← Chapters

တရားခံတွေ့ပြီ

Vol. 1 Ch. 7

တရားခံတွေ့ပြီ

Vol. 1 Ch. 7

အခန်း(၇) တရားခံတွေ့ပြီ

ဖေးချမ့် ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပါသည်။

လေးလေးပင်ပင် အက်အက်ကွဲကွဲလေသံဖြင့် ပြောသော ဆရာချန်းအား ဖေးချမ့် နက်နက်ရှိုင်းရှိုင်း မှတ်မိလွယ်သွားပါသည်။

"ချစ်လှစွာသော ဒယ်ဒီလေးတို့။ မင်္ဂလာပါ ကျွန်တော်ကတော့ ခင်ဗျားတို့ သိကြတဲ့ ဂိမ်းတွေရဲ့ ဘိုးအေကြီး ဆရာချောင်းပဲဖြစ်ပါတယ်"

"ပရိတ်သတ်တွေက ကျွန်တော် အစုတ်အပြတ် ဂိမ်းတွေအကြောင်း ဝေဖန်တာကို သတိရတယ်ဆိုပြီး ဗီဒီယိုအသစ်တွေတင်ဖို့ တောင်းဆိုတာတွေ အများကြီးရှိပါတယ်။ အခု ကျွန်တော် Update လုပ်ဖို့ကို အချိန်ဆွဲခဲ့ရတယ် ဆိုတာက ပျင်းလို့မဟုတ်ပါဘူး။ ကျွန်တော်တွေ့သမျှ အစုတ်အပြတ်ဂိမ်းတွေက အစုတ်အပြတ်အဆင့်ထဲမှာ အစုတ်အပြတ် အဆန်ဆုံးဖြစ်နေကြလို့ပါဗျာ..."

"ကဲ နောက်ဆုံးတော့ ကောင်းကင်ဘုံဆိုတာ အလုပ်ကြိုးစားတဲ့လူတွေကို ဒီတိုင်း ပစ်မထားဘူး မဟုတ်လား။ အမှိုက်တွေကြားထဲက အမှိုက်ရတနာအစစ်ကို ရှာတွေ့ဖို့အတွက် ကျွန်တော် ကြိုးစားပမ်းစား ရှာဖွေပြီးနောက်မှာတော့ ဒီချီးထုပ်-- အဲလေ ရွှေတုံးကြီးကို ရှာတွေ့ခဲ့ပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော် တင်ပြပေးချင်တာကတော့ အထီးကျန် ကန္တာရလမ်းလို့ ခေါ်ပါတယ်။"

"ဒီဂိမ်းက အချိန် အစစ်အမှန် ၈ နာရီလောက်ကြာတဲ့ ဒဿန ခရီးစဥ်ကြီးတစ်ခုကို ပျော်ပျော်ကြီး ကစားနိုင်မယ့် အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။"

"အရမ်းကို လက်တွေ့ဆန်တဲ့ ကားမောင်းဂိမ်း တစ်ခုဖြစ်ပါတယ်။ ကားမောင်းရုံတင်မကသေးဘဲ ဟွန်းတီးလို့တယ်။ အမြဲပြောင်းလဲနေတဲ့ ကန္တာရရဲ့ ရှုခင်းကို ရှုမျှော်ခံစားရင်း သီချင်းတောင် နားထောင်လို့ ရပါသေးတယ်။"

"ဟုတ်ပါတယ်။ အကုန်လုံး သဲတွေနဲ့ ပြည့်နေပြီး ကြည့်စရာ များများစားစား သိပ်မရှိတာတောင် ကျွန်တော်ပြောတာ ယုံပါ။ ရွေ့လျားနေတဲ့ သဲတွေကကို အကြိမ်တိုင်းမှာ ခြားနားနေသလို ခံစားရစေမှာပါ။ အချိန်အကြာကြီး နေရင် တံလျှပ်တစ်ခုကိုတောင် မြင်နိုင်ပါတယ်..."

"ဘာဖြစ်တယ် မမြင်ဘူး ဟုတ်လာ။ စိတ်မပူပါနဲ့ ၈ နာရီရှည်ကြာတဲ့ ခရီးရှည်ကြီးကို သည်းခံပြီးရင်တော့ သေချာပေါက် မြင်နိုင်မှာပါဗျာ။"

"အဲ့ဒီအပြင် ဒီဂိမ်းမှာ အရမ်းတိကျတဲ့ အဆင့်သတ်မှတ် စနစ်ရှိပြီး အောင်မြင်မှု အကြိမ် အရေအတွက်နဲ့ သက်ရောက်မှု ဂိမ်းအချိန်ကို တကယ်ကြီး မှတ်သားနိုင်ပါတယ်။"

"အောင်မယ်လေး ဒီဂိမ်းအတွက် ကျွန်တော့်ဘဝရဲ့ အချိန်ဘယ်လောက်တောင် ဖြုန်းခဲ့သလဲဆိုတာကို ဆက်တိုက် အမှတ်ရစေဖို့ ထည့်ပေးထားတဲ့ မြင့်မြတ်လှတဲ့ လုပ်ဆောင်ချက်လေးပါလား..."

"အ- အဟမ်း။ ဟုတ်ပြီ။ ကျွန်တော် ရွဲ့ပြီး ပြောတယ်ဆိုတာ အားလုံး နားလည်ကြမှာပါ။ တကယ်တော့ ဂိမ်းလောက သမိုင်းကြောင်းထဲမှာ ဒီဂိမ်းကို ပျင်းစရာ အကောင်းဆုံးဂိမ်းလို့တောင် ခေါ်လို့ရပါတယ်"

"ဟုတ်ပါတယ်။ နားကြားမမှားပါဘူး။ အရင်တုန်းကဖြစ်ဖြစ် အခုလက်ရှိဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် ဒီ့ထက် ပျင်းစရာကောင်းတဲ့ တခြားကားမောင်းဂိမ်းဆိုတာ ရှိနိုင်မယ် မထင်တော့ပါဘူး"

"ခရီးလမ်း ၈ နာရီစလုံးမှာ လမ်းအချိုးအကွေ့တွေကို စောင့်ကြည့်နေရမှာ။ အကွေ့ကို လွတ်သွားတာနဲ့... ပြောမှာ စိတ်မကောင်းပေယ့် ရှုံးသွားပြီး အစကနေ ဂိမ်းကို ပြန်စရမှာပါ။"

"ဂိမ်းရပ်လို့၊ Save လို့ မရဘူးလား မမေးကြပါနဲ့။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ ခေတ္တရပ်စဲတဲ့ လုပ်ဆောင်ချက် လုံးဝလုံးဝလုံးဝ မပါလို့ပါပဲ။။"

"ဒီဂိမ်းကနေ ရရှိနိုင်တဲ့ တစ်ခုတည်းသော ပျော်ရွှင်မှုဆိုလို့ ဟွန်းတီးနိုင်ပြီး သီချင်းနားထောင်နိုင်တာပဲရှိတယ်။ ဒါပေမယ့် ပြဿနာက ကိုယ်နားထောင်ချင်တဲ့ သီချင်းကို နားမထောင်နိုင်ရုံတင် မကသေးဘဲ ရေဒီယို ချန်နယ်ကိုတောင် ပြောင်းလို့မရဘူး။ နားထောင်နိုင်တဲ့ သီချင်းတွေက လူမသိ သူမသိ ရိုးအီနေတဲ့၊ ဒါမှမဟုတ် ရှေးဟောင်း သီချင်းကြီးတွေပဲ ရှိတယ်။ အဲ့တာတင် မကသေးဘူး မကြိုက်တဲ့ သီချင်းတွေကိုတောင် ကျော်လို့မရဘူးတဲ့ဗျာ။"

"ပြီးတော့ ထိတ်လန့်ဖို့အကောင်းဆုံးက နောက်ဆုံးအချိန်မှ ပေါ်လာပြီး ကျွန်တော့်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ မျက်နှာ ပြောင်သွားပါတယ်။ -- သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန် ၈ နာရီကို ဖြုန်းတီးလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်တဲ့။"

"ဟုတ်တယ်။ ဒီဂိမ်းက တကယ်ပဲ ကိုယ့်ဘဝကိုယ် ပြန်စဥ်းစားချင့်ချိန်သွားစေတဲ့ ဂိမ်းမျိုးပဲ။ ကျွန်တော့်ကိုလည်း အဲ့လိုပဲ လုပ်ပေးသွားခဲ့တာပါ။"

"ကျွန်တော့်အချိန်တွေက ဘယ်လောက်တန်ဖိုးရှိပြီး ဂိမ်းတွေက အချိန်းဖြုန်းရုံ သက်သက်ပဲဆိုတာ ကျွန်တော့်ကို နားလည်စေခဲ့တယ်။"

"ဒီဂိမ်းကို ပျင်းစရာ ကောင်းမှုအရ အဆင့်သတ်မှတ်ပေးရမယ်ဆို ၁၀ မှတ်မှာ အမှတ်ပြည့် ၁၀၀ ရမှာပါ"

"ဒါပေမယ့် ဟုတ်ပါတယ်လေ ဒီလိုဂိမ်းမျိုးကတောင် ဘယ်ပြည့်စုံနိုင်ပါ့မလဲ"

"ဒီဂိမ်းကိုအောင်မြင်သွားတဲ့ ပထမဆုံး ကြိုးစားပမ်းစား ကစားသမားတစ်ယောက် အနေနဲ့ (Ranking မှာ စစ်ကြည့်လို့ရတယ်နော်) အခု ဖော်ပြပါ အချက်တွေကို ထည့်သွင်းပေးဖို့ အကြံပေးလိုပါတယ်"

"အရင်ဆုံး ပြောချင်တာက ဆုံးမှတ်ကို ကားရောက်သွားရင် ဘာလို့ ဂိမ်းက ပြီးသွားတာလဲ။ ဆုံးမှတ်ကို ရောက်ရယ် ဂငယ်ကွေ့ ကွေ့ပြီး စမှတ်ကို ပြန်မောင်းလို့ရအောင် လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ ဒီလိုသာဆို အဆုံးမဲ့ Mode တစ်ခုလုပ်ဖို့ ယုတ္တိရှိတဲ့ နည်းလမ်း ဖြစ်လာလိမ့်မယ်။"

"ဒီလိုဂိမ်းမျိုးကို ၁၀ ပတ်လောက် အောင်အောင်မြင်မြင် မောင်းနိုင်တယ်လို့ ပြောနိုင်တဲ့လူ တကယ်ရှိလာနိုင်မလား"

"ပြီးတော့ တခြားကစားသမားတွေနဲ့ ချိတ်ဆက်ပြီး ကားထဲမှာထိုင်ပြီးတော့ ရှုခင်းတွေကို ခံစားဖို့ သို့မဟုတ် ဒရိုင်ဘာနဲ့ စကားပြောလို့ရတဲ့ Multiplayer လုပ်ဆောင်ချက်ကိုလည်း ထည့်ပေးဖို့ အကြံပေးလိုပါတယ်"

"ဒီဂိမ်းရဲ့ ဖန်တီးသူက ကျွန်တော့်ရဲ့ အကြံဉာဏ်တွေကို အသိအမှတ်ပြုပြီး လက်ရှိ ဂိမ်းဗားရှင်းကို Update တင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် သေချာပေါက် နာမည်ကြီးလာနိုင်မှာပါ။"

"..."

"ကဲ အခုဒီအပတ်ရဲ့ ဝေဖန်ခြင်း အစီအစဥ် ဒီမှာပဲ အဆုံးသတ်ပါပြီ။ နောက်လာမယ့် ၈ နာရီလုံးလုံးက ဂိမ်းကစားခြင်းကို အပြည့်အဝ ဖမ်းယူထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ပျင်းနေတဲ့လူတိုင်း အရှေ့ကို မကျော်ဘဲ ခရီးစဥ် တစ်ခုလုံးကို လွတ်လွတ်လပ်လပ် လာကြည့်နိုင်ပါတယ်ခင်ဗျာ"

"ကျွန်တော်ပြောတာယုံပါ။ ကြည့်ပြီးရင် ခင်ဗျားတို့လည်း ဘဝအကြောင်း နားလည်မှုတချို့ သေချာပေါက် ရလာကြမှာပါ။"

ဖေးချမ့်က ဗီဒီယိုကို ရှေ့သို့ ကျော်ကြည့်လိုက်ပြီး ဆရာချောင်းက တကယ်ပဲ ဂိမ်းကစားခြင်း ၈ နာရီလုံးကို Record လုပ်ထားမှန်း မြင်လိုက်ရပါသည်။

ကောမန့် အပိုင်းတွင်လည်း စိတ်အားထက်သန်နေသည့် ပရိတ်သတ်များစွာဖြင့် ပြည့်နှက်နေခဲ့ပါပြီ။

"ငါတကယ်ကြီး ရှေ့မကျော်ဘဲ ၈ နာရီအပြည့် ကြည့်ခဲ့တယ်။ အခုတော့ ငါလည်း ဘဝရဲ့ အဓိပ္ပာယ်ကို စနားလည်လာပြီလို့ ခံစားနေရတယ်..."

"ဆရာချောင်းက တကယ်ကြီးကြီးမားမား အနစ်နာခံခဲ့တာပဲ။ ဒီ့အတွက်နဲ့ သူ့အသက်ကိုတောင် ရှေ့တန်းတင်ထားတာ။"

"ဆရာချောင်း ကျေးဇူးပြုပြီး ရပ်ပါတော့ဗျာ။ ခင်ဗျားရဲ့ အရေးအကြောင်းတွေကလည်း တောင့်မခံနိုင်တော့ဘူးဗျ။"

"ဒီခေတ်ကြီးထဲမှာ လူတွေက ဗီဒီယိုတစ်ခုလုပ်ဖို့ အသက်ကို ရင်းနေကြရပြီလား။"

"ငါဒေါင်းလုတ်ဆွဲပြီးသွားပြီ။ ကန္တာရထဲမှာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတွေ့နိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။"

"အပေါ် ကောမန့်ရေးတဲ့ကောင် ငါလည်း ပါမယ်။"

"ဂိမ်းရဲ့ နာမည်အပြည့်အစုံက အထီးကျန် ကန္တာရလမ်းတဲ့။ တရားဝင်ဂိမ်းပလက်ဖောင်းမှာ ရှာလို့ရတယ်။ ငါ့ကို ကျေးဇူးတင်မနေကြနဲ့။ ငါက စေတနာနဲ့ကူညီရုံပဲ။"

"ငါလည်းပါမယ် +1"

"လှည့်ပတ်ကြည့်ရှုသူတို့အဖွဲ့ သွားလိုက်ကြစို့။"

...

ကျန်ကောမန့်များကို ဖတ်ရင်း ဖေးချမ့် လုံးဝ ကြက်သေသေနေရပါသည်။

ဒီကမ္ဘာကြီးက တစ်ခုခု မှားယွင်းနေတာ ဖြစ်ရမည်။

ဒီလောက်ထိ စုတ်ပဲ့တဲ့ဂိမ်းကို လုပ်ခဲ့တာတောင် အကြောင်းအရာ ဖန်တီးသူတစ်ယောက်က ကုန်ကြမ်းအဖြစ်သုံးသွားပြီး တုန့်ပြန်မှုတွေ ထိုးတက်လာတယ်ပေါ့။

သူစိတ်ရှုပ်နေသော်လည်း အားလုံး ဘယ်လို ဖြစ်ခဲ့ကြောင်း ဖေးချမ့် နားလည်သလိုလို ရှိပါသည်။

ပထမဆုံး သူ့ဂိမ်းကို ဂိမ်းဝေဖန်ရေး ဗီဒီယိုများ ဖန်တီးရာတွင် ကျွမ်းကျင်သည့် ဆရာချောင်းဆိုသူက တွေ့သွားတာဖြစ်ရမည်။ ထို့နောက် သူက ထိုဂိမ်းကိုအသုံးချပြီး အပိုင်းတစ်ခု ဖန်တီးသည်။

သူ့ရဲ့ ပြိုင်ဘက်ကင်းသော ဇာတ်ညွှန်းနှင့် ပရိတ်သတ်များစွာလည်းရှိနေပြီး လိမ္မာပါးနပ်စွာ အက်ဒစ်လုပ်ပြီးသွားသောအခါ ဗီဒီယိုက ပေါက်သွားတာ ဖြစ်ရမည်။

သိပ်မကြာခင် လှည့်ပတ်ကြည့်ရှုသူ အုပ်စု တစ်စုက ဒီဂိမ်း၏ ပျင်းစရာကောင်းမှုကို စိတ်ဝင်စားကြသဖြင့် ဗီဒီယိုကို သဘောကျသွားကြသည်။

၎င်းတို့အနက် ဂိမ်းက တကယ်ပျင်းဖို့ ကောင်းသဖြင့် အများစုက စစ ကစားပြီးပြီးချင်း သိပ်မကြာခင်မှာပင် ကစားတာကို ရပ်တန့်ခဲ့ကြသည်။ သို့သော်လည်း သူတို့အများစုအတွက်တော့ ၁ ယွမ်ဆိုတာ မပြောပလောက်သဖြင့် ငွေပြန်အမ်းဖို့ မတောင်းဆိုကြတော့ပါ။

အဆင့်သတ်မှတ် စနစ်ကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သော လူနည်းစုလည်း ရှိနေပြီး ရည်ရွယ်ချက်ရှိရှိ လိုက်ဂျင်းထည့်နေသော ဂိမ်မာတချို့ပင် ရှိပါသေးသည်။

၄ နာရီအကြာတွင် ကန္တာရထဲကို ကြည့်လိုက်သောအခါ အလွန်ပျော်စရာ ကောင််းသည့် Easter Eggတစ်ခုပေါ်လာလိမ့်မည်ဟုပင် လိမ်ကြသည်။

တချို့ကျတော့ ဂိမ်းကို ၃ ခါ အောင်မြင်ပါက လျှို့ဝှက် အဆင့်တစ်ခု ပေါ်လာလိမ့်မည်ဟု ဆိုကြ၏။

ထိုဗီဒီယိုကို Share လို့ရမလားဟု ကောမန့်ထဲ မေးသူများပင် ရှိသေးသည်။

ကိစ္စများ အခြေအနေမကောင်းတော့သည်ကို ဖေးချမ့် သတိထားမိသွားသည်။

ဒီဂိမ်းက မကြာခင် ရေပန်းစားလာတော့မယ့်ပုံ ဘာလို့ ပေါက်နေတာလဲ။

မဟုတ်မှလွဲရော... ဒီဂိမ်းကြောင့် ငွေအရှုံးမပေါ်နိုင်တော့ဘူးလား။

"မဟုတ်ဘူး မဖြစ်နိုင်ဘူး။ ငါတစ်ခုခုလုပ်မှဖြစ်မယ်..."

ဖေးချမ့်က ဒီတိုင်း ထိုင်စောင့်နေဖို့ စိတ်ကူးမရှိပါ။ ကိုယ့်ကိုယ်ကို ပြန်ကယ်ရတော့မည်။

ဒီဂိမ်းသာ ရေပန်းစားလာလျှင် အကြီးအကျယ် အရှုံးပေါ်သွားနိုင်ပါသည်။

ဒီပြဿနာ သူရေးထားသည့် အနှစ်ချုပ်မှ စတင်ခဲ့သည်ဟု သူတွေးလိုက်မိသည်။

အဓိပ္ပာယ် အလွန်မသဲမကွဲလွန်းသဖြင့် ဂိမ်မာများက နားလည်မှုလွဲသွားကြတာဖြစ်နိုင်သည်။

ဂိမ်မာများအပေါ် ရိုးသားဖို့ အချိန်ကျပြီ။

လူသစ်များကို ဒီ့အတွက် ပိုက်ဆံမဖြုန်းဖို့ တိုက်တွန်းရပါတော့မည်။

All Chapters