်ယိက တစ်ချိန်တည်းမှာပင် ဆူဇီမိုကို အနာဂတ်မှာ ကောင်းကောင်းဂရုစိုက်ဖို့ သတိပေးနေခြင်း ဖြစ်၏။

. . .

သိပ်မကြာမီမှာပင် မောက်မာသောလူ၊ ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီး၊ ဖက်တီးလေးနှင့် အားလုံး ဆန်းကြယ်တောင်ထွတ်သို့ ရောက်လာကြ၏။

ဖက်တီးလေးသည် ဆူဇီမိုကို တွေ့လိုက်သောအခါ သူ့မျက်လုံးများက အရောင်တောက်သွားပြီး ကပျာကယာနှင့် လျှောက်ချလာပြီး နှုတ်ဆက်လိုက်လေ၏။

“ဟာ ဘရို.. မိုက်သဗျာ.. ခင်ဗျားက ချီစုဖွဲ့ခြင်း အဆင့် ၁ တောင် ရောက်သွားပြီပဲ” ဖက်တီးလေးက ရယ်သွမ်းသွေးရင်း ပြောလိုက်၏။

မောက်မာသောလူနှင့် ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးတို့၏ အကြည့်သည်လည်း ဆူဇီမိုပေါ်သို့ မသိမသာ ကျရောက်လာ၏။ သူတို့အတွက်တော့ ဆယ်ရက်နှင့် ချီစုဖွဲ့ခြင်း အဆင့်၁ သို့ ရောက်လာသည်မှာ ပုံမှန်ပင်။

ဆူဇီမိုသည် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် စစ်‌ဆေးကြည့်လိုက်၏။

ဆယ်ရက်အတွင်း မောက်မာသောလူနှင့် ကိုယ်ကျပ်ဖြူဝတ်အမျိုးသမီးတို့သည် ချီစုဖွဲ့ခြင်း အဆင့် ၆ သို့ ရောက်ရှိလာပြီး ဖက်တီးလေးကတော့ အဆင့် ၅မှာပင် ရှိနေသေး၏။ အခြားသော အစမ်းတပည့်သုံးယောက်ကတော့ ယခုအချိန်ထိ ချီမစုဖွဲ့နိုင်သေးပေ။

“ပြောပါဦး .. မင်းနာမည်လဲ ငါ မသိရသေးပါလား” အခမ်းအနားပွဲက မစသေးသောကြောင့် ဆူဇီမိုသည် ဖက်တီးလေးနှင့် စကားစမြည်ပြောလိုက်၏။

ဖက်တီးလေးသည် ရှားရှားပါးပါး ရှက်ရွံ့ဟန် ဖြစ်သွားပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်၏။

“အင်း.. ကျုပ်မျိုးရိုးနာမည်က ဖန်း.. ကျုပ်နာမည်က ကျီ”

ခဏကြာ ရပ်တန့်သွားပြီးနောက် ဆူဇီမိုသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ ချီးမွမ်းလိုက်လေ၏။

“နာမည်နဲ့ လူက တစ်ကယ်ကို လိုက်ဖက်တာပဲ.. လုံးဝအပျံ့စားပဲ”

“ဟေ့ဟေ့”

ဖက်တီးလေးသည် မောက်မာသောလူကို ညွှန်ပြ၍ တိုးတိုးလေး ပြောလိုက်၏။

“အဲ့ဒီဇောင်ကြွားကြွားနဲ့တစ်ယောက်က ဖုန်ဟောက်ယွီတဲ့.. ဟိုရေခဲလိုအေးစက်နေတဲ့ အလှလေးကတော့ လမ့်ရိုတဲ့.. ဘရို အဲ့ကနေ ခင်ဗျား တစ်ခုခု သိလိုက်သလား”

“ဘာကိုသိရမှာလဲ”

“အဲ့ငနဲရဲ့ မျိုးရိုးနာမည်က ဖုန်လေ.. အဲ့ဒါကြောင့် သူက လေဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်နဲ့ မွေးလာတယ်.. ရေခဲအလှလေးရဲ့ မျိုးရိုးနာမည်ကတော့ လမ့်တဲ့ .. အဲ့ဒါကြောင့်ပဲ သူမက ရေခဲစိတ်ဝိညာဉ်ရင်းမြစ်နဲ့ မွေးလာတာပေါ့.. အဲ့ဒါကြောင့် ကျုပ် ဆုံးဖြတ်ချက်ချလိုက်တယ်.. တစ်ကယ်လို့ ကျုပ်သားလေးမွေးလာခဲ့ရင် ကျုပ်သားရဲ့ မျိုးရိုးနာမည်ကို ဖန် လို့ မပေးတော့ဘူး.. သူ့ကို လေ့.. ကွမ်း.. အန်.. အဲ့လိုမျိုး တစ်ခုခု ပေးရမယ်.. အဲ့ဒါဆို သူလဲပဲ ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်နဲ့ မွေးလာမှာပဲ.. အဲ့စိတ်ကူးက မိုက်တယ်မလား”

ဆူဇီမို “. . .”

သူတို့ စကားပြောနေစဉ်မှာပင် များစွာသော ကျင့်ကြံသူများက ဆန်းကြယ်နန်းတော်ရှေ့တွင် စုရုံးလာကြ၏။ သူတို့ထဲက အများစုမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ဆန်းကြယ်တောင်ထွတ်၏ အတွင်းစည်းတပည့်များ ဖြစ်ကြလေသည်။

အခုမှ ပျံသန်းလာကြသော ကျင့်ကြံသူများလည်း ရှိပြီး သေချာသည်မှာ သူတို့သည် ရွှေအူတိုင်အဆင့်များ ဖြစ်ကြလေသည်။

တောင်ထွတ်သခင်ငါးယောက်လည်း ရှိနေကြ၏။

သိပ်မကြာမီ ဆန်းကြယ်နန်းတော်ထဲမှ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး တောင်ထွတ်ငါးခုနှင့် တောင်ချိုင့်ကြားများတစ်ခွင် ပဲ့တင်ထပ် မြည်ဟည်းသွားလေသည်။

ခေါင်းလောင်းသံမြည်ဟည်းသွားပြီးနောက် ရွှေရောင်ဝတ်ရုံကို ခြုံထားသော အသက်ငါးဆယ်ကျော် အရွယ်လောက်ရှိမည့် အကြီးအကဲ လူကြီးတစ်ယောက်သည် ဆန်းကြယ်နန်းတော်ထဲကနေ ဖြည်းဖြည်းချင်း လှမ်းထွက်လာလေသည်။ ဝင်ပေါက်ရှေ့မှာ ရပ်လိုက်ပြီးနောက် သူသည် ဆူဇီမိုနှင့် အခြားတပည့်သစ်များကို ဝေ့ကြည့်လိုက်၏။

ဘာကြောင့်ရယ်မသိ၊ ရွှေရောင်ဝတ်ရုံနှင့် အကြီးအကဲလူကြီး၏ အကြည့်သည် သူ့အပေါ်တွင် အနည်းငယ် ကြန့်ကြာသွားသည်ဟု ဆူဇီမို ခံစားမိလိုက်၏။

“ငါကတော့ ဆန်းကြယ်တောင်ထွတ်ရဲ့ ဂိုဏ်းသခင် လင်းယွမ်ပဲ”

“ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာမှာရှိတဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. သို့သော်လည်းပဲ မင်းတို့အားလုံး နားလည်ထားဖို့ လိုတာက ငါတို့နေတဲ့နေရာက ထျန်ဟွမ်ပြည်မကြီးရဲ့ တစ်စိတ်တစ်ဒေသ တစ်နေရာသာပဲ.. ထျန်ဟွမ်ပြည်မကြီးမှာဆို နယ်မြေ‌ဒေသကြီးလေးခု.. သမုဒ္ဒရာကြီး သုံးစင်း.. နဲ့ တိုက်ကြီးတစ်တိုက် ပါဝင်တယ်.. မဟာကျိုးအင်ပါယာတစ်ခုလုံးကတောင် ထျန်ဟွမ်ပြည်မကြီးရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ပဒေသရာဇ်နိုင်ငံတစ်ခုပဲ.. အဲ့ဒီမှာ မဟာကျိုးအင်ပါယာနဲ့ အင်အားမတိမ်းမယိမ်းရှိတဲ့ နောက်ထပ် ပဒေသရာဇ်နိုင်ငံသုံးခု ထပ်ရှိသေးတယ်”

ဆူဇီမိုသည် တုန်လှုပ်အံ့သြ၍ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

မဟာကျိုးအင်ပါယာကိုတောင် သူသည် ပင်ယန်းမြို့ကနေ မနည်း မော့ကြည့်နေရ၏။

ဤအချိန်တွင် ဆူဇီမို နားလည်လိုက်တာက မဟာကျိုးအင်ပါယာနှင့် ဆန်းကြယ်တောင်ထွတ်တောင်မှ ထျန်ဟွမ်ပြည်မကြီးနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်သေးဘူး ဆိုတာကိုပင်။

သူသာ ပင်ယန်းမြို့မှာ ဆက်နေခဲ့လျှင် သူသည် ရေတွင်းထဲက ဖားတစ်ကောင်သာ ဖြစ်နေပေရော့မည်။

လက်ရှိ ဆူဇီမို၏ ခွန်အားအရဆိုလျှင် နယ်မြေကြီးလေးခု၊ သမုဒ္ဒရာကြီးသုံးစင်းနှင့် တိုက်ကြီးတစ်တိုက်ကို အသာထား.. သူသည် မဟာကျိုးအင်ပါယာအတွင်းမှာပင် စိတ်လိုလက်ရ သွားလာနိုင်ခြင်း မရှိသေးပေ။

ဆူဇီမိုနှင့် အခြားသူများ၏ မျက်လုံးထဲမှ တုန်လှုပ်မှုများကို ကြည့်ပြီးနောက် ဂိုဏ်းသခင် လင်းယွမ်က ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။

“မင်းတို့ခုနှစ်ယောက်ထဲမှာ တစ်ချို့ကတော့ ချီစုဖွဲ့ခြင်း အဆင့်၆ ကို ရောက်လာကြပြီ.. တစ်ချို့တော့ ချီတောင် မစုဖွဲ့နိုင်သေးဘူး.. ကျင့်ကြံခြင်း အဆင့်တက်နှေးတဲ့သူတွေကလဲ ဘာမှ စိတ်ပျက်အားငယ်စရာ မလိုဘူး.. ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး ရှုပ်ထွေးခက်ခဲတယ်.. မင်းတို့အားလုံးက အခုမှ လမ်းကြောင်းရဲ့ အစမှာပဲ ရှိကြသေးတာ.. အစနှေးတယ်ဆိုတာက အမြဲတမ်း အဲ့လိုပဲ နှေးနေမယ်လို့ မဆိုလိုဘူး”

“ချီစုဖွဲ့ခြင်းအဆင့်ပြီးရင် အခြေတည်အဆင့်ဆိုတာက လာတယ်.. အဲ့ဒါပြီးရင်တော့ ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ စတင်ခြင်း မှတ်တိုင်တစ်ခုဖြစ်တဲ့ အူတိုင် ဖွဲ့တည်ခြင်းဆိုတာ လာတယ်”

“မင်းတို့ရဲ့ အူတိုင်ကို ဖွဲ့တည်နိုင်ပြီဆိုတာနဲ့ မင်းတို့ရဲ့ ဘဝသက်တမ်းကလဲ နှစ်ငါးရာထိ တိုးသွားလိမ့်မယ်.. အဲ့ဒီအချိန်မှာ မင်းတို့ဟာ မော်တယ်ဘဝကို စွန့်ခွာပြီး ပကတိသက်ရှိလို့ ခေါ်တွင်လို့ ရပြီ.. အဲဒါပြီးရင်တော့ နိုးထဝိညာဉ်အဆင့်ပဲ.. အဲ့ဒီမှာဆိုရင် ဘဝသက်တမ်းက နှစ်တစ်ထောင်ထိ ဖြစ်လာပြီး မင်းတို့ကိုယ်မင်းတို့ ပကတိအရှင်လို့ ခေါ်တွင်လို့ရပြီ.. အဲ့အချိန်မှာ မင်းတို့ရဲ့ အသိဉာဏ်ပင်လယ်က ပွင့်သွားပြီး မနောသိစိတ်တစ်ခုကို လေ့ကျင့်မွေးမြူနိုင်လာလိမ့်မယ်.. အဲ့ဒါနဲ့ဆိုရင် မင်းတို့က မျက်လုံးမှိတ်ထားရင်တောင် မင်းတို့ရဲ ပတ်ဝန်းကျင်တစ်ခွင်ကို မနောအသိစိတ်နဲ့ ဖြန့်ကျက်ပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာ မျက်လုံးဖွင့်မကြည့်ဘဲနဲ့ကို သိနိုင်လာလိမ့်မယ်”

“နိုးထဝိညာဉ်အဆင့်ကို ကျော်လွန်လာပြီဆိုရင်တော့ မူလနတ္ထိအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး အဲ့ဒီအဆင့်မှာဆိုရင် တာအိုနုလုံးသားတစ်ခုကို တည်ဆောက်ရလိမ့်မယ်.. ပြီးတော့ နိုးထဝိညာဉ်က အညစ်အကြေးတွေကို သန့်စင်ဖယ်ထုတ်ပြီးတော့ နတ္ထိနယ်မြေတစ်ခုအဖြစ် ‌ပြောင်းလဲသန့်စင်ပစ်ရမယ်.. အဲ့ဒီအခါ မင်းတို့ရဲ့ မနောအသိစိတ်က ပဓာနဝိညာဉ်အဖြစ်‌ ဆင့်ကဲပြောင်းလဲသွားပြီး‌တော့ အဲ့ဒီပဓာနဝိညာဉ်က မင်းတို့ရဲ့ ခန္ဓာကိုယ် အချုပ်အနှောင်ကနေ လွတ်မြောက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင် အကြောက်အလန့်မရှိ သွားလာနိုင်လာလိမ့်မယ်.. အဲ့ဒါက လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့ အသိစိတ် ဝိညာဉ်တစ်ခုဆိုတာထက် မင်းတို့ရဲ့ အသက်ပိုတစ်ခုလို့ပါ ပြောနိုင်တယ်.. ဘာလို့လဲဆိုတော့ အဲ့ဒီ ပဓာနဝိညာဉ်နဲ့ အခြားခန္ဓာကိုယ်တစ်ခုကို ဝင်ရောက်ပူးကပ်ပြီးတော့ နောက်ထပ် ရုပ်ဘဝတစ်ခုအဖြစ် ကျင့်ကြံနိုင်လို့ပဲ.. မူလနတ္ထိအဆင့်မှာဆို မင်းတို့ရဲ့ ဘဝသက်တမ်းကလဲ နှစ် ၅၀၀၀ ဖြစ်လာပြီးတော့ .. မင်းတို့ကို တာအိုသက်ရှိ လို့ ခေါ်ဆိုသမုတ်နိုင်တယ်”

ဤသည်ကို ကြားရပြီး ဆူဇီမိုသည် အံ့သြတုန်လှုပ်သွား၏။

မဟာအရိုင်းကမ္ဘာက အန္တိမနတ်ဆိုးသားရဲ ကျင့်ကြံခြင်း နည်းစနစ်တွင် အပိုင်း ကိုးပိုင်း ပါဝင်၏။ ခုနှစ်ခုမြောက် အပိုင်းမှာ အူတိုင် ဖွဲ့တည်ခြင်း ဖြစ်၏။ ရှစ်ခုမြောက်အပိုင်းမှာ ယင်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး ကိုးခုမြောက်မှာ ယန်စိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

ယင်စိတ်ဝိညာဉ်အပိုင်းတွင်း ဖော်ပြထားသည်မှာ_ လူတစ်ယောက်သည် ဟင်းလင်းပြင်နယ်မြေကို ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်တစ်ခုကို မွေးမြူနိုင်လာလိမ့်မည်ဟူ၍ပင်။ ထိုဟင်းလင်းပြင်နယ်မြေဆိုသည်မှာ ဂိုဏ်းချုပ်လင်းယွမ်ပြောသော အသိဉာဏ်ပင်လယ်ဆိုတာနှင့် အတူတူပင် ဖြစ်နေမလား။

ဒါဆိုရင် ယင်စိတ်ဝိညာဉ်ဆိုတာက အင်မော်တယ်တွေခေါ်တဲ့ နိုးထဝိညာဉ်အဆင့်နဲ့ အတူတူပဲပေါ့။

ယန်စိတ်ဝိညာဉ်အပိုင်းမှာတော့_ လူတစ်ယောက်သည် ယင်စိတ်ဝိညာဉ်မှာရှိသော အညစ်အကြေးအားလုံးကို ဖယ်ထုတ်နိုင်လျှင် သန့်စင်သောယန်စိတ်ဝိညာဉ်တစ်ခုကို ရရှိလာမည် ဖြစ်ပေသည်။ နောက်ပိုင်းအဆင့်တွင် လူတစ်ယောက်သည် ကောင်းကင်နှင့်ကမ္ဘာမြေ၏ စွမ်းအားများနှင့် ချိတ်ဆက်နိုင်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေ၏ ဓမ္မပုံစံတစ်ခုကို ဖန်တီးယူနိုင်ပေလိမ့်မည်။

ဒါဆိုရင် ယန်စိတ်ဝိညာဉ်ဆိုတာက အင်မော်တယ်တွေခေါ်တဲ့ ပဓာန စိတ်ဝိညာဉ်ဆိုတာနှင့် အတူတူပင် ဖြစ်ချေတော့မည်။

ခေါင်းကိုငုံ့၍ ဆူဇီမိုသည် သူ့မျက်လုံးထဲက စိတ်လှုပ်ရှားမှုများကို ဖုံးဖိလိုက်၏။

သူသာ သားရဲလမ်းစဉ်နှင့် အင်မော်တယ်လမ်းစဉ် နှစ်ခုစလုံးကို လျှောက်လှမ်းမည်ဆိုလျှင် သူသည် အနာဂတ်တွင် အူတိုင်နှစ်ခု .. နှင့် ပဓာန စိတ်ဝိညာဉ်နှစ်ခုကို ရရှိလာနိုင်ပေသည်။

All Chapters