လျှို့ဝှက်ဆန်းကြယ်သော စောင့်ရှောက်သူ သားရဲ
Vol. 5 Ch. 72
ထာဝရ မြင့်မြတ်သေ အရှင်သခင်
အခန်း ၇၂ - လျှို့ဝှက်ဆန်းကြယ်သော စောင့်ရှောက်သူ သားရဲ
ဘာသာပြန်သူ - သန်းတိုးအောင်
“ဂျူနီယာညီလေးဆူ .. ငါ ရွှယ်ယိပါ .. မင်းအထဲမှာ ရှိလားဝေ့”
ရုတ်တရတ်ဆိုသလို လိုဏ်ဂူတိုက်ခန်းအပြင်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာခဲ့၏။ သူက စီနီယာအစ်ကိုရွှယ်ယိပင်.. ဆူဇီမိုကို ဤနေရာသို့ စခေါ်လာသူဖြစ်၏။
ဆူဇီမိုသည် တံခါးကို ခပ်မြန်မြန်သွားဖွင့်ပေးလိုက်၏။
သူတို့ ယခုတစ်ဖန် ပြန်တွေ့ကြသောအခါ ဆူဇီမိုသည် မသိမသာဖြင့် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းကို အသက်သွင်းလိုက်၏။ ရွှယ်ယိသည် အဆင့်၉ ချီစုဖွဲ့အဆင့် ဖြစ်သည်ကို တွေ့လိုက်ရ၏။
“အာ”
ရွှယ်ယိသည် မယုံကြည်နိုင်စွာ တုန်လှုပ်သွားပြီး မေးလိုက်၏။
“ဂျူနီယာညီလေးဆူ.. မင်းက ချီစုဖွဲ့ခြင်း အဆင့် ၁ ကိုတောင် ရောက်သွားပြီလား”
ရွှယ်ယိက ဘာကို ဆိုလိုတာလဲဆိုတာ ဆူဇီမို စဉ်းစားလို့မရသေးပေ။ သူသည် စကားမှားသွားမည်ကို စိုးသောကြောင့် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်လေသည်။
“ဝိုး.. မိုက်တယ်ကွာ.. မယုံကြည်နိုင်စရာပဲ” ရွှယ်ယိက အံ့သြတုန်လှုပ် ဝမ်းသာသွား၏။
ဆူဇီမိုသည် တစ်ခဏမျှ တောင့်ခဲသွား၏။
လူတစ်ယောက်သည် ဆယ်ရက်အကြာမှာ ချီစုဖွဲ့ခြင်း အဆင့်၁ သို့ ရောက်ရှိခြင်းသည် မယုံနိုင်စရာတဲ့လား။
သူသည် စိတ်ဝိညာဉ်ချီများကို သူ့ခန္ဓာ မီးဆေးခြင်းအတွက် အသုံးမပြုခဲ့လျှင် သူသည် ယခုလောက်ဆို ချီစုဖွဲ့ခြင်း အဆင့်၅ သို့ ရောက်ရှိနေလောက်ပေပြီ။
ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဆူဇီမိုက မေးလိုက်၏။
“စီနီယာအစ်ကို.. လူတစ်ယောက်က ပုံမှန်ဆို ချီစုဖွဲ့ခြင်း အဆင့်၁ ကို ရောက်ဖို့ အချိန်ဘယ်လောက်လိုလဲဗျ”
“အဲ့ဒါကတော့ သူတို့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ် အဆင့်အတန်းပေါ်မှာလဲ မူတည်တယ်ကွ.. ဥပမာကွာ.. ငါ့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က မြေကမ္ဘာအဆင့်.. ငါ့တုန်းက ချီစုဖွဲ့ခြင်း အဆင့်၁ ကို ရောက်ဖို့ တစ်လလုံးလုံး အချိန်ယူခဲ့ရတယ်.. အဲ့ဒီမှာ အဆင့် သုံးဆင့် ရှိတာကို မင်းသိတယ်မလား.. စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်ရမယ်.. စုပ်ယူနိုင်ရမယ်.. အတော်များများကတော့ အဲ့ဒီ အာရုံခံတာနဲ့ စုပ်ယူတဲ့ အဆင့်မှာတင် တန့်နေကြတာများတယ်ကွ.. အဲ့ဒါကို ဖမ်းဆုပ်နိုင်ဖို့အတွက် အကြိမ်ကြိမ် စမ်းသပ်ဖို့၊ ဆင်ခြင်သုံးသပ်ဖို့၊ လေ့ကျင့်ယူဖို့ လိုတယ်ကွ” ရွှယ်ယိက ရှင်းပြလိုက်၏။
ဆူဇီမို၏ အပြင်ပန်း အမူအယာက သိပ်မထူးခြားသော်လည်း သူ့စိတ်မှာတော့ ပို၍ပင် သိချင်စိတ် ပြင်းပြသွား၏။
စိတ်ဝိညာဉ်ချီကို အာရုံခံခြင်းနဲ့ စုပ်ယူခြင်းက ရွှယ်ယိရှင်းပြသလောက်လဲ မခက်ပါဘူးလေ။ အနည်းဆုံး သူ့အတွက်ပေါ့။
ဒါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရင်းမြစ်ရဲ့ အားသာချက်များ ဖြစ်နေမလား။
ထိုသို့ တွေးမိပြီးနောက် ဆူဇီမိုသည် ပြုံးလိုက်၏။
“အဲ့ဒါက ကျုပ်မှာ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ရှိလို့ ထင်ပါရဲ့.. အဲ့ဒါကြောင့် ကျုပ်ကျင့်ကြံမှုက နည်းနည်းမြန်နေတာ ထင်တယ်”
“အဲ့လိုပဲ နေမှာပေါ့”
ရုတ်တရတ် နားလည်သဘောပေါက်သွားလို ရွှယ်ယိက ခေါင်းညိတ်လိုက်၏။
“အဲ့ဒီမှာ ချီစုဖွဲ့ခြင်းကို အလွယ်တကူ ရရှိသွားခဲ့ကြတဲ့ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေ ရှိတယ်တဲ့.. ငါကြားဖူးတာတော့ တစ်ချို့ ထိတ်ထိတ်ကြဲပါရမီရှင်တွေဆိုရင် ချီစုဖွဲ့ခြင်းအဆင့်၁ကို ရောက်ဖို့အတွက် တစ်ရက်ပဲ အချိန်ယူရတယ်တဲ့.. ဒါပေမယ့် ဘာမှ အားငယ်စရာ မရှိဘူး ငါ့ညီ.. ဆယ်ရက်နဲ့ အဆင့်၁ ကို ရောက်တယ်ဆိုတာကလဲ တော်တော်ကို မြန်နေပါပြီ”
ဆူဇီမိုသည် ပြုံး၍ ခေါင်းညိတ်လိုက်၏။
တစ်ကယ်တမ်း ပြောရလျှင် သူသည် ချီစုဖွဲ့ခြင်း အဆင့်၁ ကို ရောက်ရှိဖို့အတွက် နှစ်နာရီအောက်သာ အချိန်ယူခဲ့ရပေသည်။
ရွှယ်ယိပြောပုံအရဆို မြန်ပါတယ်ဆိုတဲ့ ပါရမီရှင်တွေတောင် တစ်ရက် အချိန်ယူရသည်ဆိုပဲ။
ဘယ်လိုကြောင့် အဲ့လို ဖြစ်ရတာလဲ။
သူ့စိတ်ထဲသို့ အတွေးများက ဝင်လာခဲ့၏။ စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးက ပြိုကျသွားခဲ့၏။ စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးက ပြာကျသွားခဲ့၏။ ပြီးတော့ သူ၏ လက်ရှိ ကြောက်ခမန်းလိလိ ကျင့်ကြံမှု အမြန်နှုန်းနှင့် အခြားသော ထူးဆန်းသည် ဖြစ်ရပ်များလည်း ရှိခဲ့၏။
တစ်ခုတည်းသော ရှင်းပြနိုင်သည့် အကြောင်းပြချက်မှာ တျဲယွဲ့က သူ့ကို ပေးခဲ့သော စိတ်ဝိညာဉ်ရင်းမြစ်မှာ အခြားသော ပုံမှန် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်များထက် ပို၍ အဆင့်မြင့်နေသောကြောင့် ဖြစ်ရပေမည်။
“ငါ မင်းကို နောက်ထပ် ထပ်သင်ပြမပေးနိုင်တော့ဘူး.. အဲ့ဒါကြောင့် ငါ မင်းရဲ့ ကိုယ်ထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချထားပေးခဲ့တယ်.. အဲ့ဒါက ဘယ်ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ထက်မှ အောက်ကျမှာ မဟုတ်ဘူး.. နောက်ပြီးရင် ဂိုဏ်းတစ်ခုခုထဲကို ဝင်ရောက်ပြီး အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းပါ”
ထိုအရာသည် တျဲယွဲ့ သူ့ကို ပြောခဲ့သောစကား ဖြစ်၏။ သူမသည် ထိုစကားကို ပြောခဲ့တုန်းက သာမန်ကာလျှံကာပင်ဖြစ်ပြီး လေးနက်ထူးခြားနေသည်ဟု မထင်ခဲ့ရပေ။
သို့သော် ယခုမှသာလျှင် ဆူဇီမို နားလည်လိုက်၏။ သူ့အတွက် သူမ မျိုးစေ့ချပေးခဲ့သော စိတ်ဝိညာဉ်ရင်းမြစ်က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို။
ရွှယ်ယိသည် ရုတ်တရတ် မျက်မှောင်ကြုတ်လိုက်ပြီး တစ်မူထူးစွာ မေးလိုက်၏။
“နေပါဦး နေပါဦး.. ထူးတော့ ထူးဆန်းတယ်.. ဂျူနီယာညီလေး.. မင်းမှာက ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ရှိတယ်လေ.. အဲ့ဒါကို ဘယ်လိုလုပ် မင်းက စိတ်ဝိညာဉ်တောင်ထွတ်ကို မရောက်ဘဲ ငါတို့ နတ်ပန်းပဲတောင်ထွတ်ကို ရောက်လာရတာလဲ”
“ဘာများ ကွာခြားလို့လဲဗျ” ဆူဇီမိုက မေးလိုက်၏။
“အကြီးကြီး ကွာတာပေါ့လေ”
ရွှယ်ယိက ရယ်မောရင်း ပြန်ပြောလိုက်၏။
“လာပါ လာပါ အခမ်းအနားပွဲက စတော့မှာ.. ငါတို့ သွားရင်းနဲ့ လမ်းမှာ ရှင်းပြမယ်”
ရွှယ်ယိက ဓါးပျံတစ်ချောင်းကို ထုတ်လိုက်ပြီး ဆူဇီမိုကိုပါ ခေါ်ကာ ဆန်းကြယ်တောင်ထွတ်ဆီသို့ ထွက်ခွာလိုက်၏။
လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် ရွှယ်ယိထံမှတစ်ဆင့် ကိစ္စများကို သိလိုက်ရ၏။ တောင်ထွတ်ငါးခုမှာ သူတို့၏ ကိုယ်ပိုင်အားသာချက်နှင့် ထူးခြားချက်များ ကိုယ်စီ ရှိကြသော်လည်း စိတ်ဝိညာဉ်တောင်ထွတ်က အသန်မာဆုံး ဖြစ်ပြီး တပည့်တပန်း အပေါများဆုံးဖြစ်၏။ သူ့နောက်မှာတော့ အဆောင်လက်ဖွဲ့တောင်ထွတ်နှင့် အစီအရင်အခင်းအကျင်းတောင်ထွတ်တို့က ဒုတိယ၊ တတိယ လိုက်လေသည်။ နတ်ဆေးတောင်ထွတ်နှင့် နတ်ပန်းပဲတောင်ထွတ်တို့ကတော့ အားအနည်းဆုံး ဖြစ်ကြလေသည်။
စိတ်ဝိညာဉ်တောင်ထွတ်၏ အဓိကအားသာချက်က သတ်ဖြတ်ချင်းနှင့် တိုက်ပွဲဝင်သည့် နေရာမှာ အထူးကျွမ်းကျင်မှု ရှိကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် ယေဘုယျကျကျ ပြောရလျှင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်သူများက စိတ်ဝိညာဉ်တောင်ထွတ်သို့သာ ရောက်သွားကြလေသည်။
မီးဓါတ်ကို ကျွမ်းကျင်နိုင်နင်းဖို့က ဆေးလုံးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း နှစ်မျိုးစလုံးတွင် လိုအပ်လေသည်။ သို့သော်လည်း ဆန်းကြယ်တောင်ထွတ်သည် မီးနှင့်ပတ်သတ်သည့် နည်းစနစ်ပိုင်းတွင် သိပ်မပိုင်နိုင်ကြပေ။ ဂိုဏ်းကြီးငါးဂိုဏ်းတွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက မီးဓါတ်နှင့် ပတ်သတ်၍ ကျွမ်းကျင်အပိုင်နိုင်ဆုံး ဖြစ်လေသည်။
မဟာကျိုးအင်ပါယာတွင် ဂိုဏ်းကြီးဂိုဏ်းငယ် အားလုံး ပါဝင်နိုင်သော ဆယ်နှစ်တစ်ကြိမ် ကျင်းပသည့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ ရှိလေသည်။ အဲ့ဒီမှာ ယှဉ်ပြိုင်ခြင်း ခေါင်းစဉ် လေးခု ရှိပြီး ၎င်းတို့မှာ စိတ်ဝိညာဉ် တိုက်ပွဲ၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း နှင့် အဆောင်လက်ဖွဲ့ ပြုလုပ်ခြင်းတို့ ဖြစ်လေသည်။ ခေါင်းစဉ်တစ်ခုစီတွင် ထိပ်ဆုံး ၁၀ယောက်ကို ဖော်ပြပေးသော အဆင့်သတ်မှတ်စာရင်းတစ်ခု ထုတ်ပြန်ပေးလေသည်။
ဝင်ရောက်ယှဉ်ပြိုင်ကြသည်မှာ ဂိုဏ်းပေါင်းရာချီရှိပြီး သူတို့ဂိုဏ်းအသီးသီး၏ ပါရမီအရှိဆုံး ကျင့်ကြံသူ ထောင်ချီပါဝင်ကြလေသည်။ ထိုအထဲမှာမှ အယောက်လေးဆယ်သာလျှင် အဆင့်သတ်မှတ်စာရင်းထဲသို့ ဝင်ရောက်နိုင်လေသည်။
အဆင့်သတ်မှတ်စာရင်းထဲသို့ ဝင်ရောက်လာသူများမှာ ကြီးမားသည့် ဂုဏ်သတင်းကျော်ဇောမှုကို ရရှိမည်သာမက များပြားလှသည့် ဆုလာဒ်များကိုလည်း လက်ခံရရှိပေလိမ့်မည်။ ထိုသူများသည့် မဟာကျိုးအင်ပါယာ၏ တစ်ကယ့်ပါရမီရှင်များဖြစ်သည် ဆိုတာကို သက်သေပြပြီးသား ဖြစ်သွားပေလိမ့်မည်။
ဂိုဏ်းပေါင်းစုံပြိုင်ပွဲတိုင်း၌ ဆန်းကြယ်တောင်ထွတ်က အဆင့်သတ်မှတ်စာရင်းတွင် နေရာအများဆုံး ရယူနိုင်သည့်မှာ စိတ်ဝိညာဉ်တိုက်ပွဲတွင် ဖြစ်ပြီး ဒုတိယလိုက်သည်မှာ အဆောင်လက်ဖွဲ့ပြုလုပ်ခြင်းတွင် ဖြစ်လေသည်။ သို့သော်လည်း သူတို့သည် လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်း နှစ်ခုလုံးတွင် အဆင့်သတ်မှတ်စာရင်း၌ တစ်ကြိမ်တစ်ခါမျှတောင် တစ်နေရာပင် မရခဲ့ဖူးချေ။
ဒါ့ကြောင့်ပင် ဆူဇီမိုကို စိတ်ဝိညာဉ်တောင်ထွတ်သို့ မပို့ဘဲ နတ်ပန်းပဲတောင်ထွတ်သို့ ပို့လိုက်ခြင်းကို ရွှယ်ယိက နားမလည်နိုင် ဖြစ်နေရခြင်းပင် ဖြစ်လေသည်။
ဘာကြောင့် ဤသို့ ဖြစ်ရသည်ကို ဆူဇီမိုက ခန့်မှန်းလိုက်၏။ ပထမတစ်ချက်အနေနှင့် သူသည် စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးကို ဖျက်ဆီးလိုက်မိသောကြောင့် ဖြစ်ပေလိမ့်မည်။ ဒုတိယအနေနှင့် သူသည် အစီအရင်အခင်းအကျင်းတောင်ထွတ်သခင် ရွှမ်ယီကို တိုက်ခိုက်လိုက်မိခြင်း ဖြစ်လေသည်။
ဤသို့ စီစဉ်လိုက်ခြင်းက သူ့ကို အပြစ်ပေးတာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုက ဤသည်ကို နည်းနည်းလေးမျှ အရေးမစိုက်ချေ။
ရွှယ်ယိပြောပုံအရဆိုလျှင် ဆန်းကြယ်တောင်ထွတ်ရှိ ချီစုဖွဲ့စစ်သည်တော်များအားလုံးက အစမ်းတပည့်များသာ ဖြစ်ကြပြီး ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ သူတို့သည် တောင်ထွတ်ငါးခုအတွင်း၌သာ လွတ်လပ်စွာ သွားလာနိုင်သေး၏။
အခြေတည်အဆင့် ကျင့်ကြံသူများသာလျှင် အတွင်းစည်းတပည့်အဖြစ် သတ်မှတ်ခံရပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များ ရရှိနိုင်ခြင်း၊ ပိုမိုကောင်းမွန်သည့် ကျင့်ကြံခြင်းနည်းစနစ်များကို လေ့ကျင့်သင်ယူနိုင်ခြင်း စသည့် အခွင့်အရေးများကို ရရှိပေလိမ့်မည်။
ဆူဇီမို၏ ကျင့်ကြံမှု အမြန်နှုန်အရဆိုလျှင် သူသည် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာဖို့ နှစ်နှစ်လောက်သာ အချိန်ယူရပေလိမ့်မည်။
သိပ်မကြာမီ သူတို့နှစ်ယောက်သည် ဆန်းကြယ်တောင်ထွတ်သို့ ရောက်လာပြီး မလှမ်းမကမ်းတွင် တိမ်လွှာများကြား၌ မားမားမတ်မတ် ရပ်တည်နေသော ခမ်းနားတင့်တယ်သည့် နန်းတော်တစ်ခုကို တွေ့လိုက်ရ၏။
နန်းတော်၏ အပေါ်ဘက်တွင် မော်ကွန်းကျောက်ပြားတစ်ချပ်ရှိပြီး “ဆန်းကြယ်နန်းတော်”ဟူသော စာလုံးကို ရိုက်နှိပ်ပုံဖော်ထားလေသည်။
ရွှယ်ယိက ဆူဇီမိုကို ဆန်းကြယ်နန်းတော်ဆီသို့ ခေါ်ဆောင်သွာ၏။ သွားရာလမ်းတွင် ငွားငွားစွင့်စွင့် ရပ်တည်နေသော ကြိုးကြာငှက်ရုပ်တုတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းသည် အလွန်ကြီးမားလှပြီး အမြင့်က ပေတစ်ရာလောက်ရှိ၏။ သူ၏ မျက်လုံများကို မှိတ်ထားပြီး လွန်စွာ သြဇာတိက္ကမကြီးမားသည့် အော်ရာက ထွက်ပေါ်နေ၏။ သူ၏ ငှက်မွှေးများသည် ရွှေရောင်ကဲ့သို့ တစ်လက်လက်တောက်နေပြီး အသက်ဝင်လှလေသည်။
ထိုဧရာမ ငှက်ရုပ်တုကြီးနှင့် နှိုင်းယှဉ်လျှင် ဆူဇီမိုနှင့် ရွှယ်ယိသည် သေးငယ်သော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သွားရ၏။
ထိုရုပ်တုက ရင်းနှီးသည့်ပုံစံပေါက်နေသော်လည်း ဆူဇီမိုသည် သိပ်အများကြီး တွေးမနေပေ။ သူသည် ဒီအတိုင်းပင် မှတ်ချက်ပြု ချီးကျူးလိုက်၏။
“ဒီရုပ်တုကြီးကို ဘယ်သူက ဖန်တီးပြုလုပ်ခဲ့တာလဲ ကျုပ်သိချင်လိုက်တာဗျာ.. အဲ့ဒါက အသက်ဝင်လိုက်တာနော်.. တစ်ကယ့်အစစ်ကျနေတာပဲ”
“ရှူး..”
ရုတ်တရတ်ဆိုသလို ရွှယ်ယိ၏ အမူအယာက ပြောင်းလဲသွားပြီး ဆူဇီမိုကို ဆက်မပြောဖို့ အချက်ပြလိုက်လေ၏။
“ဘာလို့လဲဟင်” ဆူဇီမိုသည် စိတ်ထဲထင့်သွားပြီး တိုးတိုးလေး မေးလိုက်၏။
သူ၏ ချွေးများကို သုတ်လိုက်ပြီး ရွှယ်ယိက ပြန်ဖြေလိုက်၏။
“အဲ့ဒါ ရုပ်တု မဟုတ်ဘူးကွ.. အစစ်ကွအစစ်.. သူက ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကာကွယ်စောင့်ရှောက်သူသားရဲပဲ”
“အသက်ရှိတယ်လား”
ဆူဇီမိုသည် ချောင်းအနည်းငယ်ဟန့်၍ ခေါင်းကို မော့လိုက်ပြီး အိုးတိုးအမ်းတမ်းပုံစံနှင့် တစ်ဖန်ပြန်ကြည့်လိုက်၏။
ကြိုးကြာကြီးက ငြိမ်သက်စွာ ရပ်နေသောကြောင့် ဆူဇီမို ပထမဆုံး တွေးမိသွားသည်မှာ ရုပ်တုတစ်ခုဟုပင်။
“သူက ဘာလို့ ဒီမှာ လာနားနေရတာလဲ” ဆူဇီမိုက ထပ်မံ မေးလိုက်၏။
ရွှယ်ယိက ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်၏။
“ငါလဲ မသိဘူးလေ.. စီနီယာကြိုးကြာက ဆန်းကြယ်နန်းတော်ထဲမှာပဲ နေတာများတယ်.. ပုံမှန်အားဖြင့် သူ့ကို ဖျတ်ကနဲ မြင်ရတာတောင် တော်တော်ရှားတယ်.. ဒီနေ့ သူ့ကို မြင်ရတာ ငါတို့ တော်တော် ကံကောင်းတာပဲ”
ခဏလောက် ရပ်နားပြီးနောက် ရွှယ်ယိသည် ဘေးပတ်လည်ကို ထူးဆန်းသလို လှည့်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး လှမ်းပြောလိုက်၏။
“ဒါနဲ့ ငါကြားမိတာတော့ မကြာသေးခင်က အသစ်ဝင်ရောက်လာတဲ့ တပည့်အသစ်တစ်ယောက်က စီနီယာကြိုးကြာရဲ့ ကလေးကို အနိုင်ကျင့်လိုက်တယ်တဲ့.. သူကလေးက မျက်ရည်နဲ့မျက်ခွက်နဲ့ ငိုပြီးပြန်လာတယ်ဆိုပဲ.. သူက အခု အဲ့တပည့်သစ်နဲ့ စာရင်းရှင်းမလို့ ရောက်လာတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့.. အဲ့ဒီ ကံမကောင်းတဲ့ ကောင်လေးက ဘယ်သူလဲ ငါသိချင်လိုက်တာ ဟီးဟီး!”
ဆူဇီမိုသည် ရုတ်တရတ် သွားနေခြင်းကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်၏။ သူသည် မျက်တောင်ကို ဖြည်းညင်းစွာခတ်လိုက်ပြီး မေးလိုက်လေ၏။
“စီနီယာအစ်ကို.. ပြန်ပြောပါဦး.. အဲ့ဒီစီနီယာကြိုးကြာရဲ့ ကလေးကလဲ ကြိုးကြာပဲလား”
“ကြိုးကြာရဲ့ ကလေးပါဆို ကြိုးကြာပေါ့ဟ.. အဲ့ဒါက မသိသာလို့လား..ဟဟ” ရွှယ်ယိက ရယ်မောလိုက်၏။
ဆူဇီမိုသည် အဲ့ဒါကို နည်းနည်းကလေးမျှ ရယ်ရသည်ဟု မထင်မိပေ။