ငွေစာရင်းရှင်းခြင်း
Vol. 1 Ch. 8
အခန်း(၈) ငွေစာရင်းရှင်းခြင်း
သို့သော်လည်း ဂိမ်မာတွေကို သူဘယ်လို တားမြစ်ရမည်နည်း။
အစကတည်းက ဖေးချမ့်က ဘာကောင်မှ မဟုတ်ပါ။ အထီးကျန်ကန္တာရလမ်းကို ဖန်တီးသူဟူပြီး သူ့သရုပ်မှန်ကို ကြေညာလိုက်ရင်တောင် သတင်းကို ဘယ်လိုမြန်မြန် ပြန့်အောင်လုပ်ရမည်နည်း။
စဥ်းစားကြည့်ပြီးသောအခါ တရားဝင်ဂိမ်းပလက်ဖောင်းပေါ်က သူ့ဂိမ်းစာမျက်နှာတွင် အသေးစိတ်ရှင်းပြလိုက်တာသာ ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
ဒီလိုဆို ဂိမ်းဒေါင်းလုတ်ဆွဲဖို့ ဝင်လာသည့် လူတိုင်းက သူ့မက်ဆေ့ကို တန်းမြင်ကာ တားမြစ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်လာနိုင်ပါသည်။
စဥ်းစားပြီးနောက် ဖေးချမ့်က နောက်ဘက် ပရိုဂရမ်ကို ဖွင့်ကာ ဂိမ်း၏ အနှစ်ချုပ်ကို စတင် ပြုပြင်၏။
"နှစ်နှစ်ကာကာ တောင်းပန်ပါတယ်။"
"ကျွန်တော်တောင်းပန်ပါတယ်။ ဒီဂိမ်းက တကယ့်ကို စုတ်ပြတ်ပြီး အောက်တန်းကျတဲ့ ဂိမ်းတစ်ခုပါပဲ။"
"ပျင်းဖို့ကောင်းလွန်းလို့ ကစားဖို့တောင် မထိုက်တန်တဲ့ ဂိမ်းမျိုးပါ။"
"ကျေးဇူးပြုပြီး မကစားကြပါနဲ့တော့။ ဝယ်ယူထားတဲ့ လူတွေလည်း ကျေးဇူးပြုပြီး ဒီအခွင့်အရေးကို ယူပြီး ငွေပြန်အမ်းဖို့ တောင်းဆိုနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
ဖေးချမ့်က အနှစ်ချုပ်ကို ပြောင်းရေးလိုက်ကာ စောင့်နေလိုက်သည်။
နောက်ဆုံးတွင် တစ်နာရီကျော်ကြာသွားတာတောင် ဂိမ်း၏ နာရီပိုင်း ဒေါင်းလုတ်ပမာဏက ကျသွားသည့် အရိပ်အယောင်မပြပါ။
ဒါတင်မကဘဲ ကောမန့် အသစ်တချို့လည်း ရှိနေသည်။
"ဟမ် ဂိမ်းရဲ့ အနှစ်ချုပ် ပြောင်းသွားတာလား"
"ဒီဂိမ်းဖန်တီးသူက စိတ်ဒဏ်ရာများ ရထားတာလားကွာ"
"မင်းတောင်းပန်တာကိုတော့ ငါခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ၁ ယွမ်လောက်ကို ပြန်တောင်းဖို့က အလုပ်ရှုပ်လွန်းတယ်။ မင်းကို ရေခဲမုန့်ဝယ်ကျွေးတယ်လို့ပဲ သဘောထားလိုက်တော့ ဖန်တီးသူရေ။"
"ဒီဖန်တီးသူကတော့ ငါ့ကိုအူတက်အောင် လုပ်နေပြီ။ ဒီဂိမ်းကို အမှိုက်ဂိမ်းမှန်း ငါတို့ မသိဘူးထင်နေလား။ အမှိုက်ဂိမ်းမို့လို့ကို ငါတို့က ကစားနေတာကွ။"
"ဒီဖန်တီးသူက ကိုယ့်အပြစ်ကိုယ်သိသားပဲ။ မင်းရဲ့ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ နောက်ထပ် ၅ ယွမ် ဘောက်ဆူးပေးမယ်။"
"ဒီဂိမ်းကို ငါ့သူငယ်ချင်းတစ်ယောက်ဆီ လက်ဆောင်အဖြစ်တောင် ပို့ပေးလိုက်ဦးမယ်ကွာ။"
ဖေးချမ့်က ကောမန့်များကို ဖတ်ရင်း ငိုမဲ့မဲ့ဖြစ်နေလေပြီ။
ဒီကောင်တွေ ငွေပြန်အမ်းခိုင်းအောင် အနှစ်ချုပ်မှာ ငါဘာရေးရမလဲ။
နောက်ဆုံးတော့ ရောင်းစျေးကို ၁ ယွမ်သတ်မှတ်ခဲ့ခြင်းက အမှားကြီးတစ်ခုဖြစ်မှန်း ဖေးချမ့် နားလည်သွားခဲ့ပါသည်။ စျေးပေါလွန်းသဖြင့် ဝယ်သွားသည့် လူများက ငွေပြန်အမ်းခိုင်းဖို့ပင် မမှုကြတော့ပါ။
သို့သော်လည်း အဓိကအချက်က စျေးကို အရမ်းအမြင့်ကြီးလည်း မတိုးရဲသောကြောင့်ဖြစ်သည်။ ဒါက အနိမ့်စားဂိမ်းတ်စမျိုးသာဖြစ်သည်။ သူယွမ် ၁၀၀ အဖြစ်သတ်မှတ်လိုက်ပါက ESRO ၏ စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်ကို အောင်မြင်ဖို့ ခက်ခဲရုံသာ မကဘဲ စနစ်ကလည်း သေချာပေါက် သူ့ကို သတိပေးပါလိမ့်မည်။
ဖေးချမ့်က ဂိမ်း၏ ရေပန်းစားမှု ဆက်တိုက် တိုးမြင့်လာသည်ကို ကြည့်ရင်း စိတ်ပျက်အားလျော့နေပါသည်။ သူသည်းမခံနိုင်တော့ပေ။
...
တနင်္လာနေ့။
"ယောက်ဖချမ့်။ ဒီနေ့ နေ့လည် အတန်းလည်း ထပ်လစ်ဦးမှာလားကွ"
မာယန်က သူ့အထုပ်များကို ပြင်ဆင်ပြီးပြီ ဖြစ်သည်။ နိုးနေတာ သေချာသော်လည်း အိပ်ယာပေါ်တွင်လှဲပြီး ဘဝကြီးအကြောင်း မျက်လုံးပြူးပြူး ငါးသေတစ်ကောင်လို တွေဝေစဥ်းစားနေသည့် ဖေးချမ့်ကို ဇဝေဇဝါကြည့်ကာ မေးလိုက်သည်။
ဖေးချမ့်က လက်ခါပြလိုက်သည်။ ပြန်ဖြေဖို့ အားပင်မရှိတော့ပါ။
"မင်းကတော့ တကယ့်ကောင်ပဲ"
မာယန်က စာအုပ်များဖြင့် ထွက်သွားတော့သည်။
ဒါက ပထမနှစ်သာ ရှိသေး၏။ ကျောင်းသားအများစုက ဒုတိယနှစ် သို့မဟုတ် တတိယနှစ် မရောက်ခင်အထိ အတန်းလစ်သည့် အလေ့အကျင့်များ၊ နေ့လည်အထိ အိပ်တတ်သည့် အကျင့်များကို စတင်ပျိုးထောင်နေသော ကာလဖြစ်သည်။
ဖေးချမ့်က အနာဂတ် ၁၀ နှစ်လောက်က ပြန်ရောက်လာသူတစ်ဦးဖြစ်ပြီး ထိုအတန်းချိန်များကိုလစ်လည်း သူ့အတွက် ဘာမှဖြစ်မသွာားမည်ကို ဖေးချမ့် သိပါသည်။
နောက်ဆုံးတော့လည်း သူက အတန်းချိန် တစ်ချိန် ပျက်သွားရုံနှင့် စာမေးပွဲကျသွားနိုင်သည့် ဆေးကျောင်းလို ဥပဒေကျောင်းလို ကျောင်းသားမဟုတ်ပါ။ သူ့လို လူသားဗေဒ မေဂျာတစ်ယောက်အတွက် အတန်းချိန်အကုန်လုံးကို လစ်ရင်တောင် နောက်ဆုံး မိနစ်ပိုင်းလောက်ကျမှ စာမေးပွဲအောင်အောင် ခေါင်းထဲ ပြွတ်သိပ်ထည့်နိုင်ပါသည်။
ထို့အပြင် ဖေးချမ့်က အတန်းတက်ဖို့လည်း စိတ်မပါပေ။
ဂိမ်းအယ်ဒီတာ၏ နောက်ဘက်ပရိုဂရမ်ကို နေ့စဥ် Refresh လုပ်လိုက်တိုင်း ခုန်တက်နေသည့် နံပါတ်များကို မြင််ကာ ဘဝအကြောင်းကို ပိုမို စဥ်းစားချင့်ချိန်သွားမိသည်။
လူသေတစ်ကောင်လို့ အိပ်ယာထဲတွင် မိနစ် ၃၀ လောက် လှဲနေပြီးနောက် ဖေးချမ့်သတ္တိမွေးကာ စနစ်ကို ဆင့်ခေါ်လိုက်ပါသည်။
တနင်္ဂနွေနေ့ ငွေစာရင်းရှင်းပြီးသွားသောအခါ ဂိမ်းပလက်ဖောင်းမှ အမြတ်များက မနက်စောစော သူ့ကုမ္ပဏီအကောင့်ထဲသို့ ရောက်လာသင့်ပြီဖြစ်သည်။
ထို့အပြင် စနစ်ရန်ပုံငွေလည်း အခုလောက်ဆို အသစ်ပြန်ဖြစ်သွားလောက်ပြီ။
စိတ်ပျက်အားလျော့စွာဖြင့် စနစ်၏ မျက်နှာပြင်ပေါ်က စာသားများကို ကြည့်လိုက်ပါသည်။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ နောက်တစ်ကြိမ် ငွေစာရင်းရှင်းချိန် : ၇ ရက်အလို ]
[ စနစ်ရန်ပုံငွေ : ၅၁,၃၉၄.၅ (⬆️၁၃၉၄.၅) ]
[ ကိုယ်ပိုင်စည်းစိမ် : ၃၆၇ ယွမ် ]
"သြော်..."
စနစ်၏မျက်နှာပြင်ကို သေတော့မလို ခံစားချက်မျိုးဖြင့် ပြန်ပိတ်လိုက်ပါသည်။
ဒါကို တကယ် ဆက်ပြီး သည်းမခံနိုင်တော့ပါ။
တကယ်တော့ ဂဏန်းများကို မကြည့်ခင် ဖေးချမ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒေါင်းလုတ်အရေအတွက်ပေါ်မူတည်ပြီး ဂိမ်းကငွေဘယ်လောက် ဝင်ခဲ့သလဲ အကြမ်းဖျင်း ခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။
ဆရာချောင်း၏ ဗီဒီယိုအပိုင်းကို တင်ပြီးကတည်းက ဂိမ်း၏ဒေါင်းလုတ်အရေအတွက်မှာ နေ့စဥ် တိုးမြင့်နေခဲ့သည်။
ဆရာချောင်း၏ ဗီဒီယိုကို မားကတ်တင်း အကောင့်များစွာက Share ကြပြီး အထီးကျန် ကန္တာရလမ်း၏ နာမည်ကြီးမှုအပေါ် အသုံးချသည့် တခြား အကြောင်းအရာ ဖန်တီးသူများလည်း ရှိကြသည်။
ဂိမ်းစတင်ပေါက်လာပြီး လူများက Share လာသောအခါ စိတ်အားထက်သန်မှု ရထားတွဲကြီးကို တားဆီးဖို့ မဖြစ်နိုင်တော့ပါ။
ဖေးချမ့်တစ်ယောက် ဂိမ်း၏ နေ့စဥ် ဒေါင်းလုတ်ပမာဏမှာ ဆယ်မှ ရာ၊ ရာမှ ထောင်အဖြစ် တက်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်တော့သည်။
ဒေါင်းလုတ်အရေအတွက် များပြားလာခြင်းကြောင့် ဂိမ်းအနိမ့်စား၊ ကားမောင်းဂိမ်း၊ ကားပြိုင်ဂိမ်း စသော အမျိုးအစားများအောက်တွင် နေရာပိုကောင်းကောင်း အညွှန်းခံလာရသည်။
ဖေးချမ့် စနစ်၏ နောက်ဘက်ကို ဖွင့်လိုက်တိုင်း အသိပေးချက်များ ရတတ်၏။
"ဂုဏ်ယူပါတယ်။ သင့်ဂိမ်း အထီးကျန် ကန္တာရလမ်းဂိမ်းမှာ XXX ညွှန်းဆိုမှုများဖြင့် ဆုချီးမြှင့် ခံခဲ့ရပါတယ်။ ကျေးဇူးပြုပြီး ဂိမ်းအရည်အသွေးကို မထိခိုက်စေဖို့အတွက် ဒီအပတ်အတွင်း ဂိမ်းဗားရှင်းကို Update မတင်မိအောင် ကြိုးစားပေးပါ..."
ဒီလိုအသိပေးချက်မျိုးရတာကို ဖေးချမ့် အသားပင်ကျနေပါပြီ။
အခုတော့ သူ့ခံစားချက်များ သေဆုံးနေပြီ။
နောက်တစ်ပတ်ကျန်သေးပြီး စနစ်ရန်ပုံငွေက ၅၀,၀၀၀ ယွမ်ကျော်သွားပြီဖြစ်သည်။ ဒါဆို သူရသည့် ငွေများအား သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ ၁၀၀ : ၁ အချိုးဖြင့် ပြောင်းလဲရရှိမည့် သဘောဖြစ်သည်။
၁,၀၀၀ ယွမ်ဆိုရင် သူက... ၁၀ယွမ်ပဲရမှာလား။
ဖေးချမ့် ပြသထားသည့် ဂဏန်းများကို ကြည့်ရင်း ဖေးချမ့် အတော်လေး ဒေါသစုပုံလာမိပါသည်။
...
...
တစ်ပတ်ကြာသောအခါ။
အဆောင်တွင်။
"...အဓိပ္ပာယ်မရှိတာကွာ။ ဒီလောက်စုတ်ပြတ်နေတဲ့ဂိမ်းက ဘာလို့ နာမည်ကြီးလာတာလဲ"
"ငါ့ကွန်ပျူတာထဲက ထွက်သွားစမ်း။"
"Ranking ထဲက တစ်ယောက်ဆို ဒီဂိမ်းကို နာရီ ၄၀ လောက်ဆော့ပြီးသွားပြီ... ဒီကောင် ကြောင်နေတာလား။"
မာယန်က အပေါ်ထပ်ကုတင်တွင် အထီးကျန် ကန္တာရလမ်းကို ကစားနေသည်။ ငါးမိနစ်အတွင်း ဂိမ်းထဲက ထွက်ပြစ်ခဲ့ပြီး ဒီလိုဂိမ်း ဘာကြောင့် နာမည်ကြီးလာရသလဲဆိိုတာ အံ့အားသင့်နေပါသည်။
တဖက်တွင် ဖေးချမ့်ကတော့ အောက်ဘက် ကုတင်၌ တုန်ယင်နေပါပြီ။
"ဟေ့ကောင် ယောက်ဖချမ့်။ အဲ့ဒီနာမည်တော်တော်ကြီးတဲ့ အစုတ်အပြတ်ဂိမ်းကို ဆော့ပြီးပြီလား။ အဲ့ဒီ ဘာညာဘာညာ ကန္တာရလမ်းဆိုလားလေ" မာယန်က သူ့ခေါင်းကို ပုတ်ကာ မေးလိုက်သည်။
"...မဆော့ရသေးဘူး" အမှန်တိုင်းပြောတာ ဖြစ်သည်။ ဖေးချမ့် တကယ်ပဲ ဂိမ်းကို မကစားကြည့်ရသေးပေ။
ဒီဂိမ်းက လူတွေကို စိတ်ပျက်အောင်လုပ်ဖို့ တမင်တကာလုပ်ထားတာဖြစ်မှန်း ကောင်းကောင်းကြီးသိနေသဖြင့် သူဘယ်လို ကစားနိုင်မည်နည်း...
မာယန်က သူ့ပေါင်သူ ရိုက်လိုက်၏။
"လူလိမ်ကောင်ကွာ။ ဘယ်လို သောက်ကျင့်မကောင်းတဲ့ မအေပေးက ဒီလိုဂိမ်းမျိုးလုပ်ထားတာလဲမသိဘူး။ အပုပ်အသိုးကောင်။"
ဖေးချမ့် : "..."
(မင်းတို့ကောင်တွေ ဆော့မယ်လို့မှ ငါမထင်တာ။ မင်းတို့စိတ်နဲ့ မင်းတို့ဆော့ကြတာကို ငါ့ကို အပြစ်လာတင်လို့ရမလား။)
ဒီဂိမ်း၏ နာမည်ကြီးမှုက ကျောင်းအထိ ပြန့်လာပြီး သူ့အဆောင်ထိပါ ရောက်လာလိမ့်မည်ဟု ဖေးချမ့် မထင်ခဲ့မိပါ။
တစ်ပတ်ဟူသည့် အချိန်တိုလေးအတွင်း အကြောင်းအရာ ဖန်တီးသူများ၏ အလွန်အကြူး Share များနှင့် ဂိမ်းမီဒီယာ စာမျက်နှာများကြောင့် ဖေးချမ့်ကိုယ်တိုင် ဘဝအကြောင်း ပြန်စဥ်းစားချင့်ချိန်မိသွားလောက်သည့်အထိ အထီးကျန် ကန္တာရလမ်းက အလွန်နာမည်ကြီးသွားခဲ့သည်။
၂၀၀၉ ခုနှစ်ကလောက် Streaming ပလက်ဖောင်းများက ရေပန်းမစားသေးဘဲ ဖွံ့ဖြိုးဆဲအခြေအနေအဖြစ် ရှိနေသေးသည်ကိုသာ သူစိတ်အေးမိပါသည်။ လောလောဆယ် စျေးကွက်တွင် ဦးဆောင်နေသည့် တစ်ခုတည်းသော ကစားသမားက WaiWai Streaming ပလက်ဖောင်းဖြစ်ပြီး အသုံးပြုသူ သိန်းချီသာ ရှိသေးသည်။
နောက်ထပ် ၁၀ နှစ်အကြာလောက်ကသာ Live streaming များ ရေပန်းစားပါက...
ဘယ်လိုတောင် ဖြစ်သွားမလဲ ဖေးချမ့် စိတ်ကူးမကြည့်နိုင်တော့ပါ။