ဒီဂိမ်းက တကယ်ပဲ ဘဝအကြောင်းကို စဥ်းစားချင့်ချိန်မိစေတယ်
Vol. 1 Ch. 5
အခန်း(၅) ဒီဂိမ်းက တကယ်ပဲ ဘဝအကြောင်းကို စဥ်းစားချင့်ချိန်မိစေတယ်
"ဟမ် ဒီလိုမျိုးကြီးပဲ စတာလား"
ရေနွေးအိုးထဲက ရေမပွက်သေးကာ ချောင်းလျန်တွင်လည်း ဂရုစိုက်ဖို့ အချိန်မရှိဘဲ ဂိမ်းထဲ ဝင်လိုက်ပါသည်။
အဖွင့်ဇာတ်လမ်း ဘာညာနှင့် ဘာရွေးချယ်စရာမှလည်းမရှိဘဲ ကစားသမားက ဂိမ်းထဲ ချက်ချင်း တန်းရောက်သွားပါသည်။
ကြီးမားကျယ်ပြန့်သည့် ကန္တာရကြီးထဲတွင် ရှည်လျားပြီး ကွေးကောက်နေသည့် လမ်းကြီးက အဆုံးမဲ့စွာ တည်ရှိနေသည်။
ကားထဲမှ First Person အမြင်မျိုးဖြင့် ကစားရခြင်းဖြစ်ပြီး ရိုးရှင်းသည့် မိတ်ဆက် မျက်နှာပြင်တစ်ခုရှိကာ ကွန်ထရိုးများကို ကီးဘုတ် သို့မဟုတ် ဂိမ်းခလုတ်ဖြင့် အသုံးပြုနိုင်၏။ စျေးကွက်ထဲက ခေတ်မှီ ကားပြိုင်ဂိမ်းများနှင့် တစ်ပုံစံတည်းဖြစ်သည်။
ချောင်းလျန်က ဖန်သားပြင်ပေါ်မှ ပုံကို ကြည့်လိုက်ပြီး ကွန်ထရိုးများကတော့ အဆင်ပြေသည်ဟု အသိအမှတ်ပြုလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါက မြင့်လည်းမမြင့် နိမ့်လည်း မနိမ့်လွန်းသည့် နမူနာပုံစံကြီး ဖြစ်သည်။
ဘေးဘက်က သူ့ဂိမ်းခလုတ်ကို ကောက်ယူလိုက်ပြီး ချောင်းလျန်က ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ကာ ဂိမ်းကို စတင်ကစားသည်။
ကားက စတင်ရွေ့လျားလာ၏။
ချောင်းလျန်က လမ်းတစ်လျှောက် ကွေ့ပတ် သွားလာပြီး ဆက်မောင်းသည်။
ဂိမ်းထဲတွင် မနက်ခင်းအချိန်ဖြစ်ပြီး နေထွက်ကာစအချိန်ပင် ရှိသေးသည်။ ထို့ကြောင့် အလင်းက သိပ်ပြီး မစူးလှပါ။
သဲများက ကန္တာရထဲတွင် ကြမ်းတမ်းစွာ ကခုန်နေကြပြီး ခပ်လှမ်းလှမ်းတွင် သဲမုန်တိုင်းများ ရှိနေကာ ကား၏ မြင်နိုင်စွမ်းကို လျော့ကျစေမည်။
ရှေ့တွင် လမ်းမကြီးက ကွေ့ကောက်နေ၏။ လမ်းဖြောင့်မဟုတ်ဘဲ မကြာခဏ အကွေ့အပတ်များ များပြားလွန်းလှသည်။
ဂျောက်။
ရေနွေးအိုးထဲက ရေနွေးဆူသွားပါပြီ။
ချောင်းလျန်က ကားမောင်းရင်း အတွေးထဲ နစ်မြောသွား၏။
ငါဘာတွေလုပ်နေတာလဲ။
ငါဘာလုပ်သင့်တာလဲ။
ဒီဂိမ်းက ငါ့ကို ဘာလုပ်စေချင်တာလဲ။
ယခု သူကားမောင်းနေတာ မိနစ်သုံးဆယ်လောက်ရှိပြီ။ အမှန်ပင်။ အကွေ့အကောက် များစွာ ရှိသော်လည်း...
အဲ့ဒီအပြင် စိတ်ဝင်စားစရာ ဘာမှ မရှိပေ။
ကားမောင်းခြင်း၊ ကားကွေ့ခြင်း၊ ခပ်လှမ်းလှမ်းက သဲမုန်တိုင်းကို ကြည့်ခြင်း။ ဒါတွေအပြင် ဂိမ်းထဲမှာ ကျန်တာ ဘာမှ မပါဝင်ပါ။
တကယ်တော့ ကန္တာရလမ်းပေါ်မှာ တခြား ကားများပင် မပါပေ။
ချောင်းလျန်က သူ့ခေါက်ဆွဲကို သွားပြုတ်ချင်သဖြင့် မီနူးခလုတ်ကို နှိပ်လိုက်ပါသည်။
သို့သော်လည်း ဘာမှဖြစ်မလာပေ။
ချောင်းလျန် ကြောင်သွား၏။
တခြားဂိမ်းများသာဆို ခဏရပ်စဲသည့် ခလုတ် ရှိရမည်။ သို့သော်လည်း ဒီဂိမ်းမှာတော့ ဘာတုန့်ပြန်မှုမှ မရှိပေ။
Bug တစ်ခုဟု စဥ်းစားကာ သူ့ဂိမ်းခလုတ်ကို ကိုင်ထားရင်း ကီးဘုတ်ပေါ်က ESC, Spaceနှင့် Return ကီးခလုတ်များကို နှိပ်ကြည့်သည်။
ဘာမှ ဖြစ်မလာသေး။
ဒီဂိမ်းက ရပ်လို့မရပါ။
ချောင်းလျန် လုံးဝ ကြောင်သွားရသည်။
ဒီလိုမှင်သက်မိသွားသည့် အခိုက်အတန့်တွင် သူ့အာရုံလွဲသွားပြီး အကွေ့တစ်ခုကို လွဲကာ လမ်းဘေးချော်သွားကာ သဲထဲ နစ်မြုပ်သွားလေတော့သည်။
GAME OVER
ရိုးရိုးရှင်းရှင်း စာလုံးလေး ဆယ်လုံး ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့၏။
ပါးစပ်ဟောင်းလောင်းဖြစ်သွားလျက် ချောင်းလျန် မယုံကြည်နိုင်ခဲ့ပါ။
ဒီဂိမ်းက တကယ်ပဲ အမှိုက်သရိုက်ဂိမ်းများနှင့် ပတ်သက်သည့် သူ့အသိပညာကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့သည်။
မဟုတ်ပါ။ သေသေချာချာ ပြောရလျှင် ဒါကို အမှိုက်သရိုက်ဂိမ်းဟု ပြောလို့ပင်မရပါ။
အမှိုက်သရိုက်ဂိမ်းများဆိုသည်မှာ အရည်အသွေး လျော့ကျမှု၊ ဘက်ဂျက်နည်းမှု သို့မဟုတ် ဖန်တီးသူများဘက်မှ ပြဿနာများကြောင့် တချို့ ကဏ္ဍတွင် အလျော့အတင်း ပြုလုပ်ရသောကြောင့် ဆိုးဆိုးဝါးဝါး ဖန်တီးထားသည်ဟု ဂိမ်မာများ မကြာခဏ ထင်ကြသော ဂိမ်းများဖြစ်ကြသည်။
သို့သော် ဒီဂိမ်းကတော့ ခြားနား၏။
တခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်ကို လုပ်ယူထားသလိုလို...။
မဟုတ်ရင် ဂိမ်းခဏရပ်စဲသည့် လုပ်ဆောင်ချက် သို့မဟုတ် Save Point မရှိဘဲ တစ်ခါလောက် မှားယွင်းသွားရုံနှင့် Game Over ဟု ဘာကြောင့် ပြမည်နည်း။
"နေပါဦး စိတ်ဝင်စားစရာပဲ..."
"ဧကန္တ ဒါကို ဝေဖန်ရေးဗီဒီယို ရိုက်လိုက်ရင် နာမည်ကြီးသွားမလား"
ချောင်းလျန်က ခေါက်ဆွဲကို အမြန်ပြုတ်ကာ ဂိမ်း၏ နာမည်နှင့် အနှစ်ချုပ်ကို အမြန် စစ်ကြည့်လိုက်သည်။၊
"အထီးကျန်ကန္တာရလမ်း။ 'အထီးကျန်'ဆိုတာကြီးကို အလေးပေးထားတယ်ဟ။"
"သင့်ဘဝအကြောင်းကို ပြန်လည်စဥ်းစား ချင့်ချိန်စေတဲ့ ကားမောင်းခရီးတစ်ခု... ဟုတ်သားပဲ ငါ တကယ်ကြီး အခု ဘဝအကြောင်း စဥ်းစားနေမိတာ။ ဒီအနှစ်ချုပ်က ငါ့ကိုဂျင်းထည့်တာ မဟုတ်ဘူးပဲ..."
"ကြည့်ရတာ ဒီဂိမ်းက တကယ်ပဲ သောက်ကျင့်မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဂိမ်းထင်တယ်။"
"ဒီဂိမ်းကိုထုတ်တဲ့ ကုမ္ပဏီနာမည်က ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီ လိမိတက်တဲ့။ တစ်ခါမှလည်း မကြားဖူးဘူး။ ဒီဂိမ်းက သူတို့ရဲ့ တစ်ခုတည်းသော ဂိမ်းထင်တယ်"
"ဖွီးး..."
ခေါက်ဆွဲကို စားပြီးသွားသောအခါ ချောင်းလျန်က ဂိမ်းခလုတ်ကို နောက်တစ်ခေါက် ထပ်မံ စတင်လိုက်၏။
သို့သော်လည်း ဒီတစ်ချီတော့ Record လုပ်သည့် ဆော့ဝဲကို ဖွင့်လိုက်သည်။ သူ့ကစားချိန် တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ အသင့်ဖြစ်နေ၏။
သုံးနာရီကြာသောအခါ။
ချောင်းလျန်က အနည်းငယ် အာရုံလွဲသွားပြီး အကွေ့တစ်ခုကို လွဲသွားသည်။ ကားက သဲထဲ နစ်မြုပ်သွားကာ ဂိမ်းပြီးဆုံးသွား၏။
"ဟာ။"
"လ-လ-လ-လခွမ်းပဲကွာ..."
ချောင်းလျန်က ဒေါသထွက်လွန်းသဖြင့် ဂိမ်းခလုတ်ကို စားပွဲပေါ်သို့ ပစ်ပေါက်လုနီးပါး ဖြစ်သွားသည်။ သုံးနာရီကြီးများတောင်...
သုံးနာရီလုံးလုံး ဘာမှမလုပ်ဘဲ ကန္တာရထဲတွင် ကားသာ မောင်းနေခဲ့သည်။ ဒါတောင် ညှာတာမှု ကင်းမဲ့သော Game Over ဟူသည့် စာတန်းဖြင့် သူ့ကျရှုံးမှုကို ဖော်ပြခံလိုက်ရပါသည်။
သူ့ဘဝထဲက တန်ဖိုးရှိသည့် ၃ နာရီ ဒီလိုပဲ ပြုန်းတီးသွားခဲ့သည်။ မီတာခ ဖြုန်းတီးမိတာကလွဲပြီး ဘယ်လို တန်ဖိုးမှ မရလိုက်ပါ။
Record လုပ်ထားသည့် ဗီဒီယိုကပင် အသုံးမဝင်တော့ပါ။ ၃ နာရီ ဗီဒီယိုတွင် သူ့နောက်ဆုံး အချိန်၏ စက္ကန့်ပိုင်း အနည်းငယ်ကိုသာ ကျရှုံးသည့် စုဆောင်းမှုထဲ ဖြတ်ညှပ်ထည့်နိုင်၏။
ချောင်းလျန်က ဂိမ်းခလုတ်ကို ကွန်ပျူတာ စားပွဲပေါ် ပစ်ချပြီး စိတ်လျှော့ဖို့ မတ်တပ်ရပ်လိုက်ပါသည်။
မွဲလွန်းသဖြင့် ကိုင်တော့ မပေါက်ခဲ့ပါ။
ထိုဂိမ်းခလုတ်က အနည်းဆုံး ယွမ် ၂၀၀ တန်၏။ မတော်တဆ ထိခိုက်မိရင်တောင် အသည်းကွဲသွားနိုင်သည်။
"ဟူးး..."
"စိတ်အေးအေးထားစမ်း"
"ဒါက အလုပ်အတွက်ပဲ"
"ဟုတ်ပြီ။ ဒီဂိမ်းကတော့ ငါ့ဒေါသကို အောင်အောင်မြင်မြင် ဆွနိုင်သွားပြီ။ အမှိုက်သရိုက် ဂိမ်းတစ်ခုထဲ အရည်အသွေးကောင်းတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရတယ်"
သိပ်မကြာခင် ချောင်းလျန် စိတ်ပြန်ထိန်းနိုင်ခဲ့ပါသည်။
အမှိုက်ဂိမ်းများကို ဝေဖန်သည့် ပရော်ဖက်ရှင်နယ် UP မာစတာ တစ်ယောက် ဖြစ်သည့်အလျောက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို သူဖြတ်ကျော်ခဲ့ရသည်။ ဒီလို ပမွှားဂိမ်းလေးတစ်ခုက သူ အငြှိုးထားစရာ မဟုတ်ပါ။
သို့သော်လည်း ဒီဂိမ်းကို အနိုင်ရဖို့က မလွယ်ကူနိုင်မှန်းကိုလည်း ချောင်းလျန် နားလည်လိုက်ပါသည်။
စိန်ခေါ်မှုတစ်ခုဖြစ်သည်။
ထို့နောက် ချောင်းလျန်က ဖုန်းဆက်ကာ ဒလီဘာရီ မှာယူလိုက်သည်။
ဂိမ်းကို စောစော ရှုံးသွားတာ ကံကောင်းသည်ဟုပင် ဆိုနိုင်၏။ နည်းနည်းလောက် နောက်ကျသွားပါက ဒလီဘာရီ ဝန်ဆောင်မှု ရှိမည်မဟုတ်ပါ။
အခွင့်အရေးကိုယူကာ ချောင်းလျန် အားအင် ပြန်ပြည့်ဝရန် အနားယူဖို့ ကုတင်ပေါ်တွင် လှဲလိုက်ပါသည်။
သူနိုးလာပြီး ဗိုက်ပြည့်အောင် စားပြီးနောက် စားပွဲပေါ်တွင် ရေခွက်ကြီးကြီးတစ်ခွက်ချကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။
ဂိမ်းကို သူအတော်လေး ကျွမ်းနေပြီ ဖြစ်သည်။
ဒီဂိမ်းရဲ့ ခက်ခဲမှုကို ပြောင်းလို့ရလား။ မရဘူးပဲ။
လက်ပါသည့်လူတိုင်း ဒီဂိမ်းကို အောင်မြင်နိုင်တယ်ဆိုတာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။
ပြင်းထန်သည့် အကွေ့ကြီးများလည်း မရှိသလို အနောက်က လိုက်လာမည့် ရဲကားကြီးများလည်း မရှိပေ။ တကယ်တော့ ကစားသမားများ ပြုလုပ်ဖို့ အထူးလိုအပ်ချက်များပင် တစ်ခုမှ မရှိပါ။
တစ်ခုတည်းသော အခက်အခဲက အချိန်ဖြစ်သည်။
သုံးနာရီလောက် ထိုင်ကစားတာတောင် ခရိးကို မရောက်နိုင်သေးသဖြင့် ဘယ်လောက်ကြာကြာ ကျန်နေသေးလဲ မပြောနိုင်ပါ။
လမ်းလေးချော်သွားရုံနှင့် အစက ပြန်စရမည်။
ပုံမှန်နှုန်းဖြင့် သွားလိုပါက ဖြည်းဖြည်း မောင်းရမည်။ သို့သော်လည်း အချိန်ပိုကြာရုံသာ ရှိမည်.
"စုတ်ပြတ်နေတာပဲ။ တကယ်စုတ်ပြတ်နေတာပဲဟေ့။"
ဒီဂိမ်းကို စိန်လည်းခေါ်၊ ဝေလည်းဝေဖန်ဖို့ တစ်ခါမှ မကြုံစဖူး ဆန္ဒမျိုး ချောင်းလျန် ခံစားလိုက်ရသည်။
ဒီဂိမ်းအကြောင်း ဝေဖန် ဗီဒီယိုတစ်ပုဒ် ဖန်တီးပါက ခေါင်းစဥ်တစ်ခုတည်းနဲ့တင် ကြည့်ရှုသူများစွာ ရအောင် Clickbait လုပ်နိုင်ပါသည်။
အံကိုကြိတ်လျက် နောက်တစ်ခေါက် ထပ်တိုက်ခိုက်ဖို့ ချောင်းလျန် ဂိမ်းထဲ ဝင်လိုက်ပါသည်။
၈ နာရီ ကြာသောအခါ။
ညည့်နက်သန်းခေါင်အချိန်။
"ငါ့လခွီး။"
"ငါအောင်သွားပြီ။ ငါတကယ် အောင်သွားပြီကွ။"
ချောင်းလျန်က အဆုံးသတ်မျဥ်းကို နောက်ဆုံးတော့ မြင်လိုက်ရသောအခါ မျက်ရည်ကျလုနီးပါးဖြစ်နေပါပြီ။
ကားပြိုင်ဂိမ်းများစွာတွင် သုံးထားသည့် အဆုံးသတ် မျဥ်းကြောင်းမျိုးသာ ဖြစသ်ည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ထို အဖြူအနက်အစင်း အဆုံးသတ်မျဥ်းကြောင်းက ဒီ့ထက်ပိုပြီး စိတ်လှုပ်ရှားဖို့ မကောင်းတော့ပါ။
သူ့မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲနေပါပြီ။
ဂိမ်းခလုတ်ကို ကိုင်ရင်း ကွန်ပျူတာ ထိုင်ခုံမှ ထလိုက်သည်။
သူ့နောက်ကျောလည်း အတော်ဆိုးဆိုးဝါးဝါး ယားယံနေပြီး လက်များက အနည်းငယ် ကြွက်တက်နေပါပြီ။ ညလုံးပေါက် အကြာကြီး ထိုင်ကစားနေခဲ့သဖြင့် မျက်လုံးများလည်း မဖွင့်နိုင်တော့လောက်အောင် ရှီလှသည်။
သို့သော်လည်း ၈ နာရီလုံးလုံး တောင့်ခံနိုင်ခဲ့၏။
အလကား မဖြစ်ခဲ့ပါ။
ချောင်းလျန်က အလွန် စိတ်ခံစားချက် ပြင်းပြလွန်းနေသဖြင့် အခုလက်ရှိတွင် သူဘယ်လို ခံစားချက်မျိုး ခံစားနေရသလဲ ဆိုတာကိုပင် နားမလည်နိုင်တော့ပါ။
အဆုံးသတ်မျဥ်းကို ကားဖြတ်သွားသည့် အချိန်တွင် ကားနတ်ဘုရား ပူးကပ်သလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ပြိုင်ကွင်းတစ်ခုလုံး၌ သူက အချောမောဆုံး လူဖြစ်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းပဲ ဖန်သားပြင်က အနက်ရောင်် ပြောင်းသွားပြီး စာတန်းတစ်ခု ပေါ်လာခဲ့ပါသည်။၊
"သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန် ၈ နာရီကို ဖြုန်းတီးလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။"