ဒေါင်းလုတ်ဆွဲသူ ဘာလို့ ထောင်ကျော်နေတာလဲ
Vol. 1 Ch. 6
အခန်း(၆) ဒေါင်းလုတ်ဆွဲသူ ဘာလို့ ထောင်ကျော်နေတာလဲ
ချောင်းလျန် မွှန်ထူသွားသည်။
ဒါပဲလား။
သူ ဂိမ်းကို အောင်မြင်သွားပြီလား။
ဒီစာကြောင်းတစ်ကြောင်းက သူရလိုက်တဲ့ တစ်ခုတည်းသော အရာလား။
ငါ့အတွက် ဆုလေးတစ်ခုတော့ မချသင့်ဘူးလား။ စင်လေးတစ်ခု ဆောက်စမ်းပါ။
အနုပညာအရင်းအမြစ်တွေ မဝယ်နိုင်ရင်တောင် လူတွေ လက်ခုပ်သြဘာပေးတဲ့ အသံ Effect လေးတော့ ထည့်ပါဟ။
အဲ့လို လက်ခုပ်သြဘာပေးတဲ့ အသံ Effect တွေက ဘယ်လောက်များ ကုန်မှာမို့လို့လဲ။ အဲ့လောက်တောင် ကပ်စေးနှဲတာလား။
ဒီဂိမ်းကိုအောင်ဖို့ ၈ နာရီတောင် ဖြုန်းခဲ့ရတာကို အနက်ရောင် စခရင်နဲ့ လှောင်ပြောင်တဲ့ စာကြောင်းတစ်ကြောင်းပဲ ပြန်ရလိုက်တာလား။
ချောင်းလျန် သည်းမခံနိုင်တော့ပါ။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော ထိခိုက်သွားခဲ့ပါသည်။
သူ တကယ်ပဲ နက်နက်ရှိုင်းရှိုင်း ရင်းနှီး မြှုပ်နှံခဲ့ရပြီး ဒီဂိမ်းကို စိတ်တိုလွန်းသဖြင့် ငိုချင်လာသည်။
သို့သော်လည်း သူ့စိတ်ပျက်မှုနှင့် ဒေါသတို့အပြင် သူ့ရင်ထဲ၌ သေးငယ်သည့် ဖြေသိမ့်မှု တစ်ခု ရှိနေပါသည်။ နည်းနည်းလေး... စိတ်သက်သာရာ ရသွားတာလား။
သူက စိတ္တဇတော့ မဟုတ်ပါ။ ဒါက သူ့အတွက် အဖိုးတန်သည့် ကုန်ကြမ်းဖြစ်မှန်း သူသိပါသည်။
သူတို့ရဲ့ UP မာစတာကြီးကို ဒီလို ဝေဒနာမျိုး ခံစားနေရတာ မြင်လိုက်ရလျှင် သူ့ကြည့်ရှုသူတွေက Like တွေ Share တွေ ပိုနှိပ်မလာနိုင်ဘူးလား။
ချောင်းလျန်က ခဏလောက် စစ်ဆေးကြည့်လိုက်သည်။ ၈ နာရီကြာသည့် သူ့ခရီးလမ်းကြီးတစ်ခုလုံးကို ပြီးမြောက်အောင် Record ဖမ်းယူထားပါသည်။
"မင်းစောင့်နေလိုက်။ ငါနိုးလာမှ မင်းနဲ့ စာရင်းရှင်းမယ်ကွ။"
ချောင်းလျန်က ဂိမ်းကို ပိုးစိုးပက်စက် ပြောပစ်ကာ သူ့ Recording ကိုသေသေချာချာ သိမ်းပြီး အိပ်ယာထဲဝင်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သုံးရက်ခန့် ကြာပြီးနောက်။
ဖေးချမ့်က ပုံမှန်အတိုင်းပဲ သူ့အဆောင်ထဲတွင် နိုးလာခဲ့သည်။ သူ့ဘဝ၏ ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
ဒီအချိန်တောအတွင်း တက္ကသိုလ်ဘဝကို နောက်တစ်ဖန် လိုက်လျောညီထွေးဖြစ်လာအောင် နေထိုင်နိုင်ခဲ့သည်။
အလုပ်အကြောင်းလည်း စိုးရိမ်စရာမလို၊ KPI မပြည့်မှီမှာကိုလည်း ဖိအားများစရာမလို၊ သူ့အထက်လူကြီးများ၏ ဒေါသကို ရင်ဆိုင်စရာ မလိုတော့ဘဲ နေ့တိုင်း သာမန်အတိုင်းပဲ နိုးထလာနိုင်ခဲ့သည်။
အကျဥ်းချုပ်အားဖြင့် ဆိုရလျှင် ပြောစရာ စကားတစ်ခွန်းသာရှိသည်။ အားရကျေနပ်မိပါသည်။
သို့သော်လည်း သူသာ ပိုချမ်းသာလာလျှင် ပိုကောင်းမှာ အမှန်ပင်ဖြစ်သည်။
နိုးထလာသောအခါ ပထမဆုံး လုပ်ရမည့် အလုပ်က စနစ်ကို ဆင့်ခေါ်ခြင်းဖြစ်၏။
စနစ်ရန်ပုံငွေတွင် သုညကို မြင်လိုက်ရသောအခါ ဖေးချမ့် စိတ်ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရပါသည်။
ကောင်းလိုက်တာ။
ကိုင်ပိုင်စည်းစိမ် Status ၏ နောက်က သနားစရာ ပုံရိပ်ကိုတော့ သူဘာမှ လုပ်လို့မရပါ။
အကောင်းဆုံး ကြိုးစားနေသော်လည်း ဘာပိုက်ဆံမှ လုံးဝစုလို့မရပေ။
လစဥ် နေထိုင်စရိတ်အတွက် ယွမ် ၁,၀၀၀ သာရှိ၏။ ကန်တင်းမှာ နေ့တိုင်းစားရင်တောင် လုံလောက်မည်မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် သူ့ပိုက်ဆံအကုန်လုံးကို အစားအသောက်အတွက်ပဲ အသုံးချလို့မဖြစ်ပါ။ တခြား နေ့စဥ်အသုံးစရိတ်များအတွက်လည်း သုံးရဦးမည် မဟုတ်လား။
ဖေးချမ့်က စနစ်၏ ရန်ပုံငွေ ဆုံးရှုံးမှုကို သူ့ ကိုယ်ပိုင်စည်းစိမ်အဖြစ် လုံးဝ ပြောင်းလဲမည့် နောက်ထပ် ၁၁ ရက်ကြာ စာရင်းရှင်းမည့် အချိန်ကို မစောင့်နိုင်တော့ပါ။ ထိုအခါ အလွန် အံ့သြဖို့ ကောင်းလွန်းနေပါလိမ့်မည်။
ဂိမ်းပလက်ဖောင်းက အမြတ်ငွေများကို ကုမ္ပဏီ၏ ငွေစာရင်းထဲ မကူးပြောင်းရသေးသဖြင့် စနစ်ရန်ပုံငွေက သုညသာ ရှိပါသေးသည်။
ESRO ၏ ဂိမ်းပလက်ဖောင်းက ၎င်း၏ နည်းပညာ စနစ်ကို အသုံးချကာ ငွေပေးချေမှုကို အပတ်စဥ် အလိုလျောက် ဆောင်ရွက်ပေး၏။ ဖန်တီးသူနှင့် ဂိမ်းပလက်ဖောင်းက အမြတ်ငွေကို အညီအမျှ ခွဲယူကြသည်။
တစ်စုံတစ်ယောက်က ဝင်ငွေနှင့် ဒေါင်းလုတ် ပမာဏများကို ငွေချေသည့် ရက်မတိုင်ခင် စစ်ဆေးလိုပါက ဂိမ်းအယ်ဒီတာ၏ နောက်ဘက်တွင် စစ်ဆေးနိုင်ပါသည်။
ဂိမ်းကို တင်ပြီး ပထမ နှစ်ရက်အတွင်း ဖေးချမ့်က အနောက်ဘက်ကို စောင့်ကြည့်နေခဲ့ပြီး ကံမကောင်းသည့် အရူး ဆယ်ကျော်က ဂိမ်းကို ဝယ်ယူပြီး ဒေါင်းလုတ်ဆွဲခဲ့ကြသည်ကို မြင်ခဲ့ရပါသည်။
ဂိမ်းအသစ်တစ်ခုဖြစ်ပြီး မကြာခဏ ညွှန်းသည့် နေရာများတွင် ပေါ်လာတတ်သဖြင့် တချို့ ရူးရူးမိုက်မိုက် ဂိမ်မာတချို့ ဒေါင်းလုတ်ဆွဲပြီး ကစားကြမှာ ပုံမှန်သာဖြစ်သည်။
ဒေါင်းလုတ် ဆယ်ကျော်ဝန်းကျင်သာ ရှိသည်။ ပလက်ဖောင်းနှင့် အမြတ်ငွေခွဲယူလိုက်သောအခါ ယွမ် အနည်းငယ်သာ ရရှိပြီး ကြီးကြီးမားမား မထိခိုက်နိုင်ပါ။
ထို့အပြင် ထိုဂိမ်မာ အားလုံးကလည်း ကြယ် ၁ ပွင် ရီဗျူးသာ ပေးခဲ့ကြသည်။ ထို့ကြောင့် အထီးကျန် ကန္တာရ၏ Rating များက လုံးဝ ကြောက်ဖို့ကောင်းလောက်အောင် ညံ့ဖျင်းပြီး ဒေါင်းလုတ်ထပ်ဆွဲမည့် အရူး ဂိမ်မာများလည်း မရှိနိုင်လောက်တော့ပါ။
ဒီဂိမ်းက ကျရှုံးဖို့ အကြောင်းဖန်လာပြီကို အတည်ပြုပြီးသွားသဖြင့် ဖေးချမ့်က ပျော်ရွှင်စွာဖြင့် ဂိမ်းအယ်ဒီတာထဲ ဝင်စစ်မကြည့်ခဲ့တော့ပါ။
ဒီနေ့ ဂိမ်းအယ်ဒီတာကို ဝင်စစ်ကြည့်လည်း ဘာမှထူးခြားမှာ မဟုတ်ကြောင်း သေချာသော်လည်း မသိစိတ်ကြောင့် စစ်ကြည့်လိုက်မိပါသေးသည်။
စပ်စုလိုသော စိတ်ဖြင့် ကြည့်လိုက်ခြင်း ဖြစ်သည်။
တခြား ဖန်တီးသူများကတော့ သူတို့ဂိမ်းအတွက် ရလဒ်ကောင်းများကို အမြဲတမ်း မျှော်လင့်တတ်ကြပြီး Refresh တစ်ခါနှိပ်လိုက်တိုင်း ဒေါင်းလုတ် သောင်းချီ သိန်းချီ ရှိဖို့တောင် မျှော်လင့်နေကြသည်။ တဖက်တွင် ဖေးချမ့်ကတော့ အဆိုးရွားဆုံးဆိုသည့် ရလဒ်များကိုသာ မျှော်လင့်နေပြီး သုညအလုံးကြီးကြီး တစ်လုံးကတောင် အကောင်းဆုံးဖြစ်နိုင်ခြေ ဖြစ်သည်။
"ငါထင်တာသာ မမှားရင် ဒေါင်းလုတ် အရေအတွက်က ဂဏန်း နှစ်လုံး -- ငါ့လခွီး။"
"ဘယ်လိုဖြစ်တာလဲဟ။"
ဖေးချမ့် ကြောင်သွားပါသည်။
ဒေါင်းလုတ်အရေတွက်က ဂဏန်း လေးလုံးကိုပင် ရောက်ရှိသွားပြီး အခုတော့ ငါးလုံးပြည့်ဖို့ပင် တက်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့် အံ့အားသင့်သွားရပါသည်။
ဖြောင်း။
ညာလက်ဖြင့် သူ့နှဖူးကိုသူ ရိုက်လိုက်ပြီး သူအမြင်မှားနေသည်ဟုပင် ဖေးချမ့် ထင်လိုက်မိပါသည်။
"ဒေါင်းလုတ် ၈,၀၀၀ + ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။"
"ခဏနေရင် ၁၀,၀၀၀ တော်ကျော်တော့မယ်ဟ။"
"ပြီးတော့ ငွေရှင်းဖို့က ၁၀ ရက်တောင် ကြာသေးတယ်။"
ဖေးချမ့် ဒေါသလည်းထွက်၊ လုံးဝ အသည်းအသန်လည်း ဖြစ်သွားခဲ့ပါသည်။
ကိစ္စတွေက သူမျှော်လင့်ထားတာထက် အဝေးကြီး ကျော်လွန်သွားပြီ။
ဒါက မူကြိုကျောင်းသားလေး တစ်ယောက်တောင် ဖြေရှင်းနိုင်သည့် သင်္ချာပြဿနာ တစ်ပုဒ်ဖြစ်သည်။ ဒေါင်းလုတ်အရေအတွက် ၈,၀၀၀ ကျော်ဆိုလျှင် ယွမ် ၈,၀၀၀ ကျော်ရနေပြီကို ဆိုလို၏။ ပလက်ဖောင်းက ၅၀ ရာခိုင်နှုန်း ယူသွားလျှင် အသားတင် အမြတ်ငွေ ၄,၀၀၀ ကျန်မည်ဖြစ်သည်။
ESRO မှ ဂိမ်းအများစုမှာ အခွန် ၅ ရာခိုင်နှုန်း ဆောင်ရမည်ဟု ထုတ်ပြန်ထား၏။ သို့သော် ၎င်းတို့ပလက်ဖောင်းပေါ်က အနိမ့်စား ဂိမ်းများကိုတော့ အခွန်လျှော့ချပေးပြီး လျစ်လျူပင်ရှုနိုင်ပါသည်။
ဒါဆိုရင် ဒီအပတ် ပလက်ဖောင်းမှ ကုမ္ပဏီ၏ အကောင့်ထဲသို့ ပေးဆောင်သည့် ငွေပမာဏက စနစ်ရန်ပုံငွေကို ၄,၀၀၀ ကျော်သွားစေလိမ့်မည်။
အဲ့တာ ဘာကို ဆိုလိုသနည်း။
ယဲ့ရှောင်ချန်း အပို ယွမ် ၄,၀၀၀ ရမည်ဟု ဆိုလိုသလား။
မဟုတ်ပါ။
ဆန့်ကျင်ဘက်ဖြစ်ပြီး သူ ယွမ် ၄,၀၀၀ အရှုံးပေါ်သွားမည် ဖြစ်သည်။
အစကတော့ ဖေးချမ့်က သူသုံးစွဲလိုက်သည့် စနစ်ရန်ပုံငွေထဲမှ သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ အမြတ်ငွေသန့်သန့် ၅၀,၀၀၀ ကိုရရှိမည်ဖြစ်သည်။
ယခု ယွမ် ၄,၀၀၀ အပိုရရှိသဖြင့် အသားတင် အရှုံး ယွမ် ၄၆,၀၀၀ သာရှိတော့မည်။ ဒါဆို သူရရှိမည့် ယွမ် ၅၀,၀၀၀ မှ ယွမ် ၄၆,၀၀၀ အဖြစ် လျော့ကျသွားခြင်းကို ဆိုလိုပါသည်။
ဒါတင်မကသေးဘဲ ဒေါင်းလုတ်ပမာဏကလည်း ပုံမှန် ဆက်တက်နေဆဲဖြစ်ပါသည်။
ဖေးချမ့် ပလက်ဖောင်းကို Refresh လုပ်လိုက်တိုင်း ဒေါင်းလုတ်ဆွဲသည့် ကိန်းဂဏန်းပမာဏများက နောက်တစ်ခေါက် ထပ်တက်သွားတတ်သည်။ တစ်ခါတစ်လေ ဆယ်ကျော်... တစ်ခါတစ်လေ ရာကျော်...
တိုးမြင့်သွားသည့် အချိန်တိုင်းက ဖေးချမ့်၏ အနာကို ဆားဖြင့် ပက်လိုက်သလိုပင်။
အဘယ့်ကြောင့်ဆိုသော် သူရရှိလိုက်သည့် ပမာဏတိုင်းက သူအမှန်တကယ်ရမည့် ကိုယ်ပိုင်စည်းစိမ် ပမာဏကို လျော့နည်းသွားစေခြင်းနှင့် ညီမျှပါသည်။
ထို့အပြင် နောက်ထပ် ငွေစာရင်းရှင်းဖို့အတွက် ၁၀ ရက်ကျန်နေပါသေးသည်။ ဒေါင်းလုတ် ပမာဏသာ ဒီအပတ်ထဲ ၁၀ ဆလောက်တက်သွားရင်...
ကျွတ်...။
အခြေအနေမကောင်းတော့ဘူး။
ဖေးချမ့် ဒီတိုင်း ထိုင်မနေနိုင်တော့ပါ။
"ဒါဘာသဘောလဲကွ။ ဂိမ်းအယ်ဒီတာရဲ့ နောက်ဘက် ပရိုဂရမ်တွေ bug ကိုက်နေတာလား။"
"ဒီလောက် စုတ်ပြတ်နေတဲ့ဂိမ်းက ဘာလို့ ဒေါင်းလုတ် ထောင်ချီပြီး ရနိုင်ရတာလဲ။ ငါ့ကို လာနောက်နေကြတာလား။"
သူ မယုံကြည်နိုင်လွန်းသဖြင့် တရားဝင် ဂိမ်းပလက်ဖောင်းကို အမြန်ဖွင့်ကာ အထီးကျန် ကန္တာရလမ်း၏ ကောမန့်အပိုင်းကို ရှာကြည့်လိုက်ပါသည်။
သူမှင်သက်သွားရလောက်အောင် Ratingက သိပ်ပြီး မပြောင်းလဲသော်လည်း ကောမန့် အပိုင်းကတော့ အသစ် ရာကျော် ကောမန့်များနှင့် ပြည့်နှက်နေခဲ့ပါသည်။
"ဆရာကြီးချောင်းရဲ့ လှည့်ပတ်ကြည့်ရှုရေး အဖွဲ့"
"ဆရာကြီးချောင်းရဲ့ လှည့်ပတ်ကြည့်ရှုရေး အဖွဲ့ + 1"
"ငါအူတက်ပြီး သေတော့မှာပဲ။ ဒီလို လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ဂိမ်းမျိုး တကယ်ရှိတယ်ပေါ့။ ငါ့ကို အမြင်ကျယ်အောင် တကယ် လုပ်ပေးလိုက်တာပဲ။"
"ငါဒေါင်းလုတ်ဆွဲတယ်။ စိန်ခေါ်ကြည့်တယ်။ ငါးမိနစ်ကြာပြီးတော့ ရှုံးသွားရော"
"၁ ယွမ်က ပြန်အမ်းငွေတောင်းဖို့ စိုက်ထုတ်ရမယ့် အားအတွက်တောင် မတန်ဘူး။ ငါမပြန်ခင် တံတွေးနဲ့ ထွေးသွားပါရစေ။ ထွီးး..."
"ဒီဂိမ်းကို ငါ့သူငယ်ချင်းတစ်ယောက်ကို ညွှန်းပေးလိုက်ပြီး ဂိမ်းအဆုံးထိ တောင့်ခံနိုင်ရင် အရမ်းအံ့သြဖို့ကောင်းတဲ့ Easter Egg ကြီး ရှိတယ်လို့ ပြောလိုက်တာ။ အခု ငါ့သူငယ်ချင်းက ငါ့ကို သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်တော့မယ်။ ဘယ်လိုလုပ်ရမလဲ"
"အပေါ် ကောမန့်ကကောင်။ မင်းလူကော ဟုတ်ရဲ့လား။ ငါ့သူငယ်ချင်းကိုတော့ ငါက လုံးဝ ရိုးရိုးသားသားပဲ ပြောပြခဲ့တာ။ ဂိမ်းအဆုံးမှာ ဘာမှမရှိဘဲ အနက်ရောင်စခရင်နဲ့ စာကြောင်းတစ်ကြောင်းပဲ ရှိတယ်လို့။ တကယ်တော့ အဲ့ဒီစာကြောင်းက ဘာလဲဆိုတာတောင် သူ့ကို ပြောပြခဲ့တာ။ ဒါပေမယ့် ဘယ်လိုဖြစ်လဲ သိလား။ ငါက သူ့ကို ညာနေတယ်လို့ ထင်ပြီး သူ့ဖာသာသူ ဆော့ကြည့်ဖို့ပဲ အားသန်နေခဲ့တာ။ ဂိမ်းတော့ သူ မအောင်သေးပေမယ့် ဂိမ်းခလုတ် သုံးခုလောက်တော့ ရိုက်ခွဲပြီးသွားပြီ။ ငါတို့လည်း သူငယ်ချင်းအဖြစ်ကနေ ပြတ်စဲဖို့ တော်တော်လေး နီးပြီထင်တယ်..."
"ဖန်တီးသူရဲ့ လိပ်စာကို သိတဲ့လူများရှိလား။ အပျော်သဘောမေးတာပါ။ ငါ့ရဲ့ ပြည်တွင်းဖြစ် အထူးပစ္စည်းလေးတွေ ညွှန်းပေးချင်လို့ပါ။"
"မင်းတို့အကုန်ဆော့တာ ရပ်ပြီး ဆရာချောင်းရဲ့ Walkthrough ကိုပဲ ကြည့်ကြဖို့ အကြံပေးချင်တယ်။ သူ ၈ နာရီစလုံးကို Record လုပ်ထားတယ်။"
"ဖွီး...ငါပြောပြမယ်။ ဒီဂိမ်းကို ကစားရင် တကယ် နားလည်နိုင်လာတာတွေ ရှိတယ်။ အဲ့တာမျိုးက ဗီဒီယို ကြည့်ရုံနဲ့ ရတာမျိုး မဟုတ်ဘူး။"
"ထပ်လိမ်စမ်း၊ ထပ်လိမ်စမ်းပါဦး။"
"တကယ်ပြောတာကွ။ ထန်စန်းကိုယ်တော်ဆိုရင် ဒုက္ခဆင်းရဲ ၈၁ ခုကို ကျော်ဖြတ်ပြီးမှ ကျန်းဂန်ကို အောင်မြင်စွာ ပင့်ဆောင်နိုင်ခဲ့တာ။ အနောက်ဘက်သို့ ခရီးနှင်ခြင်းကို ကြည့်ရုံနဲ့ ထန်စန်းလို ဗုဒ္ဓ ဖြစ်လာနိုင်မယ်လို့ ထင်နေတာလား။"
ဖေးချမ့် လုံးဝ စွန့်အနေခဲ့ပါပြီ။
ဒါတွေက ဘာတွေလဲ။
ဒီကောမန့်တွေက ဘယ်ကနေရောက်လာတာလဲ။
"ဆရာချောင်းရဲ့ လှည့်ပတ်ကြည့်ရှုရေးအဖွဲ့ ဟုတ်လား"
နာမည်ကျော်တစ်ယောက်က သူ့ကို သဘောကျသွားတာများလား။
လုံးဝ စိတ်ရှုပ်ထွေးစွာဖြင့် ဖေးချမ့်က ဆရာချောင်းဆိုတာကြီးကို အွန်လိုင်းပေါ်မှာ ရှာကြည့်လိုက်ပါသည်။
သိပ်မကြာလိုက်ဘဲ ဆရာချောင်း၏ ကိုယ်ပိုင် Page တစ်ခုကို အစုတ်အပြတ် Web တွင် ရှာတွေ့ကာ မနေ့တစ်နေ့က တင်ထားသည့် ဗီဒီယို တစ်ပုဒ်ကို မြင်လိုက်ရ၏။
[ အမှိုက်သရိုက်ဂိမ်း ဝေဖန်ခြင်း အပိုင်း ၆၄ : အမှိုက်သရိုက်ဂိမ်းတစ်ခုကို အောင်မြင်ဖို့အတွက်နဲ့ ငါ ၈ နာရီလောက် အချိန်ဖြုန်းခဲ့ရတယ်။ နောက်ဆုံးမှာ တွေ့လိုက်ရတာက ... ]
ကြည့်ရှုသူအရေအတွက်က ၂၀၀,၀၀၀ ပင်ကျော်နေပါပြီ။
ဖေးချမ့် ဆွံ့အသွားသည်။
တရားခံကို တွေ့ခဲ့ပြီ။