← Chapters

စည်းစိမ် အလဲအလှယ် စနစ်

Vol. 1 Ch. 1

စည်းစိမ် အလဲအလှယ် စနစ်

Vol. 1 Ch. 1

အခန်း(၁) စည်းစိမ် အလဲအလှယ် စနစ်

၂၀၀၉ ခုနှစ် ဟုတ်လား။။

သူ ၁၀ နှစ်လောက် အချိန်နောက်ပြန် ရောက်သွားတာပေါ့။

ဖေးချမ့်တစ်ယောက် စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် အမှန်တရားကို လက်ခံနိုင်ဖို့ အတော်ကြာကြာ စိတ်မသက်သာ ဖြစ်ခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် သူဘွဲ့ရပြီးကတည်းက လုပ်ငန်းနှစ်မျိုးကို လုပ်ကိုင်ပြီး ကုမ္ပဏီများစွာတွင် အလုပ်အကိုင်များပြောင်းလဲကာ အလွန်ဆိုးရွားသော အလုပ်ရှင်များဖြင့် တွေ့ကြုံခဲ့ရကာ ဝန်ထမ်းဘဝ၏ အရှုပ်အထွေးများကို ကြံ့ကြံ့ခံခဲ့ရသည်။

ဘယ်နေရာမှာမဆို သူက ဘာကောင်မှ မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်၏ ကျေးကျွန် တစ်ယောက်သာ။

ပြန်လည်မွေးဖွားခြင်းကဲ့သို့ အရာမျိုး သူကြုံတွေလာရပြီဖြစ်သဖြင့် ပီတိဖြာ စိတ်အားထက်သန်နေပါသည်။ ဘဝကို လွန်ခဲ့သော ၁၀ နှစ်ခန့်မှ ပြန်စရခြင်းက အားလုံး၏ အိပ်မက်ဖြစ်သည်။

ယခု လုံးဝ အိပ်ယာနိုးနေပြီ ဖြစ်သဖြင့် ဖေးချမ့် အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။

ဘာလုပ်ရင် ကောင်းမလဲ။

ထိုအချိန်တွင် အလင်းပေါက် မျက်နှာပြင် တစ်ခု ဖေးချမ့် ရှေ့တွင်ပေါ်လာပြီး စာကြောင်းများက ထိုမျက်နှာပြင်တွင် ပေါ်လာခဲ့သည်။

<စည်းစိမ် အလဲအလှယ် စနစ်၏ စည်းနှောင်ခြင်းကို လုပ်ဆောင်နေသည်...>

<စည်းနှောင်မှု အောင်မြင်သည်...>

<ပိုင်ရှင် - ဖေးချမ့်>

<ဤစနစ်ကို အသုံးပြုရန်အတွက် ညွှန်ကြားချက်များကို ‌ကျေးဇူးပြု၍ ဖတ်ပါ။>

"ဘာဖြစ်တာလဲဟ။"

ဖေးချမ့် လန့်လည်းလန့်၊ အပျော်လည်း လွန်သွားခဲ့သည်။

တကယ်ပါ။ ပြန်လည်မွေးဖွားပြီးနောက် အမြဲတမ်း စနစ်တစ်ခု ပေါ်လာတတ်တာပဲ မဟုတ်လား။ သူ့ Cheat ရောက်ရှိလာခဲ့ပါပြီ။

စိတ်အေးအေးထားစမ်း စိတ်အေးအေးထားစမ်း။

ဒါတွေက ဖြစ်ပျက်နေကျ ပုံစံအတိုင်းပဲ။ ဘာမှ ရေးကြီးခွင်ကျယ်လုပ်ဖို့မလိုဘူး။

ဖေးချမ့်က ကိုယ့်စိတ်ကိုယ် ထိန်းလိုက်ပြီး မျက်နှာပြင်ပေါ်က မက်ဆေ့များကို ဖတ်ကြည့်လိုက်သည်။

စည်းစိမ် အလဲအလှယ် စနစ်

အမြတ်/ အရှုံး ပြောင်းလဲခြင်း အချိုး - ဆောင်ရွက်နေဆဲ

စနစ်ရန်ပုံငွေများ - ယွမ် ၅ သောင်း

ကိုယ်ပိုင်ကြွယ်ဝမှု - ၄၄၃ ယွမ်

မီနူးတစ်ခုဖြစ်၏။

ထိုမီနူး အောက်ခြေတွင် အချက်အလက်များ ဖော်ပြပေးသည့် ဒိုင်ယာလော့ ဘောင်ကွက်လေး ရှိနေ၏။ ဒါ အညွှန်း ဖြစ်နိုင်သည်။

[စည်းစိမ် အလဲအထပ် စည်းမျဉ်းစည်းကမ်းများ]

[သတ်မှတ်ထားသည့် အချိန်အကန့်အသတ်များတွင် စနစ်က ပိုင်ရှင်အား ပုံသေရန်ပုံငွေများဖြင့် ထောက်ပံ့ပေးလိမ့်မည်။ ထိုရန်ပုံငွေအား ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများအတွက်သာ အသုံးချနိုင်ပြီး ဖြုန်းတီးဖို့ မဟုတ်ပါ။]

[ငွေစာရင်း ရှင်းရန်အတွက် တွက်ချက်မှုများကို သတ်မှတ်ထားသည့် အချိန်တွင် ဆောင်ရွက်ပြီး စနစ်၏ အမြတ် / အရှုံးပေါ်မူတည်ကာ ပိုင်ရှင်၏ ကိုယ်ပိုင်စည်းစိမ်ထဲသို့ သတ်မှတ်ထားသည့် အချိုးကို အခြေခံကာ ကူးပြောင်းပေးမည်ဖြစ်ပါသည်။]

[အထူးသတိပေးချက်: ပိုင်ရှင်၏ အလုပ်အပေါ် အာရုံစိုက်မှုကို အားပေးရန်အတွက် ပိုင်ရှင်က ကုမ္ပဏီ၏ အကောင့်များမှတဆင့် ကိုယ့်ကိုယ်ကို လစာပေးလို့ မရနိုင်ပါ။]

[ နောက်တစ်ဆင့်: အသေးစိတ် စည်းမျဥ်းများကို စစ်ဆေးကြည့်ပါ။]

"ဝါး တကယ်အရှုံးမရှိတဲ့ စနစ်ပါလား။"

"ငါ့ကို ရန်ပုံငွေ ထောက်ပံ့ပေးရုံတင်မကသေးဘူး။ ငွေတွေပါ ပေးနေတာလား။ တော်တော် သိတတ်တဲ့ စနစ်ပဲ။"

ချက်ချင်းဆိုသလိုပဲ စနစ်၏ လုပ်ဆောင်ချက်များကို ဖေးချမ့် နားလည်သွားခဲ့ပါသည်။

စနစ်ရန်ပုံငွေနှင့် ကိုယ်ပိုင်စည်းစိမ် နှစ်ခုစလုံးက ငွေကြေးအခန်းကဏ္ဍကို ဆိုလိုသော်လည်း အခန်းကဏ္ဍနှစ်ခု၏ အကြောင်းအရာက လုံးဝ မတူညီပါ။

ကိုယ်ပိုင်စည်းစိမ် ၄၄၃ ဆိုသည်မှာ ဖေးချမ့်၏ စုစုပေါင်း ၄၄၃ ယွမ် ငွေပမာဏကို ဆိုလိုသည်။ ဒါက သူလွတ်လွတ်လပ်လပ် သုံးစွဲနိုင်သည့် ငွေပမာဏဖြစ်ပါသည်။

ယွမ် ၅၀,၀၀၀ ကတော့ စနစ် ရန်ပုံငွေများဖြစ်၏။ စနစ်၏ စည်းမျဥ်းများအရ ထိုငွေပမာဏအား ကုမ္ပဏီတစ်ခု တည်ထောင်ခြင်း ကဲ့သို့ စီးပွားရေး လှုပ်ရှားမှုများတွင်သာ သုံးနိုင်သည်။

အချိန်အတော်ကြာသောအခါ သူမြတ်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ထိုငွေပမာဏက သတ်မှတ်ထားသည့် အချိုးပေါ်မူတည်ပြီး သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအခါ သူစိတ်တိုင်းကျ သုံးစွဲနိုင်ပါသည်။

"ပျော်စရာကြီးဟေ့။ အသေးစိတ် စည်းကမ်းတွေကို ကြည့်လိုက်ရအောင်။"

ဖေးချမ့် မျက်နှာပြင်ကို ဆက်နှိပ်ကြည့်လိုက်၏။

[ 1. ပမာဏ အမြောက်အများ ဝယ်ယူခြင်း သို့မဟုတ် အိမ်ခြံမြေ စျေးကွက်များကို ကြိုးကိုင်ခြင်း ]

[ 2. ခရစ်ပတိုငွေကြေးများ ဝယ်ယူခြင်း၊ Ponzi Scheme (ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ရင်းနှီးမြှုပ်နှံ ငွေလိမ်လည်မှု) များတွင် ပါဝင်ခြင်း၊ အွန်လိုင်းပေါ်မှ ရန်ပုံငွေ တောင်းခံခြင်း၊ သို့မဟုတ် ထို့နည်းတူသော တရားမဝင် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်း ]

[ 3. စတော့စျေးကွက်များကို ကစားခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ကြီးစားခြင်း၊ သို့မဟုတ် စျေးကွက်အင်အားများကို နှောင့်ယှက်ခြင်း ]

[... ကျန် စည်းကမ်း ၉၇ ချက်ကို ဖတ်ရှုဖို့ နှိပ်ပါ ]

[ 1. ပေးကမ်းစွန့်ကြဲခြင်း သို့မဟုတ် ကုမ္ပဏီများကို တခြားသူများထံ လက်ဆောင်ပေးခြင်း ]

[ 2. ဝန်ထမ်း ခေါ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရုံးခန်းငှားရမ်းခြင်းနှင့် ရုံးသုံးပစ္စည်းများကို စျေးကွက်ပေါက်စျေးထက် အလွန်မြင့်မားသော စျေးဖြင့် ဝယ်ယူခြင်း ]

[ 3. အလွန် အလုပ်အားလပ်နေခြင်း၊ စွမ်းဆောင်နိုင်ရည် အလွန်နိမ့်ပြီး၊ ဘာတန်ဖိုးမှ မဖန်တီးနိုင်သော အချိန်ကာလများ ကြာရှည်လာခြင်း ]

[... ကျန်စည်းကမ်း ၉၇ ချက်ကို ဖတ်ရှုဖို့ နှိပ်ပါ]

(နောက်ဆက်တွဲ စာပိုဒ် - ပိုင်ရှင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ စနစ်၏ တည်ရှိမှုကို ဖော်ပြခြင်း သို့မဟုတ် အရိပ်အမြွတ်ဖော်ပြခြင်းမပြုရပါ။)

(စနစ်သည် မည်သည့်ချိုးဖောက်မှုမျိုးအတွက်အဆို အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်ခွင့်ကို ကိုင်ဆောင်ထားသည်။)

(နောက်တဆင့် - အမြတ်အစွန်း အချိုးအစားကို ကျပန်းထုတ်ပေးခြင်း)

"စည်းကမ်းက တင်းကြပ်တယ်ဟ..."

ဖေးချမ့်က တားမြစ် စည်းကမ်း ၂၀၀ စလုံးကို ဖတ်ကြည့်လိုက်ပြီး သူ့အကြံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားရ၏။

အိမ်ခြံမြေစျေးကွက်များကို ကစားခြင်းနှင့် ခရစ်ပတိုငွေကြေးများ ဝယ်ယူခြင်း အားလုံးကို စနစ်က တားမြစ်ထား၏။

သာမန် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးစီမံမှုများတွင် ပါဝင်နိုင်သော်လည်း ၎င်းတို့၏ နှစ်စဥ် ပြန်ရငွေက နည်းလွန်းနေပြီး သူမကျေနပ်နိုင်ပေ။

တားမြစ်စည်းကမ်း ၂၀၀ စလုံးတွင် ဖေးချမ့်အား အမြတ်ရခြင်းသာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ အရှုံးပေါ်သည့် လှုပ်ရှားမှုများတွင်လည်း အကန့်အသတ်များ ရှိနေပါသည်။

ခြုံပြောရလျှင် တရားမဝင်ကိစ္စအားလုံး မလုပ်ဖို့ တားမြစ်ခံထားရသည်။

ဖေးချမ့်က နောက်တစ်ဆင့်သို့ ဝင်ရောက်ရန် တက်ဖွင့် မျက်နှာပြင်ကို နှိပ်လိုက်သည်။

(အမြတ်နှင့် အရှုံး ပြောင်းလဲမှု အချိုးကို ကျပန်းထုတ်ပေးနေသည်။)

(ပိုငွေပြောင်းလဲခြင်းအချိုးသည် ၁၀၀ အချိုး ၁၊ ဆုံးရှုံးမှုပြောင်းလဲခြင်းအချိုးသည် ၁ အချိုး ၁)

"ဟမ် နေပါဦး။ ဒီအချိုးနဲ့ဆို..."

ဖေးချမ့်က ဂရုတစိုက်ကြည့်လိုက်ပါသောအခါ Bug ( ကွန်ပျူတာပိုင်းဆိုင်ရာ Error ) တစ်ခုခုရှိနေမှန်း သတိထားမိသွား၏။

အရှုံးငွေ အလဲအထပ်က တရားလွန်ကြီး များလွန်းမနေဘူးလား။

သူ့စနစ်ရန်ပုံငွေအားလုံးကို ရှုံးအောင် ဖြုန်းလိုက်ပါက အကုန်လုံး သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ရောက်လာနိုင်သည်။

ငွေအရှုံးပေါ်ခြင်းက သူ့အတွက်တော့ အနိုင်ရသော အခြေအနေဖြစ်နေ၏။

"ကျပန်းထုတ်လုပ်မှုမှာ ငါ့ကိုဒီလောက်တောင် ကောင်းတဲ့ အလဲအထပ်အချိုးကို ပေးထားတာလား။ ကံကောင်းခြင်း နတ်သမီးလေး ငါ့ကိုပြုံးပြနေတာများလားကွာ။"

"အမြတ်ငွေ အလဲအထပ် အချိုးက နိမ့်လွန်းတာတော့ နှမြောစရာပဲ။ ဒါပေမယ့် အင်းလေ။ ငွေရှုံးဖို့က ငွေမြတ်ဖို့ထက် အများကြီး ပိုလွယ်တယ် မဟုတ်ဘူးလား။"

ဖေးချမ့် သူ့ကံများ အဆမတန် တက်နေသည်ဟု ခံစားလိုက်ရသည်။

(နောက်ဆုံးအဆင့် - သင့်ကုမ္ပဏီကို နာမည်ပေးပါ (ဝင်ရောက်ရန် ဤနေရာကို နှိပ်ပါ))

ဖေးချမ့်သည် ၎င်းအကြောင်းကို ခေတ္တ စဥ်းစားလိုက်ပြီးနောက် သူ့စိတ်ထဲရှိ နာမည်ကို ထည့်သွင်းပေးရမည့် ဇယားကွက်တွင် ရိုက်ထည့်ခဲ့သည်။ ထန်းတာ့ နက်ခ်ဝေါ့ နည်းပညာ ကုမ္ပဏီ လိမိတက်။

ထန်းတာ့က "ထိပ်ဆုံးသို့ ပျံသန်းခြင်း" တွင် ထိုးတက်ခြင်း ဆိုတာကို ကိုယ်စားပြု၏။

ဒါက သူ့ဆန္ဒပဲဖြစ်သည်။ ကုမ္ပဏီကို တတ်နိုင်သမျှ အမြန်ဆုံး အမြင့်တစ်နေရာအထိ ထိုးတက်သွားစေဖို့ဖြစ်၏။

["ထန်းတာ့ နက်ခ်ဝေါ့ နည်းပညာ ကုမ္ပဏီလိမိတက်" စာရင်းသွင်းခြင်း ပြီးဆုံးသွားပါပြီ။]

နောက်ဆုံးအဆင့် ပြီးဆုံးသွားသောအခါ မျက်နှာပြင်ပေါ်က စကားလုံးများ ပျောက်ကွယ်သွားပြီး မီနူးလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပါသည်။

(စည်းစိမ်ဥစ္စာအလဲအလှယ်စနစ်)

(ပိုင်ရှင် - ဖေးချမ့်)

(ပိုငွေပြောင်းလဲခြင်းအချိုး- ၁၀၀ အချိုး ၁၊ ဆုံးရှုံးမှုပြောင်းလဲခြင်းအချိုး ၁ အချိုး ၁)

(နောက်ထပ် ငွေပေးချေမှုအချိန် - ၁၄ ရက် အကြာ)

(မှတ်ချက် - ငွေပေးချေမှုမတိုင်မီ တစ်ပတ်အလိုတွင် မထုတ်ပြန်ရသေးသည့် ကုန်ပစ္စည်းများရှိပါက၊ ငွေပေးချေရမည့်ရက်ကို ရွှေ့ဆိုင်းမည်ဖြစ်ပြီး၊ ရွှေ့ဆိုင်းမည့်အချိန်ကို စနစ်က ဆုံးဖြတ်မည်ဖြစ်သည်။)

(စနစ်ရန်ပုံငွေ - ယွမ် ၅ သောင်း)

(ကိုယ်ပိုင်ကြွယ်ဝမှု - ၄၄၃ ယွမ်)

ဖေးချမ့်က ထပ်ဆောင်း မှတ်ချက်များ၏ အဓိပ္ပာယ်ကို စဥ်းစားကြည့်နေ၏။

ငွေစာရင်းမရှင်းခင် တစ်ပတ်အတွင်း ဘယ်လို မကြေညာထားသည့် ပစ္စည်းမှ ပိုင်ဆိုင်ထားခွင့်မပြုပါ။

အဓိပ္ပာယ်ရှိပါသည်။

ဒီလို စည်းမျဥ်းမျိုး မရှိပါက ငွေစာရင်းမရှင်းခင် လက်ကျန် စနစ်ငွေများကို ပစ္စည်းအသစ် ထုတ်လုပ်ဖို့ သုံးလိုက်ပြီး စနစ်ရန်ပုံငွေက သုည ဖြစ်ကာ Loophole တစ်ခုဖြစ်လာလိမ့်မည်။

ဒီစည်းမျဥ်းနဲ့ ဆိုရင်တော့ ဖေးချမ့်က ငွေစာရင်းမရှင်းခင် တစ်ပတ်အလိုတွင် သူ့လက်ထဲရှိ ပစ္စည်းအားလုံးကို ထုတ်ရောင်းထားရမည်။ ဒီလိုမှ ၎င်းတို့အား အရှုံးအမြတ် တွက်ချက်နိုင်မည်ဖြစ်၏။ ဒါကတော့ သူရှောင်လွှဲလို့ မရနိုင်တော့သည့် ခြေလှမ်းတစ်ခု ဖြစ်သည်။

"နောက်ထပ် Loophole တစ်ခုတော့ ပိတ်သွားပြန်ပြီ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ။"

"ဒီတော့ ငါလုပ်ရမှာက စနစ် ရန်ပုံငွေကို ၅၀,၀၀၀ ကနေ သုညအထိ ပြောင်အောင်လုပ်ပြီး ငါ့ကိုယ်ပိုင်စည်းစိမ်ကို ၄၄၃ ကနေ ၅၀,၄၄၃ အထိ ရောက်လာအောင် လုပ်ရမှာပေါ့။"

"စည်းမျဥ်းတွေအထဲကနေ ငါ့ငွေတွေ ရှုံးအောင် လုပ်ဖို့ပဲ လိုတာမဟုတ်လား။ သိပ်မခက်လောက်ပါဘူး။" ဖေးချမ့်က ယုံကြည်ချက်များဖြင့် ပြည့်ဝနေခဲ့သည်။

ကုမ္ပဏီတစ်ခုကို ဖွင့်လျှင် တန်ဖိုးနှင့် ပစ္စည်း သစ်များကို သာမန် နည်းလမ်းအတိုင်း ဖန်တီးရမည်။

သို့သော် ကုမ္ပဏီပိုင်ရှင်က သူဖြစ်နေရင်တော့ ထိုသာမန်နည်းလမ်းဆိုတာကို နည်းနည်းလောက် လမ်းချော်သွားအောင် လုပ်ဖို့ပဲလိုသည်။

ဒါပဲ လုပ်စရာရှိတာမဟုတ်လား။

ကမ္ဘာပေါ်တွင် တည်ထောင်ထားသည့် ကုမ္ပဏီများစွာထဲမှ အနည်းငယ်သာ အောင်မြင်ပြီး ကျန်တာအားလုံး ကျရှုံးခဲ့ကြသည်။ ဒါက အလွယ်ဆုံးနည်းလမ်းဖြစ်တာ ရှင်းနေပါသည်။

All Chapters